•••••••••••••••••••••••••••••••
တစ်ခါတုန်းက သာဝတ္ထိပြည်မှာ သူဌေးသမီးလေး
တစ်ယောက်ရှိခဲ့ဖူးပါတယ်။တစ်နေ့တော့
အိမ်အောက် ထပ်က ရက်ကန်းရုံရှိရာကို ဆင်းခဲ့ပါတယ်။
ရက်ကန်းရုံရောက်တော့ အလုပ်သမားအမျိုးသမီးလေးတွေ
ကိုယ်စီ ရက်ဖေါက် ယောက်နေကြတာကို တွေ့ရပါတယ်။
ကြည့်ရင်းနဲ့ ဖြောင့်တန်းနေတဲ့ ရက်ဖေါက်ကို
အာရုံနိမိတ်ယူလိုက် ပါတယ်။ ယူထားတဲ့ အာရုံနိမိတ်ကို
အတွေးထဲက မလွှတ်တော့ဘဲ
အတွေးတစ်ခုကို ဆင်ခြင်လိုက်ပါတယ်။

“လူသားအားလုံးဟာ ကိုယ်နှုတ်နှလုံး
ကောက်ကျစ်မှုကိုပယ်ပြီး ရက်ဖေါက်လို
ဖြောင့်မတ်တဲ့စိတ် ဖြစ်ကြရင် ကောင်းမှာပဲ” လို့
ဆင်ခြင်အတွေးနိမိတ်ကို သက်မဲ့ရက်ဖေါက်နဲ့
ယှဉ်တွေးလိုက်ပါတယ်။

သူဌေးသမီးလေးက အိမ်ပေါ်ကို ပြန်တက်တဲ့အခါမှာလည်း
ဒီအတွေးကို ထပ်ခါထပ်ခါတွေးရင်း တက်သွားပါ တယ်။
အိမ်ပေါ်ရောက်တော့လည်း ရက်ဖေါက်အတွေးကို
တွေးရင်းတွေးရင်း ဆင်ခြင်နေမိပါတယ်။
ဆင်ခြင်ရင်း ဆင်ခြင်ရင်းနဲ့ အနိစ္စလက္ခဏာ
ထင်ရှားလာပါတယ်။ နောက် ဒုက္ခလက္ခဏာ
ထင်ရှားလာပြန်ပါတယ်။

မြတ်စွာဘုရားရှင်က သူဌေးသမီးလေး ဒီလို
ဆင်ခြင်နေတာကို သိတော်မူတော့ ဂန္ဓကုဋီတိုက်တော်က
ထိုင်တော်မူလျက်ပဲ သူဌေးသမီးလေးရှိရာကို
ရောင်ခြည်တော် လွှတ်လိုက်ပါတယ်။
သူဌေးသမီးလေးက ရောင်ခြည်တော်ကို
“ဘာပါလိမ့်”ဆိုပြီး ကြည့်လိုက်တဲ့အခါ
မြတ်စွာဘုရားရှင် အနားမှာထိုင်နေသလို
မြင်ရလို့ ထပြီးလက်အုပ်ချီ အရိုအသေပြုပါတယ်။
အဲဒီအချိန်မှာ မြတ်စွာဘုရားရှင်က
သူဌေးသမီးလေးနဲ့ သပ္ဗါယသင့်တဲ့
တရားတစ်ပုဒ်ကို ဟော ပြပါတယ်။

ယော ဝေ ဌိတတ္တော တသရံဝ ဥဇ္ဇု၊
ဇိဂုစ္ဆတိ ကမ္မေဟိ ပါပကေဟိ။
ဝီမံသမာနော ဝိသမံ သမဉ္စ၊
တံ ဝါပိ ဓီရာ မုနိ ဝေဒယန္တိ။

