ဘာသာရေးသုတအတွက် အသိဉာဏ်တိုးပွားစေရန်ဖတ်ရန် သင့်တော်သောစာအုပ်များကို ရွေးချယ်တင်ဆက်ထားပါသည်။ အောက်ပါစာအုပ်များကိုပါ အဆင်သင့်ဝယ်ယူနိုင်ရန် Parami Books Limited မှ ဦးစီးဆောင်ရွက် ရောင်းချသော Myanmarbookshop.com နှင့် Dhammaransi.net တို့ ပူးပေါင်းကာ စီစဉ်တင်ဆက်ထားပါသည်။

ဘာသာရေးသုတဆိုင်ရာ စာအုပ်များမှာ စျေးချိုချိုဖြင့် ရောင်းချကာ US(၁၂)ဒေါ်လာ အထက်ဝယ်ယူပါက Myanmarbookshop.com မှ နိုင်ငံတကာသို့ အခမဲ့ပို့ဆောင် ပေးပါ သည်။ Credit Card, Paypal စနစ်တို့နှင့် ငွေပေးချေနိုင်ပါ၍ စိတ်ချစွာ ၀ယ်ယူနိုင်ပါသည်။ စာအုပ်ချစ်ခင်သော ပြည်ပရောက် ဓမ္မမိတ်ဆွေတို့အတွက် အထူးသင့်တော်ပါသည်။

 

၀ိပဿနာဉာဏ်များဖြစ်လာ သိကောင်းစရာ-သဒ္ဓမ္မရံသီဆရာတော်
၀ိပဿနာတရားအားထုတ်ရာတွင် မိမိတို့ရောက်ရှိနေကြသော ဉာဏ်စဉ်အဆင့်အမှန်ကိုသိထားခြင်းဖြင့် လည်းကောင်း၊ ဉာဏ်စဉ်များ၏ သဘောကို သိထားခြင်းအားဖြင့် လည်းကောင်း၊ ၀ိပဿနာ တရားအား ထုတ်ချင်စိတ်များ ထက်သန်ကာ ကြိုးစားအားထုတ်နိုင်စေရန် ဆရာတော်က ဤကျမ်းကို ရေးသားထားသည်။

ကမ္ဘာ့အလင်း သာသနာ့အလင်းဆိုတာ-ရွှေတောင်ကုန်းဆရာတော်

မဟာစည်ဆရာတော်၏ တပည့်ရင်းဖြစ်သော ဆရာတော်က ဤစာအုပ်တွင် ဒါန၊ သီလ၊ ဘာဝနာကံ၏ ကောင်းကျိုးများ၊ ရုပ်နာမ် သံသရာ လည်ပတ်ရန်အတွက် အခြေခံအကျ ဆုံးဖြစ်သည့် ကမ္ဘာ့အလင်းဓာတ်ကြီး(ခ) သံသရာ့အလင်းဓာတ်ကြီးဟု ခေါ်ရမည့် ကံ ကံ၏အကျိုးကို ယုံကြည်မှုကိုလက်ခံနိုင်ဖို့ အရေးကြီးပုံ၊ ထိုအလင်းဓာတ်တွင် ကံ လမ်း၊ စျာန်လမ်း၊ ဉာဏ်လမ်း(၃)ခုပါ၀င်ပုံ၊ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ဒါနမှု သီလမှုတွေလောက်နဲ့ပြီးနေကြပြီး ဉာဏ်လမ်းဟုခေါ်သော ၀ိပဿနာလမ်းတွင် လေ့လာလိုက်စားရန် အားနည်း နေကြပုံ၊ သာသနာ့အလင်းဟုခေါ်သည့် မမြဲဆင်းရဲသည့် သဘောကို ဆင်ခြင်သုံးသပ်နိုင်သည့် ၀ိပဿနာဉာဏ်ကို မျက်မှောက်ပြုနိုင်ရန် အတွက် အရေးကြီးပုံများကို အကျယ် တဝင့် ရှင်းလင်းဟောကြားထားသည်။

