အရှင်ဘုရား ...
ရိုးရိုးသင်္ကန်းလှူတဲ့အလှူ နဲ့ ကထိန်သင်္ကန်း
လှူတဲ့အလှူ အကျိုးအာနိသင်ချင်း ဘယ်လို
ကွဲပြားခြားနားတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိပါရစေဘုရား။
(မောင်မျိုးသိန်း၊ ပဲခူးမြို့။)

ဒကာမျိုးသိန်း 。。。
ကထိန်ရာသီမှာ ကထိန်ခင်းဖို့ လှူကြလို့သာ
“ကထိန်သင်္ကန်း”လို့ ခေါ်နေကြပေမယ့် ၊
ကထိန်သင်္ကန်းဆိုပြီး ပုံစံတစ်မျိုးနဲ့ ချုပ်ထားတဲ့
သီးခြားသင်္ကန်း မရှိပါဘူး။ ပုံမှန်အတိုင်းချုပ်ထားတဲ့
သင်္ကန်းကိုပဲ ကထိန်ခင်းဖို့ လှူလို့
“ကထိန်သင်္ကန်း”လို့ ခေါ်တာပါ။

သင်္ကန်းဆိုင်တွေကလည်း ကထိန်ရာသီ ရောက်ပြီဆိုရင်
“ကထိန်သင်္ကန်းရပြီ”လို့ ကြော်ငြာလေ့ရှိကြပါတယ်။
ဝယ်သူ စိတ်ဝင်စားအောင်လုပ်တဲ့ အရောင်းမြှင့်တင်ခြင်း
သက်သက်ပါပဲ။ တစ်နည်းပြောရင်တော့ ကထိန်ရာသီမှာ
သင်္ကန်း မလှူမဖြစ် လှူဖြစ်သွားအောင် သဒ္ဓါ
နှိုးလိုက်တဲ့ သဘောပါပဲ။ တကယ်တော့
ကထိန်သင်္ကန်းရယ်လို့ သင်္ကန်းအမျိုးအစား
သီးခြားမရှိပါဘူး။ ပုံမှန်ဝတ်နေကျ ရိုးရိုးသင်္ကန်းကိုပဲ
ကထိန်ခင်းဖို့ လှူလို့ ကထိန်သင်္ကန်းလို့ ခေါ်တာပါ။

ရိုးရိုးသင်္ကန်း နဲ့ ကထိန်သင်္ကန်း ...
သင်္ကန်းရဲ့ ပုံစံချင်းကတော့ အတူတူပါပဲ။
ဒါပေမယ့် သင်္ကန်းရဲ့ “စွမ်းရည်သတ္တိချင်း”
ကတော့ ကွဲပြားပါတယ်။
ရိုးရိုးသင်္ကန်းက ၀တ်ရုံသုံးစွဲရခြင်းဆိုတဲ့ အကျိုးကိုပဲ
ပေးနိုင်ပါတယ်။ ကထိန်သင်္ကန်းကတော့
ဝတ်ရုံသုံးစွဲရခြင်းဆိုတဲ့ အကျိုးအပြင်
ကထိန်အာနိသင်(၅)ပါးဆိုတဲ့ ထူးခြားတဲ့
အကျိုးတွေကိုလည်း ပေးနိုင်ပါတယ်။

ကထိန်အာနိသင်(၅)ပါးဆိုတာကတော့ ...
(၁) မပန်ကြားပဲ သွားလာနိုင်ခြင်း၊
(၂) သင်္ကန်းသုံးထည် မယူဆောင်ဘဲ သွားလာနိုင်ခြင်း၊
(၃) ပင့်နည်းမှားသော ဆွမ်းဘောဇဉ်ကို စားသုံးနိုင်ခြင်း၊
(၄) သင်္ကန်းအပို လိုသလောက် ထားသုံးနိုင်ခြင်း၊
(၅) သံဃာပိုင် သင်္ကန်းကို ခွဲဝေယူနိုင်ခြင်း ...
ဆိုတဲ့ အကျိုးအာနိသင်(၅)ပါးပါပဲ။

နားလည်အောင် နည်းနည်းချဲ့ပြောရမယ်ဆိုရင် ...
(၁)။“မပန်ကြားဘဲ သွားလာနိုင်ခြင်း”ဆိုတာကတော့ ....
ရဟန်းတော်တွေဟာ မွန်းမတည့်ခင်မှာ မြို့ထဲ ၊ရွာထဲ
ဆွမ်းစားပင့်ထားတဲ့ အိမ်မှတစ်ပါး တခြားအိမ်တွေကို
သွားမယ်ဆိုရင် အနားမှာ ထင်ရှားရှိတဲ့ ရဟန်းတစ်ပါးပါးကို
ပန်ကြားပြီးမှ သွားရပါတယ်။ မပန်ကြားဘဲ သွားရင်
ဆွမ်းပင့်အိမ်မှာ ဆွမ်းမစားခင်ပဲ သွားသွား၊
ဆွမ်းစားပြီးမှပဲ သွားသွား အာပတ်သင့်ပါတယ်၊
အပြစ်ဖြစ်ပါတယ်။

ကထိန်သင်္ကန်းနဲ့ ကထိန်ခင်းလိုက်လို့ ကထိန်အာနိသင်
ရသွားတဲ့ ရဟန်းတော်တွေကတော့ မပန်ကြားဘဲ
သွားလည်း အာပတ်မသင့်တော့ပါဘူး။ အပြစ်မဖြစ်တော့ပါဘူး။
(စာရိတ္တသိက္ခာပုဒ်အရ သင့်မယ့် ပါစိတ်အာပတ်နဲ့
ဆက်စပ်ရာ ဒုက္ကဋ်အာပတ်တွေကနေ လွတ်ငြိမ်း
ချမ်းသာခွင့် ရသွားပါတယ်။)