“လူတစ်ယောက်ဟာ တည်ကြည်တဲ့စိတ်ရှိတယ်။
ရက်ဖေါက်လုံးလို ဖြောင့်စင်းတယ်။
အကုသိုလ်တွေကို စက်ဆုပ်တယ်။
မျှတမှု မမျှတမှုကို စုံစမ်းဆင်ခြင်တယ်။
အဲဒီပုဂ္ဂိုလ်ကို ပညာရှိတွေက မုနိလို့
ခေါ်ကြတယ်။”

သူဌေးသမီးလေးလည်း ဝိပဿနာကို
အားထုတ်ရင်း မြတ်စွာဘုရားရှင်ရဲ့
ဂါထာအဆုံးမှာတော့ သောတာပန်
တည်သွားပါတော့တယ်။
(မုနိသုတ်၊ သုတ္တနိပါတ် အဋ္ဌကထာ၊
ဒု-တွဲ နှာ-၂၅၃)

သူဌေးသမီးလေး တရားရသွားပုံလေးက
အံ့သြစရာကော အတုခိုးစရာကော တွဲစပ်နေပါတယ်။
တချို့တရား ရသွားကြတာလေးတွေက
မကျေနပ်တဲ့အာရုံတစ်ခုကိုတွေ့ပြီး
အဲဒီမကျေနပ်တဲ့အာရုံကိုပဲ ဆင်ခြင်ရင်း
ဝိပဿနာတရားကို အားထုတ်ဖြစ်သွားတာပါ။
သူဌေးသမီးလေးကျတော့ တွေ့နေကျ
အာရုံတွေဖြစ်တဲ့ အလုပ်တွေကိုပဲ ဆင်ခြင်မှု
တစ်ခုခံပြီး တရားအားထုတ်သွားတာလေးက
အံ့သြစရာကော ၊အတုခိုးစရာကော
ရောပြွမ်းနေတာပါ။

အထူးသဖြင့် လူတကာတွေ့နေကျ အာရုံလေးကို
ကြည့်ပြီး တရားအားထုတ်သွားတာပါ။

စာရေးသူတို့ကတော့ အဲဒီလိုတရားရဖို့အတွက်
ဘဝတွေ သိန်းချီသန်းချီ ၊ကုဋေချီပဲ
စောင့်ရဦးမလား မသိပါဘူး။
ဘာပဲပြောပြော တွေ့နေကျ အာရုံတွေကို
သူဌေးသမီးလေးလို အာရုံနိမိတ်ယူပြီး
ဆင်ခြင်မှုကတဆင့် တရားအားထုတ်လို့
ရတယ်ဆိုတာလေးကတော့ အမြတ်ထဲက
အမြတ်တစ်ခုပါပဲ။

ဒါဆို သူများတွေ ဘာတွေပဲ လုပ်နေလုပ်နေ ၊
ကိုယ်ကဆင်ခြင်တတ်သလို ဆင်ခြင်ပြီး၊
တရားအားထုတ်လို့ ရတဲ့ သဘောပါ။
သူများတွေ အလုပ်လုပ်နေတာ၊
သွားလာနေတာ၊စကားပြောနေတာ၊
ဖုန်းပြောနေတာ၊တီဗွီကြည့်နေတာ၊ ငိုနေတာ၊
ရယ်နေတာ စသည်တွေဟာ ကိုယ့်အတွက်
ဆင်ခြင်ပြီး တရားအားထုတ်လို့ ရတာချည်း
ဖြစ်နေပါတော့တယ်။
အဆန်းတော့ အဆန်းပါပဲ။
အဆန်းကို စမ်းတော့စမ်းကြည့်သင့်ပါတယ်။
မရနိုင်စရာတော့ အကြောင်း မရှိပါဘူး။
တရားထူးသာ မရချင်နေမယ်၊
စမ်းကြည့်လို့တော့ ရတဲ့ကျင့်စဉ်လေးပါ။

