လောကမှာ ရှိရှိသမျှ ပိုက်ကွန်အားလုံးထဲမှာ
“မောဟပိုက်ကွန်” ဟာ အနှိုင်းမဲ့ပိုက်ကွန် ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ မောဟပိုက်ကွန်ထက် ပိုပြီး
သတ္တဝါတွေကို ငြိယှက်ဖုံးကွယ် တတ်ပါတယ်၊
ချုပ်နှောင်ဖမ်းဆီးတတ်ပါတယ်လို့ နှိုင်းယှဉ်စရာ၊
အစားထိုးစရာ၊ ထပ်တူပြုစရာ တခြားပိုက်ကွန်
မရှိတော့လို့ပါပဲ။

မောဟပိုက်ကွန်နဲ့ လဲလှယ်သင့် လဲလှယ်ထိုက်တဲ့
တခြားပိုက်ကွန် လောကမှာ မရှိတော့တဲ့အတွက်
မောဟပိုက်ကွန်ဟာ အနှိုင်းမဲ့ပိုက်ကွန် ဖြစ်ရပါတယ်။

ပိုက်ကွန်ဆိုတာ မိမိအတွင်း ဝင်ရောက်လာတဲ့
သတ္တဝါတွေကို ချုပ်နှောင်ထားတတ်တဲ့သဘောရှိပါတယ်။
ပိုက်ကွန်အတွင်း သက်ဆင်းကျရောက်သွားတဲ့
သတ္တဝါတွေဟာ ပိုက်ကွန်ရဲ့ အပြင်ဘက်ကို ပြန်ရောက်ဖို့
မလွယ်တော့ပါဘူး။ လွတ်ထွက်ဖို့ သိပ်ခက်ပါတယ်။

ပိုက်ကွန်ထဲမှာ နေရတော့ရော စိတ်ချမ်းချမ်းသာသာ
နေရသလား ဆိုတော့ မနေရပါဘူး။
မကြာခင်မှာ သေရတော့မယ်ဆိုတဲ့ အသိနဲ့
စိတ်ပင်ပန်းဆင်းရဲစွာ နေရပါတယ်။
မလွဲမသွေ ကြုံတွေ့ရတော့မယ့် သေခြင်းတရားကို
အနီးကပ်စောင့်စားရင်း စိတ်နှလုံးထိတ်လန့်တုန်လှုပ်စွာ
ပူလောင်နေရပါတယ်။

ပိုက်ကွန်ထဲရောက်နေမှန်းသိရက်နဲ့၊
ပိုက်ကွန်မိနေမှန်းသိပါရက်နဲ့ ပျော်နေတဲ့သတ္တ၀ါ၊
စိတ်ချမ်းသာနေတဲ့သတ္တ၀ါကတော့ အင်မတန့်ကို
မိုက်မဲလွန်းလို့၊ အင်မတန့်ကို ထူ အ လွန်းလို့
ဖြစ်ပါလိမ့်မယ်။

သတ္တဝါတွေကို လွတ်မြောက်ချမ်းသာခွင့်မပေးဘဲ
ကျပ်တည်းဆင်းရဲစွာ ချုပ်နှောင်ငြိယှက်ထားတတ်တဲ့
ပိုက်ကွန်တွေထဲမှာ မောဟပိုက်ကွန်ဟာ အဆိုးဝါးဆုံး
ပိုက်ကွန်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့
“မောဟပိုက်ကွန်” ဟာ ပြတ်တောက်အောင်
ဖြတ်ဖောက်ဖို့ အခက်ခဲဆုံးပိုက်ကွန်၊
အထူထပ်ဆုံးပိုက်ကွန် ဖြစ်နေလို့ပါပဲ။

အပြင်လောကမှာရှိတဲ့ ငှက်ဖမ်းပိုက်ကွန်၊ ငါးဖမ်းပိုက်ကွန်၊
သားကောင်ဖမ်းပိုက်ကွန်တွေက ငှက်တွေ၊ ငါးတွေ၊
သားကောင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့်
တစ်ခါတစ်ရံမှာ အလွယ်တကူနဲ့ ပြတ်တောက်ကောင်း
ပြတ်တောက်သွားနိုင်ပါတယ်။
ဒါတောင်မှ သိပ်တော့ မလွယ်လှပါဘူး။

မောဟပိုက်ကွန်ကတော့ အမိခံသတ္တဝါတွေ
လောကနည်းလမ်းနဲ့ ဘယ်လိုမှ ကြိုးပမ်းအားထုတ်အားထုတ်၊
ဘယ်တော့မှ မပြတ်တောက်နိုင်ပါဘူး။
ဓမ္မနည်းလမ်းနဲ့ ကြိုးပမ်းအားထုတ်တာတောင်မှ
လွယ်လွယ်ကူကူနဲ့ ပြတ်တောက်မသွားနိုင်ပါဘူး။
ပိုက်ကွန်အထပ်ရေများပြီး ထူထဲလွန်းလှတဲ့အတွက်
ခက်ခက်ခဲခဲ ဖြတ်ဖောက်မှ ပြတ်တောက်နိုင်ပါတယ်။