(၂)။“သင်္ကန်းသုံးထည် မယူဆောင်ဘဲ သွားလာနိုင်ခြင်း”
ဆိုတာကတော့ .... ရဟန်းတော်တွေဟာ
တိစီဝရိတ်အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းသုံးထည်ကို
ကိုယ်နဲ့မကွာ အမြဲဆောင်ထားရပါတယ်။
တစ်ညတာကင်းကွာလို့တောင် မရပါဘူး။
အာရုဏ်တက်ချိန်မှာ ကိုယ့်အနား (နှစ်တောင့်ထွာအတွင်း)
အဲဒီသင်္ကန်းသုံးထည် မရှိရင် အာပတ်သင့်ပါတယ်။
အဲဒီသင်္ကန်းကိုလည်း စွန့်ပစ်ရပါတယ်။
ဒါ့ကြောင့် ခရီးသွားတဲ့အခါ တိစီဝရိတ်အဓိဋ္ဌာန်တင်ထားတဲ့
သင်္ကန်းသုံးထည်ကို သွားလေရာယူဆောင်သွားရပါတယ်။

ကထိန်သင်္ကန်းနဲ့ ကထိန်ခင်းလိုက်လို့ ကထိန်အာနိသင်ရသွားတဲ့
ရဟန်းတော်တွေကတော့ အာရုဏ်တက်တဲ့အချိန်
ကိုယ့်အနားမှာ အဲဒီသင်္ကန်းသုံးထည် ရှိမနေလည်း
အာပတ်မသင့်တော့တဲ့အတွက် တိစီဝရိတ်
အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းသုံးထည်ကို
သွားလေရာ ယူဆောင်သွားစရာ မလိုတော့ပါဘူး။
(ဒုတိယ ကထိနသိက္ခာပုဒ်အရ သင့်မယ့်
“နိဿဂ္ဂိပါစိတ်အာပတ်”ကနေ လွတ်ငြိမ်းချမ်းသာခွင့်
ရသွားပါတယ်။)

“တိ”ဆိုတာ “သုံး”၊ “စီဝရိတ်”ဆိုတာ “သင်္ကန်း”၊
“တိစီဝရိတ်”ဆိုတာ “သင်္ကန်းသုံးထည်”၊
ခါးဝတ်သင်းပိုင်၊ ကိုယ်ရုံ ဧကသီနဲ့ နှစ်ထပ်သင်္ကန်းကြီး
ဒုကုဋ်ဆိုတဲ့ သင်္ကန်းသုံးထည် …။
ဝတ်စရာ အ၀တ်သင်္ကန်းတွေ အများကြီးရှိတဲ့အထဲက
ဒီအ၀တ် သင်္ကန်းကို သင်းပိုင်အဖြစ်၊ ဒီအ၀တ်သင်္ကန်းကို
ဧကသီအဖြစ်၊ ဒီအ၀တ်သင်္ကန်းကို ဒုကုဋ်အဖြစ်
အသုံးပြုပါမယ့်လို့ အဓိဋ္ဌာန်တင်တာကို တိစီဝရိတ်
အဓိဋ္ဌာန်တင်တယ်လို့ ခေါ်ပါတယ်။
မိမိရဲ့ အိမ်ထောင်ဖက်ကို သားမှတ်မှတ်၊
မယားမှတ်မှတ် ပေါင်းပါ့မယ်လို့ ကတိပြုသလိုမျိုး
ဒီသင်္ကန်းကို သင်းပိုင်မှတ်မှတ် ၀တ်ပါ့မယ်၊
ဧကသီမှတ်မှတ် ရုံပါ့မယ်၊ ဒုကုဋ်မှတ်မှတ် ခြုံပါ့မယ်လို့
ကတိပြုလိုက်တာပါပဲ။

(၃)။“ပင့်နည်းမှားသော ဆွမ်းဘောဇဉ်ကို စားသုံးနိုင်ခြင်း”
ဆိုတာကတော့ ....ရဟန်းတော်တွေဟာ ဒကာ၊
ဒကာမတွေက “ထမင်းစားကြွပါ”၊ မုန့်စားကြွပါ”
လို့ မအပ်စပ်တဲ့ အရပ်သုံးစကားနဲ့ ပင့်ဖိတ်လှူဒါန်းတဲ့
ဆွမ်းဘောဇဉ်တွေကို ခံယူခွင့်၊ စားသုံးခွင့် မရှိပါဘူး။
လေးပါး၊ သို့မဟုတ် လေးပါးအထက် ရဟန်းတော်တွေ
စုပေါင်းပြီး ခံယူခဲ့၊ စားသုံးခဲ့ရင် အာပတ်သင့်ပါတယ်။

ကထိန်သင်္ကန်းနဲ့ကထိန်ခင်းလိုက်လို့ ကထိန်
အာနိသင်ရသွားတဲ့ ရဟန်းတော်တွေကတော့
မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့ ဘယ်လိုပဲပင့်ပင့်
အတူတကွ ခံယူခွင့်၊ စားသုံးခွင့် ရသွားပါတယ်။
ခံယူခြင်း၊ စားသုံးခြင်းကြောင့် အာပတ်မသင့်တော့ပါဘူး။
(ဂဏဘောဇနသိက္ခာပုဒ်အရ သင့်မယ့် ပါစိတ်အာပတ်နဲ့
ဆက်စပ်ရာ ဒုက္ကဋ်အာပတ်တွေကနေ
လွတ်ငြိမ်းချမ်းသာခွင့် ရသွားပါတယ်။)

