တစ်ခါတုန်းက ရဟန်းခြောက်ကျိပ်ဟာ
ဝါကျွတ်ပြီဆိုတော့ မြတ်စွာဘုရားရှင်ဆီကို
လာကန်တော့ကြပါတယ်။
အဲဒီအချိန်မှာ အညတရ ရဟန်းငယ်လေးတစ်ပါးလည်း
မြတ်စွာဘုရားရဲ့ အနားမှာ ရှိနေပါတယ်။

မြတ်စွာဘုရားက ရောက်လာတဲ့ တပည့်
ရဟန်းခြောက်ကျိပ်ကို ချစ်သားတို့
အစစအရာရာ အဆင်ပြေခဲ့ကြသလား
လို့ မေးလိုက်ပါတယ်။

ရောက်လာတဲ့ရဟန်းခြောက်ကျိပ်က
ဝါမဆိုခင် ၀ါဆိုဦးက မြတ်စွာဘုရားဆီက
ကမ္မဋ္ဌာန်းနည်း ယူသွားကြတဲ့ ရဟန်းတွေပါ။
ဒီတော့ ရဟန်းတွေက
“အဆင်ပြေခဲ့ပါတယ်ဘုရား။
အထူးသဖြင့် မာတိကာမယ်တော်ကြီးရဲ့
ဆွမ်းဘောဇဉ်တွေကို မှီဝဲပြီး ဘုရားတပည့်တော်တို့
အရဟတ္တဖိုလ်ကို ရခဲ့ပါတယ်။
ပြီးတော့ မာတိကာမယ်တော်ကြီးဟာ ဘုရား
တပည့်တော်တွေရဲ့ စိတ်အကြံကိုသိပြီး
ဘုရားတပည့်တော်တို့ နှစ်သက်တဲ့ ဆွမ်းဘောဇဉ်တွေကို
စီစဉ်ပေးပါတယ် ဘုရား”လို့ပြန်လျှောက်ပြပါတယ်။

ရဟန်းခြောက်ကျိပ် ရဲ့ လျှောက်ထားသံကြားတော့
မြတ်စွာဘုရားအနားမှာရှိနေတဲ့
အညတရ ရဟန်းငယ်လေးက
အဲဒီမာတိကာမယ်တော်ကြီးဆီ ချက်ချင်း
သွားချင်စိတ်ပေါက်သွားပါတယ်။

ဒါကြောင့် အညတရ ရဟန်းငယ်လေးဟာ
မြတ်စွာဘုရားဆီက ကမ္မဋ္ဌာန်းနည်းတောင်းပြီး၊
မာတိကာမယ်တော်ကြီးရှိတဲ့ ရွာကို ထွက်ခဲ့ပါတယ်။

ဒီလိုနဲ့ မာတိကာမယ်တော်ကြီးရဲ့ ရွာကျောင်းကို
ရောက်ရောဆိုပါတော့။ကျောင်းရောက်တယ်ဆိုရင်ပဲ
●ဖုန်တွေတက်နေတာကိုကြည့်ပြီး
“အင်း …သန့်ရှင်းရေးလုပ်ဖို့ လူတစ်ယောက်လွှတ်ပေးရင်
ကောင်းမှာပဲ” လို့ စဉ်းစားလိုက်ပါတယ်။

မာတိကာမယ်တော်ကြီးကလည်း
ငါ့သားတော်တစ်ပါးတော့ ကျောင်းကိုရောက်လာပြီး၊
ဘာတွေများလိုအပ်နေမလဲလို့ အဘိညာဉ်နဲ့ကြည့်လိုက်တော့
သန့်ရှင်းရေးလုပ်ဖို့ လူတစ်ယောက်လိုနေတာပဲဆိုပြီး၊
လူတစ်ယောက်လွှတ်ပေးလိုက်ပါတယ်။

●နောက် ရဟန်းငယ်က ဘာတွေထပ်ကြံနေသလဲဆိုတော့
“အင်း … မောလိုက်တာ ဖျော်ရည်ပို့ ပေးရင်ကောင်းမှာပဲ”
လို့ကြံလိုက်ပြန်ပါတယ်။ ကြံတဲ့အတိုင်းပဲ
မယ်တော်ကြီးက ပို့ ပေးလိုက်ပါတယ်။

●ညအိပ်ယာဝင်ခါနီးကျတော့ ဘာထပ်ကြံပြန်သလဲ
ဆိုတော့
“အင်း ... မနက်ရောက်ရင် နူးနူးညံ့ညံ့ယာဂုလေးနဲ့
လက်သုပ်လေး ပို့လိုက်ရင်ကောင်းမှာပဲလို့”
ကြံလိုက်ပြန်ပါတယ်။ မနက်ရောက်တော့
မယ်တော်ကြီးက သားရဟန်းကြံတဲ့
နူးနူးညံ့ညံ့ ယာဂုလေးနဲ့ လက်သုပ်ကလေး
ပို့ပေးလိုက်ပါတယ်။

