တခါတုန်းက နန္ဒမာတာဆိုတဲ့ အမျိုးသမီးလေး
တစ်ယောက်ရှိပါတယ်။
သူ့မှာ နန္ဒလို့ အမည်ရတဲ့ သားတယောက်ရှိလို့
နန္ဒရဲ့အမေဖြစ်လို့ နန္ဒမာတာလို့ခေါ်တာပါ။
မြန်မာလိုပြောရင်တော့ နန္ဒမေမေပါ။
နန္ဒမာတာက အိမ်အပေါ်ထပ်မှာ “ပါရာယနသုတ်”ကို
အသံနေအသံထားမှန်မှန်နဲ့ ရွတ်ဖတ် ပူဇော်နေပါတယ်။
အဲဒီအချိန်မှာပဲ ဝေဿ၀ဏ် နတ်မင်းကြီးက
ကောင်းကင်ကနေ ဖြတ်သွား ပါတယ်။
နန္ဒမာတာ ရွတ်ဖတ်နေသံကြားတော့ ခဏရပ်ပြီး
သုတ်ဆုံးတဲ့အထိ နာယူပါတယ်။ သုတ်ဆုံးသွားတော့
နန္ဒမာတာဆီသွားပြီး “သာဓု သာဓု ငါ့နှမ သင်ရွတ်ဖတ်ပူဇော်တဲ့
ပါရာယန သုတ်ဟာ မြတ်စွာဘုရား ဗာဝရီပုဏ္ဏားကြီးရဲ့
တပည့်(၁၆)ယောက်ကို ဟောထားတဲ့အတိုင်း ပါပဲ။
အကုန်ထပ်တူပါပဲ” လို့ ပြောတော့ နန္ဒမာတာက
“သင် ဘယ်သူလဲ” လို့ ပြန်မေးပါတယ်။
ဝေဿ၀ဏ်နတ်မင်းကလည်း သူ့နာမည် ကို ပြောပြပါတယ်။
နန္ဒမာတာကလည်း ချက်ချင်း လက်အုပ်ကလေးချီပြီး
“ပါရာယနသုတ်ကို ရွတ်ဖတ်ပူဇော်ရတဲ့
ကုသိုလ်အဖို့ဘာဂကို အရှင် နတ်မင်းအားလည်း
အမျှပေးဝေပါတယ်” လို့ ပြောပြီး အမျှဝေပါတယ်။
ဒီတော့ ဝေဿ၀ဏ်နတ်မင်းက “သင် နှမပေးတဲ့
ကုသိုလ်အမျှကိုလည်းခံယူပါတယ်။ ကျွန်ုပ်ကလည်း
သင်နှမကို သတင်းကုသိုလ် ပေးခဲ့ပါဦးမယ်။
မနက်ဖြန်မနက် ဒီမြို့ကို အရှင် သာရိပုတ္တရာနဲ့
အရှင်မဟာမောဂ္ဂလာန် ဦးဆောင် ပြီး သံဃာ(၅၀၀)
ဆွမ်းခံကြွပါမယ်။ ဒီအတွက် သင် နှမက ဆွမ်းကုသိုလ်ယူပါ။
ဆွမ်းကပ်ပြီးတဲ့ အခါ ကျွန်ုပ်ကိုလည်း အမျှပေးဝေပါဦး”
ပြောပြီး “တရားတော်ကို ပူဇော်တဲ့အနေနဲ့ ဒီပစ္စည်းတွေကို
လက်ခံပါ” လို့ စပါးတွေရယ်၊ စပါးကျီရယ်ကို
တန်ခိုးနဲ့ဖန်ဆင်းပေးခဲ့ပါတယ်။ ဒါတင်မကပါဘူး။
“ဤ အမျိုးသမီးလေး အသက်ရှည်သမျှကာလပတ်လုံး
ဘယ်လောက်သုံးသုံး ဒီစပါးတွေဟာ
လျော့ပါးကုန်ခန်းခြင်း မရှိပါစေနဲ့” လို့လည်း
အဓိဋ္ဌာန်ပေးခဲ့ပါတယ်။
ဝေဿ၀ဏ်နတ်မင်း ဖန်ဆင်းပေးခဲ့တဲ့ အတိုင်း
နန္ဒမာတာ ဘယ်လောက်ပဲသုံးသုံး စပါးတွေက
လျော့မသွားတော့ပါဘူး။
