သံသရာခရီးက အရှည်ကြီးပါနော်။
ရှေ့ဆက်ပြီး ဘယ်လောက်အထိလျှောက်နေရဦးမယ်
ဆိုတာလည်း မခန့်မှန်းနိုင်သေးပါဘူး။
လျှောက်တာကတော့ လျှောက်နေရဦးမှာပါပဲ။
အဲဒီလို သံသရာခရီးမှာ
ကောင်းတာတွေလည်း ကြုံရမယ်၊
မကောင်းတာတွေလည်းကြုံရမယ်။
ဒါကို “လောကဓံတရား”လို့ ဆိုပေမယ့်
ဒီအကောင်း၊အဆိုးနှစ်ခုကို
ကိုယ်ပြုခဲ့တဲ့ “ကံ” ကပဲ ဖန်တီးပေးတာပဲလေ။
ဒီအတွက် ဘယ်သူ့၊ဘယ်သူ့အပေါ်မှ
အပြစ်တင်နေလို့လည်း မရပါဘူး။
တကယ်အပြစ်တင်ချင်ရင် ကိုယ့်ကိုယ်ကိုပဲ
အပြစ်တင်ရမှာပါ။ ဒီကံတွေကို ကိုယ်ပဲ
ကျေကျေနပ်နပ် နဲ့ ပြုခဲ့တာကိုး။
ဒါကို ကိုယ်က ပစ္စုပ္ပန်ဘဝ၊ ပစ္စုပ္ပန်တည့်တည့်
အချိန်မှာ သဘောပေါက်ဖို့ (ဒါမှမဟုတ်)
“အပ္ပမာဒ”ခေါ်တဲ့ သတိတရား ရှိလိုက်ဖို့ပါပဲ။

သံသရာခရီးက အရှည်ကြီး။
ဒီခရီးတစ်လျှောက်မှာ အဖော်ဆိုတာ
လိုအပ်ပါတယ်။ သံသရာခရီးဖော်ပေါ့။
သံသရာကရီးဖော်ဆိုတာ တခြားမဟုတ်ပါဘူး။
“ကံ” ဆိုတဲ့ ခရီးဖော်ပါပဲ။
အဲဒီ ကံဆိုတဲ့ ခရီးဖော်က သက်ရောက်မှု
အားလျှော်စွာ သံသရာခရီးတစ်လျှောက်မှာ
ကိုယ့်ကို ကောင်းတာတွေလည်း ဖန်တီးပေးလိမ့်မယ်။
မကောင်းတာတွေလည်း ဖန်တီးပေးလိမ့်မယ်။
ဒါကိုကိုယ်က လိမ္မာပါးနပ်စွာနဲ့ ကောင်းတဲ့ခရီးဖော်ကို
ရွေးချယ်စီစစ် ခေါ်သွားတတ်ဖို့ပါပဲ။
ခရီးဖော် အခေါ်မှားခဲ့ရင် သံသရာခရီးတစ်လျှောက်
ပင်ပန်းပါလိမ့်မယ်။

ကံဆိုတာ ခရီးဖော်၊ခရီးဖော် ဆိုတာကံဆိုတော့
ကံတွေကလည်း အများသား။
ဒါနကံ၊သီလကံ၊ဘာဝနာကံ၊စသည်ဖြင့်ပေါ့။
ကိုယ်က ဒီဘဝ၊ဒီခန္ဓာ အပြတ်နိဗ္ဗာန်ရအောင်
ကျင့်တော့မယ်၊ရလည်းရမယ် ဆိုရင်တော့
“ဝိပဿနာကံ” တစ်ခုတည်းနဲ့ပဲ သွားလို့ရပါတယ်။
အဲဒီလိုမှမဟုတ်ဘဲ အဆုံးအစ မသိတဲ့
သံသရာဆိုတဲ့ သံသရာဆိုတဲ့ ခရီးရှည်ကြီးကို
လျှောက်နေရဦးမယ်ဆိုရင်တော့
ခေါ်လို့ အလွယ်ကူဆုံးဖြစ်တဲ့၊
ခေါ်လည်း ခေါ်သွားသင့်တဲ့ ခရီးဖော်ကတော့
“ဒါနကံ”ဆိုတဲ့ ခရီးဖော်ပါပဲ။
ဘာဖြစ်လို့ ဒီစကားပြောရသလဲဆိုတော့
သံသရာခရီးတစ်လျှောက် မပင်ပန်းအောင်လို့ပါ။

