သည်းမခံခြင်း၏အပြစ်နှင့် သည်းခံခြင်း၏အကျိုးတို့ကို
အင်္ဂုတ္တိရ်ပါဠိတော်၌ မြတ်စွာဘုရား
ဟောကြားတော်မူခဲ့ပါသည်။
ထိုအကျိုးတရား နှင့် အပြစ်တရား ၂-ပါးတို့တွင်
သည်းမခံခြင်း၏အပြစ်တို့ကို ရှေးဦးစွာ ရေးသား
ဖော်ပြပါမည်။ ဘာ့ကြောင့် အပြစ်ကို ရှေးဦးစွာ
ဖော်ပြရပါသနည်းဆိုပါလျှင် တောလမ်းခရီးသို့
သွားကြသောသူတို့အား လမ်းညွှန်ပြသော ပုဂ္ဂိုလ်သည်
လမ်းမှားကို ရှေးဦးစွာ ပြောပြပြီးမှ လမ်းမှန်ကို
ညွှန်ပြသကဲ့သို့ ဖြစ်ပေသည်။

အမှားလမ်းကိုသိပြီးမှ အမှန်လမ်းကိုသွားရတာ
ပိုစိတ်ချရပါသည်။ ထိုနည်းတူစွာ သည်းမခံခြင်း၏
အပြစ်ကို ဖော်ပြပြီးမှ သည်းခံခြင်း၏ အကျိုးတရားများကို
ဖော်ပြမှသာ ပို၍ ထင်ရှားစွာ သိကြရမည်ဖြစ်ပေသည်။

“သည်းမခံခြင်း၏ အပြစ်-၅ပါး”
••••••••••••••••••••••••••••••••••••
(၁)။သည်းမခံတတ်သူကို သူတစ်ပါးတို့ မချစ်ခင်ကြပေ။
မုန်းကြပေသည်။ ဘာ့ကြောင့် မချစ်ခင်ကြသနည်း
ဆိုပါလျှင် သည်းမခံတတ် သူသည် ဒေါသဓာတ်ခံရှိ၍
ပြစ်မှားတတ်သောကြောင့် မချစ်ခင်ကြခြင်း
ဖြစ်ပေသည်။ သည်းမခံခြင်းနှင့်ဒေါသ တို့သည်
မိတ်ဖက် ဖြစ်ပေသည်။
ဒေါသကြီးလျှင် သည်းမခံနိုင်ပေ။ သည်းမခံနိုင်လျှင်
ဒေါသကြီးလို့ပင် ဖြစ်ပေသည်။
သည်းမခံတတ်သူများနှင့် အတူတကွ စီးပွားရေး၊
လူမူရေး၊ ဘာသာရေး၊ သာသနာရေးများကို
ဆောင်ရွက်ကြရသည့်အခါများတွင် သည်းမခံတတ်သူ၏
ဆောင်ရွက်ချက် အားနည်းမှုကိုဖြစ်စေ၊ မှားယွင်းမူကို
ဖြစ်စေ ပြောပြသောအခါ အကျိုးကိုလိုလား၍
ပြောပြသောသူများကိုပင် ဒေါသဖြင့် ပြန်ပြောခြင်း၊
ဒေါသဖြစ်နေသော ကိုယ်အမူအရာဖြင့်င့် ဆောင်ရွက်ခြင်း
တို့ကို ပြုလုပ်တတ်ကြပေသည်။ ထို့ကြောင့်
ဒေါသဓာတ်ခံရှိ၍ သည်းမခံတတ်သူကို သူတစ်ပါးတို့
မချစ်ခင်ကြပေ၊ မုန်းကြပေသည်။