သတ္တဝါတွေကို လွှမ်းခြုံရစ်ပတ်ထားတဲ့ မောဟပိုက်ကွန်က
အထပ်ရေပေါင်း “ကိုးထပ်”တောင် ချုပ်စပ်ထားပါတယ်။
ကိုးထပ်ချုပ် ပိုက်ကွန်ကြီးကို ထိုးဖောက်ဖြတ်တောက်ပြီး၊
လွတ်မြောက်ခွင့်ရဖို့ဆိုတာကတော့ တော်ရုံတန်ရုံ
စွမ်းအားမျိုးနဲ့ ဘယ်ဖြစ်နိုင်ပါ့မလဲ။

● ကိုးထပ်ချုပ်မောဟပိုက်ကွန်ကြီးရဲ့
အောက်ဆုံးအထပ်ကတော့
ကံနဲ့ ကံရဲ့အကျိုးကို မသိတဲ့ မောဟပါပဲ။
အထူထဲဆုံး၊ အကြမ်းတမ်းဆုံး ပိုက်ကွန်အထပ်ဖြစ်ပါတယ်။
သံသရာခရီးသွားတွေအတွက် ကြောက်မက်ဖွယ်အကောင်းဆုံး
ပိုက်ကွန်လို့ဆိုရင် မမှားပါဘူး။

“သတ္တဝါတွေက ကိုယ်ပြုတဲ့ကံ၊ ကိုယ်လုပ်တဲ့အလုပ်ရဲ့
အကျိုးကို ကိုယ်ကိုယ်တိုင်ပဲ ခံစားရတယ်။
ကောင်းကံပြုပြီး ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ်၊
မကောင်းကံပြုပြီး မကောင်းတာလုပ်ရင်
မကောင်းကျိုးခံစားရမယ်”
လို့ ကံနဲ့ ကံရဲ့အကျိုးလေးကိုတောင်မှ
မသိနားမလည်လောက်အောင် မောဟထူပြောနေတဲ့သူဟာ
“ဒါ ကုသိုလ်ကံ၊ ကောင်းတဲ့အလုပ်၊ လုပ်သင့်တယ်၊
ဒါ အကုသိုလ်ကံ၊ မကောင်းတဲ့အလုပ်၊ မလုပ်သင့်ဘူး”
ဆိုတာ ခွဲခြားဝေဖန်နိုင်စွမ်း လုံးဝ မရှိတဲ့အတွက်
ကုသိုလ်ကံတွေကိုလည်း ဆည်းပူးစုဆောင်းဖြစ်မှာ
မဟုတ်သလို အကုသိုလ်ကံတွေကိုလည်း
စွန့်ကြဉ်ရှောင်ရှားဖြစ်မှာမဟုတ်တော့ပါဘူး။

စိတ်ရဲ့ ပင်ကိုသဘာဝက မကောင်းမှုမှာပဲ
မွေ့လျော်တတ်တာမို့ ကုသိုလ်မှန်း၊ အကုသိုလ်မှန်း
ခွဲခြားမသိတဲ့ ပိုက်ကွန်မိလူတစ်ယောက်အတွက်
အကုသိုလ်တံခါးကြီး အမြဲဟင်းလင်းပွင့်နေပါတယ်။
ဒုစရိုက်တံခါးကြီး အမြဲဟင်းလင်းပွင့်နေပါတယ်။
အယူမှား မိစ္ဆာဒိဋ္ဌိကြီးတွေ အားလုံးဟာ ကံနဲ့ ကံရဲ့
အကျိုးကို မသိ၊ မမြင်၊ မယုံကြည်မှုကနေ
မြစ်ဖျားခံကြတာမို့ မိစ္ဆာဒိဋ္ဌိတံခါးကြီးလည်း
အမြဲဟင်းလင်းပွင့်နေပါတယ်။

အကုသိုလ်တံခါးကြီးရဲ့ ဟိုဘက်၊ ဒုစရိုက်တံခါးကြီးရဲ့
ဟိုဘက်၊ မိစ္ဆာဒိဋ္ဌိတံခါးကြီးရဲ့ ဟိုဘက်မှာတော့
အပါယ်လေးဘုံပဲ ရှိပါတယ်။ အပါယ်လေးဘုံဟာ
ကံနဲ့ ကံရဲ့ အကျိုးကို လုံးဝ မယုံကြည်သူတွေရဲ့
ကိုယ်ပိုင်အိမ်ပါပဲ။ လယ်တီဆရာတော်ဘုရားကြီးရဲ့
စကားနဲ့ ပြောရရင်တော့ “အပါယ်ထိုထို၊ ဥဒဟိုသည်၊
နင်လိုလူမိုက်သွားလမ်းတည်း” ပေါ့။

