လောကမှာ ရှိရှိသမျှ ရောဂါအားလုံးထဲမှာ
“ဆာလောင်မွတ်သိပ်ခြင်းရောဂါ၊
သို့မဟုတ် ဆာနာရောဂါ” ဟာ အနှိုင်းမဲ့ရောဂါ
ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့
ဆာလောင်မွတ်သိပ်ခြင်းရောဂါ၊ ဆာနာရောဂါထက်
ပိုပြီး ကိုယ်စိတ်နှစ်ပါးကို နာကျင်စေပါတယ်၊
နှိပ်စက်ပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊
ထပ်တူပြုစရာ တခြားရောဂါ မရှိတော့လို့ပါပဲ။
ဆာလောင်မွတ်သိပ်ခြင်းရောဂါ၊
ဆာနာရောဂါနဲ့ လဲလှယ်သင့်၊ လဲလှယ်ထိုက်တဲ့
တခြားရောဂါ လောကမှာ မရှိတော့တဲ့အတွက်
ဆာလောင်မွတ်သိပ်ခြင်းရောဂါ၊ ဆာနာရောဂါဟာ
“အနှိုင်းမဲ့ရောဂါ” ဖြစ်ရပါတယ်။
ကိုယ်စိတ်နှစ်ပါးကို နာကျင်စေတတ်တဲ့အရာ၊
ကိုယ်စိတ်နှစ်ပါးကို နှိပ်စက်တတ်တဲ့အရာကို “ရောဂါ”လို့
ခေါ်ပါတယ်။ ကိုယ်မှာပဲဖြစ်ဖြစ်၊ စိတ်မှာပဲဖြစ်ဖြစ်
ရောဂါတစ်ခုခု ဖြစ်လာပြီဆိုရင် အဲဒီရောဂါက
ကိုယ်ကိုပဲဖြစ်ဖြစ်၊ စိတ်ကိုပဲဖြစ်ဖြစ်၊
ကိုယ်စိတ်နှစ်ပါးလုံးကိုပဲဖြစ်ဖြစ် နာကျင်စေပါတယ်၊
နာကျင်အောင်နှိပ်စက်တတ်ပါတယ်။
ကိုယ်မှာဖြစ်တဲ့ ရောဂါမှန်ရင် ဘာရောဂါပဲဖြစ်ဖြစ်
အနည်းဆုံး ကိုယ်ကို နာကျင်အောင် နှိပ်စက်မှာပါ။
စိတ်မှာဖြစ်တဲ့ရောဂါမှန်ရင်လည်း ဘာရောဂါပဲဖြစ်ဖြစ်
အနည်းဆုံး စိတ်ကိုနာကျင်အောင် နှိပ်စက်မှာပါ။
အနည်းဆုံးဆိုတဲ့စကား ဘာလို့ ထည့်ပြောရသလဲဆိုတော့
လူသားအများစုက ကိုယ်မှာ ရောဂါဖြစ်ပေမယ့်
ကိုယ်သာ နာတာ မဟုတ်ဘဲ စိတ်ပါ နာတတ်လို့ပါ။
စိတ်မှာ ရောဂါဖြစ်ပေမယ့် စိတ်သာနာတာ
မဟုတ်ဘဲ ကိုယ်ပါ နာတတ်လို့ပါ။
ကိုယ်မှာရောဂါဖြစ်လည်း ကိုယ်ရောစိတ်ပါ
နာတတ်တာ၊ စိတ်မှာရောဂါဖြစ်လည်း စိတ်ရောကိုယ်ပါ
နာတတ်တာဟာ ပုထုဇဉ် လူသားအများစုရဲ့
မူသေသဘာဝကြီးတစ်ခုလို ဖြစ်နေလို့ ကိုယ်မှာ
ရောဂါဖြစ်ရင် အနည်းဆုံး ကိုယ်ကို နာကျင်အောင်
နှိပ်စက်တယ်၊ စိတ်မှာရောဂါဖြစ်ရင် အနည်းဆုံး
စိတ်ကို နာကျင်အောင် နှပ်စက်တယ်လို့
ပြောရခြင်းဖြစ်ပါတယ်။ ကိုယ်မှာ ရောဂါဖြစ်ရင်
ကိုယ်ပဲ နာပြီး စိတ်မနာတတ်တဲ့ ပုဂ္ဂိုလ်တွေ
ရှိနေသေးလို့လည်း “အနည်းဆုံး”ဆိုတဲ့
စကားကို ထည့်ပြောရခြင်း ဖြစ်ပါတယ်။
ကိုယ်မှာ ရောဂါဖြစ်ရင် ကိုယ်သာနာပြီး၊
စိတ်မနာတတ်တဲ့ ပုဂ္ဂိုလ်တွေကတော့
တရားသိတဲ့သူ၊ တရားရှိတဲ့သူတွေပါပဲ။
သတိအင်အားကြီးမားတဲ့သူ၊ သတိအင်အားကြီးမားသလောက်