အင်္ဂုတ္တိုရ် ပါဠိတော်၊ဒုတိယတွဲ၊စာမျက်နှာ(၄၄၄)
အဋ္ဌကထာ၊ တတိယတွဲ၊ စာမျက်နှာ (၁၆၉)
နန္ဒမာတာရဲ့ ၀တ္ထုလေးကို ကြည့်လိုက်ပါ။
ဝေဿ၀ဏ်နတ်မင်းက သူကြိုက်တဲ့
ပါရာယနသုတ်ကို နာကြားလိုက်ရတော့
နန္ဒမာတာကို စပါးတွေ မ,စခဲ့ပါတယ်။ ဒီအတိုင်းပါပဲ။
ကိုယ်ကြိုက်တဲ့ ဘုရားဟော ပါဠိတော်တခုခုကို
နေ့စဉ်ရွတ်ဖတ်ပူဇော်နေမယ်၊
နတ်တွေက အများကြီးရှိတာဆိုတော့
ကိုယ်နဲ့အကြိုက်ချင်းတူတဲ့ နတ်တပါးပါးတော့ ရှိမှာပါ။
အကြိုက်ချင်းတူတဲ့နတ်က သာဓုခေါ်ပြီး
သူတို့စွမ်းနိုင်သလောက် ပုံစံတမျိုးမျိုးနဲ့ ကိုယ့်ကို
ကူညီနိုင်ပါတယ်။
နန္ဒမာတာလိုတော့ နတ်နဲ့ တိုက်ရိုက်တွေ့မှာတော့
မဟုတ်ပါဘူး။ မထင်မှတ်တဲ့ပုံစံလေးတွေနဲ့
ကိုယ်လုပ်နေတဲ့ အလုပ်ကလေးတွေ အဆင်ပြေသွားအောင်၊
ဆုံးဖြတ်ချက်တွေမှန်အောင်၊ မိတ်ကောင်းဆွေကောင်းတွေ
တွေ့အောင် စသည်ဖြင့် ပုံစံတမျိုးမျိုးနဲ့ကူညီမှာပါ။
သာဓုခေါ်တဲ့ နတ်က ကိုယ့်ကို ကူညီလိုက်တယ်လို့တော့
သိမှာမဟုတ်ပါဘူး။ ကံအား လျော်စွာ
အဆင်ပြေသွားတယ်လို့ပဲထင်မှာပါ။
ရွတ်တာ ဖတ်တာနဲ့ပတ်သက်ပြီး
ရှေးဆရာတော်ဘုရားတွေက
“မှန် (၃)မှန်နဲ့ ရွတ်ပါ” လို့ သြ၀ါဒပေးလေ့ ရှိပါတယ်။
မှန် (၃)မှန်ဆိုတာက အချိန်မှန်၊နေရာမှန်၊စာမှန်ပါ။
●ဥပမာ ည (၉)နာရီ ပုံမှန်ရွတ်မယ်ဆိုရင်
ည (၉)နာရီ အချိန်မှန်မှန် ရွတ်တာပါ။
●နေရာမှန်ဆိုတာ ဘုရားခန်းမှာ ပုံမှန်ရွတ်မယ်ဆိုရင်
ဘုရားခန်း မှာ နေရာမှန်မှန်ရွတ်တာပါ။
●စာမှန်ဆိုတာ ရွတ်ဖတ်မယ့် ပါဠိကို
နားလည်တဲ့သူဆီမှာ သင်ယူပြီး စာကို
မှန်အောင်ရွတ်တာပါ။
မှန် (၃)မှန်နဲ့ ရွတ်ဖြစ်နေရင် ကိုယ့်ရဲ့ရွတ်ဖတ်မှုကို
နာယူချင်တဲ့ နတ်တွေက “ ဒီလူသားဟာ
ည (၉)နာရီဆို ဘုရားခန်းမှာ ပဋ္ဌာန်းကို ပုံမှန်ရွတ်နေကျ။
ငါသွားနာယူမှပဲ” ဆိုပြီး ည (၉)နာရီထိုးခါနီးဆိုရင်
နာယူမယ့်နတ်တွေက ကြိုရောက်ချင် ရောက်နေမှာပါ။
●အဲဒီလိုမဟုတ်ဘဲ ရွတ်ချင်တဲ့အချိန် ရွတ်ချင်တဲ့နေရာမှာ
အဆင် ပြေသလို ရွတ်နေမယ်ဆိုရင်တော့
