•••••••••••••••••••••••••••••••••••
လောက၌ နေအိမ်ဟူသည် သစ်၊၀ါးစသော
လောင်စာများဖြင့် ပေါင်းစုတည်ဆောက်ထားခြင်းဖြစ်၍
အချိန်မရွေး မီးလောင်တတ်သကဲ့သို့ မိမိခန္ဓာသည်လည်း
ရုပ်၊နာမ်နှစ်ဖြာ သေစရာများဖြင့် ပေါင်းစု
တည်ဆောက်ထားသဖြင့် အချိန်မရွေး သေနိုင်သည်။
အိမ်မီးလောင်ပြီဆိုရင် လက်လှမ်းမီသလောက်
အိမ်ထဲမှာရှိတဲ့ပစ္စည်း ဥစ္စာကို ဆွဲထုတ်ယူကြရတာပဲ။
ဆွဲထုတ်ယူနိုင်သလောက် အိမ်ရှင်ရပြီး သုံးစွဲရတာပေါ။့
အဲဒီအခါ …
❦အဖိုးမတန်တာကို ဆွဲယူလာမိရင်
❦အဖိုးမတန်တာကိုပဲ ရတယ်။
အဖိုးတန်တာ ဆွဲယူလာမိမှ အဖိုးတန်တာသုံးရမှာ။
မဆွဲယူနိုင်တော့တဲ့ပစ္စည်းဥစ္စာတွေနဲ့ အိမ်ကြီးကတော့
မီးဝါးခံပြီး အကုန်လုံးဆုံးရှုံးရတော့တာပဲ။
တကယ်တော့ မိမိဘဝ၊ခန္ဓာဆိုတာ
မီးလောင်နေတဲ့ အိမ်ကြီးတစ်လုံးလိုပါပဲ။
အို၊ နာ၊ သေမီးလောင်နေတဲ့ ခန္ဓာအိမ်ကြီးထဲက
ကောင်းမှုတရား အဖိုးတန်ဥစ္စာများကို အချိန်မီ
လက်ဦး အောင်ဆွဲထုတ်ယူနိုင်ပါမှ၊
ကိုယ်ပိုင်ရပြီး ကိုယ်သုံးရမှာ။
မယူနိုင်ရင်တော့ စား၊နေ၊ဝတ် အမှိုက်ထဲ
အကုန်ပါပြီး၊မီးစာပဲ ဖြစ်သွားလိမ့်မယ်။
ဘဝနိဂုံးဆုံးတဲ့အခါ သေသူမှာ လက်ခါထားခဲ့ရပြီး၊
ကျန်ရစ်သူတွေသာ ဝေယူကြစမြဲပါ။
ဘဝသံသရာခရီးမှာ
မသွားဘဲနဲ့ နီးလာတာဟာ “သုသာန်” ဖြစ်ပြီး၊
သွားပါလျက်နဲ့ ဝေးနေတာကတော့
“နိဗ္ဗာန်” ပဲ ဖြစ်ပါတယ်။
သုသာန်ကို ဘယ်သူမှ မသွားချင်ပါဘူး။
သွားလည်း မသွားကြပါဘူး။
ဒါပေမယ့် အို၊ နာ၊သေကြိုးက အတင်းဆွဲသွားတာမို့လို့
တစ်ချိန်ထက် တစ်ချိန် အမြဲနီးကပ်လာနေတာပဲ။
နောက်ဘဝဆိုတာဟာ မနက်ဖြန်ထက်
ပိုပြီးတော့ကို နီးပါတယ်။
မနက်ဖြန်ရောက်ဖို့ (၂၄)နာရီလောက်
စောင့်ရပေမယ့် ၊နောက်ဘဝရောက်ဖို့
ဆိုတာကတော့ နာရီပိုင်း၊ မိနစ်ပိုင်း ၊
စက္ကန့်ပိုင်း ကလေးလောက်ပဲ ကြာတတ်တာပါ။
ဒါကြောင့် “သုသာန်” ဆိုတာာဟာ ကိုယ်နဲ့ အနီးဆုံးအရာပါ။
“နိဗ္ဗာန်” ဆိုတာကို အများနည်းတူ နှုတ်နဲ့
ဆုတောင်းမိပေမယ့်လည်း၊ စိတ်ဝင်စားမှု သိပ်မရှိလှတာမို့
လက်တွေ့အကျင့်ကို ထိထိရောက်ရောက် မကျင့်မိလို့
တစ်စတစ်စ လမ်းပျောက်ကာ ပို၍ပို၍သာ
နိဗ္ဗာန်နဲ့ ဝေးခဲ့ရပါတယ်။
❦တချို့ကတော့ သံသရာထဲမှာ ပျော်လို့၊ပါးလို့
ဝအီပြီးမှပဲ နိဗ္ဗာန်ရောက်ချင်သတဲ့။
❦တချို့ကျတော့လည်း နိဗ္ဗာန်ကို နေ့ချင်းပြန်လောက်
အမြန်ရောက်ပြီး အဲဒီကပြန်လာ သံသရာထဲမှာပဲ