ဒါနဲ့ပတ်သက်ပြီး သံသရာခရီးရှည်ကြီးကို
လျှောက်ခဲ့ပြီး နောက်ဆုံး ရဟန္တာဖြစ်
နိဗ္ဗာန်ရသွားတာခြင်း တူပေမယ့်၊
ဒါနကံပါတဲ့ရဟန်း နဲ့ မပါခဲ့တဲ့ ရဟန်း
သူငယ်ချင်းအကြောင်း ပြောပါရစေ။

ကဿပဘုရားရှင် လက်ထက်တော်တုန်းက
တရားကျင့်နေတဲ့ သူငယ်ချင်းရဟန်းနှစ်ပါးရှိပါတယ်။
အတူတကွနေကြတယ်ဆိုတော့
တစ်ပါးအပေါ် တစ်ပါးလည်း
တော်တော်လေး သံယောဇဉ်ရှိကြပုံပေါ်ပါတယ်။

အဲဒီနှစ်ပါးမှာ
●တစ်ပါးက “သာရဏီယဝတ်”
တရားကိုဖြည့်ကျင့်ပါတယ်။
●တစ်ပါးက “ဘတ္တဂ္ဂဝတ်”တရားကိုဖြည့်ကျင့်ပါတယ်။

●“သာရဏီယဝတ်”ဆိုတာ ဂိလာန၊အာဂန္တု၊
ပဉ္စင်းသစ် အစရှိတဲ့ရဟန်းတွေကို
ဆွမ်းကိုပိုပိုလျှံလျှံခံပြီး၊လုပ်ကျွေးတာပါ။
ကိုယ်ကပိုမှစားတယ်။မပိုရင် ထပ်ဆွမ်းခံစားတယ်။
ဒီထက်ပိုလျှံရင် ကျေးငှက်တွေကိုကျွေးမယ်။ဒီလိုပါ။
●“ဘတ္တဂ္ဂဝတ်”ဆိုတာတရားဟောခြင်း၊ရဟန်းကြီးကို
တိုးဝှေ့၍မနေထိုင်ခြင်း၊ရဟန်းငယ်ကိုနေရာဖြင့်
မသတ်မှတ်ခြင်း စတဲ့ ဆွမ်းစားဇရပ်မှာ
ပြုကျင့်ရတဲ့ဝတ်ပါ။

■“သာရဏီယဝတ်”က “ဒါနကံ”ဖြစ်ပြီး၊
■“ဘတ္တဂ္ဂဝတ်”က “သီလကံ” ဖြစ်ပါတယ်။
ဒါနပြုတဲ့ရဟန်း နဲ့ သီလဖြည့်ကျင့်တဲ့ရဟန်းပေါ့။

ဒါနကံပြုတဲ့ရဟန်းက သီလကံဖြည့်ကျင့်တဲ့
ရဟန်းကိုဘာပြောသလဲဆိုတော့
“ငါ့ရှင် ဒါနမပြုတဲ့သူမှာဘာအကျိုးမှမဖြစ်ဘူး။
မိမိရတဲ့လာဘ်လာဘကို သူတစ်ပါးကိုလှူပြီးမှ
သုံးဆောင်သင့်တယ်”တဲ့။

ဒီတော့ သီလကံဖြည့်ကျင့်နေတဲ့ရဟန်းက
“ငါ့ရှင် သင်ဘာမှမသိပါလား။
သူတစ်ပါးပေးလှူတဲ့ ပစ္စည်းကို သူတစ်ပါးကိုပြန်ပေးပြီး၊
ဖျက်ဆီးခြင်းငှါမသင့်ဘူး။ရဟန်းဆိုတာကိုယ့်အတွက်
မျှတရုံလောက်သာ ဆွမ်းခံပြီး၊သီလကံဖြစ်တဲ့
ဘတ္တဂ္ဂဝတ်ကိုဖြည့်ကျင့်နေသင့်တယ်”
လို့ပြန်ပြောတယ်။

ဒါပေမယ့် ဒီရဟန်းနှစ်ပါးဟာ တစ်ပါးရဲ့အယူကို
တစ်ပါးက မချေဖျက်နိုင်ကြပါဘူးတဲ့။
ဒီလိုနဲ့တရားတွေကျင့်ရင်း စုတေတဲ့အခါ နတ်ပြည်မှာ
နတ်သားသွားဖြစ်ကြတယ်တဲ့။နတ်ဖြစ်တဲ့အခါ
ဒါနပြုတဲ့ရဟန်းက သီလကျင့်ခဲ့တဲ့ရဟန်းထက်
“အကျိုးငါးပါး” ပိုရပါသတဲ့။

