အမှတ်တမဲ့ပြောလိုက်သောစကားလေး
တစ်ခွန်းက အမှတ်တရဖြစ်ရပ်တွေ ရရှိတတ်ပေတယ်။
အမှတ်တမဲ့လုပ်လိုက်တဲ့ ကိစ္စလေးကြောင့်လည်း
အမှတ်တရဇာတ်လမ်းတွေ ပေါက်ပွားတတ်ပေတယ်။
ပြောလိုတာကတော့-
အမှတ်တမဲ့အပြော၊အမှတ်တမဲ့အပြုအမူတွေဟာ
အမှတ်တရဖြစ်စေတတ်တယ်…ဆိုတာပါပဲ။
မှန်ပါတယ်။ ကိုယ်ကသာ အမှတ်တမဲ့
(အမှတ်သတိမရှိဘဲ)ပြောလိုက်ပေမယ့် ခံရတဲ့သူမှာ
မသက်သာပါဘူး။အနာတရဖြစ်သွားတတ်ပါတယ်။
မိမိကသာ အမှတ်တမဲ့(အမှတ်မဲ့) လုပ်လိုက်မိတဲ့
ကာယကံတစ်ခုက-ထိခိုက်သွားသူမှာ
ဒဏ်ရာရတတ်ပါတယ်။
“ဒဏ်ရာ”ဆိုသည်မှာ “ကိုယ်ခန္ဓာ”မှာရတဲ့
ရုပ်ဒဏ်ရာလည်းဖြစ်ချင်ဖြစ်မယ်။
“စိတ်”ကို ထိခိုက်တဲ့ နှလုံးသား ဒဏ်ရာလည်း
ဖြစ်ချင်ဖြစ်မယ်။
“ခုဇ္ဇုတ္တရာအမျိုးသမီး”
•••••••••••••••••••••••••••
ခုဇ္ဇုတ္တရာ ဆိုတာ- ဗုဒ္ဓစာပေတွေမှာ
အသေအချာအထင်အရှားရှိပါတယ်။
သူမရဲ့နာမည်ရင်းကတော့ “ဥတ္တရာ”ပါ။
ခါးကလေးကုန်းနေလို့ “ခုဇ္ဇ” ဝေါဟာရနဲ့ တွဲစပ်
ဝိသေသနပြုပြီး ခုဇ္ဇုတ္တရာ ဟု ခေါ်ဝေါ်ကြတာပါ။
“ခုဇ္ဇ”-ဆိုတဲ့ပါဠိ အနက်က “ကုန်းခြင်း” အဓိပ္ပါယ် ရပါတယ်။
“ခုဇ္ဇုတ္တရာ” သို့မဟုတ် “ခါးကုန်းမလေးမဥတ္တရာ”ပေါ့။
ဒါနဲ့ အလားတူ နာမည်တွေဟာ ဗုဒ္ဓစာပေမှာ
အမြောက်အမြားတွေ့ရတယ်။
-မဟာပဇာပတိဂေါတမီ- အရှင်သခင်မဂေါတမီ
(ဗုဒ္ဓဘုရားရဲ့ မိထွေးတော်)
-ကိသာဂေါတမီ- ခန္ဓာကိုယ်ကြုံလှီသေးကွေးတဲ့
ဂေါတမီ (ယနေ့ခေတ် စကားနဲ့ပြောရင်တော့
မော်ဒယ်ဂဲ(လ်) ဂေါတမီပေါ့)
-မဟာသုပ္ပဗုဒ္ဓမင်း-သာကီဝင်မင်းသုပ္ပဗုဒ္ဓ
(ဗုဒ္ဓဘုရားရဲ့ ဦးရီးတော်၊ အရှင်ဒေဝဒတ်နဲ့ ယသော်ဓရာ
မင်းသမီးတို့ရဲ့ ဖခင်)
-သုပ္ပဗုဒ္ဓကုဋ္ဌ- ကိုယ်ရေပြားရောဂါသည်
သုပ္ပဗုဒ္ဓ(ဗုဒ္ဓဘုရားရှင်ရဲ့တရားတော်ကို နာကြားရပြီး
သောတာပန်ဖြစ်သွားသူ)
“တိဿ” ဆိုတာတွေလည်း အများကြီး ရှိတယ်။
တိဿ ဆိုတဲ့ ရှင်သာမဏေလေးတစ်ပါးတည်းကပင်
ကမ္ဗလာတိဿ၊ ပိဏ္ဍပါတိကတိဿ၊ ဝနဝါသိ
တိဿ ...ဆိုပြီးတော့ကာ သုံးမည်ရတာတောင်ရှိရဲ့။
ကာဠုဒါယီ-လာနူဒါယီ။
နန္ဒတွေလည်း အများကြီး။
နန္ဒမင်းသား (ညီတော်)၊ နန္ဒ ရွှေပန်းတိမ်သည်၊
နန္ဒ နွားသတ်သမား စသဖြင်ပေါ့။