တစ်ခုထူးခြားတာက တွေ့တဲ့အာရုံကို
တွေ့တဲ့အတိုင်း မရှုသေးဘဲ ကြားထဲမှာ
တရားသဘောနဲ့ယှဉ်ပြီး ဆင်ခြင်မှုတစ်ခုကို
ဆင်ခြင်လိုက်ပါတယ်။ ဆင်ခြင်ပြီးမှ ဝိပဿနာ
အားထုတ်မှုအပိုင်းကို ကူးသွားတာပါ။
ဝိပဿနာ သဘောအရဆိုရင် အရှိကို
အရှိအတိုင်းပဲ ရှုရမှာပါ။
ရုပ်ထင်ရှားရင် ရုပ်ကိုရှုရပါမယ်။
နာမ်ထင်ရှားရင် နာမ်ကိုရှုရပါမယ်။
ဖြစ်နေဆဲ ရုပ်နာမ်ကို ဖြစ်နေဆဲပကတိ
အခြေအနေအတိုင်း သိအောင်ရှုတာ ဝိပဿနာပါ။

ဥပမာ- ရက်ဖေါက်ယောက် သံကြားရင်
“ကြားတယ် ကြားတယ်”လို့ မှတ်ရမှာဖြစ်သလို၊
မြင်ရင်လည်း “မြင်တယ် မြင်တယ်”လို့ မှတ်ရမှာပါ။
သူဌေးသမီးလေးကျတော့ ချက်ချင်းမရှုသေးဘဲ
ကြားထဲမှာ ဆင်ခြင်လိုက်ပါတယ်။
ဆင်ခြင်တာကိုလည်း စာထဲက အတိုင်းဆို
ပုနပ္ပုနံ-အဖန်ဖန်အထပ်ထပ် ထပ်ခါထပ်ခါ
ဆင်ခြင်နေတာပါ။

ဆင်ခြင်တာကတော့ လူတိုင်းအတွက် သိပ်မခက်လှပါဘူး။
ကိုယ်ဆင်ခြင်တတ်သလို ဆင်ခြင်ရုံပါပဲ။
ဆင်ခြင်ပုံခြင်းကတော့ တစ်ယောက်နဲ့ တစ်ယောက်
တူနိုင်မှာတော့ မဟုတ်ပါဘူး။
ကိုယ်လေ့လာထားသလောက်နဲ့ ကိုယ့်ခံစားချက်ကို
အခြေခံပြီး ဆင်ခြင်ဖြစ်မှာပါ။ အဓိကကတော့
တရားသဘောနဲ့ယှဉ်ပြီး ဆင်ခြင်ရမှာပါ။
ပုံစံ တစ်မျိုးနဲ့ ပြောမယ်ဆိုရင်တော့
ဝိပဿနာကို ကူးဖို့အတွက် ဆင်ခြင်ခြင်း
တံတားလေးကို ထိုးလိုက်တာပါ။
တံတား ပေါ်ကနေ တဆင့်ကူးသွားတဲ့သဘောပါ။
တံတားတော့ထိုးပါရဲ့ တံတားပေါ်မှာပဲ ရပ်နေမယ်
ဆိုရင်တော့ မပြည့်စုံသေး ပါဘူး။

ဒီလိုပါပဲ ဆင်ခြင်တော့ ဆင်ခြင်ပါရဲ့
ဝိပဿနာဘက်ကို မကူးနိုင်သေးဘူးဆိုရင်လည်း
ကျင့်စဉ်တစ်ခုက မပြည့်စုံသေးပါဘူး။
သူဌေးသမီးလေးလိုပဲ ဆင်ခြင်ပြီး အားထုတ်မှု
အပိုင်းကို ကူးသွားရမှာပါ။
တရားထူး ရတာ ၊မရတာက တစ်ပိုင်းပါ။

