မြတ်စွာဘုရားရှင် လက်ထက်တုန်းက “ရောဟိတ”မြို့မှာ
“ပစ္စယ” ဆိုတဲ့ မင်းသားတစ်ပါးရှိခဲ့ဖူးတယ် ။
သူအရွယ်ရောက်တဲ့အချိန် ဆယ်ခြောက်နှစ်သားမှာ
ဖခင်ဘုရင်ကြီး နတ်ရွာစံသွားတဲ့ အတွက်
ပစ္စယမင်းသားလေး ရှင်ဘုရင်ဖြစ်လာခဲ့တယ်။

သူ ရှင်ဘုရင်ဖြစ်ပြီး သိပ်မကြာခင် လပိုင်းမှာပဲ
ဘုရင့်အခွန်တော် ဆက်သပွဲကြီးကို တစ်နေရာထဲမှာ
စုပေါင်းကျင်းပပါတယ်။လူတွေအများကြီး စုဝေးမိနေချိန်မှာ
ရတနာသုံးပါးရဲ့ ဂုဏ်ကိုထင်းရှားပြဖို့အတွက်
မြတ်စွာဘုရား အဒီအခွန်တော် ဆက်သပွဲကို
ကြွရောက်တော်မူလာပါတယ်။

များပြားလှတဲ့ လူစုလူဝေးကြီး မြတ်စွာဘုရားကို
မော့ကြည့်နေချိန်မှာ မြတ်စွာဘုရားရှင်က
ဝေဿဝဏ် နတ်မင်းကြီး ဖန်ဆင်းပေးတဲ့ အထွတ်တပ်
ရတနာပြာသာဒ်ထဲက ခြင်္သေ့ခံ ရတနာပလ္လင်ပေါ်မှာ
ထိုင်ပြီး၊တရားဟောတော်မူပါတယ်။
ကောင်းကင်ယံတရားပွဲရဲ့ တရားတော် အဆုံးမှာ
လူပေါင်းများစွာ သစ္စာသိပြီး၊ကျွတ်တမ်းဝင်ကြပါတယ်။

ပစ္စယမင်းလည်း မြတ်စွာဘုရားရှင်ရဲ့ တရားနာကြားနာရပြီး
သဒ္ဓါတရားဖြစ်လို့ မင်းစည်းစိမ်ကို စွန့်ပြီး ရဟန်းပြုလိုက်ပါတယ်။
ဝိပဿနာအလုပ်ကို အဓိကထားပြီးလုပ်တဲ့အတွက်
ရဟန်းပြုပြီး “ငါးရက်”အတွင်းမှာပဲ
အနာဂါမ်အဆင့်ထိ ရောက်ရှိသွားပါတယ်။

ခြောက်ရက်မြောက်နေ့မှာတော့ “အရှင်ပစ္စယ”
အဓိဋ္ဌာန်တစ်ခု ပြုလိုက်ပါတယ်။
“ငါဟာ သိက္ခာသုံးပါးကို ကျင့်ဆဲပုဂ္ဂိုလ်
အဆင့်ပဲရှိသေးတယ်။ကျင့်ပြီးပုဂ္ဂိုလ် မဟုတ်သေးဘူး။
ငါမှာ ပယ်သတ်စရာ ကိလေသာကျန်သေးတယ်။
အရဟတ္တမဂ်နဲ့မှ ပယ်နိုင်တဲ့ကိလေသာတွေ မကုန်သေးဘူး။”

“ဒီနေ့ ဒီအချိန်က စပြီး ငါ့နှလုံးသားထဲက တဏှာဆူးငြောင့်ကို
အရဟတ္တမဂ်နဲ့ မပယ်နှုတ်နိုင်မချင်း ဘာအစားအစာမှလည်း
မစားတော့ဘူး။ ဘာအရည်မှလည်း မသောက်တော့ဘူး။
အိပ်လည်း လုံးဝ မအိပ်တော့ဘူး။
အညောင်းပြေ၊အညာပြေလေးတောင် လုံးဝ မလဲလျောင်းတော့ဘူး။
ငါ့ ရဟန္တာ မဖြစ်မချင်း ဒီကျောင်းထဲ၊
ဒီအခန်းထဲကနေ အပြင်ကို လုံးဝ မထွက်တော့ဘူး။”