အနတ္တအသိဉာဏ် ရင့်သန်နေတဲ့သူဟာ
ကိုယ်မှာဖြစ်တဲ့ရောဂါ ဘယ်လောက်ပဲ
ပြင်းထန်ပြင်းထန် ကိုယ်သာ နာချင်နာမယ်၊
စိတ်ကတော့ လုံးဝမနာတော့ပါဘူး။
ဘာရောဂါပဲဖြစ်ဖြစ် ကိုယ်သာနာပြီး
စိတ်လုံးဝမနာတော့တဲ့ပုဂ္ဂိုလ်တွေ၊ စိတ်လုံးဝမနာဖို့
အသေချာဆုံးပုဂ္ဂိုလ်တွေကတော့ ကိလေသာအားလုံး
ပယ်သတ်ပြီးသွားတဲ့ “ရဟန္တာပုဂ္ဂိုလ်တွေ” ပါပဲ။
ရဟန္တာပုဂ္ဂိုလ်မှ တစ်ပါးသောပုဂ္ဂိုလ်တွေကတော့
အကြောင်းညီညွှတ်တဲ့အခါ စိတ်မနာပေမယ့်
အကြောင်းမညီညွှတ်တဲ့အခါ စိတ်နာနိုင်ပါသေးတယ်။
ဘာလို့လဲဆိုတော့ ကိလေသာအားလုံးကို အမြစ်ပြတ်
မပယ်သတ်ရသေးလို့ပါပဲ။
ကိလေသာအားလုံးကို အမြစ်ပြတ် မပယ်သတ်ရသေးတဲ့
ပုဂ္ဂိုလ်သတ္တဝါမှန်သမျှ ရောဂါတစ်ခုခုဖြစ်ရင်
ကိုယ်လည်းနာ၊ စိတ်လည်းနာဖို့ အခွင့်အလမ်း
အမြဲရှိနေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပုထုဇဉ်လူသားအများစုကို
ရည်ညွှန်းပြီး ပြောရရင် ရောဂါဆိုတာ
ကိုယ်စိတ်နှစ်ပါးကို နာကျင်စေတတ်တဲ့အရာ၊
ကိုယ်စိတ်နှစ်ပါးကို နှိပ်စက်တတ်တဲ့အရာပါ။
အဲလိုလို လူသားတွေရဲ့ ကိုယ်စိတ်နှစ်ပါးကို နာကျင်စေတတ်၊
နှိပ်စက်တတ်တဲ့ ရောဂါတွေအားလုံးထဲမှာ
ဆာလောင်မွတ်သိပ်ခြင်း ရောဂါ၊
ဆာနာရောဂါဟာ အကြီးမားဆုံး၊
အဆိုးဝါးဆုံးရောဂါ ဖြစ်ပါတယ်။
ရဟန္တာပုဂ္ဂိုလ်မှတစ်ပါး လူသားအားလုံးရဲ့
သန္တာန်မှာ ကိုယ်ရောဂါရော၊ စိတ်ရောဂါပါ ဖြစ်ခွင့်ရှိပါတယ်။
ရဟန္တာပုဂ္ဂိုလ်ကတော့ ကိလေသာအားလုံးကို
အကြွင်းမဲ့ပယ်သတ်ပြီးပြီဖြစ်လို့ စိတ်ရောဂါ
လုံးဝ မဖြစ်တော့ပါဘူး။
ဒါပေမဲ့ ကိုယ်ရောဂါတော့ ဖြစ်ခွင့်ရှိပါသေးတယ်။
ရဟန္တာပုဂ္ဂိုလ်အပါအဝင် လူသားအားလုံးရဲ့
သန္တာန်မှာ ဖြစ်ခွင့်ရှိတဲ့ ကိုယ်ရောဂါတွေအားလုံးထဲမှာ
ဆာလောင်မွတ်သိပ်ခြင်းရောဂါ၊
ဆာနာရောဂါဟာ အဆိုးဝါးဆုံး ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ ဆာနာရောဂါဟာ လူသားတိုင်းရဲ့
သန္တာန်မှာ သေချာပေါက်ဖြစ်လို့၊ ဆာနာရောဂါထက်ပိုပြီး၊
နာတာရှည်တဲ့ရောဂါ တခြားတစ်ခုမှ မရှိတော့လို့ပါပဲ။
ဆာနာရောဂါမဖြစ်တဲ့လူရယ်လို့ တစ်ယောက်မှ မရှိပါဘူး။
အသက်ရှင်နေတဲ့လူမှန်ရင် ဆာနာရောဂါ
လူတိုင်းမှာ ရှိပါတယ်။ ပုထုဇဉ်လူသားတွေလည်း
ဆာနာရောဂါနဲ့ မကင်းနိုင်သလို အရိယာပုဂ္ဂိုလ်တွေလည်း