ဒီနေရာမှာ ဆင်ခြင်တော့ဆင်ခြင်ပါရဲ့
ကိုယ့်ရဲ့ဆင်ခြင်မှုက သူတပါးကို ထိခိုက်စေတဲ့၊
သူတပါးကိုအပြစ်တင် စေတဲ့ ဆင်ခြင်မှုမျိုးဆိုရင်တော့
အကုသိုလ်တံတားပဲ ဖြစ်နေမှာပါ။
အကုသိုလ်တံတား ထိုးမိရင်တော့ ဝဋ်တွေ ၊ဒုဂ္ဂတိတွေဆီကို
ဦးတည်နေတော့မှာပါ။ တချို့ကျတော့ အာရုံတွေတွေ့တိုင်း
သံဝေဂပါတဲ့ တရားသဘောပါတဲ့ ဆင်ခြင်မှု တွေတော့
အမြဲဆင်ခြင်နေတာပါပဲ။ ဒါပေမယ့်
ဝိပဿနာဘက်ကို မကူးနိုင်တော့
ပန်းတိုင်ဆီ မရောက်နိုင်ဘူး ဖြစ်နေပါတယ်။
တရားထူးရဖို့ မျှော်လင့်ချက်ထိ
အခြေအနေအရ မထားနိုင်သေးပေမယ့်
ဆင်ခြင်တာကနေတဆင့် အားထုတ်မှု
အပိုင်းဘက် ကူးသွားတာလေးကိုတော့
အထုံအလေ့အကျင့်တခုအနေနဲ့
လုပ်လုပ်သွားရမှာပါ။

တစ်ခုတော့ရှိပါတယ်။
သူဌေးသမီးလေးက အတိတ်ပါရမီ ပါခဲ့တာရယ်၊
မြတ်စွာဘုရားရှင်က ရောင်ခြည်တော် လွှတ်ပြီး
တရားဟောပေးတာရယ်ကလည်း တရားရဖို့
အတွက် အဓိကအထောက်အပံ့တွေ ဖြစ်သွားတာပါ။
ကိုယ်က တရားထူးမရဦးတော့
ကျင့်စဉ်တစ်ခုအနေနဲ့တော့ အတုခိုးသင့်တဲ့
ကျင့်စဉ်လေးပါပဲ။

သူဌေးသမီးလေးရဲ့ ဝတ္ထုလေးက
မုနိသုတ္တန်ထဲက အဋ္ဌကထာဖွင့်ဝတ္ထုလေးပါ။
မုနိသုတ်ဆိုတာ မြတ်စွာ ဘုရားရှင်က မုနိလို့
ခေါ်ထိုက်တဲ့ ပုဂ္ဂိုလ်အမျိုးမျိုးကို
ဂါထာများစွာနဲ့ ဟောပြထားတဲ့သုတ်ပါ။

သူဌေးသမီးလေးဝတ္ထုမှာတော့ သူ့ရဲ့ဆင်ခြင်မှုနဲ့
ယှဉ်ပြီးလူတစ်ယောက်ဟာ တည်ကြည်တဲ့စိတ်ရှိမယ်၊
ရက်ဖေါက်လို စိတ်ဖြောင့်စင်းမယ်၊
အကုသိုလ်တွေကို စက်ဆုတ်မယ်၊
မျှတမှု မမျှတမှုကို စုံစမ်းဆင်ခြင်မယ်ဆိုရင်
အဲဒီ ပုဂ္ဂိုလ်ကို “မုနိ” လို့ခေါ်ရတဲ့အကြောင်း ဟောပြထားပါတယ်။

တစ်ယောက်တည်း တရားကျင့်နေတဲ့လူ၊
အကျင့်သီလနဲ့ပြည့်စုံသူ၊ တည်ကြည်တဲ့စိတ်ရှိသူ၊
လောကဓံကို ခံနိုင်သူ၊
စွဲလမ်းမှုကင်းပြီး ဣနြေ္ဒရှိသူ၊
သူတစ်ပါးတွေရဲ့ ချုပ်ချယ်ခြင်းကို မခံရသူ၊
သူတစ်ပါးကို မချုပ်ချယ်သူ၊
ချီးမွမ်း ခြင်း ကဲ့ရဲ့ခြင်းမပြုသူ၊
အနှောင်အဖွဲ့မှ လွတ်မြောက်သူ
စသည့်ပုဂ္ဂိုလ်တွေကိုလည်း “မုနိ” လို့ခေါ်ကြောင်း
မြတ်စွာဘုရား ရှင်က ဟောပြထားပါတယ်။
စကာလုံးတွေက အားလုံးကြားဖူးပြီးသား
စကားလုံးတွေဖြစ်သလို တော်တော်များများကိုလည်း
ကျင့်ပြီး ကျင့်ဆဲဖြစ်နေမှာပါ။