ရဟန်းတော်တွေကို ဆွမ်းစားပင့်တဲ့အခါ
“မုန့်ဟင်းခါး ဘုဉ်းပေးဖို့ကြွပါ”၊
“ခေါက်ဆွဲကြော် စားဖို့ကြွပါ” ...
စတဲ့ လူသုံးစကားနဲ့ မပင့်ရပါဘူး။
“မုန့်ဟင်းခါးဆွမ်း ဘုဉ်းပေးဖို့ကြွပါ”၊
“ခေါက်ဆွဲကြော်ဆွမ်း စားဖို့ကြွပါ” စတဲ့
ရဟန်းသုံးစကားနဲ့ ပင့်ရပါတယ်။
“ထမင်း”ကိုသာ “ဆွမ်း”လို့ ပြောင်းပြောရမှာ
မဟုတ်ပါဘူး။ဘာစားဖွယ်ကိုပဲဖြစ်ဖြစ် “ဆွမ်း”ဆိုတဲ့
စကားလုံးလေး ထည့်ပြောရမှာပါ။
မုန့်တီကို ၊ ပလာတာကို ၊ ငါးဟင်းကို ၊ ကြက်သားကြော်ကို
ပေါင်မုန့်ကို ၊ ကိတ်မုန့်ကို အလှူခံပါလို့ မလျှောက်ထားရဘူး။
မုန့်တီဆွမ်းကို ၊ ပလာတာဆွမ်းကို ၊ ငါးဟင်းဆွမ်းကို ၊
ကြက်သားကြော်ဆွမ်းကို ၊ ပေါင်မုန့်ဆွမ်းကို ၊
ကိတ်မုန့်ဆွမ်းကို အလှူခံပါလို့ လျှောက်ထားရပါတယ်။
ရဟန်းတော်တွေကိုယ်တိုင်ကလည်း ဒကာ၊ ဒကာမတွေကို
“မုန့်ဟင်းခါးလှူပါ”၊ ခေါက်ဆွဲကြော်ကပ်ပါ”၊
“အုန်းထမင်းချက်ပေးပါ”၊ ကြက်သားကြော် ကြော်ပေးပါ”
စတဲ့ သာသနာနဲ့ မအပ်စပ်တဲ့ အရပ်သုံးစကားနဲ့
ပြောဆိုပြီး အလှူမခံ ကောင်းပါဘူး။

(၄)။“သင်္ကန်းအပို လိုသလောက် ထားသုံးနိုင်ခြင်း”
ဆိုတာကတော့ .... ရဟန်းတော်တွေဟာ အသစ်
အသစ်ရလာတဲ့ အပိုသင်္ကန်းတွေကို ဆယ်ရက်အတွင်း
အဓိဋ္ဌာန်တင်ရပါတယ်၊ သို့မဟုတ် ၀ိကပ္ပနာပြုရပါတယ်။
အဓိဋ္ဌာန်မတင်၊ ၀ိကပ္ပနာမပြုဘဲ ဆယ်ရက်ကျော်လွန်သွားရင်
အာပတ်သင့်ပါတယ်။ အဲဒီသင်္ကန်းကိုလည်း စွန့်ပစ်ရပါတယ်။
စွန့်မပစ်ဘဲ ၀တ်ရင် ၀တ်တိုင်း၊ ၀တ်တိုင်း အာပတ်တွေ
အများကြီး ထပ်သင့်ပါတယ်။

ကထိန်သင်္ကန်းနဲ့ ကထိန်ခင်းလိုက်လို့ ကထိန်အာနိသင်
ရသွားတဲ့ ရဟန်းတော်တွေကတော့ ရလာသမျှ အပို
သင်္ကန်းတွေကို ဆယ်ရက်အတွင်း အဓိဋ္ဌာန်မတင်၊
ဝိကပ္ပနာမပြုလည်း အာပတ်မသင့်တော့ပါဘူး။
အသစ်လာလှူသမျှ သင်္ကန်းတွေကို အဓိဋ္ဌာန်မတင်
ဝိကပ္ပနာမပြုဘဲ ဆယ်ရက်မက ထားချင်သလောက်ထားပြီး၊
အလိုရှိသလို သုံးစွဲနိုင်သွားပါတယ်။

(၅)။“သံဃာပိုင်သင်္ကန်းကို ခွဲဝေယူနိုင်ခြင်း” ဆိုတာကတော့ ....
ရဟန်းတော်တွေဟာ ကျောင်းတိုက်အတွင်း “သံဃဿ ဒေမ”
လို့ နှုတ်မြွက်ရွတ်ဆိုပြီး လာရောက်လှူဒါန်းတဲ့ သင်္ကန်းတွေကို
ကိုယ့်လက်ထဲ လာလှူလို့ဆိုပြီး ကိုယ်တစ်ယောက်တည်း
သုံးစွဲပိုင်ခွင့် မရှိပါဘူး။
“သံဃဿ ဒေမ= သံဃာတော်အား လှူပါ၏”လို့
နှုတ်မြွက်ရွတ်ဆိုပြီး လှူတဲ့ သင်္ကန်းမှန်သမျှ
ကျောင်းတိုက်အတွင်းမှာရှိတဲ့ သံဃာအားလုံးပိုင်တဲ့
သံဃိကသင်္ကန်း (သံဃာပိုင်သင်္ကန်း) ဖြစ်သွားတဲ့အတွက်
အဲဒီသင်္ကန်းတွေကို ကျောင်းတိုက် သံဃာအားလုံး
အညီအမျှ ခွဲဝေယူကြရပါတယ်။

●အပါးစေ့ ဝေလောက်ရင် အပါးစေ့ဝေယူ၊
●အပါးစေ့မဝေလောက်ရင် ၊
ထေရ်စဉ် ၀ါစဉ်အလိုက် (ကြီးစဉ် ငယ်လိုက်)ယူ၊
●(သို့မဟုတ်) မဲချပြီးယူ၊ (သို့မဟုတ်) သံဃာ့
သဘောတူညီချက်နဲ့ နွမ်းပါးတဲ့ သံဃာတွေယူ .....
စသည်အားဖြင့် ၀ိနည်းစည်းကမ်းနဲ့ အညီ
ခွဲဝေသုံးစွဲကြရပါတယ်။
သံဃိကသင်္ကန်း (သံဃာပိုင်သင်္ကန်း)ကို
သံဃာခွင့်ပြုချက်မရှိဘဲ ၊ပုဂ္ဂလိကသင်္ကန်း
(ကိုယ်ပိုင်သင်္ကန်း)လုပ်ပြီး သုံးစွဲရင် အာပတ်သင့်ပါတယ်။