(၂)။ သည်းမခံတတ်သူ၌ ရန်သူရန်ဘက်တွေ
များနေတတ်ကြပေ သည်။ ဘာ့ကြောင့် ရန်သူ
ရန်ဘက်တွေ များနေပါသနည်းဆိုပါလျှင်
သည်းမခံတတ်သူနှင့် အတူတကွ စီးပွားရေး၊ လူမှုရေး၊
ဘာသာသာသနာရေးများကို ဆောင်ရွက်ရသည့်
အခါများတွင် အတူတကွ ဆောင်ရွက်ကြသူများ၏
အားနည်းမှု၊ ချွတ်ယွင်းမှု အနည်းငယ်များကိုပင်
ဒေါသဓာတ်ခံရှိ၍ သည်းမခံတတ်သူက အကြီးအကျယ်
အပြစ်ကြီးဖြစ်သကဲ့သို့ ဒေါသဖြင့် တင်ပြပြောဆိုလေ့ရှိ၏။
ထို့ကြောင့် အတူတကွ ဆောင်ရွက်သူများနှင့် ရန်သူ
ရန်ဘက်များ ဖြစ်ကြရပေသည်။

(၃)။ သည်းမခံတတ်သူနှင့် အတူတကွ
ဆောင်ရွက်ကြရာ၌ ပြဿနာများ အပြစ်များ
ဖြစ်လာတတ်ကြပေသည်။ ဘာ့ကြောင့် ပြဿနာ၊
အပြစ်များ ဖြစ်လာတတ် ပါသနည်းဆိုပါလျှင်
သည်းမခံတတ်သူနှင့် အတူတကွ စီးပွားရေး၊
လူမူရေး၊ ဘာသာသာသနာရေးများကို ဆောင်ရွက်
ကြရသည့်အခါများတွင် သည်းမခံတတ်သူသည်
သူ မနှစ်သက်၊ သူမကြိုက်သည့်အရာများကို အခြား
အဖွဲ့သူအဖွဲ့သား များကို တိုင်ပင်ညှိနှိုင်းခြင်းမပြုပါဘဲ
သူ့သဘောအတိုင်း ပြောင်းလဲ ပြုပြင်လိုက်တတ်၏။
ထို့ကြောင့် မကြာခဏ ပြဿနာအပြစ်များ
ဖြစ်လာတတ်ကြပေသည်။

(၄)။ သည်းမခံတတ်သောသူသည် ဒေါသဓာတ်ခံ
ပါလာသောကြောင့် ဒေါသဖြင့် သည်းမခံဘဲ
ပြုလုပ်ခဲ့သော မကောင်းသည့် အကုသိုလ်
ကမ္မ အာရုံနိမိတ်ဆိုးများ သေခါနီးကာလတွင်
ထင်မြင်လာ၍တွေတွေဝေဝေ နှင့် သေရလေ၏။

(၅)။ သည်းမခံတတ်သောသူသည် ဒေါသဖြင့် ပြုလုပ်
ခဲ့မိသော အကုသိုလ်ကံများကြောင့် သေပြီးသောအခါတွင်
ငရဲသို့ ကျရောက်ရလေ၏။

“သည်းခံခြင်း အကျိုး-၅ပါး”
••••••••••••••••••••••••••••••••••••
(၁)။သည်းခံတတ်သောသူကို သူတစ်ပါးတို့
ချစ်ခင်ကြပေသည်။မြတ်နိုးကြပေသည်။ ဘာ့ကြောင့်
ချစ်ခင်ကြ၊ မြတ်နိုးကြပါသနည်းဆိုပါလျှင်
သည်းခံတတ်သောသူ၌ အဒေါသ(မေတ္တာ)ဓာတ်ခံရှိ၍
သူတစ်ပါးတို့အား ပြစ်မှားခြင်းမရှိဘဲ ချမ်းသာ
စေတတ်သောကြောင့် သူတစ်ပါးတို့ ချစ်ခင်မြတ်နိုး
ကြခြင်း ဖြစ်ပေသည်။
အဒေါသနှင့် မေတ္တာတို့သည် တရားကိုယ်အားဖြင့်
တူကြပေသည်။ အဒေါသ (မေတ္တာ) နှင့် သည်းခံခြင်း
တို့သည် မိတ်ဖက်ပင် ဖြစ်ကြပေသည်။
အဒေါသ(မေတ္တာ)ရှိလျှင် သည်းခံနိုင်ကြပေသည်။
သည်းခံနိုင်ကြလျှင် အဒေါသ(မေတ္တာ)ရှိလို့ပင်
ဖြစ်ပေသည်။ သည်းခံတတ်သူများနှင့် အတူတကွ
စီးပွားရေး၊ လူမှုရေး၊ သာသနာရေး၊ ဘာသာရေး
စသည်များကို ဆောင်တင်ရွက်ကြရာတွင်
သည်းခံတတ်သူ၏ ဆောင်တင်ရွက်ချက် အားနည်းမှုကို
ဖြစ်စေ၊ မှားယွင်းမှုကိုဖြစ်စေ ပြောပြသောအခါ
အကျိုးကိုလိုလား၍ ပြောပြခြင်းဖြစ်သည်ဟု
သည်းခံနိုင်ပေသည်။ ထို့ကြောင့် အဒေါသ(မေတ္တာ)
ဓာတ်ခံရှိ၍ သည်းခံတတ်သူကို သူတစ်ပါးတို့
ချစ်ခင်ကြပေသည်။ မြတ်နိုး ကြပေသည်။