ဆာနာရောဂါကို မျက်နှာလွှဲလို့ မရပါဘူး။
ဆာနာရောဂါဟာ ရဟန္တာပုဂ္ဂိုလ်တွေကိုတောင်
ချမ်းသာမပေးပါဘူး။
နိရောဓသမာပတ်ဝင်စားပြီး နိဗ္ဗာန်ချမ်းသာ
(နမူနာ)နဲ့ မွေ့လျော်နေကြတဲ့ အနာဂါမ်၊ ရဟန္တာ၊
အရိယာပုဂ္ဂိုလ်တွေတောင် ခုနစ်ရက်ပဲ ဆာနာရောဂါ
သက်သာခွင့်ရပါတယ်။ သက်သာရုံသာ သက်သာပြီး၊
လုံးဝ ပျောက်ကင်းသွားတာ မဟုတ်လို့
ခုနစ်ရက်ပြည့်တဲ့အခါ နိရောဓသမာပတ်မှ ထပြီး၊
ဆွမ်းခံထွက်၊ ဆွမ်းစားလို့ ဆာနာရောဂါကို ကုသရပြန်ပါတယ်။
အနာရောဂါဆိုလို့ တစ်ကြိမ်တစ်ခါ ချေဆတ်တာမျိုးတောင်
(ချောင်းတစ်ချက်ဟန့်၊ နှာတစ်ခါချေတာမျိုးတောင်)
လုံးဝမဖြစ်လို့ “အနာမဲ့သူ ရှင်ဗာကူ” လို့
နာမည်ကြီးတဲ့ အရှင်ဗာကုလတောင်မှ ဆာနာရောဂါကို
မျက်ကွယ်ပြုနိုင်စွမ်း မရှိပါဘူး။
အနာရောဂါကင်းရှင်းတဲ့နေရာမှာ အသာဆုံး၊ အမြတ်ဆုံး
ဧတဒဂ်ဘွဲ့ရထားတဲ့ အရှင်ဗာကုလရဲ့
သန္တာန်မှာလည်း ဆာနာရောဂါ ရာသက်ပန်ရှိပါတယ်။
ဆာနာရောဂါလောက် နာတာရှည်တဲ့ရောဂါ
တစ်ခုမှ မရှိပါဘူး။ ဆာနာရောဂါဟာ ရောဂါအားလုံးထဲမှာ
နာတာအရှည်ဆုံး ရောဂါဖြစ်ပါတယ်။
တခြားရောဂါတွေက ကုသလိုက်လို့ရှိရင်
ပျောက်ကင်းသွားနိုင်ပါတယ်။
အနာတစ်ခုပေါက်ပြီ၊ ရောဂါတစ်ခုဖြစ်ပြီဆိုရင် အဲဒီ အနာ၊
အဲဒီရောဂါနဲ့သက်ဆိုင်တဲ့ ဆေးဝါးတွေ၊ ဓာတ်စာတွေ၊
နည်းပညာတွေနဲ့ ကုသလိုက်လို့ရပါတယ်။
အချိန်အတိုင်းအတာတစ်ခု ကျော်လွန်သွားရင် အဲဒီအနာ၊
အဲဒီရောဂါ ပျောက်ကင်းသွားနိုင်ပါတယ်။
ဆာနာရောဂါမှတစ်ပါး တခြားရောဂါတွေဟာ
အချိန်အတိုင်းအတာတစ်ခုအတွင်း၊ ကာလအကန့်အသတ်
တစ်ခုအတွင်းမှာပဲ တည်ရှိနိုင်ကြပါတယ်။
သူ့အတိုင်းအတာ၊ သူ့အကန့်အသတ် ကျော်လွန်သွားရင်
ပျောက်ကင်းသွားကြတာ ချည်းပါပဲ။ တစ်ခါပေါက်တဲ့အနာ၊
တစ်ခါဖြစ်တဲ့ရောဂါဟာ ဘယ်တော့မှ မပျောက်ဘဲ၊
တစ်သက်လုံး တည်မြဲနေတယ်လို့ မရှိပါဘူး။
တကယ်လို့ ရှိခဲ့တယ်ဆိုရင်လည်း နောက်ဘဝအထိတော့
မလိုက်ပါဘူး။ ဒီဘဝမှာပဲ သေလွန်တဲ့အခါ
ပျောက်ကင်းသွားရပါတယ်။ နှလုံး၊ ဆီးချို၊
အေအိုင်ဒီအက်စ်... စတဲ့ ရောဂါမျိုးတွေပေါ့။
ဆာနာရောဂါမှတစ်ပါး တခြားရောဂါတွေဟာ
ဒီဘဝမှာဖြစ် ဒီဘဝမှာပဲပြီး၊ နောက်ဘဝအထိ
မလိုက်ပေမယ့် ဆာနာရောဂါကတော့ ဒီဘဝမှာဖြစ် ၊
ဒီဘဝမှာပဲ ပြီးသွားတာမျိုး မဟုတ်ဘဲ ၊
နောင်တမလွန်ဘဝတွေအထိ ဆက်ကာဆက်ကာ
လိုက်နှိပ်စက်ပါတယ်။ ဘယ်နှဘဝလောက်အထိ
