••••••••••••••••••••••••••••••••••••••••••••••••••••••••
●အတ္တဟေတု=ကိုယ့်အတွက်နဲ့လည်း
ကိုယ်ကျင့်တရားကို စွန့်လွှတ်တယ်။
●ပရဟေတု = သူများအတွက်နဲ့လည်း
ကိုယ်ကျင့်တရားကို စွန့်လွှတ်တယ်။
●အာမိသ ကိဉ္စိက္ခ ဟေတု=
လာဘ်လာဘလေးတခုအတွက်နဲ့လည်း
ကိုယ်ကျင့်တရားကို စွန့်လွှတ်ကြတယ်။
ဒါ အများစုက တန်ဖိုးထားပုံချင်း မတူတဲ့အချက်ပဲ။
သူတော်ကောင်းတွေကျတော့ အဲဒီလိုမဟုတ်ဘူး။
ကိုယ်ကျင့်တရားကို အသက်ထက် တန်ဖိုးထားတယ်။
ဘယ်လိုကိစ္စနဲ့မှ ကိုယ်ကျင့်တရားကို စွန့်လွှတ်မှာ
မဟုတ်ဘူးတဲ့။
အသက် သေသာခံမယ်။
အရင်တုန်းက မြန်မာပြည်မှာ စာရေးဆရာကြီး
တစ်ယောက်က ရေးဖူးတယ်။
“သောတာပန်ဟာ ကျားနဲ့ ရင်ဆိုင်တွေ့လာရင်
သူ့မှာလည်း လက်နက်ပါလာရင်
သူ့အသက်ကို ကာကွယ်တဲ့အနေနဲ့
ကျားကို သတ်မှာပဲ” လို့ ရေးထားတယ်။
ဒါ သောတာပန်ရဲ့ သဘောထား မဟုတ်ဘူး။
သူ့သဘောထား။
သောတာပန်ပုဂ္ဂိုလ်များကတော့
အဲဒီလို သဘောထား မရှိဘူး။
ကိုယ့်အသက်အတွက်နဲ့ သူများအသက်ကို
သတ်တာမျိုး ဘယ်တော့မှ မလုပ်ဘူး။
သေခြင်းသေရင် ကိုယ်ပဲ အသေခံမယ်။
သူများအသက်ကို မသတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ရှိတယ်။
သာမန် ပုဂ္ဂိုလ်တွေကျတော့ ဒီလို သဘောထား မရှိဘူး။
❦စဇေ ဓနံ အင်္ဂဝရဿ ဟေတု = ခြေလက်၊အင်္ဂါ
ကိုယ့်ခြေ ၊ကိုယ့်လက် တစုံတခု ထိခိုက်မှာစိုးရင်
ဥပမာ-ခြေဖြတ်ခံရမယ်၊လက်ဖြတ်ခံရမယ်
အင်္ဂါခြေ၊လက်၊ပျက်စီးသွားမှာကို ကာကွယ်ဖို့အတွက်
ပစ္စည်းဥစ္စာကို စွန့်ရတယ်။
ပစ္စည်းဥစ္စာနဲ့အကာအကွယ် လုပ်ကြတယ်။
တခုခုတော့ စွန့်ရမယ်။
ဆိုပါစို့ - ခြေလက်တွေ၊မျက်စိတွေ အပျက်မခံနိုင်ဘူး။
ပိုက်ဆံပဲ ပေးလိုက်မယ်။
ကိုယ်အင်္ဂါအတွက်နဲ့ ပစ္စည်းဥစ္စာကို စွန့် တယ်။
❦“အင်္ဂံ စဇေ ဇီဝိတံ ရက္ခမာနော”=
တဖန် အသက်၊ကိုယ်အင်္ဂါ
ဒီနှစ်ခုဆိုလို့ရှိရင် အသက်ရှင်ရင် တော်ပြီ။
ကိုယ်အင်္ဂါကို စွန့်တယ်။
ဒါ့ကြောင့်မို့ လို့  အသက်မသေရင် ပြီးရောဆိပြီး
ခြေထောက်လည်း ဖြတ်ရတယ်။
လက်လည်း ဖြတ်ရတယ်။
ခြေထောက်ဖြတ်လို့ အသက်ရှင်မယ်ဆို ဖြတ်ရတယ်။
လက်ဖြတ်လို့ အသက်ရှင်မယ်ဆို ဖြတ်ရတယ်။
ဘာကြောင့်လည်းဆိုလို့ ရှိရင် အသက်ကို တန်ဖိုးထားလို့
ရှိရင် ကိုယ့်ခြေ ကိုယ့်လက်ချို့ယွင်းသွားပါစေ၊
အသက်မသေရင် ပြီးရောဆိုပြီး လူ့လောကမှာ
ဒီလိုလုပ်လေ့ရှိကြတယ်။
တရားနှင့် ပတ်သက်လာတဲ့အခါကျတော့
❦“အင်္ဂံ ဓနံ ဇီဝိတဉ္စာပိ သဗ္ဗံ
စဇေ နရော ဓမ္မ မနုဿရန္တော။”
ပစ္စည်းဥစ္စာလည်း ကုန်ပါစေ၊