အဲဒီလို အဓိဋ္ဌာန်ပြုပြီး ဝိပဿနာအလုပ်ကို စူးစူးစိုက်စိုက်
အားထုတ်လိုက်တာ ဉာဏ်ရင့်ချိန်ရောက်နေပြီဖြစ်တဲ့အတွက်
တစ်ခဏချင်း အတွင်းမှာပဲ ကိလေသာလုံးဝ
ကုန်ခမ်းလို့ ရဟန္တာ ဖြစ်သွားပါတယ်။

“အရှင်ပစ္စယ” ဟာ “ကဿပဘုရားရှင်”
လက်ထက်တုန်းကလည်း၊ရဟန်းဘဝနဲ့ သံမဏိအဓိဋ္ဌာန်ပြုပြီး၊
ဝိပဿနာအလုပ် အားထုတ်ခဲ့ဖူးပါတယ်။
ရဟန္တာမဖြစ်မချင်း ကျောင်းအပြင်မထွက်တော့ဘူးပေါ့။
ဒါပေမဲ့ ဉာဏ်မရင့်သေးတဲ့အတွက်
ပုထုဇဉ်ဘဝနဲ့ပဲ ပျံလွန်တော်မူခဲ့ရတယ်။

ရဟန္တာ မဖြစ်မချင်း ကျောင်းအပြင်မထွက်တော့ဘူး။
ကိလေသာ မကုန်မချင်း အထိုင်မဖျက်တော့ဘူး
ဆိုတဲ့ အဓိဋ္ဌာန်နဲ့ အားထုတ်လိုက်လို့ ရဟန္တာဖြစ်၊
ကိလေသာကုန်သွားတဲ့သူတွေကိုအားကျပြီး၊
ငါလည်း သူတို့လို လိုက်လုပ်ရင် သူတို့လိုဖြစ်မှာပဲလို့
သေချာပေါက် ပြောလို့ မရပါဘူး။

အဲဒီလို အဓိဋ္ဌာန်မျိုး ဆိုတာ အခြေအနေ၊
အချိန်အခါအရ လုပ်သင့်မှသာလုပ်ရတဲ့အဓိဋ္ဌာန်မျိုးပါ။
အရှင်ပစ္စယ အဓိဋ္ဌာန်ပြုတာ အနာဂါမ်အရိယာ
ဖြစ်ပြီးမှဆိုတာကို အထူးသတိပြုဖို့ လိုပါတယ်။

အနာဂါမ်ဖြစ်ပြီးရုံနဲ့လည်း မရသေးဘူး ။
ဝိပဿနာအလုပ်ကို အရှိန်အဟုန်ကောင်းကောင်းနဲ့
အပြင်းအထန် အားထုတ်နေတဲ့ အချိန်မျိုးလည်း ဖြစ်ရပါမယ်။
(အနာဂါမ်ဖြစ်ပြီးမှ ဒီလို အဓိဋ္ဌာန်ရမယ်လို့တော့
မဆိုလိုပါဘူး)။

●တရားထူးတရားမြတ်ဆိုတာ အချိန်တန်မှ ရတာပါ။
အချိန်မတန်သေးရင် ဘယ်လောက်ပဲ အားထုတ်၊
အားထုတ်မရပါဘူး။ဉာဏ်ရင့်ချိန်ဆိုတာ
စောင့်ကို စောင့်ရပါတယ်။ဘာမှမလုပ်ဘဲ၊
အလကားထိုင်စောင့်နေရမှာတော့ မဟုတ်ဘူးပေါ့။

●လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်ရင်း
စောင့်ရမှာလေ။ဝိပဿနာ အလုပ်ကို ပင်တိုင်ထားပြီး ၊
တခြားကုသိုလ်အလုပ်တွေကို စွမ်းနိုင်သမျှခြံရံလုပ်သွားရင်
ဉာဏ်ရင့်တဲ့တစ်နေ့၊ ဉာဏ်ရင့်တဲ့တစ်ချိန် ဆိုတာ
ရောက်ကို ရောက်လာမှာပါပဲ။