(၂)။သည်းခံတတ်သူ၌ ရန်သူရန်ဘက်များမရှိ။
ရန်သူရန်ဘက် ကင်းရှင်းကြပေသည်။ ဘာ့ကြောင့်
ရန်သူရန်ဘက်မရှိ၊ ကင်းရှင်းကြပါသနည်း
ဆိုပါလျှင် အရာရာမှာ သည်းခံတတ်သောကြောင့်ပင်
ဖြစ်ပေသည်။ သည်းခံတတ်သူများနှင့် အတူတကွ
စီးပွားရေး၊ လူမှုရေး၊ သာသနာရေး၊ ဘာသာရေးများကို
ဆောင်ရွက်ကြရာတွင် အတူတကွ ဆောင်ရွက်သူများ၏
မှားယွင်း ချွတ်ယွင်းမှုများ ဖြစ်လာခဲ့သော် ထိုမှားယွင်းမူ
ချွတ်ယွင်းမူများကို သည်းခံ၍ကူညီကာ ပြုပြင်ပေး
ကြပေသည်။ ထို့ကြောင့် အတိုက်အခိုက် ရန်သူ
ရန်ဘက်မရှိ ကင်းရှင်းကြပေသည်။

(၃)။ သည်းခံတတ်သူ နှင့် အတူတကွ ပြုလုပ်
ဆောင်ရွက်ကြရာ၌ ပြဿနာအပြစ်များ မဖြစ်ပေါ်
လာတတ်ကြပေ။ ချောမောစွာ ပြီးမြောက်
သွားတတ်ပေသည်။ ဘာ့ကြောင့် ပြဿနာ
အပြစ်များမဖြစ်ဘဲ ကင်းပါသနည်း ဆိုပါလျှင် အရာရာမှာ
သည်းခံတတ်သောကြောင့်ပင် ဖြစ်ပေသည်။
သည်းခံတတ်သူများ နှင့် အတူတကွ စီးပွားရေး၊
လူမူရေး၊ ဘာသာသာသနာရေးများကို ဆောင်ရွက်
ကြသောအခါ ချွတ်ယွင်းချက်များရှိခဲ့သော် ပြဿနာ
အပြစ် မဖြစ်ပေါ်လာ ရအောင် သည်းခံ၍ ဆောင်ရွက်
ပေးတတ်သောကြောင့် အပြစ် ပြဿနာများ မရှိပါဘဲ
ကင်းကွာသွားကြရပေသည်။

(၄)။ သည်းခံတတ်သောသူသည် အဒေါသ(မေတ္တာ)
ဓာတ်ခံပါလာသောကြောင့် မေတ္တာဖြင့် သည်းခံ၍
ပြုလုပ်ခဲ့သော ကောင်းသည့် ကုသိုလ်ကမ္မနိမိတ်များ
သေခါနီးကတလတွင် ထင်မြင်လာ၍ မတွေမဝေ
သေရလေ၏။