လိုက်နှိပ်စက်သလဲဆိုရင် သံသရာမဆုံးမချင်း၊
ခန္ဓပရိနိဗ္ဗာန်မစံမချင်း ဘဝတိုင်း ဘဝတိုင်း
လိုက်နှိပ်စက်ပါတယ်။
ဒီဘဝမှာလည်း မွေးကတည်းက နေ့တိုင်း ရောဂါထတယ်။
နေ့တိုင်းမှာလည်း တစ်နေ့တစ်ကြိမ် မဟုတ်ဘူး။
တစ်နေ့တည်းမှာကို အကြိမ်ကြိမ်အခါခါ။
တစ်ခါ ရောဂါထ၊ တစ်ခါ ဆေးကုသ၊
ခဏသက်သာသလိုရှိသွား။ တော်ကြာ ရောဂါပြန်ထ၊
ဆေးပြန်ကုသရ၊ ပြန်သက်သာသလိုရှိသွား။
ရောဂါထလိုက်၊ ဆေးကုလိုက်၊ ရောဂါထလိုက်၊
ဆေးကုသလိုက်နဲ့ ရောဂါကလည်း ဖြစ်လို့မဆုံး၊
ဆေးကလည်း ကုလို့မဆုံး။
တစ်နေ့ကုလို့ ပြီးသွားပြန်၊ နောက်တစ်နေ့ ရောဂါပြန်ထ၊
ပြန်ကုရ၊ မွေးကတည်းက နေ့စဉ်နဲ့အမျှ ကုနေရတဲ့
ဆာနာရောဂါ သေရင် ပျောက်ပါတော့လား ဆိုတော့
မပျောက်သေးဘူး။ နောက်ဘဝမှာ ရောဂါပြန်ထ၊ ပြန်ကုရ။
ဘဝမဆုံး ခန္ဓာမဆုံးမချင်း တစ်သံသရာလုံး
ထကြွသောင်းကျန်း နှိပ်စက်နေတဲ့ ရောဂါမို့လို့
ဆာနာရောဂါဟာ လောကမှာ နာတာအရှည်ဆုံးရောဂါ၊
ဖြစ်ကြောအရှည်ဆုံးရောဂါ ဖြစ်ပါတယ်။
မိခင်နို့စို့တာ အပါအဝင် စားဖွယ်သောက်ဖွယ်မျိုးစုံ
နေ့စဉ်စားသောက်နေရတာဟာ ဆာနာရောဂါကို
ကုသနေရတာပါပဲ။
ခန္ဓာရှိသူတိုင်း မလွဲမသွေ ကြုံတွေ့ရခြင်း၊
တစ်လောကလုံးမှာ နာတာအရှည်ဆုံး ဖြစ်ခြင်းတို့ကြောင့်
ဆာလောင်မွတ်သိပ်ခြင်းရောဂါ၊ ဆာနာရောဂါဟာ
ရောဂါအားလုံးထဲမှာ အဆိုးဝါးဆုံးရောဂါ၊
အနှိုင်းမဲ့ရောဂါဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်လက်ထက်တုန်းက အာဠဝီပြည်မှာ
လူဆင်းရဲတစ်ယောက် ရှိခဲ့ဖူးပါတယ်။
တစ်နေ့တော့ သူ့ကို ကယ်ချွတ်ဖို့အတွက်
မြတ်စွာဘုရားရှင်ဟာ ရဟန်းငါးရာ ခြံရံပြီး
အာဠဝီပြည်ကို ကြွရောက်တော်မူလာပါတယ်။
ဘုရားအမူးရှိတဲ့ သံဃာတော်တွေကို အာဠဝီပြည်သူ
ပြည်သားတွေ ဆွမ်းဆက်ကပ်လုပ်ကျွေးပြီးလို့
ဆွမ်းအနုမောဒနာတရား ဟောကြားချိန်
ရောက်တဲ့အခါ မြတ်စွာဘုရားရှင်က တရားမဟောသေးဘဲ၊
ဓမ္မပလ္လင်ထက်မှာ တိတ်ဆိတ်ငြိမ်သက်စွာ မျက်လွှာချ
သီတင်းသုံးနေတော်မူပါတယ်။
သာဝတ္တိမြို့နဲ့ ယူဇနာသုံးဆယ်ဝေးတဲ့ “အာဠဝီပြည်”ကို
မြတ်စွာဘုရားရှင် ကြွလာတာဟာ လူဆင်းရဲ
တစ်ယောက်တည်းကို ကယ်ချွတ်ဖို့အတွက်
သက်သက်ကြွလာတာပါ။
အခုတော့ မိမိကယ်ချွတ်ဖို့ ရည်ရွယ်ထားတဲ့
အဓိကဝေနေယျ လူဆင်းရဲက တရားပွဲထဲ
ရောက်မလာသေးတာမို့ လူမစုံတဲ့ ပရိသတ်ကို