●“အရှင်ပစ္စယ” လောင်းလျာ “ကဿပဘုရားရှင်”
လက်ထက်တုန်းက အပြင်းအထန် အားထုတ်ပေမယ့်၊
ဉာဏ်မရင့်သေးလို့ တရားထူး မရခဲ့တာကို အထူးသတိပြုပါ။
“သာဝကဗောဓိဉာဏ်အတွက် ပါရမီဖြည့်နေစရာမလိုဘူး”
ဆိုတဲ့ အယူအမှားတွေကို စွန့်လွှတ်ပြီး၊
ဉာဏ်ရင့်ချိန်ကို ပါရမီဖြည့်ရင်း စောင့်ရပါမယ်။

အရှင်ပစ္စယရဲ့ ဆုံးဖြတ်ချက်ခိုင်မာမှု၊စိတ်ဓာတ်
ပြတ်သားမှုကိုတော့ အတုယူကြရပါမယ်။
လောကရေးမှာပဲဖြစ်ဖြစ်၊ ဓမ္မရေးမှာပဲဖြစ်ဖြစ်
ရည်မှန်းချက် အောင်မြင်ချင်တယ်ဆိုရင်
စိတ်ဓာတ်ပြတ်သားမှု၊ဆုံးဖြတ်ချက်ခိုင်မာမှု ရှိဖို့
သိပ်အရေးကြီးပါတယ်။စိတ်ဓာတ်ပြတ်သားမှုကို
ဖျက်ဆီးတဲ့အရာ၊ဆုံးဖြတ်ချက်တွေကို
ပြောင်းလဲသွားစေနိုင်တဲ့အရာဟာ“အားနာစိတ်”ပါ။

“ဒီဟာ မပြီးမချင်း ဟိုဟာ မလုပ်တော့ဘူး”
လို့ ဆုံးဖြတ်ထားပေမယ့်၊ဟိုလူ အားနာ ဒီလူအားနာနဲ့
အားနာပြီး၊ဟိုဟာတွေလိုက်လုပ်ပေးလိုက်တော့
ကိုယ်ရည်မှန်းထားတဲ့ ဒီဟာက မပြီးတော့ဘူးပေါ့။
ဒါကြောင့် စိတ်ဓာတ်ပြတ်သားချင်ရင်၊
ဆုံးဖြတ်ချက်ခိုင်မာချင်ရင် “အားနာတဲ့ စိတ်ပျော့စိတ်ညံ့တွေ”
ကို လုံးဝ မောင်းထုတ် ပစ်နိုင်ရပါမယ်။
အားနာမှုကြောင့် ကိုယ်ရဲ့ ဆုံးဖြတ်ချက်
ပျက်စီးမသွားပါစေနဲ့။

ဆုံးဖြတ်ချက် ပျက်ဆီးသွားနိုင်စေတဲ့
နောက်အကြောင်းတစ်ခုကတော့ “ခြွင်းချက်”ပါ။
ဒါကတော့ ခြွင်းချက်ပေါ့လေ လို့ တစ်ခုကို
ခြွင်းချက် လုပ်လိုက်တာဟာ ဆုံးဖြတ်ချက်
ပြိုလဲခြင်းရဲ့ လမ်းစပါပဲ။
ဒီတစ်ခါတော့ ခြွင်းချက် ဒီတစ်ကြိမ်တော့ ခြွင်းချက်။
ဒီတစ်ခါပြီးရင် တော်ပြီ။
ဒီတစ်ကြိမ်ပြီးရင် တော်ပြီနဲ့ ခြွင်းချက်တွေ
ဆက်သွားလိုက်တာ အခါပေါင်းများစွာ၊
အကြိမ်ပေါင်းများစွာ မဆုံးနိုင်တော့ပါဘူး။

ကိုယ်ရည်မှန်းချက် အောင်မြင်ဖို့အတွက်
ခြွင်းချက် တစ်ခုမျှမထားလိုက်ပါနဲ့။
ခြွင်းချက်တစ်ခုက ခြွင်းချက် ပေါင်းများစွာကို ခေါ်လာပြီး၊
ကိုယ်စိတ်၊ကိုယ်အလုပ် ကိုယ်ဘဝကို
ဖျက်ဆီးရင်း ပူလောင်မှုတွေ စိမ်ပြေနပြေ ပေးပါလိမ့်မယ်။
ခြွင်းချက် တစ်ခုကို မကျော်လွှားနိုင်သရွေ့၊
စိတ်အေးချမ်းမှုကို ဘယ်တော့မှ မရနိုင်ပါဘူး။