ဒီလိုနဲ့ ရဟန်းနှစ်ပါးဟာ နတ်ပြည်၊လူ့ပြည်
သံသရာကျင်လည်ကြရင်း ဂေါတမဘုရားရှင်
လက်ထက်ရောက်လာတော့ သာဝတ္ထိပြည်မှာ
လူလာဖြစ်ကြပါတယ်။အဲဒီမှာ ထူးခြားတာက
ဒါနပြုခဲ့တဲ့ရဟန်းက ကောသလမင်းကြီးရဲ့
မိဖုရားကြီးရဲ့ဝမ်းမှာ ပဋိသန္ဓေယူပြီး၊
သီလဖြည့်ကျင့်ခဲ့တဲ့ရဟန်းကတော့ မိဖုရားကြီးရဲ့
အလုပ်အကျွေးဖြစ်တဲ့ အထိန်းတော်ရဲ့ဝမ်းမှာ
ပဋိသန္ဓေယူပါတယ်။မွေးဖွားတော့လည်း
တစ်ရက်တည်း အတူတူပါပဲတဲ့။
အဲဒီကလေးနှစ်ယောက်ကို နာမည်ပေးတဲ့နေ့မှာ
ရေချိုးပြီး ကျက်သရေရှိတဲ့ တိုက်ခန်းမှာ
အိပ်စေလိုက်ပါတယ်။မိဘနှစ်ပါးလုံးကတော့
အပြင်ထွက်ပြီး ကလေးတွေအတွက်
တိုင်ပင်နေကြပါတယ်။

အဲဒီအချိန်မှာ ဒါနပြုခဲ့တဲ့ရဟန်းက
မျက်လုံးကိုဖွင့်ကြည့်လိုက်ပါတယ်။
ခေါင်းပေါ်မှာ ထီးဖြူကြီးမိုးထားတာရယ်၊
ကျက်သရေရှိတဲ့ အခင်းတွေနဲ့ ပြုပြင်
မွမ်းမံပေးထားတာရယ်တွေကို မြင်လိုက်တော့
မင်းတစ်ပါးရဲ့အိမ်မှာမင်းသားဖြစ်နေပြီ
ဆိုတာ သိလိုက်ရပါသတဲ့။ဘယ်လိုကောင်းမှုကံတွေပြုခဲ့လို့
ဒီလိုစည်းစိမ်တွေရပါလိမ့်ဆိုပြီး ဆင်ခြင်လိုက်တော့၊
ဒါနပြုခဲ့တဲ့ကံကို သိလိုက်ပါသတဲ့။

နောက်သူငယ်ချင်းရဟန်း
ဘယ်မှာဖြစ်နေလဲလို့ ကြည့်လိုက်ပါတယ်။
မိမိအနားက နိမ့်တဲ့ခုတင်အိပ်ရာမှာပက်လက်ကလေး
အိပ်နေတာတွေ့လိုက်တော့၊
“သူဟာ သီလကံပဲ ဖြည့်ကျင့်ခဲ့တယ်။
ဒါနပြုပါပြောတဲ့ ငါ့ရဲ့စကားကို လက်မခံခဲ့ဘူး။
ယခုအချိန်မှာ ငါသူ့ကိုပြောဖို့အခွင့်သာပြီ”ဆိုပြီး
ကလေးတွေ အပြန်အလှန်ပြောပုံကိုကြည့်ပါဦး။

“ကိုယ့်လူ သင်ဟာငါ့ရဲ့ စကားကို နားမထောင်ခဲ့ဘူး”
“အို ….ဘာဖြစ်နေတာလဲ”
“ငါ့ရဲ့ပြည့်စုံမှုတွေကို ကြည့်လိုက်စမ်း၊အပေါ်မှာ
ထီးဖြူမိုးထားတယ်။
အောက်မှာကျက်သရေရှိတဲ့အခင်းနဲ့၊
ကျက်သရေရှိတဲ့ခုတင်နဲ့၊သင်ကတော့
ငါ့အောက်နိမ့်တဲ့ခုတင်၊ကြမ်းတမ်းတဲ့အခင်းနဲ့အိပ်နေရတယ်။
ဒါ ငါပြုခဲ့တဲ့ ဒါနအကျိုးတွေပဲ။ဒါနပြုပါ ပြုပါ
လို့ ပြောတော့ သင်ဟာ
ငါ့ရဲ့စကားကို နားမထောင်ခဲ့ဘူး။
ခုတော့ ဘယ်နှယ့်ရှိစ။”