● ကိုးထပ်ချုပ် မောဟပိုက်ကွန်ကြီးရဲ့ နောက်
အထပ်သုံးထပ်ကတော့
■ ရှေးဘဝကို မသိတဲ့ မောဟ၊
■နောက်ဘဝကို မသိတဲ့ မောဟနဲ့
■ ရှေးဘဝ၊ နောက်ဘဝနှစ်ခုလုံးကို မသိတဲ့ မောဟ
တို့ဖြစ်ပါတယ်။

တချို့က ရှေးအတိတ်မှာ ဘဝတွေ ဖြစ်ခဲ့ဖူးတယ်ဆိုတာကို
မယုံကြည်ကြပါဘူး။ ဒီဘဝကျမှ (ယခုပစ္စပ္ပန်ဘဝကျမှ)
ထာဝရဘုရား၊ မဟာဗြဟ္မာစတဲ့ တန်ခိုးရှင်တွေ
ဖန်ဆင်းလိုက်လို့ ဘဝဆိုတာ ဖြစ်လာတယ်လို့
မှတ်ထင်နေကြပါတယ်။ ဒါပေမဲ့ နောက်နောက်အနာဂတ်မှာ
ဘဝတွေ ဆက်ကာဆက်ကာ ဖြစ်ရဦးမယ်ဆိုတာကိုတော့
ယုံကြည်ကြပါတယ်။ သူတို့ရဲ့ မောဟပိုက်ကွန်ကို
ရှေးဘဝ (အတိတ်ဘဝ)ကို မသိတဲ့
(မသိအောင်ဖုံးလွှမ်းထားတဲ့) “မောဟပိုက်ကွန်” လို့ ခေါ်ပါတယ်။

တချို့က ရှေးအတိတ်မှာ ဘဝတွေ ဖြစ်ခဲ့ဖူးတယ်ဆိုတာကိုတော့
ယုံကြည်ကြပါတယ်။ ဒါပေမဲ့ နောက်နောက်အနာဂတ်မှာ
ရဟန္တာမဖြစ်သေးသမျှ ဘဝတွေ ဆက်ကာဆက်ကာ
ဖြစ်ရဦးမယ်ဆိုတာကိုတော့ မယုံကြည်ကြပါဘူး။
ဒီဘဝက သေရင် ပြီးတာပဲ၊ ပြတ်တာပဲလို့ ယူဆကြပါတယ်။
သူတို့ရဲ့ မောဟပိုက်ကွန်ကို နောက်ဘဝ (အနာဂတ်ဘဝ)ကို
မသိတဲ့ (မသိအောင်ဖုံးလွှမ်းထားတဲ့) မောဟပိုက်ကွန်
လို့ခေါ်ပါတယ်။

တချို့က ရှေးအတိတ်မှာ ဘဝတွေ ဖြစ်ခဲ့ဖူးတယ်
ဆိုတာကိုလည်း မယုံကြည်ကြပါဘူး။
နောက်နောက်အနာဂတ်မှာ ဘဝတွေ ဆက်ကာဆက်ကာ
ဖြစ်ရဦးမယ်ဆိုတာကိုလည်း မယုံကြည်ကြပါဘူး။
ဗုဒ္ဓတရားတော်တချို့ကို ဗုဒ္ဓရဲ့ ဆိုလိုရင်း
အဓိပ္ပာယ်နားမလည်ဘဲ လိုရာဆွဲကိုးကားပြီး
“ရှေးဘဝ နောက်ဘဝ ဗုဒ္ဓမဝေဖန်” လို့တောင်
တလွဲ ဝါဒဖြန့်ကြပါတယ်။ ဘဝဆိုတာ
“ပုခက်နဲ့ ခေါင်းကြား” မှာပဲ ရှိတယ်လို့ ယူဆကြပါတယ်။
သူတို့ရဲ့ မောဟပိုက်ကွန်ကို ရှေးဘဝ နောက်ဘဝ နှစ်ခုလုံးကို
မသိတဲ့ (မသိအောင်ဖုံးလွှမ်းထားတဲ့) မောဟပိုက်ကွန်
လို့ခေါ်ပါတယ်။

တကယ်တော့ ဒီပိုက်ကွန်သုံးထပ်ကလည်း
အောက်ဆုံးထပ်ပိုက်ကွန်နဲ့ တိုက်ရိုက်ဆက်စပ်
ယှက်နွယ်နေပါတယ်။
ကံနဲ့ ကံရဲ့အကျိုးကို ပိုင်ပိုင်နိုင်နိုင်မသိတဲ့သူ၊
ကျေကျေနပ်နပ် သဘောမပေါက်တဲ့သူဟာ ရှေးဘဝ ၊
နောက်ဘဝဆိုတဲ့ ပရဘဝတွေကို ပစ်ပယ်ဖို့
လုံးဝ ဝန်လေးတော့မှာ မဟုတ်ပါဘူး။