နတ်တွေက တကူးတက လာနာမှာ တော့မဟုတ်ပါဘူး။
ကြုံလို့နာယူတာပဲ ဖြစ်မှာပါ။ နေ့စဉ်တော့ ရွတ်ပါရဲ့။
ဒါပေမဲ့ တခါတလေ (၇)နာရီရွတ်လိုက်၊
(၈)နာရီရွတ်လိုက်၊ (၉)နာရီ ရွတ်လိုက်ဆိုရင်လည်း
ရွတ်ချိန်မမှန်တဲ့အတွက် လာနာယူမယ့်နတ်တွေ
အတွက် အခက်အခဲဖြစ်နေပါလိမ့်မယ်။
●ရွတ်တဲ့နေရာကလည်း ဘုရားခန်းရွတ်လိုက်၊
အိမ်ရှေ့ရွတ်လိုက်၊ အိပ်ခန်းထဲရွတ်လိုက်ဆိုရင်
နတ်တွေ ဘယ်မှာကြိုစောင့်ရမှန်းမသိတော့ပါဘူး။
●ပြီးတော့ ရွတ်တဲ့နေရာမှာ စာတွေကမမှန်ဘူးဆိုရင်လည်း
နာယူ ရတဲ့နတ်မှာ အဆင်ပြေမယ်မထင်ပါဘူး။
ဒါကြောင့် ရှေ့ဆရာတော်ဘုရားတွေက
မှန်(၃)မှန်နဲ့ ရွတ်ဖို့ သြ၀ါဒ ပေးခဲ့ကြတာပါ။
ရွတ်တဲ့နေရာမှာ နတ်တွေကို ကြိုပင့်ဖိတ်တာရယ်၊
ရွတ်ပြီးတဲ့ အခါ နတ်တွေကိုအမျှဝေတာရယ်ကိုတော့
မဖြစ်မနေလုပ်ရပါမယ်။ ဒါမှ သူတို့နဲ့ကိုယ် အပြန်အလှန်
ကျေးဇူးရှိပြီး အပြန်အလှန်ကူညီချင်စိတ်တွေရှိမှာပါ။
ရွတ်တဲ့ဖတ်တဲ့နေရာမှာတော့ တယောက်နဲ့တယောက်
သပ္ပာယ သင့်ပုံချင်း တူချင်မှတူမှာပါ။
တချို့ကမေတ္တာသုတ်ရွတ်ရတာ အားသန် မယ်၊
တချို့က ပဋ္ဌာန်း၊ တချို့က ဓမ္မစကြာ၊
တချို့က ဂုဏ်တော်၊
တချို့က ဒိဝါတပတိနဲ့အဋ္ဌာနမေတံဂါထာ စသည်ဖြင့်
အားသန်ရာမျိုးစုံ ရှိနေမှာပါ။
ဒါကြောင့် ကိုယ်ဝါသနာပါရာ ကိုယ်အားသန်ရာကို
ရွတ်ဖတ်ဖို့ပါပဲ။
တကယ်တော့ ရွတ်ဖတ်ရတဲ့အကျိုးတွေက ဒါတင်မကပါဘူး။
အကျိုးမျိုးစုံရှိနေပါတယ်။ မှန်(၃)မှန်နဲ့ ရွတ်ပြီးသွားတဲ့အခါ
ကိုယ့်ကိုယ် ကိုယ်ကျေနပ်ပြီး စိတ်ပါဝါတခုရလိုက်သလို
ခံစားရပါတယ်။ ဒါက တကယ့်လက်တွေ့အကျိုးပါ။
တခါတလေများ ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ်တွေ
ဝင်လာတဲ့အခါ ၀ိပဿနာသဘောအရဆိုရင်
ဖြစ်လာတဲ့ အကုသိုလ်ကို ဖြစ်လာတဲ့အတိုင်း
“အကုသိုလ်ဖြစ်တယ်၊ အကုသိုလ်ဖြစ်တယ်”
ဆိုပြီး ၀ိပဿနာရှုပစ်ရမှာပါ။
ဒါပေမဲ့ ရင်ထဲမှာဖြစ်နေတဲ့အကုသိုလ် က
သိပ်ပြင်းထန်နေတဲ့အတွက် ၀ိပဿနာရှုဖို့
မလွယ်လောက်ပါဘူး။ ဖြစ်နေတဲ့ အကုသိုလ်ကိုလည်း