ခြွင်းချက် တစ်ခုအတွက် ခြွင်းချက်ပေါင်းများစွာ
ဆက်ပြီးဆုံးဖြတ်ချက်ပြိုလဲခဲ့ရသူ၊
ရည်မှန်းချက်ပျက်စီးခဲ့ရသူတိုင်း အခုလိုခံစားမိကြမှာပါပဲ။

“ခြွင်းချက်ကို မုန်းတယ် ။
ခြွင်းချက်တစ်ခုကြောင့် ခြွင်းချက် ပေါင်းများစွာ ပေါ်လာပြီး
ကိုယ်ရဲ့ ဆုံးဖြတ်ချက်တွေ ပြိုလဲခဲ့ရတယ်။
ကိုယ်ရဲ့ ရည်မှန်းချက်တွေ ပျက်စီးခဲ့ရတယ်။
ကိုယ့်ရဲ့ရည်မှန်းချက်ကိုဖျက်စီးမယ့် ခြွင်းချက်ဆိုတာ
ကိုယ့်ဘဝမှာတစ်ခုမှမရှိစေရဘူး။
နောက်နောင်ဒီအလုပ်နဲ့ပတ်သက်ပြီးဘယ်တော့မှ
ခြွင်းချက်မထားတော့ဘူး။”

နောက်တော့လည်း ခြွင်းချက်တွေနောက်
ကောက်ကောက်ပါအောင်လိုက်ရင်း
“စိတ်ဓာတ်ပြတ်သားသူ”ဆိုတဲ့ ဂုဏ်ပုဒ်နဲ့
တဖြည်းဖြည်းဝေး သွားရပြန်တာပါပဲ။

တစ်ခါတစ်ရံမှာ “တစ်ဖက်သားအပေါ်
သိပ်ငဲ့ညှာလွန်းတဲ့ မေတ္တာတရား”က
စိတ်ဓာတ် ပျော့ညံ့မှု၊ဆုံးဖြတ်ချက် မခိုင်မာမှုတွေကို
ဖြစ်ပေါ်စေပါတယ်။မေတ္တာလွန်ကဲသွားတော့အားနာမှုက
မေတ္တာအယောင်ဆောင်ပြီး စိတ်ဓာတ်ပြတ်သားမှုကို
တိုက်စားဝါးမျိုပစ်လိုက်တာပေါ့။

ရင်ထဲက အကျိုးလိုလားတဲ့ မေတ္တာတရားကို
အကန့် အသတ် မထားသင့်ပေမယ့်၊ မေတ္တာတရားကို
ကိုယ်နဲ့ နှုတ်နဲ့ လက်တွေ့ အကောင်အထည်
ဖော်တဲ့နေရာမှာတော့ အကန့် အသတ်ထားတတ်ဖို့
လိုအပ်ပါတယ်။

မေတ္တာစိတ်ဓာတ်ကို အကန့်အသတ် မထားဘဲ၊
မေတ္တာလုပ်ရပ်ကို အကန့်အသတ်ထားတတ်မှ
အဲဒီမေတ္တာဟာ လက်တွေကျပြီး ကျယ်ပြန့်တဲ့၊
ခိုင်ခံ့ပြီး တစ်ဖက်သားအပေါ် ပိုမိုအကျိုးသက်ရောက်တဲ့
ကိုယ်တိုင်လည်း တကယ်စိတ်အေးချမ်းပြီး၊
ကုသိုလ်အပြည့်အဝရတဲ့ မေတ္တာစစ်၊
မေတ္တာမှန်ဖြစ်နိုင်ပါတယ်။

မေတ္တာစိတ်ဓာတ်မှာ အဓိကနဲ့ သာမည ခွဲစရာမလိုပေမယ့်၊
မေတ္တာလုပ်ရပ်မှာတော့ အဓိကနဲ့ သာမည ကို
စနစ်တကျ ခွဲခြားကျင့်သုံးတတ်ဖို့ လိုပါတယ်။
ဉာဏ်ယှဉ်တဲ့ ဥပေက္ခာနဲ့ တွဲစပ်မကျင့်သုံးနိုင်သေးသမျှတော့
မေတ္တာတရားဟာ ပျော့ညံ့မှုတွေ ၊မပြတ်သားမှုတွေ
ဝန်းရံနှိပ်စပ်နေတဲ့ ဗြဲလျန်းမေတ္တာ ဖြစ်နေဦးမှာပါပဲ။