သံင်္ဂါယနာသုံးတန်-၀ဏ္ဏသီရိ
ထေရဝါဒ သာသနာတော်ကြီးတစ်ရပ်လုံးကို ရွှေရောင်တဝင်းဝင်းနှင့် ဗိမာန်တော်ကြီးတစ်ခု အနေဖြင့် တင်စား ကြည့်မည်ဆိုလျှင် သင်္ဂါယနာသုံးတန်သည် ထိုဗိမာန်ကြီး၏ အုတ်မြစ်ပင်ဖြစ်သည်။ ထေရဝါဒသာသနာတော်ကြီး ပေါ်ထွန်းလာရန်အတွက် သာသနာစောင့် မထေရ်ကြီးများ ခေတ်အဆက်ဆက် ကြိုးစားအားထုတ်ခဲ့ရပုံ၊ အန္တရာယ်အသွယ်သွယ်တို့မှ ကာကွယ်စောင့်ရှောက်ခဲ့ရပုံနှင့် ထိုမထေရ် မြတ်တို့၏ ဂုဏ်ကျေးဇူး အစုံအလင်တို့ကို ဤစာအုပ်တွင် ဖတ်ရှုကြည်ညိုကြရမည်ဖြစ်သည်။

ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်ခန်းစာ-သာသနာရေးဝန်ကြီးဋ္ဌာန
ဗုဒ္ဓဝင်အကျဉ်း၊ သြကာသ ကန်တော့ချိုးနှင့် သီလဆောက်တည်ပုံ၊ ဂုဏ်တော်ပါဠိနှင့် အနက်များ၊ ဆွမ်း ပန်း ရေချမ်း ဆီမီးကပ် မေတ္တာပို့ အမျှဝေ၊ မင်္ဂလသုတ်ပါဠိ အဓိပ္ပာယ် ကဗျာ၊ သုစိပုဘာ ဆုံးမစာလင်္ကာ၊ လောကသာရပျို့၊ သိင်္ဂါလောဝါဒ ဆုံးမစာ၊ ဂိဟိ၀ိနယဆုံးမစာ၊ လောကနီတိပါဠိနှင့် မြန်မာပြန်၊ မဟောသဓာ တရားစီရင်ခန်းများ၊ အဘိဓမ္မာနှင့် ပတ်သက်၍ စိတ်အမျိုးအစား၊ စေတသိက်များအကြောင်း၊ ရုပ် ၂၈ ပါး၊ ကံ၏ စီမံခန့်ခွဲမှုများအကြောင်းကို ဗုဒ္ဓဘာသာဝင်များ အထူးသဖြင့် လူငယ်များသိရှိနားလည်အောင် တာဝန်ယူ ရှင်းလင်း ပေးမည်ဖြစ်သည်။ အဝေးရောက် မြန်မာရင်သွေးငယ်များ ဘာသာသွေး မဝေးရလေအောင် ဖတ်ရှုသင့်သော စာအုပ်ကောင်း တစ်အုပ် ဖြစ်သည်။