ဒါတွေထားတော့။
ခုဇ္ဇုတ္တရာ အကြောင်း ဆက်ရအောင်..။
ခုဇ္ဇုတ္တရာ ဟာ အကြားအမြင်များတဲ့
(ဗဟုသုတ ဧတဒဂ်) ဘွဲ့ထူးရရှိသူဖြစ်တယ်။
သူမဟာ ဒီဘွဲ့ထူးကို ပဒုမတ္တရဘုရားရှင်လက်ထက်
ကတည်းက ဆုပန်ဆင်ခဲ့တာပါ။
ဗုဒ္ဓဂေါတမလက်ထက်တော် ရောက်တဲ့အခါကျတော့
ဃောသကသူဌေးရဲ့ အထိန်းတော်မဝမ်းမှာ
သန္ဓေတည်ခဲ့တယ်။
အထိန်းသည်မရဲ့ သမီးဆိုပါတော့။
ကောသမ္ဘီပြည်ဥဒေန(ဥတေန)မင်းကြီးရဲ့ မိဖုရား၊
သမာဝတီထံမှာ အလုပ်အကျွေးပြုခဲ့ရ၊
သာမာဝတီကို နေ့စဉ် ပန်းဆက်ရတဲ့ တာဝန်ကို ယူရတယ်။
သူမဟာ ရှစ်အသပြာဖိုး ပန်းဝယ်ခိုင်းသော်လည်း
လေးသပြာကို ခိုး ခိုးထားပြီး လေးအသပြာဖိုးသာ
ပန်းဝယ်လေ့ရှိသတဲ့။
တစ်နေ့မှာတော့ပန်းဝယ်သွားရင်း ဗုဒ္ဓဘုရားရဲ့တရားကို
နာကြားရပြီး၊သောတာပန်တည်ခဲ့တယ်။
သောတာပန် ဖြစ်တော့မှပဲ လေးအသပြာဖိုး
မခိုးတော့ဘဲ၊ရှစ်အပြာ ပန်းဝယ်တယ်လေ။
အဲဒီမှာ- သာမာဝတီမိဖုရားက
“ဒီနေ့ ခါတိုင်းနဲ့မတူ ပန်းတွေများလှချည်လား
ခုဇ္ဇုတ္တရာရဲ့ ..” လို့ပြောတဲ့အခါ-
ခုဇ္ဇုတ္တရာ က အမှန်အတိုင်း ဝန်ခံပြောဆိုပါတယ်။
ရတနာသုံးပါး ကိုင်းရှိုင်းဆည်းကပ်တဲ့
သာမာဝတီမင်းသမီးဟာ ခုဇ္ဇုတ္တရာအား သူမ
နာကြားခဲ့ရတဲ့ တရားကို ပြန်ဟောပေးရန်တောင်းဆိုတယ်။
ဒီအခါ ခုဇ္ဇုတ္တရာက ဓမ္မကထိကလုပ်ပြီးတရားဟောပါတယ်။
ခုဇ္ဇုတ္တရာ က မြင့်ရာကနေပြီး ၊ သာမာဝတီတို့က
နိမ့်ရာမှနေကာ တရားနာယူစေခဲ့ပါတယ်။
တရားကို ရိုသေသောအားဖြင့်ပေါ့။
အဆင့်အတန်းအနေနဲ့ပြောရင်
သာမာဝတီက မိဖုရားကြီး၊
ခုဇ္ဇုတ္တရာက အလုပ်အကျွေးအစေခံ။
တရားဓမ္မနဲ့ ပတ်သက်လာလျှင် အမြင့်စံဖြစ်ရတယ်လေ။
ဒါဟာ တရားဓမ္မရဲ့ ဂုဏ်ကျေးဇူးပါပဲ။
ခုဇ္ဇုတ္တရာ ဟာ ပဋိကတ်သုံးပုံကို ဆောင်နိုင်သူ ဖြစ်တယ်။
ဗုဒ္ဓဘုရား ရဲ့ ဟောကြားချက်ဓမ္မများကို
သာမာဝတီ တို့အား နေ့စဉ် ပြန်လည် ဟောကြားပေးရတယ်။
သူဟောကြားတဲ့ တရားဓမ္မတွေကို
စုပေါင်းပြီး သုတ္တန္တပိဋကမှာ ဣတိဝုတ္တက(ဣတိဝုတ်)
ကျမ်းဆိုပြီး ကျမ်းတစ်စောင်ပေတစ်ဖွဲ့ပြုကာ
သံဂါယနာ တင်ထားတယ်။
ခုဇ္ဇုတ္တရာ ဆိုတာ ဘယ်လို ပုဂ္ဂိုလ်ဆိုတာ
သိသာအောင် သူမရဲ့အကြောင်းကို အနည်းငယ်