ကထိန်သင်္ကန်းနဲ့ ကထိန်ခင်းလိုက်လို့ ကထိန်
အာနိသင်ရသွားတဲ့ ရဟန်းတော်တွေကတော့
ကျောင်းတိုက်အတွင်း လာလှူသမျှ “သံဃိကသင်္ကန်း”တွေကို
ကထိန်အာနိသင်ရတဲ့ ရဟန်းတော်တွေချည်းပဲ
သီးသန့် ခွဲဝေသုံးစွဲခွင့်ရသွားပါတယ်။
ကထိန်အာနိသင်မရတဲ့ ရဟန်းတော်တွေ ....
ဝါကျိုး ၀ါပြတ်တဲ့ရဟန်း၊ ဒုတိယ၀ါဆိုတဲ့ရဟန်း၊
တခြားကျောင်းကပြောင်းလာတဲ့ ရဟန်းတွေကို
ခွဲဝေပေးစရာမလိုတော့ပါဘူး။ အဲဒီလိုခွဲဝေမပေးလို့လည်း
ဘာအာပတ်မှ မသင့်တော့ပါဘူး။
(၀ါခေါင်လပြည့်ကျော် (၁)ရက်မှ ၀ါဆိုတဲ့ရဟန်းကို
ဒုတိယ၀ါဆိုတဲ့ရဟန်းလို့ ခေါ်ပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့မှ ၀ါကျွတ်ပါတယ်။)

“သံဃိကသင်္ကန်း”ဆိုတဲ့အထဲမှာ “သံဃာအား လှူပါ၏”
လို့ ရွတ်ဆိုလှူဒါန်းတဲ့ သင်္ကန်းတွေအပြင် .....
ကထိန်ခင်းထားတဲ့ ကျောင်းတိုက်အတွင်းမှာ မိမိပိုင်ပစ္စည်းကို
ဘယ်သူ့ကိုမှ မပေးမလှူဘဲ ပျံလွန်တော်မူသွားတဲ့ ရဟန်းရဲ့
သင်္ကန်း (မတသန္တကသင်္ကန်း)၊ ကထိန်ခင်းတဲ့ ကျောင်းတိုက်ပိုင်
လယ်ယာခြံမြေစသည်က ထွက်တဲ့ပစ္စည်းတွေနဲ့ လဲလှယ်လို့
ရရှိလာတဲ့ သင်္ကန်း ... စတဲ့ သံဃာပိုင်သင်္ကန်း မှန်သမျှ
အကုန်ပါဝင်ပါတယ်။

အခုပြောခဲ့တဲ့ ကထိန်အာနိသင် (၅)ပါးထဲက
“ဒုတိယအာနိသင်”ကလွဲရင် ကျန်တဲ့အာနိသင်လေးပါးကို
သီတင်းကျွတ်လပြည့်ကျော် တစ်ရက်ကနေ တန်ဆောင်မုန်း
လပြည့်နေ့အထိ ကထိန်ကာလ တစ်လအတွင်းမှာ
ကထိန်ခင်းတဲ့ ရဟန်းတော်တွေရော၊ ကထိန်မခင်းတဲ့
ရဟန်းတော်တွေရော၊ ရဟန်းတော်အားလုံး အလိုအလျောက်
ရရှိနိုင်ပါတယ်။

ဒုတိယအာနိသင် (သင်္ကန်းသုံးထည် မယူဆောင်ဘဲ
သွားလာနိုင်ခြင်း) ကတော့ ကထိန်မခင်းတဲ့
ရဟန်းတော်တွေ လုံးဝ မရနိုင်ပါဘူး။
ကထိန်ခင်းတဲ့ ရဟန်းတော်တွေပဲ ရနိုင်ပါတယ်။

ကထိန်ခင်းလိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက်
ဒုတိယအာနိသင် နဲ့တကွ ကထိန်အာနိသင်(၅)ပါးလုံး
“ကထိန်ခင်းတဲ့ နေ့ကနေ တပေါင်းလပြည့်နေ့အထိ”
ကထိန်ခင်းတဲ့ ရဟန်းတော်တွေ ရရှိသွားပါတယ်။

►သီတင်းကျွတ်လပြည့်ကျော် တစ်ရက်ကနေ
တန်ဆောင်မုန်း လပြည့်နေ့အထိ ကထိန်ကာလ
တစ်လအတွင်းမှာ ရရှိနေတဲ့ ကထိန်အာနိသင်တွေကို
တပေါင်းလပြည့်နေ့အထိ (ငါးလအထိ)
ပြန့်သွားအောင် ဖြန့်ခင်းလိုက်တာကိုပဲ
“ကထိန်ခင်းတယ်”လို့ ခေါ်ပါတယ်။
“ကထိနတ္တာရ = ကထိန + အတ္တာရ =
ကထိန် + ခင်း”ဆိုတဲ့ စကားရပ်ထဲက
“ကထိန = ကထိန်”ဆိုတာ မြဲမြံခိုင်ခံ့ခြင်း (ထိရ)လို့
အဓိပ္ပါယ်ရပါတယ်။
ကထိန်အာနိသင်ငါးပါးကို ကျောင်းတိုက်အပြင်ဘက်
ထွက်မသွားဘဲ ကျောင်းတိုက်အတွင်းမှာပဲ
မြဲမြံခိုင်ခံ့နေအောင် ပြုလုပ်နိုင်စွမ်းရှိတဲ့
ဝိနည်းကံတစ်မျိုးကို “ကထိန်”လို့ ခေါ်ပါတယ်။