စူဠသောတာပန်ဉာဏ်နှင့် မြတ်ဗုဒ္ဓ၏အလုပ်ပေးတရားတော်-ဇေယျာမင်း (ကေတု)
ဗုဒ္ဓအမြင်နှင့် သိပ္ပံအမြင်ကို ရှင်းလင်းပြသကာ ပုထုဇဉ်တို့၏ အပါယ်ကျရေးသည် နီးစပ်သောအကြောင်းဖြစ်နေသဖြင့် လူ့သက်တမ်းတစ်လျှောက် အမိုက်ခံအချိန်ဖြုန်းနေမည့်အစား အပါယ်ကင်းလွတ်ရေးကျင့်စဉ်များကို ယုံယုံကြည်ကြည် လက်တွေ့ ကျင့်ကြံအားထုတ်မိစေဖို့ အထူးတိုက်တွန်းထားသော စာအုပ်ဖြစ်သည်။ ဗုဒ္ဓဟောကြားခဲ့သော စကြဝဠာ အကြောင်း၊ အပါယ်လေးဘုံအကြောင်းနှင့် ကျရောက်ပုံ၊ ကပ်ကြီး ၄ ကပ်၊ ငါးပါးသီလအကြောင်း၊ ဗုဒ္ဓဝါဒအပေါ် နိုင်ငံခြား သိပ္ပံပါရဂူများ၏ အမြင်၊ ရုပ်နှင့် နာမ်ကို ဖြစ်စေသော အကြောင်းတရားများ၊ ပညတ်၅မျိုး၊ ပဋိစ္စ သမုပ္ပါဒ်လည်ပုံ၊ တရားထိုင်ရာတွင် သိသင့်သော အချက်များ၊ သတိပဋ္ဌာန်အားထုတ်နည်း၊ သက္ကာယဒိဋ္ဌိနှင့် သတ္တဝါတို့ ဖြစ်စဉ်အပါအဝင် ဗုဒ္ဓဝါဒ အခြေခံသဘောတရားများနှင့် တရားရှုမှတ်နည်း အခြေခံများကို အသေးစိတ်ရှင်းလင်းထားသည်။

၀ိပဿနာဆိုင်ရာ ဓမ္မစာစုနှင့် ဆောင်းပါးများ-ဦးအေးကြည် (စာတိုက်)
၀ိပဿနာယောဂီများအတွက် သိရှိမှတ်သားသင့်သော ဓမ္မဆောင်းပါးများကို စုစည်းထားခြင်းဖြစ်သည်။ သံဝေဂဟူသည်၊ သံသရာသုံးကြောင်းသုံးသွယ်နှင့် ၀ဋ်ဆိုးကြီးများ၊ စာပေကျမ်းဂန်တတ်သူတို့အား သတိပေးချက်၊ အတိတ်နိမိတ်ကို စူးစမ်းခြင်း၊ ဗောဇ္စျင်သုတ်သည် ပွားများအားထုတ်ရန်သာ၊ တိုင်းကျော်ကမ္ဘာကျော် ရဟန္တာကြီး အငေါက်ခံရခြင်း၊ သထုံမြို့ မူလမင်းကွန်း ဇေတဝန်ဆရာတော်ဘုရားကြီး၊ အငြိမ်းဓာတ်နိဗ္ဗာန်၊ တွေးလျှင်မြင်မည်၊ ၀ါဆိုလပြည့်နေ့နှင့် ၃၇မင်း ကိုးကွယ်မှု၊ နိရောဓသမာပတ်၊ ဖလသမာပတ်နှင့် စပ်သဖြင့် အပါအဝင် စာဖတ်သူတို့၏ ၀ိပဿနာဉာဏ်ကို ကြည်လင် အမြင်ရှင်းစေမည့် တရားဆောင်းပါး ၃၀ ပုဒ်ပါရှိသည်။

သဲအင်း ဓမ္မသာကစ္ဆာ-ထလွန်မင်းလှငွေ
အမြဲလင်း၊ ဇွဲတင်း၊ သဲအင်းဟု နာမည်ကြီးသော သဲအင်းဂူဝိပဿနာရှုနည်းအကျယ်ကို အမေးအဖြေပုံစံဖြင့် ဖတ်ရှုရမည့် စာအုပ်ဖြစ်သည်။ ကာယနုပဿနာ သတိပဋ္ဌာန်အကြောင်း၊ ကမ္မဌာနစရိယ တရားပြဆရာများအကြောင်း၊ လောကုတ္တရာ ဘုံအကြောင်း၊ သဘာဝလက္ခဏာနှင့် သာမညလက္ခဏာအကြောင်း၊ နိဗ္ဗာန်အကြောင်း၊ ဒိဋ္ဌိအကြောင်း၊ စတုတ္ထစျာန် အကြောင်းနှင့် ပြင်ပဉာဏ်စဉ် များအကြောင်းကို အပြန်အလှန်ဆွေးနွေးခန်းပုံစံဖြင့် ရှင်းလင်းထားပြီး လူအများ နားလည်လွယ်သည့် စကားလုံး အသုံးအစွဲများ၊ ပေါ်လွင်သည့် ဥပမာများဖြင့် အသေးစိတ် ရှင်းလင်းဖော်ပြထားသည်ကို တွေ့ရသည်။