ကိုးထပ်ချုပ်မောဟပိုက်ကွန်ကြီးရဲ့
နောက်ဆုံးအထပ် ငါးထပ်ကတော့
●သစ္စာလေးပါးကို မသိတဲ့
(မသိအောင်ဖုံးလွှမ်းထားတဲ့) မောဟလေးမျိုးနဲ့
●ပဋိစ္စသမုပ္ပါဒ်ကို မသိတဲ့ (မသိအောင် ဖုံးလွှမ်းထားတဲ့)
မောဟတို့ပဲ ဖြစ်ပါတယ်။

သစ္စာလေးပါးကို မသိတဲ့ မောဟလေးမျိုးကတော့
“ရုပ်နာမ်ခန္ဓာမှန်သမျှ ဆင်းရဲအမှန် (ဒုက္ခသစ္စာ)ပဲ၊
အာရုံတွေ၊ ဘဝတွေအပေါ် သာယာတပ်မက်တဲ့
တဏှာမှန်သမျှ ဆင်းရဲကြောင်းအမှန် (သမုဒယသစ္စာ)ပဲ၊
ရုပ်နာမ် မဖြစ်တဲ့၊ ရုပ်နာမ်လုံးဝမရှိတဲ့ နိဗ္ဗာန်ဟာ
ဆင်းရဲချုပ်ငြိမ်းရာအမှန် (နိရောဓသစ္စာ)ပဲ၊
သမ္မာဒိဋ္ဌိစတဲ့ မဂ္ဂင်ရှစ်ပါး၊
သတိပဋ္ဌာန်စတဲ့ အကျင့်တရားဟာ
ဆင်းရဲချုပ်ငြိမ်းကြောင်းအမှန် (မဂ္ဂသစ္စာ)ပဲ” လို့
မသိတဲ့ မောဟတွေပါပဲ။

ပဋိစ္စသမုပ္ပါဒ်ကို မသိတဲ့ မောဟကတော့
“မသိမှု အဝိဇ္ဇာစတဲ့ အကြောင်းတရားကြောင့်
ပြုလုပ်အားထုတ်မှု သင်္ခါရစတဲ့ အကျိုးတရား
ဖြစ်ပေါ်လာတယ်။မသိမှု အဝိဇ္ဇာစတဲ့
အကြောင်းတရားချုပ်ရင် ပြုလုပ်အားထုတ်မှု
သင်္ခါရစတဲ့ အကျိုးတရားချုပ်တယ်” လို့ သံသရာစက်
လည်ပတ်ပုံ၊ သံသရာစက် ချုပ်ပြက်ပုံကို မသိတဲ့ မောဟပါပဲ။

ကိုးထပ်ချုပ်မောဟပိုက်ကွန်ကြီးမှာ အထူစား၊
အကြမ်းစားအထပ်နဲ့ အပါးစား၊ အနုစားအထပ်လို့
အထပ်နှစ်မျိုး ရှိပါတယ်။ အောက်ဆုံးလေးထပ်က
အထူစား၊ အကြမ်းစား အထပ်တွေဖြစ်ပြီး၊
အပေါ်ဆုံးငါးထပ်က အပါးစား၊ အနုစား အထပ်တွေ ဖြစ်ပါတယ်။

အထူစား၊ အကြမ်းစား မောဟပိုက်ကွန်တွေကိုတော့
သူတော်ကောင်းတရား နာကြားဖတ်ရှုခြင်း၊
မိမိလက်လှမ်းမီရာ လူသားတွေရဲ့ဘဝ တစ်ယောက်နဲ့တစ်ယောက်
မတူညီတာကို ထောက်ရှုခြင်း၊ ကံ, ကံရဲ့ အကျိုးဆိုင်ရာ၊
တမလွန်ဘဝဆိုင်ရာ ကိုယ်တွေ့အဖြစ်အပျက်တွေကို
လေ့လာသုံးသပ်ခြင်းအားဖြင့် ဖြတ်တောက်ဖျက်ဆီးပစ်ရပါမယ်။

ကံနဲ့ ကံရဲ့ အကျိုးကိုလည်း ယုံကြည်ပြီ၊
ရှေးဘဝ၊ နောက်ဘဝကိုလည်း ယုံကြည်ပြီ၊
ယုံကြည်တဲ့အတိုင်းလည်း မကောင်းမှုအကုသိုလ်မှန်သမျှ
ရှောင်ကြဉ်ပြီ၊ ကောင်းမှုကုသိုလ်မှန်သမျှ
စွမ်းနိုင်သလောက်ပြုပြီဆိုရင် မိမိရဲ့ မောဟပိုက်ကွန်
တော်တော်လေး ပါးသွားပါပြီ။

