ပဋ္ဌာန်းမပူဇော်မှီ လုပ်ဆောင်ရမယ့်လုပ်ငန်းတွေအကြောင်းကိုသိထားမှ ရွတ်ဆိုတဲ့အခါ နေရာကျမှာဖြစ်ပါတယ်။မသိထားရင်တော့ နေရာကျစရာအကြောင်းမရှိပါ။နေရာကျကျ အစီစဉ်ကျကျရွတ်ဆိုပါမှ အကျိုးထူး အကျိုးမြတ်များကိုခံစားရမည်ဖြစ်ပါတယ်။ဒါကြောင့် ပဋ္ဌာန်းမရွတ်ဆိုမီ အဓိဋ္ဌာန်ပုံနှင့်သစ္စာဆိုရပုံလေးကို ရှေးဦးစွာရေးသားလိုက်ခြင်းဖြစ်ပါတယ်။

၁။ယနေ့မှစ၍ နေ့စဉ်မပြတ် တစ်လတိတိ ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဆိုပြီး မြတ်စွာဘုရားကို ပူဇော်ပါမည်ဟုအဓိဋ္ဌာန်ပြုရမှာဖြစ်ပါတယ်။

၂။တစ်လအဓိဋ္ဌာန် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရာတွင် ယနေ့အဓိဋ္ဌာန်အဖြစ် ယခုအချိန်မှစ၍ ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ဖတ်ကာ မြတ်စွာဘုရားအား ပူဇော်ပါတော့မည်ဟု အဓိဋ္ဌာန်ပြုရမည်ဖြစ်ပါတယ်။

၃။ယနေ့အဓိဋ္ဌာန် ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ဖတ်ပူဇော်မည်ဖြစ်၍ တပည့်တော်၏ ကိုယ်စောင့်နတ်၊နေရာစောင့်နတ်၊အိမ်စောင့်နတ်၊ခြံစောင့်နတ်၊လမ်းစောင့်နတ်၊ရပ်ကွက်စောင့်နတ်၊မြို့စောင့်နတ် သာသနာတော်စောင့်နတ် စတဲ့ ဌာနအသီးသီးမှာ စောင့်ရှောက်ကြကုန်သော နတ်မြတ် နတ်ကောင်း နတ်အပေါင်းတို့အားလည်းကောင်း၊ဤနေရာ ဤဌာနမှာ ရှိကြကုန်သော ဥစ္စာစောင့် သိုက်နန်းရှင် စတဲ့မြင်အပ် မမြင်အပ်သော ပုဂ္ဂိုလ်၊မကျွတ်မလွတ်ကြကုန်သော ပုဂ္ဂိုလ်တို့အားလည်းကောင်း၊ လောကကြီးကိုစောင့်ရှောက်ကြကုန်သော ဓတရဋ္ဌ၊ဝိရူဠက၊ဝိရူပက္ခ၊ကုဝေရဟူသော နတ်မင်းကြီးလေးပါးစသည့်ဖြင့် (ပင့်ဖိတ်သင့် ပင့်ဖိတ်ထိုက်သော)ပုဂ္ဂိုလ်များကို နာမည်တပ်၍ ပဋ္ဌာန်းတရားနာကြားဖို့လာရောက်နာကြားကြပါကုန်လော့ဟု ပင့်ဖိတ်ရမှာဖြစ်ပါတယ်။

နေ့တိုင်း ရွတ်ဆိုမည်ဆိုပါက နေ့တိုင်းပင့်ဖိတ်အပ်ပါတယ်။

တစ်လရွတ်ဆိုမည်ဆိုလျှင်တော့ နေ့တိုင်းပင့်ဖိတ်စရာမလိုပါ။တစ်လပြည့်တဲ့ထိ မပင့်ဖိတ်ပဲနေနိုင်ပြီး တစ်လပြည့်မြောက်ရင်တော့ ပင့်ဖိတ်ထားသူများကို မိမိတို့နေရာ ဌာနသို့ အသီးသီးပြန်ကြွရန်မေတ္တာရပ်ခံရမည်ဖြစ်ပါတယ်။ (နေ့တိုင်းရွတ်ဆိုရင် နေ့တိုင်းပင့်ဖိတ်ရမှာဖြစ်သလို နေ့တိုင်းပြန်ပို့ရမှာဖြစ်ပါတယ်။)
.

၄။ပဋ္ဌာန်းဒေသနာတော်များ ပစ္စယုဒ္ဒေသ၊ပစ္စယနိဒ္ဒေသ ပါဠိတော်နှင့် မြန်မာပြန်များကို ကောင်းမြတ်သော အချိန်ခါ ဖြစ်သည့်အတွက်(ဟေတုပစ္စယောမှစ၍ ရွတ်ဆိုပူဇော်ရမှာဖြစ်ပါတယ်။)ရွတ်ဆိုပူဇော်ပြီးသည်နှင့် အမျှပေးဝေရမှာဖြစ်ပါတယ်။
.

၅။(သစ္စာဆိုပုံ) ။ ။ ယခုအခါ တစ်လအဓိဋ္ဌာန် ရွတ်ဆိုပူဇော်ရာတွင် ယနေ့အဓိဋ္ဌာန်အဖြစ် ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်ပူဇော်၍(နေ့တိုင်းပူဇော်မည်ဆိုပါကလည်း)နေ့တိုင်း ပဋ္ဌာန်းဒေသနာတော်ကိုရွတ်ဖတ်၍ မြတ်စွာဘုရားရှင်အား ပူဇော်ပြီးပါပြီ။

ဤသစ္စာစကားကြောင့်လည်းကောင်း၊ဤပဋ္ဌာန်းဒေသနာတော်၏ တန်ခိုး ရှိန်စော် အာနုဘော်တို့ကြောင့်လည်းကောင်း၊ဤပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုရသော ကောင်းမှု၊နာကြားရသော ကောင်းမှုကုသိုလ်တို့၏ တန်ခိုးတော်ဇော်အာနုဘော်တို့ကြောင့်လည်းကောင်း၊ ပဋ္ဌာန်းဒေသနာတော်ကိုရွတ်ဆိုပြီးတိုင်း တပည့်တော်နှင့်ထပ်ထူထပ်မျှ ရစေဖို့ အမျှပေးဝေရတဲ့ကောင်းမှုကုသိုလ်၊ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုရတဲ့ကောင်းမှုကုသိုလ်တို့၏ တန်ခိုးတေဇော်အာနုဘော်တို့ကြောင့်လည်းကောင်း တပည့်တော်သည်(..................)ဖြစ်ရပါလို့၏ဟူ၍ လိုရာဆု တစ်ခုတည်းကိုတောင်းပါ။လိုရာဆုတစ်ခု မပြည့်မချင်း ဤတစ်မျိုးကိုသာ ဆက်၍ဆုတောင်းပါ။

ကိုးကား။ ။ဒေါက်တာအရှင်ကောဝိဒစာရ(ပဋ္ဌာန်းစာအုပ်)မှ ကောက်နှုတ်ရေးသားခြင်းဖြစ်ပါသည်။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
(ကျမ်းမာ ၊ ချမ်းသာ ကြပါစေသောဝ်)

ဘုရား တရား သံဃာ