►“အတ္တာရ” ဆိုတာ ခင်းတယ်လို့ အဓိပ္ပါယ်ရပါတယ်။
လိပ်ထားတဲ့ ဖျာကို ပြန့်သွားအောင် ဖြန့်ခင်းလိုက်သလို၊
ခေါက်ထားတဲ့အ၀တ်ကို ပြန့်သွားအောင် ဖြန့်ခင်းလိုက်သလို
ကထိန်အာနိသင်ကို တစ်လကနေ ငါးလအထိပြန့်သွားအောင်
ဖြန့်ခင်းလိုက်တာကို “ကထိန်ခင်းတယ်”လို့ ခေါ်ပါတယ်။
ကထိန်ခင်းတဲ့အလုပ်ကို ရဟန်းတော်တွေပဲ လုပ်လို့ရပါတယ်။
ဒကာ ဒကာမတွေက လုံးဝ လုပ်လို့မရပါဘူး။
“ဘယ်ဒကာ ၊ဒကာမ ဘယ်ကျောင်းမှာ ကထိန်ခင်းတယ်”
ဆိုတဲ့ စကားတွေက ကထိန်ခင်းမယ့် သင်္ကန်းလှူတာကိုပဲ
ကထိန်ခင်းတယ်လို့ တင်စားပြီး ပြောနေကြတာပါ။
“ဒီနှစ် တို့ဘယ်ကျောင်းမှာ ကထိန်ခင်းတယ်” လို့
ပြောနေကြပေမယ့် ကထိန်ခင်းတာမဟုတ်ပါဘူး၊
ကထိန်ခင်းမယ့် သင်္ကန်း လှူတာပါ။

ကထိန်ခင်းရဟန်းတော်တွေ ကထိန်အာနိသင်
ရသွားတာဟာ ကထိန်အလှူရှင်တွေလှူတဲ့
ကထိန်သင်္ကန်းနဲ့ ကထိန်ခင်းလိုက်လို့ ရသွားတာ
ဖြစ်တဲ့အတွက် တူသောအကျိုးပေးတတ်တဲ့
ကံတရားရဲ့ သဘာဝနိယာမအတိုင်း ၊
ကထိန်အလှူရှင် တွေလည်း
“ကထိန်အာနိသင်(၅)ပါး”နဲ့ အလားတူ
ကောင်းကျိုးတွေ ရနိုင်ပါတယ်။

(၁)။“မပန်ကြားဘဲ သွားလာနိုင်ခြင်း” ဆိုတဲ့
ကထိန်အာနိသင်(၁)နဲ့ အလားတူကောင်းကျိုးကတော့
“လွတ်လပ်စွာ သွားလာနိုင်ခြင်း” ဆိုတဲ့ ကောင်းကျိုးပါပဲ။
ဘယ်နေရာ ဘယ်ဒေသကိုပဲသွားသွား အပိတ်အပင်
အဆီးအတားမရှိ၊ အနှောင့်အယှက် အဟန့်အတားမရှိ
လွတ်လပ်စွာ သွားလာနိုင်ပါတယ်။
ဘယ်ခရီးကိုမဆို ကိုယ့်စိတ်တိုင်းကျ၊ ကိုယ့်သဘောနဲ့ကိုယ်
လွတ်လွတ်လပ်လပ် သွားလာနိုင်ပါတယ်။
တစ်နည်းအားဖြင့် ကိုယ့်ရဲ့ဘ၀ခရီးလမ်း ဖြောင့်တန်းသွားပါတယ်။
ကိုယ့်လျှောက်လှမ်းနေတဲ့ ဘ၀ခရီးလမ်းမှာ စိတ်ညစ်စရာ ၊
စိတ်ဆင်းရဲစရာကောင်းတဲ့ အပိတ်အပင် အဆီးအတား၊
အနှောင့်အယှက်အဟန့်အတားတွေ လုံးဝကင်းရှင်းပြီး၊
ရှိလာခဲ့ရင်လည်း အလွယ်တကူ ကျော်လွှားနိုင်ပြီး
ပန်းခင်းလမ်းလေးကို အေးချမ်းစွာ လျှောက်လှမ်းရပါလိမ့်မယ်။

(၂)။“သင်္ကန်းသုံးထည် မယူဆောင်ဘဲသွားလာနိုင်ခြင်း”
ဆိုတဲ့ ကထိန်အာနိသင်(၂)နဲ့ အလားတူကောင်းကျိုးကတော့
“၀န်ထုပ်ဝန်ပိုးပေါ့ပါးခြင်း” ဆိုတဲ့ ကောင်းကျိုးပါပဲ။
ဘယ်ခရီးကိုပဲ သွားသွား ၀န်ထုပ်ဝန်ပိုးပေါ့ပေါ့ပါးပါးနဲ့၊
သယ်စရာပစ္စည်းနည်းနည်းလေးနဲ့ သက်သောင့်သက်သာ
သွားလာနိုင်ပါတယ်။ သယ်စရာ ပစ္စည်းများနေရင်လည်း
သယ်ပေးမယ့်သူ အဆင်သင့်၊ သယ်ပေးမယ့်ယာဉ်
အဆင်သင့်နဲ့မို့ သက်သက်သာသာ အေးအေးဆေးဆေးပါပဲ။

တစ်နည်းအားဖြင့် ကိုယ့်ဘ၀ရဲ့ လုပ်ငန်းတာဝန်တွေ
ပေါ့ပါးသွားပါတယ်။ ၀န်ထမ်းလည်း ၀န်ထမ်းမို့၊
စီးပွားရေးသမားလည်း စီးပွားရေးသမားမို့ ကိုယ့်ရဲ့အလုပ်
ကိစ္စတွေကို ၀န်ထုပ်ဝန်ပိုး ပေါ့ပါးစွာနဲ့ မပင်မပန်း
ချမ်းသာစွာ လုပ်ဆောင်နိုင်ပါတယ်။
ဘယ်လောက်ကြိးမားများပြားတဲ့ အလုပ်ဖြစ်ဖြစ်
ပေါ့ပေါ့ပါးပါး သက်သက်သာသာနဲ့ အေးအေးဆေးဆေး
ပြီးစီးသွားပါလိမ့်မယ်။ ဘယ်အလုပ်ကြောင့်မှ
ကိုယ်စိတ်နှစ်ပါး ပင်ပန်ရတယ်၊ လေးလံရတယ်၊
စိတ်ဖိစီးရတယ်ဆိုတာ မရှိတော့ပါဘူး။