ပျောက်ချင်တယ်။ ၀ိပဿနာလည်း မရှုနိုင်ဘူးဆိုရင်
မြတ်စွာဘုရားမှာ ရေချမ်းကပ်လိုက်ပါ။
ပြီးမှ ကိုယ် အားသန်တဲ့ ဂါထာပါဠိတခုခုကို အသံ
ကျယ်ကျယ်နဲ့ ရွတ်ပစ်လိုက်ပါ။ လမ်းလျှောက် ပြီးပဲ ရွတ်ရွတ်၊
ထိုင်ပြီးပဲ ရွတ်ရွတ်ကြိုက်သလို ရွတ်လို့ရပါတယ်။
စာရေးသူကတော့ လမ်းလျှောက်ရွတ်ရတာကို
ပိုအားသန်ပါတယ်။
ရွတ်ဖတ်ပြီးသွားတဲ့အခါဖြစ်နေတဲ့ အကုသိုလ် က
အသင့်အတင့် လျော့သွားတာ များပါတယ်။
စိတ်ထဲကပဲရွတ်နေမယ် ဒါမှမဟုတ် အသံထွက်ရုံပဲ
ရွတ်နေမယ်ဆိုရင်တော့ ကိုယ် လိုချင်တဲ့အကျိုးက
မျှော်လင့်သလောက် အကျိုးသက်ရောက်မှုဖြစ်ချင်မှဖြစ်မှာပါ။
အသံ တွေမှာ စွမ်းအားတွေရှိနေပါတယ်။
အဲဒီအသံ စွမ်းအားတွေက ကိုယ်ဖြစ်နေတဲ့
စိတ်အခြေ အနေကို တစိတ်တဒေသအနေနဲ့
ကူညီ ပါလိမ့်မယ်။
ရွတ်ဖတ်ရတဲ့ တကယ့်ဦးတည်ချက်ကတော့
နိဗ္ဗာန်ရဲ့အထောက်အပံ့ဖြစ်ဖို့ပါပဲ။
ဒါကိုတော့ အဓိကဦးတည်ချက် ထားရမှာပါ။
ဒါကြောင့် ရွတ်ဖတ်ပြီးတိုင်းလည်း
“ဤ ရွတ်ဖတ်ပူဇော်ရသော ကုသိုလ်ကောင်းမှု
အဖို့ဘာဂသည် နိဗ္ဗာန်၏အထောက်အပံ့ဖြစ်ပါစေ”
လို့ အမြဲမဖြစ်မနေ ဆုတောင်းရပါမယ်။
အကျိုးတွေကတော့ တကယ်ကျေနပ်စရာ အကျိုးချည်းပါပဲ။
မရွတ်ဖတ်ခင် ဘုရားမှာ ရေချမ်းလေးကပ်ပြီးမှ
ရွတ်ရင်ရွတ်ရတာ ပို ကောင်းပါတယ်။
မြတ်စွာဘုရားကို ရေချမ်းကပ် ပြီးရင် ရင်ထဲကိုအေးသွားတာပါပဲ။
အဲဒီအအေးဓာတ်ကလေးနဲ့ရွတ်ရတော့ ရွတ်ဖတ်မှုကို
အထောက် အကူပြုပါတယ်။
အဲဒီလိုမှမဟုတ်ဘဲ ကိုယ့်မှာ ဘာလိုအပ် ချက်မှလဲမရှိဘူး။
လောကီ မျှော်လင့်ချက်တွေ လည်း မထားချင်ဘူးဆိုရင်တော့
မြတ်စွာ ဘုရားရှင်ကို ပူဇော်တဲ့အနေနဲ့ ရွတ်ဖတ်ပူဇော်
လို့လည်းရပါတယ်။ ဘာလောကီ မျှော်လင့်ချက်မှမရှိတဲ့အတွက်
စိတ်ထဲမှာ ပေါ့ပါးနေသလို ကျေနပ်တဲ့ အရသာတခုကိုလည်း
ပုံစံ တမျိုးနဲ့ခံစားနေရပါတယ်။
လောကီမျှော်လင့်ချက်တခုခုထားပြီး ရွတ်နေရရင်
ပေါ့ပါးမှုမရှိဘဲ ၀န်တခုခုကိုထမ်းပြီး ရွတ်နေရသလိုပါပဲ။