အပါးစား၊ အနုစားပိုက်ကွန်တွေက ပါးပေ၊
နုပေမယ့် ပြတ်အောင်ဖြတ်ဖို့ သိပ်မလွယ်ကူလှပါဘူး။
တော်တော်ခက်ခက်ခဲခဲ ဖြတ်ဖောက်မှ
ပြတ်တောက်သွားနိုင်ပါတယ်။

သစ္စာလေးပါးနဲ့ ပဋိစ္စသမုပ္ပါဒ်ကို စာပေဖတ်ရှု၊
တရားနာကြားပြီး စာတွေ့၊ နာတွေ့ သိတာမျိုး
မဟုတ်ဘဲ (စက်ဝိုင်းထောက် ရှင်းပြတဲ့ ဆရာ့အပြောနဲ့
လွမ်းနေတဲ့ အသိမျိုး မဟုတ်ဘဲ) ပေါ်ဆဲရုပ်နာမ်ကို
ပေါ်ဆဲအခိုက်မှာ သတိပဋ္ဌာန်နည်းကျ ဝိပဿနာ
ကိုယ်တိုင်ရှုပွားလို့ ငါတွေ့သိကြတဲ့ သောတာပန်၊
သကဒါဂါမ်၊ အနာဂါမ် အရိယာပုဂ္ဂိုလ်တွေတောင်မှ
မောဟပိုက်ကွန်ကို ပါးသထက် ပါးလှပ်အောင်ပဲ
တတ်နိုင်ကြပါသေးတယ်။ လုံးဝ ပြတ်တောက်သွားအောင်
မစွမ်းဆောင်နိုင်ကြသေးပါဘူး။

ရဟန္တာဖြစ်မှပဲ မောဟပိုက်ကွန် လုံးဝ ပြတ်တောက်သွားပါတယ်။
ရဟန္တာမဖြစ်သေးသမျှတော့ ကုသိုလ်ပြုနေတုန်း၊
ပြုနေဆဲ အခိုက်အတန့်ခဏလေးမှာတောင် မောဟပိုက်ကွန်က
ငြိမ်သက်ကိန်းဝပ် အငုတ်ဓာတ်အနေနဲ့
ရစ်ပတ်ချုပ်နှောင်ထားဆဲပါပဲ။

လူနတ်စည်းစိမ်ကို တောင့်တပြီးပြုတဲ့ ဝဋ္ဋနိဿိတကုသိုလ်
(ဝဋ်မှီကုသိုလ်) မှာပဲဖြစ်ဖြစ်၊ ဝဋ်ကင်းရာ နိဗ္ဗာန်ကို
တောင့်တပြီးပြုတဲ့ ဝိဝဋ္ဋနိဿိတကုသိုလ် (ဝဋ်ရုန်းကုသိုလ်)
မှာပဲဖြစ်ဖြစ်၊ မောဟပိုက်ကွန်က အနုသယဓာတ်အနေနဲ့
ကိန်းဝပ်ချုပ်နှောင်ထားပါတယ်။ ပဋ္ဌာန်းသဘောနဲ့ပြောရရင်တော့
ပကတူပနိဿယသတ္တိနဲ့ မောဟက ကုသိုလ်အားလုံးကို
ကျေးဇူးပြုနေပါတယ်။

မောဟကြောင့် ဝဋ်မှီကုသိုလ်ရော၊
ဝဋ်ရုန်းကုသိုလ်ရော ဖြစ်တတ်တယ်ဆိုမှတော့
အကုသိုလ်လည်းဖြစ်တယ် ဆိုတာ အထူးပြောစရာ
မလိုတော့ပါဘူး။ မောဟကြောင့် ကုသိုလ်၊
အကုသိုလ်ဖြစ်တာကိုပဲ ပဋိစ္စသမုပ္ပါဒ်မှာတော့
“အဝိဇ္ဇာပစ္စယာသင်္ခါရာ” လို့ ဆိုထားပါတယ်။

မောဟပိုက်ကွန်ရဲ့ အရစ်အပတ် အချုပ်
အနှောင်ခံနေရသမျှတော့သံသရာဝဋ်ဆင်းရဲထဲကနေ
ဘယ်လိုနည်းနဲ့မှ မလွတ်မြောက်နိုင်ပါဘူး။
“မသိတော့ လိုချင်၊ လိုချင်တော့ စွဲလမ်း၊
စွဲလမ်းတော့ ပြုလုပ်၊ ပြုလုပ်တော့ ရ၊
ရတော့ ဒုက္ခ” ဆိုတဲ့အတိုင်း မသိမှုမောဟက
စတဲ့ သံသရာစက်ရဟတ်ကြီး မဆုံးနိုင်၊မရပ်နိုင်
လည်ပတ်နေဦးမှာပါပဲ။