(၃)။“ပင့်နည်းမှားသောဆွမ်းဘောဇဉ်ကို စားသုံးနိုင်ခြင်း”
ဆိုတဲ့ ကထိန်အာနိသင်(၃)နဲ့ အလားတူကောင်းကျိုးကတော့
“အစားအသောက် အန္တရာယ်ကင်းရှင်းခြင်း”ဆိုတဲ့
ကောင်းကျိုးပါပဲ။ ကိုယ်စားမယ့် အစားအသောက်ကို
ဘယ်သူကမှ ပယောဂနည်း၊ အောက်လမ်းနည်း၊
စုန်းကဝေနည်း စတဲ့ ယုတ်မာတဲ့နည်းလမ်းတွေနဲ့
မကောင်းကြံလို့၊ ပြုစားလို့ မရတော့ပါဘူး။
မကောင်းကြံထား၊ ပြုစားထားတဲ့ အစားအသောက်တွေကို
ကိုယ်စားမိရင်လည်း ဘာအဆိပ်အတောက်မှ
မဖြစ်တော့ဘဲ၊အန္တရာယ် ကင်းရှင်းသွားပါတယ်။

တစ်နည်းအားဖြင့် အစားအသောက်ပေါများ
ပြည့်စုံသွားပါတယ်။ အစားအသောက်နဲ့ပတ်သက်လို့
ဘာမှ ပူပင်ကြောင့်ကြစရာ မလိုဘဲ ကျွေးမွေးမယ့်သူ၊
ပြုစုမယ့်သူတွေ ၀ိုင်းဝိုင်းလည်နေပါလိမ့်မယ်။

(၄)။“သင်္ကန်းအပို လိုသလောက် ထားနိုင်ခြင်း”ဆိုတဲ့
ကထိန်အာနိသင်(၄)နဲ့ အလားတူကောင်းကျိုးကတော့
“အ၀တ်အထည်ပေါများခြင်း”ဆိုတဲ့ ကောင်းကျိုးပါပဲ။
ကိုယ်ကလည်း အ၀တ်လှူတာဖြစ်၊
အလှူခံယူသူတွေမှာလည်း အ၀တ်ရသွားတာဖြစ်လို့သာ
အ၀တ်အထည် ပေါများခြင်း အကျိုးရနိုင်တယ်လို့
ဆိုရပေမယ့် အ၀တ်အထည်တွင်မကပါဘူး။
အသုံးအဆောင်ပစ္စည်းမျိုးစုံပေါများခြင်းအကျိုး၊
လာဘ်လာဘမျိုးစုံ ပေါများခြင်း
အကျိုးတွေလည်း ရနိုင်ပါတယ်။

(၅)။“သံဃာပိုင် သင်္ကန်းကို ခွဲဝေယူနိုင်ခြင်း”ဆိုတဲ့
ကထိန်အာနိသင်(၅)နဲ့ အလားတူကောင်းကျိုးကတော့
“ကိုယ်ပိုင်အခွင့်အရေး မဆုံးရှုံးခြင်း” ဆိုတဲ့ ကောင်းကျိုးပါပဲ။
ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေး မှန်သမျှ အပြည့်အ၀ရနိုင်ပါတယ်။
ကိုယ့်ရဲ့ကိုယ်ပိုင်အခွင့်အရေးကို ဘယ်သူကမှ
ပိတ်ပင်ဟန့်တားလို့ မရတော့ပါဘူး။ ပြီးတော့ ....
ကိုယ်ပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာ၊ သက်ရှိသက်မဲ့
အသုံးအဆောင်တွေကိုလည်း ဘယ်ရန်သူမျိုးငါးပါးကမှ
နှောင့်ယှက်ဖျက်ဆီးလို့ မရတော့ပါဘူး။

ကထိန်အလှူရှင်တွေရမယ့် ကောင်းကျိုး(၅)မျိုးကို
လိုရင်းပြန်ပြောရရင် ...
(၁) လွတ်လပ်စွာ သွားလာနိုင်ခြင်း၊
(၂) ၀န်ထုပ်ဝန်ပိုး ပေါ့ပါးခြင်း၊
(၃) အစားအသောက် အန္တရာယ်ကင်းရှင်းခြင်း၊
(၄) အ၀တ်အထည် ပေါများခြင်း၊
(၅) ကိုယ်ပိုင်အခွင့်အရေး မဆုံးရှုံးခြင်း ..... တို့ပါပဲ။
အဲဒီ အကျိုး(၅)မျိုးထဲမှာ အဓိကအကျဆုံးအကျိုးကတော့
“၀န်ထုပ်ဝန်ပိုး ပေါ့ပါးခြင်း”ပါပဲ။

ကထိန်ခင်း ရဟန်းတော်တွေရမယ့် ကထိန်အာနိသင်
(၅)ပါးထဲမှာရော၊ ကထိန်အလှူရှင်တွေရမယ့် ကောင်းကျိုး
(၅)မျိုးထဲမှာပါ အဓိကပဓာနအကျဆုံး အကျိုးက
“၀န်ထုပ်ဝန်ပိုး ပေါ့ပါးခြင်း”ဆိုတဲ့ အကျိုးပါပဲ။
ကထိန်ခင်းဖို့ မြတ်စွာဘုရား ခွင့်ပြုခဲ့တာကိုက
“၀န်ထုပ်ဝန်ပိုး ပေါ့ပါးခြင်း”ဆိုတဲ့ အကျိုးရစေချင်လို့ပါ။
ဝန်ထုပ်ဝန်ပိုးတွေကို ခေတ္တခဏ ပစ်ချထားစေချင်တဲ့
ရည်ရွယ်ချက်နဲ့ မြတ်စွာဘုရားက ကထိန်ခင်းဖို့ ခွင့်ပြုခဲ့တာပါ။

ဒီအကြောင်းပေါ်လွင်အောင် ကထိန်သမိုင်း
အကျဉ်းချုပ်လေး အာရုံပြုကြည့်ရအောင်လေ ...။
မြတ်စွာဘုရား၊ သာဝတ္ထိမြို့၊ ဇေတ၀န်ကျောင်းမှာ
သီတင်းသုံးတော်မူနေတဲ့အချိန်။ “ဘဒ္ဒ၀ဂ္ဂီညီနောင်သုံးကျိပ်”လို့
နာမည်ကြီးတဲ့ ပါဝေယျကတိုင်းသား (ပါဝါပြည်သား)
ဓုတင်ဆောင် ရဟန်းတော်အပါး သုံးဆယ်ဟာ မြတ်စွာဘုရားကို
ဖူးမြော်ဖို့ “ပါဝါမြို့” ကနေ “သာဝတ္ထိမြို့”ကို ၀ါဆိုအမီ
ကြွချီလာခဲ့ကြပါတယ်။