မဂ်ဖိုလ်ရမည့် သမာဓိအဆင့်ဆင့်-မေတ္တာရှင် (ရွှေပြည်သာ)
၀ိပဿနာတရားဆိုင်ရာ သိသင့်သိထိုက်သည်များကို ရှင်းလင်းဖော်ပြထားသော စာအုပ်ဖြစ်သည်။ မဂ်ဖိုလ်ရမည့် သမာဓိအဆင့်ဆင့် အကြောင်း၊ အယူမှားကို ဖြစ်စေသော သမာဓိ၊ တရားနာရင်း သောတာပန်ဖြစ်သူများအကြောင်း၊ အတ္တခြောက်မျိုး၊ ပထဝီဓာတ်ဖောက်ပြန်ပုံ၊ ပညတ်ခန္ဓာနှင့် ပရမတ်ခန္ဓာ၊ သေခါနီးမှာ ကျတတ်သော မျက်ရည်နှစ်မျိုး၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်အရကောက်၊ ခန္ဓာဉာဏ်ရောက် တရားနာနည်းအပါအဝင် တရားရှုမှတ်နည်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဖတ်ရှုရမည်ဖြစ်သည်။

တရားအနှစ်သာရများ-ဝေဘူဆရာတော်
ရဟန္တာကျော်ကြားသော ဝေဘူဆရာတော်ဘုရားကြီးသည် မြန်မာပြည်တလွှားသို့ ကြွရောက်တရားဟောကြား ပြသတော် မူခဲ့ရာ ဆရာတော်၏ တရားများတွင် သတိပြုစရာတစ်ခုမှာ သီလပေးပြီးသည်နှင့် ဆက်၍ဟောသည့် တရားဦးအဖွင့် စကားများသည် တစ်ပွဲနှင့် တစ်ပွဲ အတိုအရှည်ကွာခြားသော်လည်း ရည်ရွယ်ချက်မှာ အမြဲတမ်းတစ်မျိုး တစ်စားတည်း ဖြစ်နေခြင်းဖြစ်သည်။ ထိုကိန်းသေပင်တိုင် တရားစကားဦးများကို စုစည်း၍ ယခုစာအုပ်အဖြစ် ထုတ်ဝေခြင်း ဖြစ်သည်။

စွယ်စုံဝိပဿနာ-ဘဒ္ဒန္တဘဒ္ဒိယ (အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ)
၀ိပဿနာ ကမ္မဋ္ဌာန်းနှင့် ပက်သက်သည့် ဥပမာများ၊ ဥပမေယျများ၊ ပုံတိုပတ်စများ၊ စကားပုံများ၊ အဆုံးအမများ၊ သြဝါဒများကို စုစည်းထုတ်ဝေခြင်းဖြစ်သည်။ ၀ိပဿနာ တရားရှုရာတွင် သိထားရမည့် ဆောင်ရန်ရှောင်ရန်များကို တိုတိုနှင့် လိုရင်းအနှစ်ချုပ် ပေးထား ခြင်းဖြစ်သဖြင့် ယောဂီတို့ အချိန်ကုန် လူပန်းသက်သာစေမည့် စာအုပ်ဖြစ်သည်။