ရွတ်ဖတ်တဲ့အခါ အသံထွက်ပြီးရွတ် တာက အကောင်းဆုံးပါ။
ဒါဆို ကိုယ့်အသံ ကိုယ်အာရုံပြုပြီး ပြန်ကြည်ညိုလို့လည်းရသလို၊
ဘေးပတ်ဝန်းကျင်က နာယူနေကြတဲ့ နတ်တွေအတွက်ကော
မိသားစုအတွက်ကော ကုသိုလ်လည်း တိုးပါတယ်။
တခုတော့ရှိပါတယ်။ အသံပြဲကြီးနဲ့ အော်ရွတ်နေမယ်ဆိုရင်တော့
ကြားရတဲ့သူတွေ ကုသိုလ်မဖြစ်ဘဲ စိတ်အနှောင့်အယှက်
ဖြစ်နေပါလိမ့် မယ်။ ဒါလည်း သတိထားစရာတခုပါပဲ။
ဦးဇင်းအရှင်ဆန္ဒာဓိကကတော့ စာရေးသူကို
စာကြည့်ပြီးလို့ ညနေခင်းလေးတွေ ခြံထဲဆင်းတဲ့အခါ
သစ်ပင်ရဲ့ သစ်ခက်သစ်ရွက် ကလေးတွေကို လက်နဲ့ကိုင်ပြီး
သစ်ပင်လေးအတွက်ရယ်၊ သစ်ပင်မှာရှိတဲ့
နတ်ကောင်းနတ်မြတ်တွေနဲ့မမြင်အပ်တဲ့ ပုဂ်္ဂိုလ်တွေအတွက်ရယ်ကို
မေတ္တာသုတ်တခေါက် ရွတ်ရွတ်ပေးဖို့ပြောပါတယ်။
တရက်ကို သစ်ပင် တပင်ကို မေတ္တာသုတ်တခေါက်
ရွတ်ရွတ်ပေးသွားဖို့ပါ။
မေတ္တာသုတ်တခေါက်က ဘာမှကို မကြာပါဘူး။
သုံးမိနစ်၊ လေး မိနစ်လောက်ပဲရှိမယ်ထင်ပါတယ်။
ဒါပေမဲ့ တဒင်္ဂစိတ်ချမ်းသာမှုလေးက
အရင်းထက်ပိုများနေပါတယ်။ စိတ်အေးချမ်းမှုလေးတခု
ရင်ထဲဝင်လိုက်တာနဲ့ ဘ၀က သိပ်ကျေနပ်ဖို့
ကောင်းသွားတာပါ။
ကျောင်းတိုက်တည်စကတော့ သစ်ပင်ဆိုလို့
စာရေးသူမကြိုက်တဲ့ မလေးရှားပိတောက်ပင်ကြီးတပင်ပဲ
ပါပါတယ်။ အခုတော့ ကျောင်းထဲမှာ သစ်ပင်တွေက
တောအုပ်တခုနီးနီး ဖြစ်သွားပြီဆိုတော့
ဦးဇင်းအရှင် ဆန္ဒာဓိက ခိုင်းတဲ့အတိုင်း တနေ့တပင်နှုန်း
လိုက်ရွတ်ဖို့ဆို တနှစ်နဲ့တောင် ပြီးမှာမဟုတ်တော့ပါဘူး။
ရွတ်ဖတ်မှုတွေကတော့ ပုံစံမျိုးစုံနဲ့ရှိနေကြမှာပါ။
တခြား စာရေးသူမသိတဲ့ ရွတ်ဖတ်မှုပုံစံလေးတွေလည်းပဲ
ရှိနေဦးမှာပါ။ ဘယ်ပုံစံနဲ့ပဲ ရွတ်ရွတ်စိတ်ချမ်းသာဖို့နဲ့
ကုသိုလ်ဖြစ်ဖို့က အဓိကပါပဲ။
ဒီနှစ်ခုက ငွေနဲ့ယှဉ်လို့မရတဲ့အရာတွေပါ။
ဘာပဲပြောပြော ရှေးဆရာတော်တွေ မိန့်ထားတဲ့
မှန် (၃)မှန်နဲ့ ရွတ်ဖြစ်လိုက်ရင် ကျေနပ်စရာတခုခုတော့
ရလာတာပါပဲလေ။ ။
-【ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)】