●နောက် မယ်တော်ကြီးကို ငါမြင်ချင်လိုက်တာ၊
နေ့ဆွမ်းကို မယ်တော်ကြီးကိုယ်တိုင် ဆွမ်းလာပို့ရင်
ကောင်းမှာပဲလို့ ကြံပြန်တယ်။ ကြံတဲ့အတိုင်းပဲ၊
နေ့ဆွမ်းကျတော့ မယ်တော်ကြီးက
ကိုယ်တိုင် ဆွမ်းလာပို့ပါတယ်။

ကျောင်းရောက်တော့ ရဟန်းငယ်က မယ်တော်ကြီး
သူတစ်ပါးရဲ့ စိတ်အကြံကို သိနေလား လို့မေးလိုက်ပါတယ်။
ဒါပေမယ့် မယ်တော်ကြီးက မဖြေပါဘူး။
နောက်ဆုံး ရဟန်းငယ်က ဇွတ်မေးနေမှ ဖြေပေးပါတယ်။
ဒီတော့ ရဟန်းငယ်က ဘယ်လိုစဉ်းစားသလဲဆိုတော့
“အင်း...ငါက ပုထုဇဉ်၊ ပုထုဇဉ်ဆိုတာ
မကောင်းတာလည်း ကြံမိမှာပဲ၊
ကောင်းတာလည်း ကြံမိမှာပဲ၊
ကောင်းတာကြံမိရင် ကိစ္စမရှိဘူး။
မကောင်းတာကြံမိရင်တော့ သူခိုး ဥစ္စာထုပ်နဲ့မိသလို
ဖြစ်လိမ့်မယ်၊ မဖြစ်ဘူး၊ ငါမြန်မြန်ပြန်မှပဲ” ဆိုပြီး
“မယ်တော်ကြီး ဦးဇင်းပြန်တော့မယ်” လို့ ပြောလိုက်ပါတယ်။

မယ်တော်ကြီးကလည်း
“အို …သားရဟန်းကလည်း အခုပဲ ရောက်ရုံရှိသေး
ပြန်တော့မလို့လား၊ ဒီမှာနေပါဦး”
လို့ တားပေမယ့် ရဟန်းငယ်က
သူ့ အကြံနဲ့သူမို့ ချက်ချင်း မြတ်စွာဘုရားဆီပြန်ခဲ့ပါတယ်။

■မြတ်စွာဘုရားဆီရောက်တော့ မြတ်စွာဘုရားကို
အကျိုးအကြောင်း ပြောပြပြီး တပည့်တော် မနေ၀ံ့လို့ပါဘုရား
လို့ လျှောက်ပြပါတယ်။ ဒီတော့ မြတ်စွာဘုရားက
“အနာဂတာသဉာဏ်” နဲ့ ကြည့်လိုက်ပါတယ်။
ကြည့်လိုက်တော့ ရဟန်းငယ်ဟာ
အဲဒီအရပ်ဒေသ၊ အဲ ဒီမာတိကာမယ်တော်ကြီးကို
အမှီပြုပြီး “ရဟန္တာ” ဖြစ်မှာကို သွားမြင်ပါတယ်။
ဒါကြောင့် “ချစ်သား သင် စိတ်တစ်ခုပဲ စောင့်ရှောက်ပါ”
လို့ပြောပြီး ပြန်လွှတ်လိုက်ပါတယ်။

အညတရ ရဟန်းငယ်လေး မာတိကာမယ်တော်ကြီးရဲ့အရပ်
မာတိကာမယ်တော်ကြီးရဲ့ ဆွမ်းဘောဇဉ်ကို အမှီပြုပြီး
တရားအားထုတ်လိုက်တာ နောက်ဆုံးတော့ “ရဟန္တာ”
ဖြစ်သွားပါတယ်။

■“ရဟန္တာ” ဖြစ်သွားပြီဆိုတော့
အတိတ်ဘ၀တွေကို ပြန်ကြည့်လိုက်တော့
မာတိကမယ်တော်ကြီးဟာ ရဟန်းငယ်နဲ့
ဇနီးမယားအဖြစ် ဘ၀ ၁၀၀ တိတိ တော်စပ်ခဲ့ပါသတဲ့။
ဒါပေမယ့် မာတိကာမယ်တော်ကြီးဟာ
(၉၉) ဘ၀လုံး လင်ငယ်ထားပြီး၊
(၉၉)ဘ၀လုံးပဲ ရဟန်းငယ်ကို သတ်ခဲ့ပါသတဲ့။
(၁၀၀) မြောက်ဘ၀မှာတော့ ရဟန်းငယ်လေးရဲ့
အသက်ကို သူ့အသက်နဲ့ လဲပြီး ကယ်ခဲ့ပါသတဲ့။