ဆုံးဖြတ်ချက်တစ်ခုနဲ့ ပတ်သက်လို့
စိတ်ဓာတ်ပြတ်သားချင်ရင် အဲဒီဆုံးဖြတ်ချက်ကို
အချိန်ဆွဲမထားဖို့ သိပ်အရေးကြီးပါတယ်။
ဝေးကွာနေသေးတဲ့ အချိန်ကာလ တစ်ခုကို ရည်ညွှန်ပြီး
အဲဒီနေ့ ကစပြီး ငါဘာမှ မလုပ်တော့ဘူး
အဲဒီနေ့ က စပြီး ငါဘာလုပ်မယ် လို့ ဆုံးဖြတ်လိုက်ရင်
အဲဒီဆုံးဖြတ်ချက်က မအောင်မြင်ဖို့
ရာခိုင်နှုန်း ပိုများပါတယ်။အဲဒီလိုနဲ့ ပျက်သွားတဲ့
ဆုံးဖြတ်ချက်တွေလည်း မနည်းတော့ပါဘူး။

■“ဖျတ်ခနဲပေါ်ရင် ဆတ်ခနဲထလုပ်”ဆိုတဲ့အတိုင်း
အခုပြတ်သားချင်တဲ့စိတ်ပေါ်ရင်
အခုချက်ချင်းပဲ ပြတ်သားလိုက်ပါ။
အခုဆုံးဖြတ်ချင်စိတ်ပေါ်ရင်...
အခုချက်ချင်းပဲဆုံးဖြတ်လိုက်ပါ။
ကိုယ်မလုပ်တော့ဘူး လို့ ဆုံးဖြတ်ထားတဲ့ အလုပ်ကို
အခုကစပြီး မလုပ်ပါနဲ့တော့။ကိုယ်လုပ်မယ်လို့
ဆုံးဖြတ်ထားတဲ့အလုပ်ကို အခုပဲစလုပ်လိုက်ပါ။

■နောင်အားမနာတော့ဘူးလို့ စိတ်ကူးပေါ်ရင်
အခုကစပြီး၊အားမနာပါနဲ့တော့။
“နောက်မှ” ဆိုရင် “နမှောက်” သွားပါလိမ့်မယ်။
န ပြီးမှောက်သွားမှာနော်။
ကောင်းကျိုးတွေ “န” ပြီး၊ ဘဝ “မှောက်” သွားမှာ။

ရှေ့ပိုင်းမှာ အားမနာတတ်မှ နောက်ပိုင်းမှာလည်း
အားမနာတတ်မှာပါ။ရှေ့ပိုင်းမှာ စိတ်ဓာတ်ပြတ်သားမှ
နောက်ပိုင်းမှာ စိတ်ဓာတ် ပြတ်သားမှာပါ။
ရှေ့ပိုင်းမှာ ဆုံးဖြတ်ချက်ခိုင်မာမှ နောက်ပိုင်းမှာလည်း
ဆုံးဖြတ်ချက်ခိုင်မာမှာပါ။

စိတ်ဓာတ်ပြတ်သားချင်ရင်၊ဆုံးဖြတ်ချက်ခိုင်မာချင်ရင်
ချက်ချင်းပဲ အားနာတတ်တဲ့စိတ်ကို
အမှိုက်ပုံးထဲ သွားလွှင့်ပစ်လိုက်ပါ။
ဘယ်သူ့ကိုမှ ဘာအကြောင်းကြောင့်မှ အားမနာပါနဲ့။
ဘယ်ကိစ္စကိုမှ ဘာခြွင်းချက်နဲ့မှ မလိုက်လျှောပါနဲ့။

ယောနိသောမနသိကာရ က
●လုပ်ဖို့ဆုံးဖြတ်တဲ့ ယောနိသောမနသိကာရနဲ့
●မလုပ်ဖို့ ဆုံးဖြတ်တဲ့ ယောနိသောမနသိကာရလို့
နှစ်မျိုးရှိပါတယ်။

●လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့
ဆုံးဖြတ်နိုင်ရမှာဖြစ်သလို၊
●မလုပ်သင့်မလုပ်ထိုက်တာကို
(ကောင်းပေမယ့်လည်း)မလုပ်ဖို့ဆုံးဖြတ်နိုင်ရပါမယ်။
ကောင်းတိုင်း၊(အကျိုးရှိတိုင်း) လိုက်လုပ်နေရုံနဲ့
ယောနိသောရှိသူ (စိတ်ထားကောင်းရှိသူ)လို့
မဆိုနိုင်ပါဘူး။ကောင်းပေမယ့်(အကျိုးရှိပေမယ့်)
အခြေအနေအချိန်အခါအရ မလုပ်ဘဲနေနိုင်မှသာ
ယောနိသောရှိသူ(စိတ်ထားကောင်းရှိသူ)လို့
ဆိုနိုင်ပါတယ်။

အကောင်းဆုံး (အကျိုးရှိဆုံး)တစ်ခုအတွက်
အကောင်းများစွာကို စွန့်လွှတ်နိုင်မှ၊အဲဒီလူဟာ
“စိတ်ထားကောင်းနဲ့ စိတ်ကောင်းထားနိုင်သူ”ပါ။

The most significant change in a person's
life is a change of attitude.Right attitudes
produce right actions.(William J.Johnson)

လူတစ်ယောက်ရဲ့ဘဝမှာ အသိသာ၊
အထင်ရှားဆုံး အပြောင်းအလဲက
“သဘောထား ရပ်တည်ချက်”အပြောင်းအလဲပါပဲ။
မှန်ကန်တဲ့ သဘောထားတွေက မှန်ကန်တဲ့
လုပ်ဆောင်ချက်တွေကို ပေါ်ထွက်စေပါတယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
(ဆရာတော်အရှင်ဆန္ဒာဓိက ဟောကြားတော်မူသော
“ပြတ်သားမှ ပြတ်သွားမယ်”တရားတော်မှ -)
မှတ်ချက်။ ။
“ပြတ်သားမှ ပြတ်သွားမယ်”ဆိုတာ...
●စိတ်ပြတ်သားမှ အလုပ်ပြတ်သွားမယ်။
●ဆုံးဖြတ်ချက်ပြတ်သားမှ ရည်မှန်းချက်ပြတ်သွားမယ်။
(ပြီးပြတ်သွားမယ်။)
●ရည်မှန်းချက်ပြတ်သားမှ သံသရာပြတ်သွားမယ်။
●စိတ်ပြတ်သားမှ ဒုက္ခပြတ်သွားမယ် လို့ဆိုလိုပါတယ်။

“လုံးဝ အားမနာနဲ့၊ဘာမှ ခြွင်းချက်မထားနဲ့”ဆိုတာ
တစ်ကိုယ်ကောင်းဆန်ဖို့ ပြောတာ မဟုတ်ပါဘူး။
အချိန်အခါ ၊ နေရာဒေသ နဲ့ ပုဂ္ဂိုလ်ပေါ်မူတည်ပြီး၊
ထားသင့်ထားထိုက်တဲ့ အားနာမှုနဲ့ ခြွင်းချက်
ဆိုတာကတော့ အတိုင်းအတာ
အားလျော်စွာရှိနေမှာပါပဲ။
●လိုအပ်တဲ့ အားနာမှုနဲ့ ခြွင်းချက်လား၊
●မလိုအပ်တဲ့ အားနာမှုနဲ့ ခြွင်းချက်လားဆိုတာကို
ကိုယ်ပိုင်ဉာဏ် နဲ့ မှန်မှန်ကန်ကန်ဆုံးဖြတ်ပြီး၊
အံဝင်ခွင်ကျ ကျင့်သုံးတတ်မယ်ဆိုရင်တော့၊
ကိုယ့်အကျိုးလည်း မထိခိုက်၊သူတစ်ပါးအကျိုးလည်း
မနစ်နာတဲ့အတွက် တစ်ကိုယ်ကောင်းဆန်သူအဖြစ်က
လွတ်မြောက်နိုင်ပါလိမ့်မယ်။
Posted by
www.facebook.com/youngbuddhistassociation.mm
အပ္ပမာဒေန သမ္ပာဒေထ။ ။
-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏
“အကြင်နာပေါင်းရှစ်သောင်းလေးထောင်စာအုပ်”
နှာ ၃၇- ၄၇မှ- ကောက်နှုတ် ပူဇော်မျှဝေပါသည်။】
(အလင်းတန်းဂျာနယ်၊စင်တင်ဘာ၁၇၊၂၀၀၇။)