ထေရဝါဒ ရှုထောင့်-မင်းနန် (မော်ကျွန်း)
ထေရဝါဒသာသနာ သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် သိထားသင့်သော ဘာသာရေးဗဟုသုတများအကြောင်း ရေးသားထားသော ဆောင်းပါးများကို စုစည်းထားခြင်းဖြစ်သည်။ စိပ်ပုတီးနှင့် ဗုဒ္ဓဘာသာ၊ ကန်တော့ပွဲ၊ ဆုတောင်းသောအလေ့၊ တန္တရ မန္တရ ဂမ္ဘီရ တွေအတွက် မဟုတ်ပါ၊ ယတြာမလိုပါ၊ သီလပျက်သော နတ်ပွဲများ၊ အများသာ အယူအစွဲ၊ လမ်းချော်သွားသော ယောဂီများ၊ ၁၁ မီးနှင့် ငွေအလှူ၊ ဘိုးတော်၏ မက်လုံး၊ ကံကြီးများကို ကင်းလွတ်ခွင့်ပြုသော ဂိုဏ်း၊ ဂိုဏ်းဆရာများ၏ ပုံတော်များ၊ ဘိုးဘိုးအောင်နှင့် ရတနာ ဒီပံ၊ မဟာယာန ပူးဝင်မှု၊ ရွတ်ဖတ်နေရုံမျှဖြင့်၊ စုန်းကဝေအယူအစွဲအပါအဝင် ဘာသာရေးဆောင်းပါး ၆၇ ပုဒ်ပါ၀င်သည်။

ပဋ္ဌာန်းအဓိပ္ပာယ်ရှင်းလင်းချက်နှင့် အမေးအဖြေ-ခင်ချိုထွန်း စာတည်းအဖွဲ့
အဘိဓမ္မာ ရ ကျမ်းရှိသည့်အနက် နောက်ဆုံးဖြစ်သည့် ပဋ္ဌာန်းကျမ်းတော်ကြီးသည် သာသနာကွယ်ချိန်၌ ပထမဆုံး ကွယ်ပျောက်လိမ့်မည်ဟု ဆိုသည်။ မြတ်စွာဘုရား၏ တရားတော်များအနက် ဤပဋ္ဌာန်းဒေသနာတော်ကြီးသည် သိပ္ပံနည်းအကျဆုံး တရားတော်ဟု ပြောလျှင် ရသည်။ ပဋ္ဌာန်းဆိုသည်မှာ ရုပ်တရား နာမ်တရားတို့ ဖြစ်ပေါ်လာပုံကို အကြောင်းနှင့် အကျိုးဖြင့် အသေးစိတ်ဟောတော်မူထားသည့် တရားဖြစ်သည်။

ငွေနဲ့ပေါက်လို့ ဘာသာမပျောက်စေနဲ့-အရှင်ပညောဘာသ
အမျိုး ဘာသာ သာသနာ တည်တံ့ခိုင်မြဲရေးအတွက် သတိပေးထားသော စာရေးသူ၏ ဆောင်းပါး ၁၅ ပုဒ်ကို စုစည်းထားသော စာအုပ် ဖြစ်သည်။ ငွေနဲ့ပေါက်လို့ ဘာသာမပျောက်စေနဲ့၊ ဒို့အမျိုး ဒို့ဘာသာအတွက်မို့ ရတက်ပွေလီ၊ မြန်မာအချင်းချင်း သွေးမကင်းလို့ ပြောပါ ရစေ၊ မြန်မာတို့သွေး မျိုးချစ်ရေး၊ လက်သံပြောင်တဲ့ မန္တလေးက ဆရာတော်၊ အပေးအကမ်း ပက်စက်တဲ့ မြန်မာတွေ၊ မျိုးချစ်ဇာနည်၊ အမျိုးစောင့်စေခြင်းသည်၊ အမျိုးသားရေးအတွက် စကားလက်ဆောင်အပါအဝင် လူမျိုး ဘာသာ သာသနာ မပျောက်ကွယ်စေရေးအတွက် သတိပေးထားသည့် ဆောင်းပါးများ ပါ၀င်သည်။ ဘာသာခြားများ၏ နည်းမျိုးစုံ စည်းရုံးသိမ်းသွင်းမှုကြောင့် ဗုဒ္ဓဘာသာကို စွန့်လွှတ်ခဲ့ ကြသူများအကြောင်းကို သတိပြုဆင်ခြင်ဖွယ် ဖော်ထုတ်ရေးသားထားသော ဆောင်းပါးများဖြစ်ကြသည်။