(၅)။ သည်းခံတတ်သောသူသည် အဒေါသ(မေတ္တာ)ဖြင့်
ပြုလုပ်ခဲ့သော ကုသိုလ်ကံများကြောင့်
သေပြီးသောအခါတွင် ချမ်းသာအမျိုးမျိုးတို့နှင့် ပြည့်စုံသော
နတ်ပြည်သို့ ရောက်ရလေ၏။

“သည်းခံမှ နိဗ္ဗာန်ရ”
••••••••••••••••••••••••••••••••••••
ရှေ့ဆရာတော်ကြီးများက “သည်းခံမှ နိဗ္ဗာန်ရ"ဟု
ဆိုရိုးပြုခဲ့ကြပါသည်။ ထိုဆိုရိုးစကားသည် ဝိပဿနာ
တရား အားထုတ်ကြသောအခါ မှာ အလွန်
အကျိုးများသော စကားပင် ဖြစ်ပေသည်။
ဝိပဿနာတရား အားထုတ်သောအခါ
အာရုံအမျိုးမျိုး၊ ဆင်းရဲဒုက္ခအမျိုးမျိုးတို့ကို
သည်းခံနိုင်မှသာ သမာဓိ ဖြစ်သည်။
သမာဓိဖြစ်မှ ဝိပဿနာဉာဏ် ဖြစ်သည်။
ဝိပဿနာဉာဏ်ဖြစ်မှ ဝိပဿနာဉာဏ်များ ပြည့်စုံမှ
နိဗ္ဗာန်ချမ်းသာသို့ ရောက်သွားနိုင်ပေသည်။

✦ဝိပဿနာတရား အားထုတ်နေသောအခါ
“အအေး” ကိုလည်း သည်းခံကြရပေသည်။
သည်းခံ၍ အေးတယ်၊ အေးတယ်ဟု ရှုမှတ်ကြ
ရပေသည်။ ပို၍ပို၍အေးတာ၊ ပြန်၍ပြန်၍ လျော့တာကို
ရှေးဦးစွာ သိအောင် ရှုမှတ်ကြရပေသည်။

အအေးဒဏ်က သည်းမခံနိုင်လေတက်အောင်
ပြင်းထန်လာသောအခါ လောကန္တရစ်ငရဲသို့
ကျရောက်စဉ်က လူ့ပြည်မှာဖြစ်သည့် အအေးထက်
အဆပေါင်း ရာထောင်မက အေးသည့် အအေးဒဏ်ကို
ခံနိုင်ပါလျက် ဝိပဿနာတရားအားထုတ်နေစဉ်မှာ
ဤမျှလောက်အအေးကို သင်ဘာကြောင့်
သည်းမခံနိုင်ဘဲဖြစ်သနည်း။ သည်းခံနိုင်ရမည်သာ
ဖြစ်ပေသည်ဟု နှလုံးသွင်း၍ သည်းခံရမည်
ဖြစ်ပေသည်။

✦ဝိပဿနာတရား အားထုတ်နေသောအခါ
“အပူ” ကိုလည်း သည်းခံကြရပေသည်။
သည်းခံ၍ ပူတယ်၊ ပူတယ် ဟု ရှုမှတ်ကြရပေသည်။
ပို၍ ပို၍ပူတာ၊ ပြန်၍ပြန်၍ လျော့တာကို ရှေးဦးစွာ
သိအောင် ရှုမှတ်ကြရပေသည်။
အပူဒဏ်များက သည်းမခံနိုင်လောက််အောင်
ပြင်းထန်လာသော အခါ ငရဲပြည်သို့ ကျရောက်စဉ်က
လူ့ပြည်မှာဖြစ်သည့်အပူထက် အဆပေါင်း ရာထောင်
မကပူသည့် အပူဒဏ်ကို ခံနိုင်ပါလျက် ဝိပဿနာတရား
အားထုတ်နေစဉ်မှာ ဤမျှလောက်အပူကို သင်ဘာ့ကြောင့်
သည်းမခံနိုင်ဘဲ ဖြစ်သနည်း။သည်းခံနိုင်ရမည်သာ
ဖြစ်ပေသည်ဟု နှလုံးသွင်း၍ သည်းခံရမည်
ဖြစ်ပေသည်။