●သစ္စာလေးပါးနဲ့ ပဋိစ္စသမုပ္ပါဒ်ကို
မသိမမြင်အောင် ဖုံးကွယ်ထားတဲ့
အပါးစား၊ အနုစား မောဟပိုက်ကွန်ကို
အကြွင်းမဲ့ ပြတ်တောက်အောင် ဖြတ်ဖောက်နိုင်တဲ့
တစ်ခုတည်းသော လက်နက်ကတော့ “အပ္ပမာဒတရား”ပါပဲ။

မသိမှု မောဟတရားဟာ မေ့မှု ပမာဒတရားကြောင့်
ဖြစ်တာမို့ မသိမှု မောဟတရားရဲ့ ဆန့်ကျင်ဘက်
သိမှုဝိဇ္ဇာဖြစ်ဖို့အတွက် မေ့မှု ပမာဒတရားရဲ့
ဆန့်ကျင်ဘက် မမေ့မှု အပ္ပမာဒတရားကို အခိုင်အခံ့
တည်ဆောက်ဖို့ လိုအပ်ပါတယ်။ မေ့နေရင် မသိပါဘူး။
မမေ့မှ သိပါတယ်။
“မေ့နေရင် မသိ၊ မမေ့မှ သိ” ဆိုတဲ့
အချက်နဲ့ပတ်သက်ပြီး မြတ်စွာဘုရားရှင်လက်ထက်တုန်းက
အဖြစ်အပျက်ကလေးတစ်ခုကို အကျဉ်းချုံး ပြောပြချင်ပါတယ်။

အာဠဝီပြည်မှာ ကျင်းပတဲ့ တရားပွဲတစ်ပွဲမှာ
မြတ်စွာဘုရားရှင်က ဖခင်ဆီ ရက်ဖောက်တောင်း
သွားပို့ဖို့ အိမ်က ထွက်လာရင်း တရားဝင်နာတဲ့
ရက်ကန်းသည်မလေးတစ်ယောက်ကို “မေးခွန်းလေးခု”
မေးပါတယ်။ တစ်ခွန်းမေး၊ တစ်ခွန်းဖြေ
ဖွဲ့စည်းထားတဲ့ အမေးအဖြေ အတွဲလေးတွဲကိုလည်း
ကြည့်ပါဦး၊ စိတ်ဝင်စားစရာကောင်းလိုက်တာ။

■“ချစ်သမီး၊ ဘယ်ကလာသလဲ”
“မသိပါဘုရား”
■“ချစ်သမီး၊ ဘယ်သွားမလို့လဲ”
“မသိပါဘုရား”
■“ချစ်သမီး၊ တကယ်မသိဘူးလား”
“သိပါတယ်ဘုရား”
■“ချစ်သမီး၊ တကယ်သိလား”
“မသိပါဘုရား”

မြတ်စွာဘုရားရှင်နဲ့ ဆန့်ကျင်ဘက်
ပြောသလိုဖြစ်နေတဲ့ ရက်ကန်းသည်မလေးရဲ့
အဖြေစကားတွေကြောင့် သူမကို တရားနာပရိသတ်က
အမျိုးမျိုး ကဲ့ရဲ့ရှုတ်ချကြပါတယ်။

“ဘယ်ကလာသလဲ မေးတာပဲ၊ အိမ်ကလာတယ်လို့
ဖြေလိုက်ပါလား၊ ဘယ်သွားမလို့လဲ မေးတာပဲ၊
ရက်ကန်းရုံ သွားမလို့ လို့ဖြေလိုက်ပါလား၊
မသိ - မသိဘူးပေါ့၊ သိ - သိတယ်ပေါ့၊
ခုတော့မဟုတ်ပါဘူး၊ မြတ်စွာဘုရားရှင်ကိုများ
ပမာမခန့်နဲ့၊ မလေးမစား...၊ ဟွန်း...”