တရားမဟောသေးဘဲ အချိန်စောင့်ဆိုင်းနေခြင်း ဖြစ်ပါတယ်။
လူဆင်းရဲ အချိန်မီရောက်မလာနိုင်တာက
နွားပျောက်ရှာနေရလို့ပါ။ မြတ်စွာဘုရားရှင်ကြွလာတဲ့နေ့ကျမှ
သူ့ရဲ့ နွားတစ်ကောင်က မနက်စောစောစီးစီး
ပျောက်နေပါတယ်။ တစ်မနက်လုံး နွားပျောက်ရှာနေရတာနဲ့
ဆွမ်းကျွေးပွဲလည်း မမီ၊ တရားပွဲလည်း
နောက်ကျသွားရပါတယ်။
နေမွန်းတည့်ချိန်လောက်ကျမှ နွားပျောက်ကို
ရှာတွေ့ပါတယ်။ နွားအုပ်ထဲ နွားပြန်သွင်းပြီးတာနဲ့
တစ်ပြိုင်နက် အိမ်ကို လုံးဝ မပြန်တော့ဘဲ၊
မြတ်စွာဘုရားရှင် ရှိရာကို ချက်ချင်း ပြေးထွက်လာခဲ့ပါတယ်။
မြတ်စွာဘုရားရှင်ကို ရှိခိုးပြီး သင့်တင့်
လျောက်ပတ်တဲ့နေရာမှာ ရပ်နေလိုက်ပါတယ်။
အဲဒီအချိန်မှာပဲ မြတ်စွာဘုရားရှင်က ဆွမ်းကွမ်းကိစ္စစီမံတဲ့
ဒကာကြီးတစ်ယောက်ကို မေးလိုက်ပါတယ်။
“ဒကာကြီး...၊ ရဟန်းသံဃာတော်တွေ စားလို့ပိုတဲ့
ဆွမ်းကျန်လေးများ ရှိသေးလား”
“မှန်လှပါ၊ ရှိပါသေးတယ် မြတ်စွာဘုရား”
“ဒါဆိုရင် ဒီဒကာကြီးကို ထမင်းကျွေးလိုက်ပါဦး”
“မှန်လှပါ မြတ်စွာဘုရား”
ဆွမ်းကွမ်းစီမံတဲ့ ဒကာကြီးလည်း မြတ်စွာဘုရားရှင်
မိန့်ကြားတော်မူချက်အတိုင်း လူဆင်းရဲကို ခေါ်ပြီး၊
ခဲဖွယ်ဘောဇဉ်အပြည့်အစုံနဲ့ တရိုတသေ
တလေးတစား ထမင်းကျွေးလိုက်ပါတယ်။
မနက်ဝေလီဝေလင်းကတည်းက နွားပျောက်ရှာနေရလို့
ဘာမှ မစားရသေးတဲ့ လူဆင်းရဲဟာ
ရဟန်းသံဃာတော်တွေရဲ့ ဆွမ်းကျန်၊ ခဲဖွယ်ကျန်တွေ
အလုံအလောက် စားလိုက်ရတဲ့အတွက် ဝမ်းမီးအပူ၊
ကိုယ်အပူတွေ ငြိမ်းအေးပြီး စိတ်တည်ငြိမ်မှု၊
စိတ်ကြည်လင်မှု ရရှိသွားပါတယ်။
လူဆင်းရဲ စားသောက်ဆေးကြောပြီးလို့ အဆာပြေ၊
အပူငြိမ်းတော့မှပဲ မြတ်စွာဘုရားရှင်က ဒေသနာစဉ်အတိုင်း
သစ္စာဆိုက်အောင် တရားဟောတော်မူပါတယ်။
တရားအဆုံးမှာ လူဆင်းရဲ သောတာပန်ဖြစ်သွားပါတယ်။
တရားပွဲပြီးလို့ မြတ်စွာဘုရားရှင်နဲ့အတူ ပြန်ကြွလာတဲ့အခါ
ရဟန်းတော်တွေက မြတ်စွာဘုရားကို ကဲ့ရဲ့ရှုတ်ချကြပါတယ်။
“ကြည့်ကြစမ်းပါဦး မြတ်စွာဘုရား လုပ်တော်မူလိုက်ပုံ
တခြားနေ့တွေတုန်းက ဒီလိုလုပ်တာ တစ်ခါမှ မရှိပါဘူး။
အခုတော့ လူဆင်းရဲတစ်ယောက်ကို မြင်မြင်ချင်း
ထမင်းကျွေးခိုင်းရတယ်လို့”
ရဟန်းတော်တွေရဲ့ ကဲ့ရဲ့စကားကို ကြားတော်မူတဲ့အတွက်
မြတ်စွာဘုရားရှင်းက နောက်ပြန်လှည့် ရပ်တော်မူပြီး...