“သင်ဟာ ဒီပြည့်စုံမှုတွေကို မှီပြီးမာနဖြစ်နေတာလား၊
ဝါးဇရပ်မှာပဲ နေရနေရ၊ဒီထက်ကောင်းတဲ့
နေရာမှာပဲ နေရနေရ၊
ဒါတွေဟာ ပညတ်အားဖြင့်ကွဲချင်ကွဲမယ်။
ပရမတ်အားဖြင့်ကြည့်ရင်တော့ အကုန်လုံး
ပထဝီဓာတ်ချည်းပဲ မဟုတ်လား”

■ကလေးနှစ်ယောက်
အပြန်အလှန် ပြောနေကြတဲ့
စကားကို ကြားသွားသူက အစ်မဖြစ်သူ
သုမနာ မင်းသမီး။ဒီတော့ သုမနာ မင်းသမီးက
ဘယ်လိုစဉ်းစားသလဲဆိုတော့
“ငါ့ရဲ့ မောင်ငယ်တွေဟာ ဧကန် ရဟန်းနတ်သားဘဝက
လာသူတွေ ဖြစ်လိမ့်မယ်။ဒီအကြောင်းတွေကို
မိဘတွေကိုသာ ပြောခဲ့ရင် ကလေးတွေကို
“ဘီလူးတွေ” လို့ ထင်ကြလိမ့်မယ်။
ဒါကို ဘယ်သူမှ မပြောဘဲ ဘုရားရှင်ဆီသွားမေးတာ
အကောင်းဆုံးဖြစ်မယ်။” ဆိုပြီး မြတ်စွာဘုရားဆီ
ထွက်ခဲ့ပါတယ်။

သုမနာမင်းသမီး မေးပြီး၊မြတ်စွာဘုရား
ဖြေပြထားတာလေးတွေက ဒါနချစ်သူတွေအတွက်
အားတက်စရာပါ။မောင်ငယ်နှစ်ဦး နဲ့ နွယ်ပြီး
သုမနာမင်းသမီး မေးဖြစ်တာလေးပါ။

● “အရှင်ဘုရား …
သာသနာတော်မှာ တပည့်သာဝက နှစ်ဦးဟာ
သဒ္ဓါ၊သီလ၊ပညာ တူကြပါတယ်။
ဒါပေမယ့် တစ်ဦးက ပေးလှူတယ်။
တစ်ဦးက မပေးလှူပါ။
ဒီသာဝကနှစ်ဦးသေလွန်တဲ့အခါ နတ်ပြည်ရောက်ပါတယ်။
အဲဒီ သာဝကနှစ်ဦး နတ်ဘဝမှာ ထူးခြားမှု
ရှိပါသလားဘုရား။”

● “သုမန ထူးခြားတယ်။ ပေးလှူသူက မပေးလှူသူထက်
အသက်၊အဆင်း၊ချမ်းသာ၊အခြံအရံ၊အစိုးရခြင်း
ငါးမျိုးနဲ့ လွှမ်းမိုးနိုင်တယ်။”

● “အရှင်ဘုရား ထိုသူနှစ်ဦး နတ်ဘဝက စုတေပြီး၊
လူ့ဘဝရောက်ရင်ကောဘုရား”

● “လူ့ဘဝရောက်ရင်လည်း ပေးလှူသူက
အကျိုးငါးမျိုးနဲ့ လွှမ်းမိုးနိုင်တယ်။”

● “ရဟန်းပြုခဲ့ရင်ကောဘုရား”

● “ရဟန်းပြုခဲ့ရင်လည်း ပေးလှူသူက
အကျိုးငါးမျိုး သာလွန်တယ်။”

● “အရှင်ဘုရား အဲဒီရဟန်းနှစ်ပါး
ရဟန္တာ ဖြစ်သွားရင်ကောဘုရား။”

● “ရဟန္တာ ဖြစ်သွားရင်တော့ အရဟတ္တဖိုလ်တစ်ခုနဲ့
အရဟတ္တဖိုလ်တစ်ခု အနည်းငယ်မျှ ခြားနားတယ်လို့
ငါဘုရားဟောတော်မမူဘူး။”