အကျဉ်းချုပ်အဖြေစကားတွေကို အကျယ်ပြန်ရှင်းပြဖို့
မြတ်စွာဘုရားရှင်က မိန့်ကြားတော်မူတဲ့အတွက်
ရက်ကန်းသည်မလေးက အခုလို ပြန်ရှင်းပြခဲ့ပါတယ်။

■“ဘယ်ကလာသလဲ မေးတာကို မသိပါလို့
ဖြေရတာက ဘယ်ဘဝက လာမှန်း မသိလို့၊
ဒီဘဝမရောက်ခင် အရင်ဘဝက
ဘာသတ္တဝါဖြစ်ခဲ့တယ်ဆိုတာ မသိလို့ပါဘုရား”

■“ဘယ်သွားမလို့လဲ မေးတာကို မသိပါလို့ ဖြေရတာက
ဒီဘဝက သေရင် ဘယ်ဘဝရောက်မလဲဆိုတာ
မသိလို့ပါဘုရား”

■“တကယ်မသိဘူးလား မေးတာကို သိပါတယ်လို့
ဖြေရတာက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဧကန်မုချ
သေရမယ်ဆိုတာ သေချာပေါက် သိနေလို့ပါဘုရား”

■“တကယ်သိလား မေးတာကို မသိပါလို့ ဖြေရတာက
ဘယ်အသက်၊ ဘယ်အချိန်မှာ ဘယ်အနာရောဂါနဲ့
သေရမယ်၊ သေပြီး ရုပ်အလောင်းကို ဘယ်နေရာ၊
ဘယ်သုသာန်မှာ မြှုပ်နှံခံရမယ်ဆိုတာ
သေချာပေါက် မသိလို့ပါဘုရား”

မြတ်စွာဘုရားရှင်က အသေးစိတ်မမေးဘဲ၊
အဖျားဆွတ်မေးတာကို ရက်ကန်းသည်မလေးက
အသေးစိတ်တွေးပြီး အဖျားဆွတ်ဖြေနိုင်ခဲ့တာဟာ
သူမရဲ့ အပ္ပမာဒတရားကြောင့်ပါပဲ။
သူမ ကျင့်သုံးနေတဲ့ အပ္ပမာဒတရားရဲ့ စွမ်းရည်သတ္တိကြောင့်
မြတ်စွာဘုရားရှင်ရဲ့ မြှုပ်ကွက်ကို မြှုပ်ကွက်ပါလို့
မပြောရဘဲနဲ့ သူမ ချက်ချင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်လောက်က အာဠာဝီပြည်ကို
မြတ်စွာဘုရားရှင် ကြွလာပြီး သေခြင်းတရားကို
အမြဲမပြတ် သတိရအောက်မေ့တဲ့ မရဏဿတိဘာဝနာကို
မမေ့မလျော့ ပွားများကြဖို့ ဟောကြားတော်မူခဲ့ဖူးပါတယ်။

တခြား အာဠဝီပြည်သူပြည်သားတွေက
တရားနာပြီးတာနဲ့ တရားကို တရားပွဲထဲမှာပဲ
ချန်ထားရစ်ခဲ့ပြီး ၊ ကာမဂုဏ်အာရုံတွေ၊ အိမ်မှုကိစ္စ၊
လူမှုကိစ္စတွေနဲ့ မေ့မေ့လျော့လျော့ နေလိုက်ကြပါတယ်။
မရဏဿတိဘာဝနာကို လုံးဝ မပွားများကြပါဘူး။
တစ်ဆယ့်ခြောက်နှစ်သမီး ရက်ကန်းသည်မလေး
တစ်ယောက်ပဲ သုံးနှစ်လုံးလုံး အဆက်မပြတ်
မရဏဿတိဘာဝနာကို မမေ့မလျော့ ပွားများနေပါတယ်။

သူများတွေ ပမာဒတရားနဲ့ မေ့နေကြချိန်မှာ
မိမိက အပ္ပမာဒတရားနဲ့ မမေ့တဲ့အတွက်
မြတ်စွာဘုရားရှင်ရဲ့ မြှုပ်ကွက်ကို ချက်ချင်းသိမြင်ပြီး
ဒက်ထိ ဖြေဆိုနိုင်ခဲ့ပါတယ်။

“မေ့နေတဲ့သူတွေ မသိနိုင်ဘူး၊
မမေ့တဲ့သူမှ သိနိုင်တယ်” ဆိုတဲ့ အချက်ကို
ရက်ကန်းသည်မလေးရဲ့ အဖြစ်အပျက်က
အတိအလင်း မီးမောင်းထိုးပြနေပါတယ်။

✮မသိဘူးဆိုတာ မောဟပါ။ အဝိဇ္ဇာပါ။
✮သိတယ်ဆိုတာ အမောဟပါ။ ဝိဇ္ဇာပါ။ ပညာပါ။
မသိမှုဆိုတဲ့ မောဟပိုက်ကွန်ကို
ခုတ်ဖြတ်ဖျက်ဆီးပစ်နိုင်ဖို့အတွက်
မမေ့မှုဆိုတဲ့ အပ္ပမာဒလက်နက်ကို
အခိုင်အမြဲ ကိုင်စွဲထားရပါမယ်။