စာမှာ မုနိ (၆) မျိုးကို ပြထားပါတယ်။
(၁)။ အဂါရမုနိ = လူ့ဘဝနဲ့ တစ်မဂ်တစ်ဖိုလ်ရသူ၊
(၂)။ အနဂါရမုနိ = ရဟန်းဘဝနဲ့ တစ်မဂ်တစ်ဖိုလ်ရသူ၊
(၃)။ သေခမုနိ = သောတာပတ္တိမဂ္ဂဌာန်အစ
အရဟတ္တမဂ္ဂဌာန်အဆုံးရှိသော သေက္ခပုဂ္ဂိုလ် (၇) ယောက်၊
(၄)။ အသေခမုနိ = ရဟန္တာ၊
(၅)။ ပစ္စေကမုနိ = ပစ္စေကဗုဒ္ဓါ၊
(၆)။ မုနိမုနိ = မြတ်စွာဘုရား၊

အရင်ကတော့ မုနိဆိုတာ မြတ်စွာဘုရားရှင်
တစ်ပါးကိုပဲ ခေါ်တယ်လို့ ထင်ခဲ့တာပါ။
မုနိ (၆) မျိုးရယ် ၊ မုနိသုတ် ရယ် ယှဉ်ဖတ်လိုက်မှ
တခြားသူတွေကိုလည်း “မုနိ” လို့ခေါ်လို့ရတယ်
ဆိုတာ သိရတာပါ။
ဒါဆို ဘုရားနဲ့ ပစ္စေကဗုဒ္ဓါဆု ပန်မထားလည်း
တခြားမုနိတွေတော့ ဖြစ်ခွင့်ရှိနေပါတယ်။
ဆိုလိုတာက လူ့ဘဝနဲ့လည်း မုနိဖြစ်ခွင့်ရှိပါတယ်။
အမျိုးသားကော ၊ အမျိုးသမီးကော
မုနိ ဖြစ်နိုင်ပါတယ်။
“မုနိ” ဖြစ်ချင်တဲ့သူဟာ “မုနိအကျင့်”ကို ကျင့်ရပါမယ်။

ဥပမာ- အကုသိုလ်မဖြစ်အောင် ကိုယ်နှုတ်စိတ်ကို
စောင့်ထိန်းလိုက်တာဟာ မုနိအကျင့်ကို
ကျင့်လိုက်တာပါ။ ဘုရားရှေ့မှာ တရားအားထုတ်ဖို့
ထိုင်လိုက်တာလည်း မုနိအကျင့်ကို ကျင့်လိုက်တာပါ။
မုနိအကျင့်ကို ကျင့်နေရင် မုနိလောင်းလျာလို့
ခေါ်လို့ရသလို၊ မုနိအကျင့်ကို ကျင့်တဲ့အတွက်
မုနိချစ်သူလို့လည်း ခေါ်လို့ရပါတယ်။ နေ့စဉ် တရားထိုင်တာ၊
နေ့စဉ်ပဋ္ဌာန်းရွတ်တာ၊ နေ့စဉ်ဘုရားရှိခိုးတာ၊
ဂုဏ်တော်ပွားတာ၊ မေတ္တာပွားတာ စသည်ဖြင့်
အားလုံး အားလုံးဟာ မုနိအကျင့်ကို
ကျင့်နေတာဖြစ်တဲ့အတွက် မုနိချစ်သူတွေပါ။
မုနိလောင်းလျာလေးတွေပါ။
ဒါမှမဟုတ် အာရုံတစ်ခုခုကိုတွေ့ပြီး
ကိုယ်ဆင်ခြင်တတ်သလို ဆင်ခြင်လိုက်မယ်။
ဆင်ခြင်ပြီးတာနဲ့ တရားအားထုတ်လိုက်မယ်
ဆိုရင်လည်း မုနိချစ်သူ မုနိလောင်းလျာ
ဖြစ်သွားတဲ့သဘောပါပဲ။