ပျော်ချင်သတဲ့။ ဒီလိုဆိုတော့ နိဗ္ဗာန်ဟာ
ကိုယ်နဲ့ အဝေးဆုံးအရာဖြစ်တော့တာပါပဲ။
သံသရာမှာ ကိုယ်လိုချင်တဲ့ ဘဝခန္ဓာကို ရနေသမျှ
ကိုယ်မလိုချင်တဲ့ “သေဆုံးပျက်စီးမှုဆင်းရဲ” ကိုလည်း
ထပ်တလဲလဲ ရနေဦးမှာပါ။
“မရဏဆင်းရဲ” ဆိုတာ သတ္တဝါ တစ်ဦးတစ်ယောက်ထဲရဲ့
ဆင်းရဲဒုက္ခလည်း မဟုတ်၊ တစ်ဘဝထဲပဲ တွေ့ရတဲ့
ဆင်းရဲဒုက္ခလည်းမဟုတ်ပါဘူး။
ဘဝတိုင်းကြုံတွေ့ရမယ့် “သတ္တဝါတိုင်းရဲ့
ဘုံဆိုင်ဆင်းရဲ” ပဲ ဖြစ်ပါတယ်။
သေပြီးနောက်လည်း “အဝိဇ္ဇာ နဲ့ တဏှာ” ဆိုတဲ့
ဘဝနှောင်ကြိုး မပြတ်သေးရင် ဘဝခန္ဓာအသစ်တွေ
ထပ်ပြီး ရနေဦးမယ်။ ဘဝခရီးဆက်ရဦးမယ်။
ဘဝခရီးဆက်ရရင်လည်း ကိုယ်သွားချင်သလိုမသွားရဘဲ
ကိုယ့်မှာရှိသလိုသာ သွားရမှာဖြစ်လို့ ကိုယ်သွားလိုတဲ့ပုံစံနဲ့
သွားနိုင်အောင် ကိုယ်ပိုင်ကောင်းမှုကို အချိန်မီ
ကြိုးစားပြုလုပ်ရမှာပါ။
သူငါအားလုံး နောက်ဆုံးရောက်ရင် မုချဧကန်
ချုပ်ပျောက်သုဉ်းပြီး သေဆုံးကြရမှာချည်းပါပဲ။
သူငါတိုင်းပဲ နောက်ဆုံးမှာ သေမင်းထံဒူးထောက်
လက်မြှောက် အရှုံးပေးရတာချည်းပါပဲ။
အဲဒီတော့ ကိုယ်တကယ်မတတ်စွမ်းနိုင်တဲ့
သေခြင်းတရားကို မသိယောင်၊မမြင်ယောင်ဟန်ဆောင်ပြီး
မတွေ့ရအောင် တားဆီးမယ့်အစား၊ကိုယ်တတ်စွမ်းနိုင်တဲ့
ကောင်းမှုတရားကိုပဲ အချိန်မီကြိုးစားအားထုတ်ဖို့ လိုပါတယ်။
ကိုယ်တကယ် အနိုင်ယူရမယ့်အရာဟာ
ကိုယ့်စိတ်သာပဲ ဖြစ်ပါတယ်။
ကိုယ့်စိတ်ကို နိုင်သလောက် ကောင်းမှုတိုးမယ်။
ကောင်းမှုတိုးသလောက် စွမ်းအားသတ္တိပြည့်ဝပြီး၊
❦အနေတတ်သလို အသေလည်းတတ်မယ်။
❦အနေရဲသလို အသေလည်းရဲမယ်။
❦ကိုယ့်ဘဝရဲ့ အနီး နဲ့ အဝေးကို ဉာဏ်သတိနဲ့
ကြညြ့်ပီး ကိုယ့်ဘဝခရီးကို လမ်းရှင်းတတ်မယ်။
လောကမှာ တကယ့်ထောက်တည်ရာ၊
အားကိုးရာ အစစ်ဆိုတာ ကိုယ်ြပုထားတဲ့
“ကောင်းမှုတရား”ပဲ ဖြစ်ပါတယ်။
“အကျဉ်းချုပ် ဆောင်ပုဒ်”
•••••••••••••••••••••••••••••
✿သေခြင်းတရား၊ မရောက်ငြားသည့်၊
အများသတ္တဝါမရှိပါ၊ နီးလာ သေဖို့ရက်။
✿မသွားဘဲသာ၊ နီး၍လာ၊မှန်စွာသုသာန်ဘက်။
✿သွားပါသော်လည်း၊ ဝေးနေမြဲ၊ ချွတ်လွဲနိဗ္ဗာန်ထွက်။
✿ခန္ဓာရသမျှ၊ သေဆုံးရ၊ မုချဧကန်ပျက်။
✿အနီး၊ အဝေး၊ ဉာဏ်ဖြင့်တွေး၊ မဆွေးရအောင် ကြိုးစားတတ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【တိပိဋကဓရ၊အဂ္ဂမဟာပဏ္ဍိတ(ယော)ဆရာတော်】
Posted by►
www.facebook.com/youngbuddhistassociation.mm