✦ဝိပဿနာတရား ၊ အားထုတ်နေသောအခါ
“ဆာတာ” ကိုလည်း သည်းခံကြရပေသည်။
သည်းခံ၍ ဆာတယ်။ ဆာတယ်ဟု ရှုမှတ်ကြရပေသည်။
ရှေးဦးစွာ ပို၍ပို၍ ဆာတာ၊ ပြန်၍ပြန်၍ လျော့တာကို
သိအောင်၊ ရှုမှတ်ကြရပေသည်။
သည်းမခံနိုင်လောက်အောင် ဆာလာသောအခါ
ပြိတ္တာဘဝမှာ ဖြစ်စဉ်အခါက တစ်ဘဝလုံးဆာနေတာကို
ခံနိုင်ပါလျက် ဝိပဿနာတရားအားထုတ်နေစဉ်မှာ
ဤမျှလောက် ဆာခြင်းကို သင်ဘာ့ကြောင့်
သည်းမခံနိုင်ဘဲဖြစ်ရသနည်း၊ သည်းခံနိုင်ရမည်သာ
ဖြစ်ပေသည် ဟု နှလုံးသွင်း၍ သည်းခံရမည်
ဖြစ်ပေသည်။

✦ဝိပဿနာတရား အားထုတ်နေသောအခါ
မှက်၊ ခြင်များ ကိုက်တာကိုလည်း သည်းခံကြရပေသည်။
သည်းခံ၍ ရှုမှတ်ကြရပေသည်။ ရှေးဦးစွာ ပို၍ပို၍
နာတာ၊ ပြန်၍ပြန်၍ လျော့တာများကို သိအောင်
ရှုမှတ်ကြရပေသည်။ သည်းမခံနိုင်လောက်အောင်
နာလာသောအခါ ကျွဲ ၊နွားစသော တိရစ္ဆာန်ဘဝများမှာ
ဖြစ်စဉ်အခါက တစ်ဘဝလုံး အကိုက်ခံနေရတာကို
ခံနိုင်ပါလျက် ဝိပဿနာတရားအားထုတ်နေစဉ်မှာ
ဤမျှလောက် မှက်၊ ခြင် ကိုက်ခြင်းကို သင်ဘာ့ကြောင့်
သည်းမခံနိုင်ဘဲဖြစ်ရသနည်။သည်းခံနိုင်ရမည်သာ
ဖြစ်ပေသည်ဟု နှလုံးသွင်း၍ သည်းခံရမည် ဖြစ်ပေသည်။

✦ဝိပဿနာတရား အားထုတ်နေသောအခါ မိမိကို
သူတစ်ပါးတို့က မကောင်းသဖြင့် ပြောဆိုကြသောအခါ
သည်းခံ၍ ကြားတယ်၊ ကြားတယ်ဟု ကြားကာမျှမတ္တမှာ
တည်အောင် ရှုမှတ်ကြရပေသည်။ သည်းခံခြင်းအားသည်
သူတော်ကောင်းဖြစ်သူတို့၌ အကောင်းဆုံးအား
ဖြစ်သည်ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့ခြင်း
ကိုလည်း နှလုံးသွင်း၍ ရှုမှတ်ကြရပေသည်။

✦ဝိပဿနာတရား အားထုတ်နေသောအခါ ခန္ဓာကိုယ်
အတွင်းမှ အသက်သေလောက်သည့် ရောဂါဝေဒနာများ
ဖြစ်လာခြင်းကိုလည်း သည်းခံ၍ ရှုမှတ်ကြရပေသည်။
ကိုယ်နှင့်အသက်ကို မငဲ့ကွက်တော့ဘဲ သည်းခံ၍
ရှုမှတ်ကြရမည်ဟု မြတ်စွာဘုရားကိုယ်တော်တိုင်လည်း
ဟောကြားတော်မူခဲ့ပါသည်။
အဋ္ဌကထာဆရာများကလည်း ဖွင့်ပြခဲ့ကြပါသည်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာစည်နာယက၊အဂ္ဂမဟာ
ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】
Posted by