မုနိချစ်သူဟာ တစ်နေ့သောအခါမှာတော့
မုနိတစ်ယောက်ဖြစ်မှာ ဧကန်မုချပါ။
မုနိမြန်မြန်ဖြစ်သွားတာပဲ ကောင်းပါတယ်။
လူတွေမှာ အပူကိုယ်စီနဲ့ပါ၊ တကယ်တော့ လူတွေမှာတင်
အပူရှိတာမဟုတ်ပါဘူး။လူတွေမှာ မရှိတဲ့အပူ
ဘုန်းကြီးမှာ ရှိချင်ရှိနေတာပါ။

တခါတလေ လူတွေမှာမရှိတဲ့အပူတွေဝင်လာရင်
မျက်စိတွေလည်ပြီး နောက်ဘဝ
ဘာဆုတောင်းရမှန်းတောင် မသိတော့ပါဘူး။
လူ့ဘဝမှာလည်း အပူကိုယ်စီနဲ့၊
ဘုန်းကြီးဘဝကျပြန်တော့လည်း မနေတတ်ရင်
ဘုန်းကြီး အပူနဲ့၊ တိရိစ္ဆာန်ဘဝရောက်သွားရင်လည်း
ကျားဆိုရင် သူများအသက် သတ်စားပြီး
ဘဝရပ်တည်ရဦးမယ်။ နွားမြင်း ဆိုရင်လည်း
လူတွေဆီမှာ တစ်သက်လုံး ကျွန်ခံရဦးမယ်။
နတ်ဗြဟ္မာဆိုတာလည်း အချိန်စေ့တော့
အောက်ပြန်ရောက် ရဦးမယ်။ တခါတလေများ
နောက်ဘဝအတွက် ဘယ်ဘဝကို ဆုတောင်း
ရမှန်းတောင် မသိတော့ပါဘူး။

ဒီတော့ အပူတွေကြားထဲက တဒင်္ဂအေးငြိမ်းမှုလေးကို
ရှာမယ်ဆိုရင်တော့ မုနိအကျင့်လေးကို မိနစ် (၂၀)
လောက်လေး ကျင့်လိုက်တာနဲ့ တဒင်္ဂအေးချမ်းမှုလေး
ရနေပါပြီ။တကယ့်လက်တွေ့အကျိုးရှိတဲ့
အားကိုးရာ ကျင့်စဉ်လေးတစ်ခုပါ။ တကယ်ဖြစ်သင့်တာက
ဘုရားရှေ့မှာ သုံးပေလေးပေလောက်ရှိတဲ့
ကော်ဇောလေးခင်း၊ ပြီးတော့ အောက်ခံနဲ့ဘေးသားကို
ယောဂီရောင်၊ အလယ်ကိုတော့ ကိုယ်နှစ်သက်ရာ
အရောင်လေးထည့်ပြီး နှစ်ပေခွဲပတ်လည် လေးထောင့်
ကျကျထိုင်ခင်းလေးချုပ်ပြီး နှစ်ထပ်တွဲချုပ်ထားတဲ့
ပိတ်စထိုင်ခင်းလေးကို ခင်းထား လိုက်ပါ။
မြင်လိုက်တာနဲ့တင် ထိုင်ချင်စရာဖြစ်နေပါပြီ။
ထိုင်လိုက်တာနဲ့တပြိုင်နက် ဖြစ်ပေါ်နေတဲ့အပူတွေကိုမေ့ပြီး၊
စိတ်အေးချမ်းမှုက တန်းဝင်လာတော့တာပါ။
တကယ့်လက်တွေ့အကျိုးပါပဲ။ အဲဒီကော်ဇောနဲ့
ယောဂီရောင် ထိုင်းခင်းနေရာလေးကို ကိုယ့်ရဲ့
အေးငြိမ်းရာလေးလို့ ခံယူထားရမှာပါ။