မြတ်စွာဘုရားရဲ့ အဖြေစကားတွေကြားရတော့
သုမနာ မင်းသမီးလည်း
တော်တော်လေး သဘောကျသွားပါတယ်။
နောက် မြတ်စွာဘုရားကဒါနဟာ
နတ်ကော၊လူကော၊ရဟန်းကော
ကျေးဇူးပြုတတ်တဲ့အကြောင်းဆက်ဟောပေးတယ်။

ဒီနေရာမှာ “ဒါနနဲ့ရဟန်း” ဆိုတဲ့
စကားနဲ့ပတ်သက်ပြီး “ဗာဟိယဒါရုစိရိယ”
အကြောင်းကလည်း သတိထားစရာပါ။
သူက ဟိုဘက်ကာလကအနှစ် နှစ်သောင်းလောက်
ရဟန်းတရားကျင့်ခဲ့ဖူးတယ်။
ဒါပေမယ့် သူ့ခံယူချက်က ဘယ်လိုလဲဆိုတော့
“ရဟန်းဆိုတာ အလှူခံသူသာ ဖြစ်တယ်၊
ပေးလှူသူ မဟုတ်ဘူးတဲ့”
သူ့ခံယူချက်အတိုင်း ဘယ်ရဟန်းကိုမျှ
သပိတ်တစ်လုံး၊ သင်္ကန်းတစ်ထည်၊ မလှူဖူးပါဘူး။
ဒီလိုနဲ့ ဂေါတမ ဘုရားရှင် လက်ထက်ရောက်လာတော့
လူ့ဘ၀နဲ့ တရားနာရင်း ရဟန္တာဖြစ်သွားတယ်။
ရဟန်းပြုပေးဖို့ ဘုရားရှင်ကိုလျှောက်တော့
သင်္ကန်းပြုစုံပြီလားမေးတာနဲ့
သင်္ကန်းမရခင်မှာ နွားဝှေ့ပြီးလူ့ဘ၀နဲ့ပဲ
ပရိနိဗ္ဗာန်ပြုသွားရရှာတယ်။
သင်္ကန်းရစရာ အကြောင်းမရှိဘူးလို့ ဆိုပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သံသရာခရီးတစ်လျှောက်
ဘယ်ရဟန်းကိုမျှ သင်္ကန်းမပေးလှူခဲ့ဖူးလို့ပါတဲ့။

တကယ်တော့ ဒါနဟာပေးလှူလိုတဲ့ စေတနာရယ် ၊
ပစ္စည်းဝတ္ထုရယ်၊အလှူခံပုဂ္ဂိုလ်ရယ်၊
ဒီသုံးခုပြည့်စုံရင် ဖြစ်သွားတာပါပဲ။
အလှူခံပုဂ္ဂိုလ်ဆိုတာကလည်း ဘုရားကနေ
တိရစ္ဆာန်အထိ အလှူခံပုဂ္ဂိုလ် (၁၄)ယောက်တောင်
ရှိနေတာဆိုတော့ မရှားလှပါဘူး။
နောက်ပစ္စည်းဝတ္ထု ဆိုတာကလည်း
သူ့အတိုင်းအတာနဲ့သူတော့ ရှိတာပါပဲ။
အဲ့ဒီမှာ အဓိက ကတော့ပေးလှူလိုတဲ့စေတနာပါပဲ။
နည်းတယ် များတယ်မဟုတ်ပါဘူး။
ကိုယ့်ဝန် ကိုယ်အားနဲ့ ညီမျှတဲ့အလှူကို လှူဖြစ်ဖို့ပါ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
ဒီဘ၀ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ရသွားမယ်ဆိုရင်တော့
အထူးပြောစရာမလိုတော့ပါဘူး။
ဒါပေမယ့် ရဟန္တာ မဖြစ်သေးခင် သံသရာ
ကျင်လည်နေရဦးမယ် ဆိုရင်တော့
“ဒါန” ဟာ ရဟန်းအတွက်ရော၊လူ့အတွက်ရော
သံသရာခရီးဖော်ကောင်း တစ်ဦးပါပဲလေ။
-【ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ)】
Posted by
www.facebook.com/youngbuddhistassociation.mm
【ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)
၏ “သံသရာ ခရီးဖော်” စာအုပ်မှ- ကောက်နှုတ်
ကူးယူပူဇော်မျှဝေပါသည်။】