မသိမှုမောဟက ဘယ်မှာဖြစ်သလဲဆိုရင် မြင်ရ၊
ကြားရ၊ နံရ၊ စားရ၊ ထိရ၊ သိရတဲ့ အာရုံတွေမှာ ဖြစ်ပါတယ်။
ဒါကြောင့် မြင်တိုင်း၊ ကြားတိုင်း၊ နံတိုင်း၊ စားတိုင်း၊ ထိတိုင်း၊
သိတိုင်း “မြင်တယ်၊ ကြားတယ်၊ နံတယ်၊ စားတယ်၊
ထိတယ်၊ သိတယ်” လို့ သတိပဋ္ဌာန်နည်းကျ
ဝိပဿနာရှုပွားသွားရပါမယ်။

သတိ၊ သမာဓိ၊ ဉာဏ် အားကောင်းလာတာနဲ့အမျှ
ရုပ်နာမ်ကွဲ၊ ကြောင်းကျိုသိ၊ ဖြစ်ပျက်မြင်၊ လက္ခဏာထင်ပြီး
မသိမှု မောဟတရားတွေ တဖြည်းဖြည်း
ပါးပါးသွားပါလိမ့်မယ်။
နောက်ဆုံး “အရဟတ္တမဂ် ဓားလက်နက်” နဲ့
ခုတ်ဖြတ်ဖျက်ဆီးပစ်လိုက်လို့ မိမိကို
ဖုံးအုပ်ချုပ်နှောင်ထားတဲ့ မောဟပိုက်ကွန်ကြီး
အပိုင်းပိုင်း စုတ်ပြတ်ပျက်စီးသွားပြီဆိုရင်တော့
မိမိလည်း သံသရာဝဋ်ဆင်းရဲကြီးကနေ အပြီးတိုင်
ရုန်းထွက်လွတ်မြောက်ခွင့် ရသွားပါပြီ။

မောဟပိုက်ကွန် အကြွင်းမဲ့ ပြဲပေါက်ပြီး နိဗ္ဗာန်စခန်း
အပြီးတိုင် ဆိုက်ရောက်သွားကြတဲ့ သတ္တဝါတွေဟာ
တကယ်တော့ နည်းနည်းလေးပဲ ရှိပါတယ်။
ဒီအကြောင်းကို ရက်ကန်းသည်မလေး
သောတာပန်ဖြစ်သွားအောင် ဆက်ဟောတဲ့
တရားဂါထာမှာ မြတ်စွာဘုရားရှင်က
အခုလို ဟောကြားတော်မူခဲ့ပါတယ်။

“သတ္တဝါတွေရဲ့ ပညာမျက်စိဟာ ကြောင်တောင်
ကန်းနေတဲ့အတွက် သတ္တလောကကြီးတစ်ခုလုံး
အမှောင်အတိ ဖုံးလွှမ်းနေပါတယ်။
ဒီသတ္တဝါတွေထဲက တချို့တလေလောက်သာ
ပညာမျက်စိနဲ့ ထိုးထိုးထွင်းထွင်း သိမြင်နိုင်ကြပါတယ်။
ပိုက်ကွန်မိပြီးမှ ပြန်လွတ်ထွက်နိုင်တဲ့ ငှက်အရေအတွက်ဟာ
အင်မတန် နည်းပါးလှသလို အပ္ပမာဒတရား လက်ကိုင်ထားသူ၊
သတိပဋ္ဌာန်တရား လက်တွေ့ပွားသူ တချို့တလေ
အနည်းစုလောက်သာ မောဟပိုက်ကွန်ထဲကနေ
ရုန်းထွက်လွတ်မြောက်ပြီး နိဗ္ဗာန်ကို အပြီးတိုင်
ဆိုက်ရောက်သွားနိုင်ကြပါတယ်။”
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့
မြတ်စွာဘုရားရှင်က မောဟပိုက်ကွန်ဟာ
အနှိုင်းမဲ့ပိုက်ကွန်ဖြစ်တယ်လို့ “နတ္ထိ မောဟသမံ ဇာလံ”
ဆိုတဲ့ စကားတော်နဲ့ ဟောကြားညွှန်ပြထားတာမို့
လူသားတိုင်း လူသားတိုင်း “မောဟပိုက်ကွန်”ဆိုတဲ့
အနှိုင်းမဲ့ပိုက်ကွန်ကို အကြွင်းမဲ့ ပြတ်တောက်အောင်
ဖြတ်ဖောက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ။
【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】
၏ “အနှိုင်းမဲ့ချမ်းသာ”နှာ ၁၆၅ - ၁၇၉ မှ -
ကူးယူပူဇော်မျှဝေပါသည်။】
Posted by►
www.facebook.com/youngbuddhistassociation.mm
အပ္ပမာဒေန သမ္ပာဒေထ။
【ဆရာတော်အရှင်ဆန္ဒာဓိက၊
အပ္ပမာဒမဂ္ဂဇင်း၊ဇူလိုင်လ၊၂၀၀၀။】