ဝါဆိုခါနီးမှ ကပ်ပြီး ကြွလာကြတာဆိုတော့ သာဝတ္ထိကို
ဝါဆိုအမီ မရောက်တော့ဘဲ သာဝတ္ထိနဲ့ ခြောက်ယူဇနာ
(၄၈မိုင်) ဝေးတဲ့ သာကေတမြို့မှာပဲ ၀ါဆို
ဝါကပ်လိုက်ကြရတယ်။
ဆင်ပြောင်ကြီး အမြီးကျမှတစ်ဆိုတာလို
မြတ်စွာဘုရားအနားရောက်ခါနီးမှ မဖူးတွေ့ရတာမို့
ရဟန်းတော်များဟာ ၀ါတွင်းသုံးလပတ်လုံး မပျော်မမွေ့ဘဲ
အချိန်ကုန်ခဲ့ကြရပါတယ်။ ၀ါကျွတ်လို့
ပ၀ါရဏာပြုပြီးတာနဲ့ သာဝတ္ထိကို ချက်ချင်း
ကြွတော်မူကြပါတယ်။

ဝါကျွတ်ပေမယ့် မိုးကမကုန်သေးတော့
မိုးကြီးလေကြီးထဲမှာ ပင်ပန်းဆင်းရဲစွာ ကြွကြရပါတယ်။
မိုးက အသည်းအထန်ရွာ၊ လမ်းကရေတင်းကျမ်းပြည့်၊
ရွံ့တွေဗွက်တွေက တင်းပါးထိနစ်၊
ဒီကြားထဲနှစ်ထပ်သင်္ကန်းထူထူကြီးတွေထဲ ရေက
ဝင်နေလို့ သင်္ကန်းရေအိပ်ကြီးတွေကို လေးလေးလံလံ
ထမ်းထားရသေး၊ ခရီးလည်းမတွင်၊ လူလည်း အင်မတန်
ပင်ပန်းကြပါတယ်။

ခါးဝတ်သင်းပိုင်နဲ့ ကိုယ်ရုံ ဧကသီလောက်ပဲ ဆိုရင်တော့
သင်္ကန်းဝန်ထုပ် သိပ်မလေးပါဘူး။ အခုတော့ ရေ၀င်နေတဲ့
နှစ်ထပ်သင်္ကန်းကြီးတွေကိုပါ သယ်လာရတော့
အရမ်းလေးပြီး အရမ်းပင်ပန်းပါတယ်။ သယ်မလာပြန်ရင်လည်း
အာပတ်က သင့်ဦးမှာကိုး။ တိစီဝရိတ်အဓိဋ္ဌာန်တင်ထားတဲ့
သင်္ကန်းသုံးထည်နဲ့ ကင်းကွာပြီး အရုဏ်တက်လို့မှ မရဘဲ။

သာဝတ္ထိရောက်လို့ မြတ်စွာဘုရားကို ဖူးမြော်ပြီးတဲ့အခါ
လမ်းခရီးမှာ သင်္ကန်းကြီးထမ်းပြီး ပင်ပန်းခဲ့ရတဲ့အကြောင်း
လျှောက်ထားပါတယ်။

မြတ်စွာဘုရားရှင်ကလည်း “တကယ်လို့သာ ကထိန်ခင်းမှု
ဝိနည်းကံကို ခွင့်ပြုပညတ်ထားခဲ့ရင် နှစ်ထပ်သင်္ကန်းကြီးကို
သင့်တော်ရာမှာ ထားခဲ့ပြီး သင်းပိုင်၊ဧကသီလောက်နဲ့ပဲ
သွားလို့လာလို့ ရသွားမယ်။ ဒါဆို အခုလို ပင်ပန်းဆင်းရဲကြမှာ
မဟုတ်တော့ဘူး။ ရှေးရှေး ဘုရားရှင်တွေ အားလုံးလည်း
ကထိန်ခင်းမှုဝိနည်းကံကို ခွင့်ပြုတော်မူခဲ့ကြတယ်” လို့
ဆင်ခြင်ပြီး ....
“ပထမ၀ါဆိုပြီးလို့ ၀ါကျွတ်ကြတဲ့ ရဟန်းတော်များကို
ကထိန်ခင်းဖို့ ခွင့်ပြုပါတယ်” လို့ မိန့်ကြားတော်မူပါတယ်။
ကထိန်အာနိသင် (၅)ပါးကိုပါ တစ်ဆက်တည်းဟောကြားပြီး၊
ကထိန်ခင်းဖို့ ခွင့်ပြုလိုက်ပါတယ်။

ကထိန်ခင်းပြီးလို့ ကထိန်အာနိသင်ရတဲ့ ရဟန်းတော်တွေဟာ
သွားလေရာ နှစ်ထပ်သင်္ကန်းကြီးကို ယူဆောင်သွားစရာ
မလိုတော့ပါဘူး။ အဲဒီအတွက် ၀န်ထုပ်ဝန်ပိုး
အများကြီး သက်သာသွားပါတယ်။
ကထိန်အလှူရှင်တွေ လှူတဲ့ ကထိန်သင်္ကန်းနဲ့
ကထိန်ခင်းခွင့်ရလို့ အခုလို ၀န်ထုပ်ဝန်ပိုး
လျော့သွားရတာဖြစ်တဲ့ အတွက် ကထိန်အလှူရှင်တွေဟာ
ရဟန်းတော်တွေကို ၀န်ထုပ်ဝန်ပိုး သက်သာခြင်းဆိုတဲ့
ဆုလာဘ် ပေးလှူရာရောက်သွားပါတယ်။