ကိုယ်အင်္ဂါတွေလည်း ပျက်စီးချင် ပျက်စီးပါစေ၊
အသက်ပါ သေချင်သေပါစေတဲ့။
တရားကိုတော့ အပျက်မခံဘူး။
သူတော်ကောင်းရဲ့ စိတ်ဓာတ်ဟာ အဲဒါပဲ။
ကိုယ်ကျင့်တရားကိုတော့ စွန့်လွှတ်မှာ မဟုတ်ဘူး။
ဇာတ်တော်ကြီးဆယ်ဘွဲ့ထဲက“ဘူရိဒတ္တ”ဆိုတဲ့
နဂါးမင်းကြီး ဇာတ်လမ်းကို ဖတ်ဖူးတဲ့သူတွေက
တွေ့လိမ့်မယ်။
ဥပုသ်သီလ ဆောက်တည်တဲ့အခါမှာ
ဘုရားအလောင်းတွေက အဓိဋ္ဌာန်ထားလေ့ရှိတယ်။
လူ့ပြည်၊လူ့လောကလာပြီး တောင်ပို့ပေါ်မှာ
ခွေပြီးတော့ သီလဆောက်တည်တယ်။
သီလဆောက်တည်တယ် ဆိုတာ
ကျင့်စရာကျင့်ဖို့ အဓိဋ္ဌာန်ပြုတာ။
“သူများ အသက်သတ်တာ မလုပ်ဘူး။
သူများ ဥစ္စာခိုးတာ မလုပ်ဘူး”ဆိုတာမျိုးပေါ့။
အဓိဋ္ဌာန် လိုက်တယ်။
ဘယ်နည်းနဲ့မှ သူများအသက်ကို မသတ်ဘူး။
ငါ့အသက်ကို လာသတ်ချင် သတ်ပါစေ။
ငါ့ ကိုယ်ကျင့်တရားတော့ မပျက်စေရဘူး။
ဒီလိုမျိုး အဓိဋ္ဌာန်ပြီးတော့မှ အသက်စွန့်ပြီး
ဥပုသ်စောင့်တာ။
ဒါ “သီလပရမတ္ထပါရမီ”ခေါ်တယ်။
အလမ္ပာယ်သမားနှင့် တွေ့တဲ့အခါကျတော့
ဘုရားအလောင်း ဘူရိဒတ္တနဂါးမင်းကို
အလမ္ပာယ်ပြဖို့အတွက် မန္တာန်ရွတ်၊
ဆေးဖျန်းပြီးတော့ အားပျော့အောင် ရိုက်နှက်
ဖမ်းဆီးခေါ်သွားတာတဲ့။ အဲဒီအချိန်မှာ သီလစောင့်ထားသည့်
အတွက်ကြောင့် မျက်စိကို စုံမှိတ်ထားတာ။
စိတ်ဆိုးပြီး ကြည့်လိုက်ရင် နဂါးတွေရဲ့ တန်ခိုးတေဇော်ကြောင့်
တစ်ဖက်သားက ဖွဲပြာကျသွားမယ်။ အဲဒီလို ကိုယ့်အသက်ကို
စွန့်ပြီးကိုယ်ကျင့်တရားကို တန်ဖိုးထားတာ
“သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထား”ပဲ။
ဒီလို သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထားနဲ့
ကျန်တဲ့သူတွေရဲ့ စိတ်နေသဘောထားက
အများကြီးကွာတယ်။
များသောအားဖြင့်လူတွေက
●ငါ့ထိ မခံဘူး။
●ငါ့ပိုက်ဆံထိ မခံဘူး။
●ငါ့သားသမီးထိ မခံဘူး ဆိုတဲ့သူကများတယ်လေ။
အဲ ကိုယ်ကျင့်တရား ထိရင် မခံဘူးဆိုတဲ့သူက
အင်မတန်ရှားတယ်။
တရားဓမ္မနှင့် ပတ်သက်လာလို့ရှိရင် ကိုယ်ကျင့်တရားကို
လွယ်လွယ်ကူကူ စွန့်လွှတ်ကြတယ်။
သူတော်ကောင်းတွေကျတော့ အဲဒီလို မဟုတ်ဘူး။
ကိုယ်ကျင့်တရားကို တန်ဖိုးထားပြီး၊အသက်ထက် မြတ်နိုးတယ်။
ထိန်းသိမ်းစောင့်ရှောက်တယ်။ ဒါ သူတော်ကောင်းတွေရဲ့ စိတ်ဓာတ်။
သူတော်ကောင်းတွေရဲ့ အတွေးနဲ့ ကျန်တဲ့သူတွေရဲ့
အတွေးဟာ အများကြီး ကွာတယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】
Posted by►
www.facebook.com/youngbuddhistassociation.mm
ဂုဏ်ကျေးဇူးကိုတပည့် တော်ရိုသေစွာရှိခိုးပါ၏ဘုရား
ခုမှစိတ်ထဲရှင်းသွားပါတယ်ဘုရား