“ချစ်သားရဟန်းတို့...၊ ငါဘုရား ယူဇနာသုံးဆယ်ရှိတဲ့
ခရီးခဲကို အခု ကြွလာတာဟာ ဒီလူဆင်းရဲဒကာကြီးရဲ့
တရားထူးရနိုင်လောက်တဲ့ အကြောင်းဥပနိဿယကို
မြင်တော်မူလို့ ကြွလာတာပါ”
“သူဟာ မနက်အစောကြီးကတည်းက
နွားပျောက်ရှာနေရတဲ့အတွက် ဘာမှ မစားရသေးပါဘူး။
အလွန်တရာ ဆာလောင်နေပါတယ်။
ဆာနာရောဂါရဲ့ နှိပ်စက်မှုဒဏ်ချက်ကြောင့်
ကိုယ်စိတ်နှစ်ပါး နာကျင်ဆင်းရဲနေတဲ့အချိန်မှာ
တရားဟောလိုက်ရင် တရားရဲ့ အဓိပ္ပာယ်ကိုလည်း
နားလည်မှာ မဟုတ်ပါဘူး။ တရားထူးတရားမြတ်ကိုလည်း
ထိုးထွင်းသိမြင်နိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် အခုလို ငါဘုရား ထမင်းကျွေးခိုင်းလိုက်တာပါ။”
“ချစ်သားရဟန်းတို့...၊ လောကမှာ
ဆာလောင်မွတ်သိပ်ခြင်းရောဂါနဲ့ တူတဲ့ တခြားရောဂါ
လုံးဝမရှိပါဘူး။ ဆာလောင်မွတ်သိပ်ခြင်းရောဂါ၊
ဆာနာရောဂါဟာ ရောဂါအားလုံးထဲမှာ အဆိုးဝါးဆုံးရောဂါ၊
အနှိုင်းမဲ့ရောဂါပါပဲ” လို့ မိန့်တော်မူပါတယ်။
ဆာနာရောဂါ သိသိသာသာ လွှမ်းမိုးလာပြီဆိုရင်
ဘာအလုပ်မှ လုပ်လို့ မရတော့ပါဘူး။
လုပ်ချင်ကိုင်ချင်စိတ်လည်း မရှိတော့ပါဘူး။
တကယ်လို့ အတင်းကြိုးစားလုပ်လည်း အလုပ်က
သိပ်အရာမထင်တော့ပါဘူး။ အလုပ်ထိရောက်မှု
အားနည်းသွားပါတယ်။ အလုပ်မတွင်ကျယ်တော့ပါဘူး။
ဆာနာရောဂါ ပြင်းထန်လာပြီဆိုရင် လက်တွေ ဒူးတွေ တုန်၊
ဝမ်းတွေကိုယ်တွေပူ၊ ခေါင်းတွေ မူးဝေ၊ နှလုံးတွေ မောဟိုက်၊
လူလည်းနုံး၊ စိတ်လည်းတို၊ အလိုလိုနေရင်း
လောကကြီးတစ်ခုလုံးကို မကျေမနပ်ဖြစ်၊
ဆာနာရောဂါကြောင့် ကိုယ်စိတ်နှစ်ပါးလုံး
ပင်ပန်းဆင်းရဲရပါတယ်။
ဆာနာရောဂါ လွှမ်းမိုးလာပြီဆိုရင် ကိုယ်အား၊
ဉာဏ်အား၊ စိတ်ဓာတ်အားတွေ ကုန်ခန်းသွားပါတယ်။
အထူးသဖြင့် အသိဉာဏ် ထုံထိုင်းသွားပါတယ်။
လောကရေးရာမှာလည်း အကြောင်းအကျိုး၊
အကောင်းအဆိုး ဝေဖန်ခွဲခြမ်းနိုင်စွမ်း မရှိတော့ပါဘူး။
ဆုံးဖြတ်ချက်တွေ မှားယွင်းသွားပါတယ်။
ဓမ္မရေးရာမှာလည်း အမှန်အမှား၊ အဖြစ်အပျက်
နားလည်သိမြင်နိုင်စွမ်း မရှိတော့ပါဘူး။
ထိုးထွင်းဉာဏ်တွေ ယုတ်လျော့သွားပါတယ်။
ဆာနာရောဂါ အကြီးအကျယ် လွှမ်းမိုးနေတုန်း
တရားနာရင် နာတဲ့တရားရဲ့ သဘောအဓိပ္ပာယ်ကို
နက်နက်ရှိုင်းရှိုင်းနားလည်နိုင်စွမ်း မရှိပါဘူး။
ဆာနာရောဂါ အကြီးအကျယ် လွှမ်းမိုးနေတုန်း
တရားအားထုတ်ရင် ခန္ဓာသဘော၊ သစ္စာသဘောကို
ထိုးထိုးထွင်းထွင်း သိမြင်နိုင်စွမ်း မရှိပါဘူး။
ဒါ့ကြောင့် မြတ်စွာဘုရားရှင်က လူဆင်းရဲဒကာကြီးကို
ထမင်းအရင်ကျွေးခိုင်းပြီးမှ တရားဟောခဲ့၊ တရားပြခဲ့တာပါ။
ဆာနာရောဂါဟာ အသိဉာဏ်ပွင့်လင်းမှုနဲ့ တရားတိုးတက်မှုကို
အဟန့်အတားပြုတတ်တယ်ဆိုတာကို ကိုးကားပြီး၊