ဒေသတစ်ခုကို အမှီပြုပြီး အရဟတ္တဖိုလ်ရသွားတဲ့
ရဟန်းငယ်လေးကတော့ အတိတ်က ဘ၀တစ်ရာကို
ပြန်ဆင်ခြင်ရင်း သံဝေဂတွေဖြစ်နေပါတော့တယ်။
-【ဓမ္မပဒ အဌကထာ၊ ပ – တွဲ၊ အညတရ ရဟန်းဝတ္ထု 】

ပဋိရူပဒေသ၀ါသ = ကုသိုလ်ပညာဥစ္စာရဖို့၊
သင့်ရာဒေသအမြဲနေပါတဲ့။

ယေဘုယျအားဖြင့်လူသားတစ်ယောက်ချင်းစီမှာ
ကြီးပွားတိုးတက်ရာဒေသလေးတစ်ခုတော့
ကိုယ်စီရှိနေတတ်ကြပါတယ်။
ကိုယ်က အဲဒီဒေသဆီကို
“ရွေးချယ်တတ်ဖို့ နဲ့ ရောက်အောင်သွားဖြစ်ဖို့”ပါ။

သက်တမ်းနဲ့တွက်ရင်တော့ ပထမအရွယ်မှာ
ပညာသင်ကြားလို့ အဆင်ပြေမယ့်အရပ်မှာ နေရပါ့မယ်။
ဒုတိယအရွယ်မှာ စီးပွားရှာလို့ အဆင်ပြေမယ့်အရပ်မှာ
နေရပါ့မယ်။ တတိယအရွယ်မှာ ကုသိုလ်ရှာလို့
အဆင်ပြေမယ့်အရပ်မှာ နေရပါ့မယ်။

ပထမအရွယ်မှာ စီးပွားရှာလို့အဆင်ပြေမယ့်
အရပ်မှာနေနေပြီး၊ဒုတိယအရွယ်ကျတော့
ပညာရှာလို့အဆင်ပြေမယ့်အရပ်မှာ နေနေပြန်ရင်လည်း
အဓိပ္ပါယ်မရှိပြန်ပါဘူး။

လူ့ဘ၀ကိုစတာ ပထမအရွယ်ကစတာဆိုတော့
အထူးသဖြင့် လူငယ်တစ်ယောက်ဟာ ပညာသင်ကြားခွင့်
ရရာအရပ်ကို မဖြစ်မနေ နေဖြစ်ရပါမယ်။
ပထမအရွယ်မှာ ပဋိရူပဒေသ၀ါသအရပ်မှာ ရှိနေဖို့၊
သိပ်အရေးကြီးပါတယ်။ လူငယ်က ရွေးချယ်ခွင့်မသာရင်
လူကြီးလုပ်သူက စီမံပေးရပါမယ်။

နောက် နေရာဒေသနဲ့ပတ်သက်ပြီး နီတိဆရာပြောထားတဲ့
စကားလေးလည်း မှတ်သားစရာပါ။
နီတိဆရာက “အကြင်အရပ်၌ မြတ်နိုးသူမရှိ၊
အသက်မွေးဝမ်းကျောင်းအလုပ် မရှိ၊
ဆွေမျိုး မိတ်ဆွေမရှိ၊
ပညာရခြင်းမရှိ၊ ထိုအရပ်ကို ခွာရှောင်ရမည်”တဲ့။

ပညာတတ်တစ်ယောက်ဖြစ်ချင်တဲ့သူဟာ
ပညာသင်ကြားခွင့်ရရာ အရပ်ကိုမဖြစ်မနေသွားရပါ့မယ်။
ဒီလိုပါပဲ၊ အောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်
ဖြစ်ချင်တဲ့သူဟာ ကိုယ့်ရဲ့ကျေးလက်ဇာတိကိုစွန့်ပြီး၊
စီးပွားဖြစ်ထွန်းရာ မြို့တော်ကို မဖြစ်မနေသွားရပါ့မယ်။

ဒီအပြုအမူဟာ အတ္တဆန်တာလည်း မဟုတ်ဘူး။
မိမိဇာတိကျေးလက်ကို မချစ်တာလည်း မဟုတ်ဘူး။
မင်္ဂလာစကားနဲ့ပြောရရင် မြတ်စွာဘုရားစကား
နားထောင်လိုက်တာပါပဲ။

