•••••••••••••••••••••••••••••••
လူတစ်ယောက်၏တန်ဖိုးသည်
စည်းကမ်းရှိ၊မရှိပေါ်တွင် များစွာတည်နေ၏။
စည်းကမ်းရှိသောသည် တန်ဖိုးရှိသောသူဖြစ်၍၊
စည်းကမ်းမရှိသောသူသည် တန်ဖိုးမဲ့သောသူဖြစ်သည်။
■ စည်းကမ်းဆိုသည်မှာ-
ယဉ်ကျေးသောလူ့အဖွဲ့အစည်းများ၌
လက်ခံကျင့်သုံးကြသော ကျင့်ဝတ်များကိုခေါ်သည်။
■ ကျင့်ဝတ်ဆိုသည်မှာ -
လူလူချင်း ပေါင်းသင်းဆက်ဆံရာ၌
ကျင့်သုံးသော ဝန်ခံကတိပြုချက်များပင်ဖြစ်၏။
ယင်းကျင့်ဝတ်တို့သည် စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ
လူမှုရေးကိစ္စအဝဝတို့၌ ကျင့်သုံးအပ်သော
“စာရဏတရား” များပင်ဖြစ်၏။
လူသားတို့၏ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုနယ်ပယ်မှာ
စာရဏပိုင်းဆိုင်ရာ စာရိတ္တများကို
ဘေးဖယ် လိုလာကြသည်။
■“စာရဏတရား”ဆိုသည်မှာ-
“ကိုယ်ကျင့်စာရိတ္တ”ပင်ဖြစ်၏။
■ စာရိတ္တကောင်းမွန်ခြင်းဆိုသည်မှာ-
မကောင်းမှုကို မလုပ်ဘဲ၊
ကောင်းသော ၊ မှန်သော အလုပ်ကိုလုပ်ခြင်းပင်ဖြစ်၏။
ယနေ့ခေတ် အခြေအနေအရ စာရဏတရားကိုပင်
လက်မခံချင်ကြသူများလာပေပြီ။
စာရိတ္တပျက်ပြားခြင်းသည် ကူးစက်ရောဂါပမာ
တစ်ဦးတစ်ယောက်မှစ၍ တိုင်းပြည်ကမ္ဘာအဝှမ်း
လွှမ်းခြုံလျက်ရှိသည်။
စာရိတ္တပျက်ပြားခြင်းနဲ့အတူ အမျိုးဘာသာ၊သာသနာနှင့်
ပတ်သက်သော ယဉ်ကျေးမှုများလည်း ပျက်စီး
ယိုယွင်းလာလျက်ရှိသည်။
“ယဉ်ကျေးမှု”ဆိုသည်မှာ လူရှေ့သူရှေ့တွင်
ကုန်းသွားခြင်း၊လက်အုပ်ချီခြင်း၊ဖိနပ်ချွတ်ခြင်း၊
လက်အုပ်ချီခြင်းမျှကိုသာ ယဉ်ကျေးခြင်းဟု
သတ်မှတ်ထား၍မရပေ။
ကိုယ်ဟန်အမူအရာယဉ်ကျေးခြင်းကို
ပြုရမည်မှန်သော်လည်း၊အမှန်တကယ်ယဉ်ကျေးခြင်းသည်
မိမိတို့ “စိတ်” မှာ တည်၏။
စိတ်ကောင်း၊နှလုံးကောင်းရှိမှ တကယ်ယဉ်ကျေး၏။
စိတ်ကောင်းမရှိပါက
တကယ် ယဉ်ကျေးသူ မဖြစ်နိုင်ချေ။
ဟန်ဆောင်ယဉ်ကျေးခြင်းသည်
ကြာမြင့်စွာ မတည်နိုင်ချေ။
■ အမှန်တကယ် ယဉ်ကျေးသောသူသည်
သူတစ်ဖက်သားကို စိတ်မချမ်းမသာဖြစ်အောင်၊
မခံသာအောင်မလုပ်ပေ။ မိမိအတွက်တစ်ပါးသူမှာ
တာဝန်ပိမှာ ၊ အနှောင့်အယှက်ဖြစ်မှာ စိုး၏။
လူအချင်းချင်း ကြင်နာထောက်ထား
သနားညှာတာသောစိတ်ရှိ၏။
မိမိတို့ မြန်မာလူမျိုးများစွာမှာ ယဉ်ကျေးသောလူမျိုးဟူ၍
ဥပုသ် သီလ ကြီးများကိုစောင့်ထိန်းနေတတ်ကြသော်လည်း
တစ်ယောက်ကိုတစ်ယောက်
စိတ်မချမ်းသာအောင်ပြုတတ်သော
အချက်များစွာရှိလေသည်။
●မပင့်မခေါ်ဘဲ အိမ်လည်သွား၍ ကြာမြင့်စွာနေတတ်ခြင်း၊
●သူတစ်ပါးအလုပ်၌ ဝင်စွက်ဖက်ခြင်း၊
●မသိစေချင်၍ တိုးတိုးပြောသည်ကိုမှ
သိအောင် နားထောင်လိုခြင်း၊
●စာရေးစာဖတ်နေသူ၏ နောက်မှကပ်ခါငုံ့၍၊
စာဖတ်တတ်ခြင်း。。。。。
စသည့် လူတစ်ဖက်သားကို
အနှောင့်အယှက်ပေးသော အကျင့်များစွာတွေ့ရ၏။
လူ့လောက၌ အလိုက်သိခြင်းသည် နေရာတကာဝင်ဆံ့၏။
အလိုက်မသိ မဆင်မခြင် ထင်ရာပြောဆိုလျက်
ရဲတင်းလွန်းအားကြီးလျှင် တစ်ဖက်သား
စေတနာပျက်တတ်လေသည်။
လူတစ်ဦးတစ်ယောက်၏ ခင်မင်မှုကို အခွင့်အရေးယူ၍
လွန်ကဲစွာ အသုံးချလျက် နိုင်လိုမင်းထက်မပြုအပ်ပေ။
သဘောကောင်းသဖြင့် မပြောမဆိုဘဲ၊
နေသောသူများကို အားမနာလျှာမကျိုး၊
အနှောင့်အယှက်ပေးခြင်းသည်
“ရိုင်းစိုင်းသောအပြုအမူတစ်ရပ်” ဖြစ်သည်။
ယဉ်ကျေးဖွယ်ရာ၍ ကိုယ်ကျင့်စာရိတ္တ
ကောင်းသူများကို လူအများ ချစ်ခင်ကြသည်။
တန်ဖိုးထားကြသည်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
လူဖြစ်စေ၊ရဟန်းဖြစ်စေ ဆိုင်ရာကျင့်ဝတ်
စည်းကမ်းသိက္ခာများကို ဖြည့်ဆည်းနေသူတို့အား
လူအများက လေးစားတန်ဖိုးထားကြမှာ
မလွဲဧကန်ဖြစ်ပေသည်။
၂၀၁၂ ဩဂုတ်လထုတ် ရတနာမွန် မဂ္ဂဇင်းပါ
-【အရှင်ဓမ္မပီယမြောင်၏
“စည်းကမ်းသည် လူ၏တန်ဖိုး”မှ -】
(လေးအိမ်စု အရှင်ဝိစိတ္တသာရ စကားလက်ဆောင်
တရားလက်ဆောင်၅မှ- ကောက်နှုတ်ပူဇော်မျှဝေပါသည်။)
Posted by►
www.facebook.com/youngbuddhistassociation.mm