ချဲ့ထွင်ပြီးပြောလိုက်တာပါ။
အဓိကပြောချင်တာကတော့ သူမခုလို
ခါးကုန်းရတဲ့အကြောင်း ၊
ကဿပဘုရားရှင်လက်ထက်တုန်းကသူမဟာ
သူဌေးသမီးပါ။
လူ့ဘဝတုန်းက သူငယ်ချင်းဖြစ်တဲ့ ဘိက္ခုနီမ
ညနေခင်း အိမ်သို့ကြွအလာမှာ သူမက
အလှပြင်နေတယ်လေ။
အလှပြင်နေဆဲ သူငယ်ချင်းဘိက္ခုနီကလည်း
ဝင်ရောက်လာတော့ အလှပြင်ပစ္စည်း(ပေါင်ဒါဗူး)
အယူခိုင်းခဲ့မိတယ်။
ယနေ့လူတွေခိုင်းတဲ့အခါ ပြောတတ်ကြတယ်မဟုတ်လား။
“မရိုမသေ မီးခြစ်လေး ယူပေးစမ်းပါ၊
တဆိတ်လောက် ဟို စာအုပ်ကို ထုတ်ပေးစမ်းပါ…”
ဆိုသလိုပေါ့။
ခိုင်းတုန်းကတော့ အမှတ်တမဲ့ပါပဲ။
ဒါပေမယ့် အကုသိုလ်အပြစ်က လက်ပိုက်ကြည့်
မနေဘူးလေ။ ဘိက္ခုနီမကို ခိုင်းခဲ့လို့ ကျွန်ဖြစ်ရတယ်။
“အမှတ်တရ” ဖြစ်သွားရပြီ။ ဆွမ်းခံကြွလာတဲ့
ရဟန်းတစ်ပါးဟာ ခါးကုန်းနေတာကိုမြင်ပြီး
သူမဟာ အပျော်အပျက်ရယ်စရာသဘောနဲ့
ကုန်းတဲ့ကွတဲ့ ပုံစံတူလုပ်ပြခဲ့တယ်။ ခါးကုန်း
သဏ္ဌာန် ပုံစံလုပ်ပြခဲ့တာဟာ လုပ်တုန်းကတော့
အမှတ်တမဲ့ပဲဖြစ်မှာပါ။ ခုတော့..မခုဇ္ဇုတ္တရာ
ဖြစ်လာတာ အမှတ်တရဖြစ်ရပြီ။
“အမ္ဗပါလီ”
••••••••••••••
ဝေသာလီမင်းသမီး အမ္ဗပါလီဟာ
အချောအလှမှာ နာမည်ကြီးခဲ့ပါတယ်။
ရင်၊ ခါးအလှ၊တင်သားအကျ၊ဣတ္ထိယသဘာဝ၊
အလှအပ ဘာမျှ အပြစ်ပြောစရာမရှိလောက်အောင်
ချောမောလှပသူလေးဖြစ်ရုံမျှမက၊
ကောင်းခြင်း ငါးဖြာနဲ့လည်းပြည့်စုံတယ်။
အလွန်မည်းခြင်း၊ အလွန်ဖြူခြင်း၊
အလွန်ဝခြင်း ၊ အလွန်ပိန်လှီခြင်း ၊ အရပ်မြင့်လွန်းခြင်း၊
အရပ်နိမ့်လွန်းခြင်းဆိုတဲ့အပြစ်ခြောက်ပါးကင်းသူလေးလည်း
ဖြစ်နေတယ်။ကောင်းခြင်းငါးဖြာဆိုတာကတော့
ဆံပင်ရဲ့ကောင်းခြင်း၊ အသားရောင် ကောင်းခြင်း၊
အရေရဲ့ကောင်းခြင်း၊ အရိုးအဆစ်ပြေပြစ်ကောင်းမွန်ခြင်း၊
အရွယ်ရဲ့ကောင်းခြင်းတို့ပဲဖြစ်တယ်။
(ကောင်းခြင်းငါးဖြာမူကွဲလည်း ရှိပါသေးတယ်)။
ဒီလောက်ဆိုရင် အမပ္ဗါလီ ရဲ့ အလှကို
မှန်းဆလို့ ရပါပြီ။
လှလွန်းဆွေ အမ္ဗပါလီကို ဟိုသူဌေးက လိုချင်၊
သည်သူဌေးက ဆက်သွယ်၊
ဟိုမင်းသားသားက ကမ်းလှမ်း၊
သည်မင်းသားက ချဉ်းကပ်..စသဖြင့်
အလွှာစုံ၊နယ်စုံက စုပြုံစုံမက်နှစ်သက်နေသူဖြစ်လေတော့...