ဆာနာရောဂါဒဏ်ကို အန်တုသည်းခံရခြင်း
တစ်စိတ်တစ်ပိုင်းပါဝင်တဲ့ ဥပုသ်စောင့်သုံးခြင်းကို
အလွယ်တကူ မပစ်ပယ်သင့်ပါဘူး။
အဆိုးဆုံးရောဂါဒဏ်ကို သည်းခံနိုင်သူရဲ့ သန္တာန်မှာ
အကောင်းဆုံးစွမ်းရည်သတ္တိတွေ ကိန်းဝပ်လာတတ်တာမို့
တန်ခိုးကြီးမားတဲ့ ဥပုသ်စောင့်သုံးခြင်းကို အလေးအနက်
ကျင့်ကြံအားထုတ်ကြည့်စေချင်ပါတယ်။
ဘယ်အလုပ်မဆို အလေ့အကျင့်က အဓိကပြဋ္ဌာန်းပါတယ်။
အလေ့ကို အကျင့်လုပ်လို့ အလေ့အကျင့်ရှိလာရင်၊
အကျင့်ဟာ အလေ့ဖြစ်သွားပြီး အကျင့်အလေ့
အားကောင်းလာနိုင်ပါတယ်။
အလေ့အကျင့်ရှိမှ အကျင့်အလေ့ဖြစ်မှာပါ။
အလေ့အကျင့်သန်မှ အကျင့်အလေ့မှန်မှာပါ။
“မျက်စိအကျင့် ဝမ်းအချင့်” ဆိုပေမယ့် ဝမ်းကလည်း
အကျင့်ပေါ်မှာ မူတည်ပြီး စကားပြောပါတယ်။
ရဟန်းသံဃာတော်တွေတောင် ညနေစာမစားဘဲ၊
ရာသက်ပန် နေနိုင်ကြသေးတာပဲ။
လူတွေလည်း အလေ့အကျင့်လုပ်ထားရင်
အကန့်အသတ်တစ်ခု အတွင်းမှာ ညနေစာ မစားဘဲ
နေနိုင်ရမှာပေါ့။
လူဝတ်ကြောင်တွေထဲမှာ ဝါတွင်း၊ဝါပ ဥပုသ်နေ့တိုင်း
ဥပုသ်စောင့်သုံးကြသူတွေ၊ ဝါတွင်း ဥပုသ်နေ့တိုင်း၊
ဝါပတနင်္ဂနွေနေ့တိုင်း ဥပုသ်စောင့်သုံးကြသူတွေ၊
ရက်ပိုင်း၊လပိုင်း၊နှစ်ပိုင်းနဲ့ အဓိဋ္ဌာန်ပြီး ဥပုသ်စောင့်သုံးကြသူတွေ၊
ရာသက်ပန် ဥပုသ်စောင့်သုံးကြသူတွေအကြောင်း
ကြားရတိုင်း “ကြီးမားတဲ့ စိတ်စွမ်းအားပိုင်ရှင်တွေပါလား”
လို့ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုမိပါတယ်။
ဝမ်းရေးကို လျှော့နိုင်မှ လွမ်းရေးလျော့မှာပါ။
ဝမ်းရေးကို တွယ်နေရင် လွမ်းရေးကျယ်နေဦးမှာပါပဲ။
လွမ်းရေးဆိုတာ ဝမ်းရေးနဲ့ ပတ်သက်တဲ့
လူမှုဒုက္ခအဝဝ၊ ခန္ဓာဒုက္ခအဝဝကို ပြောတာပါ။
ကိုယ်နဲ့ ပတ်သက်တဲ့ ဆာနာရောဂါ (ကိုယ်ဆာနာရောဂါ)ကို
စားဖွယ်သောက်ဖွယ်မျိုးစုံ နေ့စဉ်ကျွေးပြီး ကုသနေရသလို
စိတ်နဲ့ပတ်သက်တဲ့ ဆာနာရောဂါ (စိတ်ဆာနာရောဂါ)ကိုလည်း
တရားဓမ္မမျိုးစုံ နေ့စဉ်ကျွေးပြီး ကုသနေဖို့ လိုအပ်ပါတယ်။
စိတ်ဆာနာရောဂါဆိုတာကတော့ တဏှာကို ပြောတာပါ။
တဏှာဆိုတာ ဆာလောင်တတ်တဲ့သဘောပါ။
မျက်စိက အဆင်းမျိုးစုံကို ဆာတယ်၊
နားက အသံမျိုးစုံကို ဆာတယ်၊ နှာခေါင်းက အနံ့မျိုးစုံကို
ဆာတယ်၊ လျှာက အရသာမျိုးစုံကို ဆာတယ်၊
ကိုယ်က အထိအတွေ့မျိုးစုံကို ဆာတယ်၊
စိတ်က အတွေးအကြံမျိုးစုံကို ဆာတယ်။
ဒွါရခြောက်ပါးကနေ အာရုံခြောက်ပါးကို
ဆာလောင်မွတ်သိပ်နေတဲ့သဘောကို “တဏှာ”လို့
ခေါ်ပါတယ်။ စိတ်မှာဖြစ်တဲ့ ဆာလောင်မွတ်သိပ်ခြင်း
သဘောမို့ စိတ်ဆာနာရောဂါလို့ ခေါ်နိုင်ပါတယ်။
စိတ်ဆာနာရောဂါတဏှာနဲ့ ပတ်သက်လို့တော့
မြတ်စွာဘုရားရှင်က
“နတ္ထိ တဏှာသမာ နဒီ - တဏှာနဲ့ တန်းတူ