■တစ်ခုတော့ ရှိပါတယ်။
ဒီနေရာမှာ မြတ်စွာဘုရားရဲ့
စကားတော်က မပြတ်သေးပါဘူး။
ပဋိရူပဒေသ၀ါသ မဖြစ်တဲ့
ကိုယ့်ဇာတိရပ်ရွာကိုစွန့်ပြီး ပဋိရူပဒေသ၀ါသဖြစ်တဲ့
အရပ်ကိုရောက်လို့ ကြီးပွားတိုးတက်အောင်မြင်လာတဲ့အခါ
ပဋိရူပဒေသ၀ါသမဖြစ်သေးတဲ့ ကိုယ့်ဇာတိရပ်ရွာကို
ပဋိရူပဒေသ၀ါသအရပ်ဖြစ်အောင် တည်ဆောက်ပေးရပါ့မယ်။
ပညာရေးမပြည့်စုံသေးတဲ့ ကိုယ့်ဇာတိကို
ပညာရေးပြည့်စုံအောင်၊
ကျန်းမာရေးမပြည့်စုံသေးတဲ့
ကိုယ့်ဇာတိကို ကျန်းမာရေးပြည့်စုံအောင်၊
စီးပွားရေးမပြည့်စုံသေးတဲ့
ကိုယ့်ဇာတိကို စီးပွားရေးပြည့်စုံအောင်၊
တရားဓမ္မတွေပြည့်စုံအောင် စသည်ဖြင့်ပေါ့။
ပြုပြင်တည်ဆောက်ပေးရပါ့မယ်။
ပဋိရူပဒေသ၀ါသမဖြစ်သေးတဲ့ ကိုယ့်ဇာတိကို
ပဋိရူပဒေသ၀ါသဖြစ်အောင် တည်ဆောက်ပေးလိုက်တာဟာ
ကိုယ့်သန္တာန်မှာ မင်္ဂလာနှစ်ဆင့် ဖြစ်ထွန်းသွားတာပါပဲ။

မင်္ဂလာနှစ်ဆင့် ဖြစ်ထွန်းသွားတဲ့ လူသားတစ်ယောက်ဟာ
ပစ္စုပ္ပန်ဘ၀အတွက် မပူပန်ရသလို၊တမလွန်ဘ၀အတွက်လည်း
သူဂတိဘုံတစ်ခုက သူ့ကိုပူပန်မှုကင်းတဲ့ အာရုံတွေနဲ့
အသင့်ကြိုစောင့်နေမှာပါ။

ဒါက ဒေသ ကို ဦးတည်ပြီးပြောနေရတာပါ။
တကယ်တော့ အိပ်ပဲနေနေ၊ ထိုင်ပဲနေနေ၊
ရပ်ပဲနေနေ၊ သွားပဲနေနေ၊ စားပဲနေနေ၊ ကားစောင့်ပဲနေနေ၊
ကားစီးပဲနေနေ၊ ကားမောင်းပဲနေနေ၊ အောက်ထစ်ဆုံးအားဖြင့်
ကျင်ကြီးကျင်ငယ်စွန့်ပဲနေနေ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ
ကိုယ့်အတွက် ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုဖြစ်နေဖို့ပဲ
အရေးကြီးပါတယ်။

ဥပမာ ခုတင်ပေါ် လှဲနေတယ်ဆို၇င် တောင်တွေး၊
မြောက်တွေးတွေးနေမယ့်အစား ဂုဏ်တော်လေးပွား၊
(ဒါမှမဟုတ်)တရားလေးမှတ်နေလိုက်ရင်
ကုသိုလ်ဖြစ်သွားတာပါပဲ။

ဘာပဲပြောပြော စက္ကန့်တိုင်း စက္ကန့်တိုင်း ဟာ
ကိုယ့်အတွက် “ကုသိုလ်၊ ပညာ၊ ဥစ္စာ”
တစ်ခုခုဖြစ်နေဖို့ပဲ အရေးကြီးပါတယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association 】
အပ္ပမာဒေန သမ္ပာဒေထ။
-【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)၏
“မင်္ဂလာအတွေးများ”မှ-】
Posted by ►
www.facebook.com/youngbuddhistassociation.mm
[မင်္ဂလာအတွေးများ(၄)-
ပဋိရူပဒေသ၀ါသောစ၊ ဧတံမင်္ဂလမုတ္တမံ။
သင့်လျော်သောအရပ်၌နေရခြင်းသည်
မြတ်သောမင်္ဂလာမည်၏။
ကုသိုလ်ပညာဥစ္စာရဖို့၊သင့်ရာဒေသအမြဲနေ။]