အာနာပါနဒီပနီ-လယ်တီဆရာတော်
အာနာပါနကမ္မဋ္ဌာန်း လုပ်ငန်းခွင်ကို ပြည့်စုံတိကျစွာ ဖော်ပြထားသဖြင့် လူရှင်ရဟန်း ယောဂီတိုင်း လက်စွဲပြုသင့်သော စာအုပ်ဖြစ်သည်။

မြေဇင်းတောရဆရာတော်ဘုရားကြီး၏ သြဝါဒကထာများ-အရှင်သောပါက
ပျံလွန်တော်မူပြီးဖြစ်သည့် မြေဇင်းဆရာတော်၏ တစ်မျက်နှာ သြဝါဒတိုများကို စုစည်းဖော်ပြထားခြင်းဖြစ်သည်။ ဆရာတော်သည် ကန္နီ၊ အင်ချောင်၊ ဝေဘူ၊ မန်လည်ဆရာတော်တို့ထံတွင် နှစ်ပေါင်းများစွာ တရားကျင့်ကြံခဲ့ပြီး ကိုယ်တိုင်လည်း တရားစခန်းရိပ်သာများဖွင့်လှစ် ၍ တရားပြသခဲ့ရာ လူအများ၏ ကြည်ညိုလေးစားမှုကို ခံခဲ့ရသည်။ ဆရာတော်၏နည်းသည် ၀ိပဿနာတရားကို သမထမှ စ၍ အခြေခိုင် အောင်လုပ်ကာ ၀ိပဿနာသို့ ကူးပြောင်းခြင်းဖြစ်သည်။ ဤစာအုပ်တွင် ဆရာတော်၏ သြဝါဒ(၁၁၀)ကျော်ကို တစ်စု တစ်စည်းတည်း နာကြားကြရမည်ဖြစ်သည်။ သည်းခံအားထုတ် ယောဂီအလုပ်၊ နိမိတ်ဆိုတာ ဘာလဲ၊ အသက်မရှုသူများ၊ သတိမြဲရာ ပထမ၊ နိမိတ် ၃ မျိုး၊ ငါမပိုင် ငါ့ခန္ဓာ၊ မိမိရ ကိုးကွယ်ကြ၊ နတ်တွေ ကြည့်နေတယ်၊ ပြူရမည့် ပရိကံ၊  တိုရင်းလိုရှင်း ၀ိပဿနာသြဝါဒများ ပါ၀င်သည်။

ကန္နီနည်း သမထ-၀ိပဿနာကျင့်စဉ်ကျမ်း-အရှင်ကေလာသ
မြေဇင်းဆရာတော်နှင့် ဓမ္မာစရိယဦးဌေးလှိုင်တို့၏ ဖော်ထုတ်မှုကြောင့် လူသိများလာသော ကန္ဒီဆရာတော်၏ ၀ိပဿနာရှုနည်းကျမ်း ဖြစ်သည်။ သမထနှင့် ၀ိပဿနာဟူ၍ (၂)ခန်းခွဲထားသည်။ အခြေခံပိုင်းမှစ၍ရှင်းထားသောကြောင့် စတင်ရှုမှတ်မည့်သူများ အတွက် အထူးသင့်လျော်သည်။

ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ-သီတဂူဆရာတော် ဦးဉာဏိဿရ
ဗုဒ္ဓဘာသာဝင်တိုင်း သိရှိထားသင့်သော ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒအကြောင်းကို သီတဂူဆရာတော်က ရှင်းလင်းစွာ ဟောကြားထားသော တရား ဖြစ်သည်။ ဗုဒ္ဓဝင်နှင့်တကွ ဗုဒ္ဓတရားများတွင် အနှစ်ချုပ် သိထားသင့်သော တရားစုများကို ပူးတွဲနာကြားရမည်ဖြစ်သည်။ သဒ္ဓါ၏ အဆင့်သုံးဆင့်၊ လာလှည့် ကြည့်လှည့်၊ ဒီမိုကရေစီနည်းကျသော ၀ါဒ၊ အကျိုးမရှိက မဟော၊ ဗုဒ္ဓဝါဒသည် ဘာကိုအခြေခံသလဲ၊ ဗုဒ္ဓ၏ စကားကြီး ၁၀ ခွန်း၊ ဆုတောင်းတယ်ဆိုတာ၊ ဗုဒ္ဓသည် ဖန်ဆင်းရှင်မဟုတ်၊ ဗုဒ္ဓပုံတော် ဆင်းတုတော် ဘာကြောင့်ကိုးကွယ်နေသလဲ အပါ အဝင် အယူအဆပိုင်းရေးရာများကို ရှင်းလင်းထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်တို့ သိဖို့လိုသည်-သာမဏေကျော်
လူငယ်များသာမက လူလတ် လူကြီး ဗုဒ္ဓသာသနာဝင်တို့ပါ သိထားသင့် သိထားထိုက်သော ဗုဒ္ဓယဉ်ကျေးမှု အခြေခ ံတို့ကို ရေးသားထားသော စာအုပ်ဖြစ်သည်။ သြကာသ အကျယ်ရှင်းတမ်း၊ ဘုရား တရား သံဃာနှင့် သရဏဂုံအကြောင်း၊ သရဏဂုံ ဆောက်တည်ပုံနှင့် သီလဆောက်တည်ပုံ၊ ဂုဏ်တော်ဘုရားရှိခိုး၊ ကံ၊ ဒုစရိုက်၊ ဆွမ်းလှူအကျိုး၊ မေတ္တာပွားပုံ၊ သတိပဋ္ဌာန် ၀ိပဿနာ ရှုနည်းအပါအဝင် အခြေခံ ဗုဒ္ဓတရားအဆီအနှစ်များကို တစ်စုတစ်စည်းတည်း ဖတ်ရှုရမည်ဖြစ်သည်။

လှူဖွယ်အမျိုးမျိုး အကျိုးအနန္တ-တက္ကသိုလ်သျှင်သီရိ
လူဖွယ်ပစ္စည်းကိုလိုက်၍ ရရှိနိုင်သည့် အကျိုးတရားများကို လိုရင်းတိုရှင်း ဖော်ပြ ထားသော စာအုပ်ဖြစ်သည်။ အလှူနှင့် စွန့်ကြဲမှု၊ သုတ္တန် ၀ိနည်း အဘိဓမ္မာလာ အလှူအမျိုးအစားများ၊ အလှူယုတ် ၅ မျိုး၊ သံဃိက အလှူ ရ မျိုး၊ အလှူဖြစ်ကြောင်း ၃ ပါး၊ အလှူအင်္ဂါ ၆ ပါး၊ အပါအဝင် အလှူအကျိုးအကြောင်းများ၊ ထို့နောက် ပံ့သကူသင်္ကန်း၊ ၀ိသာခါကျောင်းအမ၏ သင်္ကန်းအလှူ၊ ကျောင်းအလှူ၊ ဆေးအလှူ၊ ဖိနပ်အလှူအပါအဝင် ပစ္စည်းအမျိုးမျိုး၏ ကွဲပြားသည့် အကျိုးအထွေ ထွေ၊ စေတီပြုပြင်သည့် အကျိုး၊ ရေလှူအကျိုး၊ ကျောင်းလှူအကျိုး၊ ဆွမ်းတင်အကျိုး၊ သီလဆောက်တည်အကျိုးအပါအဝင် အခြားသိထားသင့်သည့် အကျိုးကျေးဇူးများကို တစ်အုပ် တည်းတွင် စုံစုံလင်လင် ဖတ်ရှုရမည်ဖြစ်သည်။