ညီမျှတဲ့မြစ် မရှိဘူး” လို့ ဟောတော်မူပါတယ်။
စိတ်ဆာနာရောဂါ တဏှာမြစ်လောက်
ကောက်ကွေ့တဲ့မြစ် လောကမှာ မရှိဘူး။
စိတ်ဆာနာရောဂါ တဏှာမြစ်ဟာ လောကမှာ ရှိရှိသမျှ
မြစ်အားလုံးထဲမှာ “အကောက်ကွေ့ဆုံးမြစ်၊ အနှိုင်းမဲ့မြစ်”
ဖြစ်ပါတယ်။
မြစ်တို့ရဲ့ မာယာဟာ အကောင့်အကွေ့ များလွန်းလှသလို
မြစ်နဲ့တူတဲ့ စိတ်ဆာနာရောဂါ တဏှာရဲ့
မာယာဟာလည်း အကောင့်အကွေ့၊ အလိမ်အကျစ်
များလွန်းလှပါတယ်။
(မြစ်နဲ့ အနှိုင်းခံရတဲ့ တခြားအရာတွေလည်း
နည်းတူပဲ ဖြစ်မှာပေါ့နော်)။
တဏှာရဲ့ အကောက်အကွေ့များပုံက ဒီလိုပါ။
အခု ဒါကြိုက်ပြီး တော်ကြာ ဒါမကြိုက်တော့ပြန်ဘူး၊
ဟိုဟာလေးမှ ဖြစ်သွားပြန်တယ်။
အခု ဒီလူကို ချစ်ပြီး တော်ကြာ ဒီလူကို မချစ်တော့ပြန်ဘူး၊
ဟိုလူ့ကိုမှ ဖြစ်သွားပြန်တယ်။
ဟိုတုန်းက မစားရမနေနိုင်တဲ့ အစားအစာ အခု
လုံးဝ မစားချင်တော့ပြန်ဘူး။ ဟိုတုန်းက မတွေ့ရ၊
မနေနိုင်တဲ့လူ အခုလုံးဝ မတွေ့ချင်တော့ပြန်ဘူး။
ဟိုတုန်းက မချစ်ရင်မနေနိုင်တာကလွဲလို့၊
အခု မမုန်းရင် မနေနိုင်တာက လွဲလို့။
အဲဒီလို အခုတစ်မျိုး တော်ကြာတစ်မျိုး အပြောင်းအလဲမြန်
ဗလောင်းဗလဲဆန်တာဟာ စိတ်ဆာနာရောဂါတဏှာရဲ့
အကောက်အကွေ့ အလိမ်အကျစ်ပါပဲ။
နားလည်ရ ခက်လောက်အောင်၊
ခန့်မှန်းရ မလွယ်ကူလောက်အောင် ကောက်ကွေ့
လိမ်ကျစ်လွန်းလို့ “တဏှာမြစ်” ကို “အနှိုင်းမဲ့မြစ်” လို့
မြတ်စွာဘုရား ဟောကြားတော်မူပါတယ်။
တဏှာဆိုတဲ့ စိတ်ဆာနာရောဂါကိုတော့ တရားဓမ္မ
တည်းဟူသော စားဖွယ်၊ သောက်ဖွယ်မျိုးစုံနဲ့ပဲ
ကုသလို့ရပါတယ်။ တရားနာခြင်းနဲ့လည်း ကုသ၊
တရားအားထုတ်ခြင်းနဲ့လည်း ကုသသွားမယ်ဆိုရင်
စိတ်ဆာနာရောဂါ တဖြည်းဖြည်း
သက်သာပျောက်ကင်းသွားမှာပါ။
ဒါနကောင်းမှု၊ သီလကောင်းမှုတွေ ပြုလုပ်နေတာဟာလည်း
စိတ်ဆာနာရောဂါပျောက်ကြောင်း ဆေးကောင်း၊
ဝါးကောင်း ကျွေးနေတာပါပဲ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့
မြတ်စွာဘုရားက ဆာလောင်မွတ်သိပ်ခြင်းရောဂါ၊
ဆာနာရောဂါဟာ အနှိုင်းမဲ့ရောဂါဖြစ်တယ်လို့
“ဇိဃစ္ဆာပရမာရောဂါ” ဆိုတဲ့ စကားတော်နဲ့
ဟောကြား ညွှန်ပြထားတာမို့ လူသားတိုင်း၊
လူသားတိုင်း ဆာလောင်မွတ်သိပ်ခြင်းဆိုတဲ့
အနှိုင်းမဲ့ရောဂါကို အကြွင်းမဲ့ပျောက်ကင်းအောင်
ကုသနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။။
-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】
၏ “အနှိုင်းမဲ့ချမ်းသာ”နှာ - ၉၅ - ၁၁၁ မှ
ကူးယူပူဇော်မျှဝေပါသည်။】
Posted by►
www.facebook.com/youngbuddhistassociation.mm
အပ္ပမာဒေန သမ္ပာဒေထ။
【ဆရာတော်အရှင်ဆန္ဒာဓိက၊
အပ္ပမာဒမဂ္ဂဇင်း၊ဧပြီလ၊၂၀၀၀】
အပ္ပမာဒေန သမ္ပာဒေထ။