“ကိုင်း..ဘယ်သူမှ အပိုင်မယူရ၊ မျှမျှတတ
အားလုံးနဲ့ သက်ဆိုင်စေ..”လို့ ဆုံးဖြတ်ကြကာ
ပြည့်တန်ဆာဖြစ်ရရှာတယ်လေ..။
လှလွန်းခြင်းရဲ့အပြစ်လို့ ပြောရမလားပဲ။
ဘဝအကျိုးပေးကောင်းလို့ လှပချောမောသူဖြစ်ရပေမယ့်..
ဘဝအကြောင်း မကောင်းခဲ့လို့လည်း
ပြည့်ကြီးတန်ဆာ ဖြစ်ရပြန်တယ်။
ဟိုလွန်လေပြီးသောအတိတ်က သိခီဘုရား လက်ထက်ကပါ။
စေတီရင်ပြင်ပေါ်မှာ ဘိက္ခုနီမကြီးတစ်ပါးဟာ “ဟပ်ချိုး”
ချေဆတ်၊ချောင်းအဟပ် သလိပ်ခတ်လိုက်ရာ- သလိပ်ဖတ်
တံတွေး၊ အညစ်အကြေးတွေ ရင်ပြင်ပေါ်မှာ ကျသွားခဲ့တယ်။
ဒါကိုတွေ့မိကာ “ဘယ်...မက ဘုရားရင်ြပင်တော်ပေါ်
အညစ်အကြေး စွန့်ခဲ့တာလဲ..”လို့
ပြောဆိုမိတဲ့ ဝစီကံအပြစ်က အမ္ဗပါလီ ဖြစ်တဲ့ ဘဝမှာ
မကောင်းကျိုးပေးကာ ပြည့်တန်ဆာဖြစ်ရပြီလေ။
အမှတ်တမဲ့ပြောခဲ့တဲ့ အပြစ်တစ်ခုက
အမှတ်တရဖြစ်သွားတာပါပဲ။
အမှတ်တမဲ့ပေမယ့်၊အမှတ်တမဲ့တွေဟာ
ပျောက်ကွယ်မသွားဘူး။
“အဟောသိကံ”ဖြစ်မသွားဘူး။
အဲဒီအမှတ်တမဲ့တွေဟာ ဘဝတစ်ခုမှာ
အမှတ်တရဖြစ်သွားရတာတွေ အများကြီးပါပဲ။
ဒါ့ကြောင့် အမှတ်တမဲ့ဆိုပြီး သူတစ်ပါးကို
အပြစ်မပြောမိကြပါစေနဲ့။မကဲ့ရဲ့မိကြပါစေနဲ့။
သူတစ်ပါး ကိုယ်အနှောင့်အယှက်၊စိတ်အနှောင့်အယှက်
ဖြစ်အောင် မလုပ်ဆောင်မိကြပါစေနဲ့လို့
သတိပေးလိုက်ချင်တာပါပဲ။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ...။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
(ဓမ္မပဒအဋ္ဌကထာ၊ ထေရီအပါဒါန်။
ဧတဒဂ်ဝတ္ထု တို့ကို အခြေပြုရေးသားပါတယ်။)
-【သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇနိန္ဒသာရ-မုံရွာနေဇာ】
Posted by ►
www.facebook.com/youngbuddhistassociation.mm