အပူတွေကြုံလာတဲ့အခါ ကိုယ့်ရဲ့အေးငြိမ်းရာ လေးဆီကို
သွားလိုက်ရုံပါပဲ။ အပူရှိမှရယ်မဟုတ်ပါဘူး ။နေ့စဉ်
အေးငြိမ်းရာလေးတစ်ခု ခံစားတဲ့သဘောနဲ့လည်း
ကော်ဇောထိုင်ခင်းလေးပေါ်မှာ ထိုင်ရမှာပါ။
တရားပဲထိုင်ထိုင် ၊ ပဋ္ဌာန်းပဲရွတ်ရွတ်ပါ။

မအောင်မြင်ခင်က ပုထုဇဉ်ပီပီ အောင်မြင်ချင်တယ်၊
အောင်မြင်တော့ မအောင်မြင်တဲ့ဘဝလေးတစ်ခု၊
လူမသိတဲ့ဘဝလေးတစ်ခုကို ပြန်လိုချင်ပြန်ပါတယ်။
ဒါ ပုထုဇဉ်တွေရဲ့ စိတ်သဘာဝတစ်ခုပါပဲ။
ဘဝတွေကို ဖြတ်သန်း ရင်းဖြတ်သန်းရင်းနဲ့
ဘဝမှာ စိတ်ချမ်းသာဖို့ပဲ တွေးမိရင်းတွေးမိနေပါတယ်။
အောင်မြင်မှုတွေ၊ ခမ်းနားမှုတွေ၊ ပိုက်ဆံရှိမှုတွေက
တကယ့်စိတ်ချမ်းသာမှုကို မပေးနိုင်ပါဘူး။

စိတ်ချမ်းသာဖို့အတွက်ဆိုရင် အောင်မြင်ခြင်း
မအောင်မြင်ခြင်းနဲ့လည်း မဆိုင်ပါဘူး။
ပိုက်ဆံရှိခြင်း ၊မရှိခြင်းနဲ့လည်း မဆိုင်ပါဘူး။
အောင်မြင်ခြင်းတွေ ၊ ပိုက်ဆံရှိခြင်းတွေ မရှိပေမယ့်လည်း စိတ်ချမ်းသာနေတဲ့လူတွေကတော့စိတ်ချမ်းသာနေတာပါပဲ။
လူ့ဘဝသက်တမ်းတိုတိုလေးအတွင်းမှာ
အပူတွေမခံစားချင်ပါဘူး။ ဘဝကို စိတ်ချမ်းသာမှုလေးတွေနဲ့
ဖြတ်သန်းသွားတာပဲ ကောင်းပါတယ်။
ဒါကိုတော့ ကိုယ်တိုင်ပဲ ရွေးချယ်ရမှာပါ။

ဘာပဲပြောပြော မုနိအကျင့်ကို တဒင်္ဂလေးကျင့်လိုက်တာနဲ့
တဒင်္ဂစိတ်ချမ်းသာမှုလေး ရသွားတာတော့ အမှန်ပါပဲ။
နောက်ဆုံးတော့လည်း မုနိဖြစ်ဖို့ပါပဲလေ။
-【ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)】
[News Watch စောင့်ကြည့်သတင်းဂျာနယ်
၃၀၊ဇွန်လ၊၂၀၁၅။]
[ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)ထံမှ-
ကူးယူပူဇော်မျှဝေပါသည်။]