■သူတစ်ပါးကို ၀န်ထုပ်ဝန်ပိုး လျှော့ချပေးတဲ့သူဟာ
ကိုယ်ကိုယ်တိုင်လည်း ၀န်ထုပ်ဝန်ပိုး လျော့ကျသွားမှာ
ဓမ္မတာပါ။ တူသောအကျိုးပေးတတ်တဲ့ ကံတရားရဲ့
သဘာဝအတိုင်း ကထိန်အလှူရှင်တွေဟာ ဖြစ်လေရာ
ဘ၀တိုင်း ဘ၀တာဝန်၊ ခန္ဓာ့တာဝန်ကို ပေါ့ပေါ့ပါးပါး၊
သက်သက်သာသာနဲ့ ထမ်းဆောင်နိုင်ကြပါလိမ့်မယ်။
ဘ၀နေထိုင်မှုပုံစံ ချမ်းသာမယ်ပေါ့။

■နောက်ဆုံးမှာ အလေးလံဆုံး ခန္ဓာဝန်ထုပ်ကို
အပြီးတိုင် ပစ်ချနိုင်တဲ့ ရဟန္တာအဖြစ်နဲ့ ပရိနိဗ္ဗာန်ဝင်စံပြီး
ဝန်ထုပ်ခပ်သိမ်း ချုပ်ငြိမ်း ချမ်းသာသွားရပါလိမ့်မယ်။
ဒါကြောင့် သံသရာမှာ ဘ၀၀န်ထုပ် ပေါ့ပါး
ချမ်းသာဖို့လောက်တွင် စိတ်မညွတ်ဘဲ ၊
ခန္ဓာဝန်ထုပ် လုံးဝမရှိတော့တဲ့
နိဗ္ဗာန်အထိ စိတ်ညွတ်ပြီး ကထိန်အလှူကို
လှူဒါန်းကြရပါမယ်။ လှူဒါန်းနိုင်ကြပါစေ။

မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့
ဝိနည်းသိက္ခာပုဒ်တွေကို
ဘယ်လောက်ပင်ကြီးကျယ်ခမ်းနားတဲ့
ဒါနကုသိုလ်ကမှလည်း မပယ်နုတ်နိုင်ပါဘူး။
ဘယ်လောက်ကြီးကျယ်သန့်စင်တဲ့
သီလကုသိုလ်ကမှလည်း မပယ်နုတ်နိုင်ပါဘူး။
ဘယ်လောက်ကြီးကျယ်မြင့်မြတ်တဲ့
ဘာဝနာကုသိုလ်ကမှလည်း မပယ်နုတ်ပါဘူး။

အဆင့်အတန်းမြင့်လှပါတယ်ဆိုတဲ့ ၀ိပဿနာကုသိုယ်တွေ၊
မဂ်ကုသိုလ် (လောကုတ္တရာကုသိုလ်)တွေကလည်း
မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်း
သိက္ခာပုဒ်တွေကို မပယ်နုတ်နိုင်ပါဘူး။
ကထိန်အလှူရှင်များ လှူဒါန်းရတဲ့ ကထိန်အလှူ
တစ်ခုတည်းကသာလျှင် မြတ်စွာဘုရားရှင်ရဲ့
အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်(၅)ခုကို
ခေတ္တခဏ ပယ်နုတ်နိုင်ပါတယ်။
(သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ
တပေါင်းလပြည့်နေ့အထိ၊ (၅)လ အတွင်း။)

မလိုက်နာ မကျင့်သုံးရင် အာပတ်သင့်မယ့်၊ အပြစ်ဖြစ်မယ့်
သိက္ခာပုဒ်ဝန်ထုပ်(၅)ခုကို ကထိန်သင်္ကန်းက
လျှော့ချပေး လိုက်ပါတယ်။ ကထိန်သင်္ကန်းကြောင့်
ကထိန်အလှူခံ ရဟန်းတော်တွေမှာ သိက္ခာပုဒ်
ဝန်ထုပ်(၅)ခု သက်သာခွင့်ရသွားပါတယ်။
စည်းမျဉ်းစည်းကမ်း ၀န်ထုပ်ကို လျှော့ချပေးတဲ့အလှူ ၊
လောကကြီးမှာ ဒီ ကထိန်အလှူ တစ်ခုပဲရှိပါတယ်။

ရိုးရိုးသင်္ကန်းအလှူနဲ့ ကထိန်သင်္ကန်းအလှူတို့ရဲ့
ကွဲပြားခြားနားချက်ကတော့ အဲဒါပါပဲ။
ရိုးရိုးသင်္ကန်းက ရဟန်းတော်တွေကို ၀တ်ရုံသုံးစွဲခြင်းဆိုတဲ့
အကျိုးကိုပဲ ရစေနိုင်ပါတယ်။ ကထိန်သင်္ကန်းကတော့
ရဟန်းတော်တွေကို ၀တ်ရုံသုံးစွဲရခြင်းဆိုတဲ့ အကျိုးအပြင်၊
“သိက္ခာပုဒ် ၀န်ထုပ်တချို့”သက်သာသွားခြင်းဆိုတဲ့
အကျိုးကိုလည်း ရစေနိုင်ပါတယ်။

သင်္ကန်းရဲ့ အကျိုးသက်ရောက်မှုချင်း
ကွဲပြားခြားနားတဲ့အတွက်
သင်္ကန်းအလှူရှင်ရဲ့ အကျိုးရရှိမှုချင်းလည်း
ကွဲပြားခြားနားသွားပါလိမ့်မယ်။
ရိုးရိုးသင်္ကန်းအလှူရှင်က ရုပ်အဆင်းလှပခြင်း ...
စတဲ့ အ၀တ်အထည် လှူရခြင်း အကျိုးတွေပဲ ရရှိနိုင်ပါတယ်။
ကထိန်သင်္ကန်းအလှူရှင်ကတော့ ရုပ်အဆင်းလှပခြင်း ...
စတဲ့ အ၀တ်အထည်လှူရခြင်း အကျိုးတွေအပြင် ၊
ဝန်ထုပ်ဝန်ပိုး သက်သာခြင်း ..... စတဲ့
ကထိန်အာနိသင်ဆိုင်ရာ အကျိုးတွေလည်း ရရှိနိုင်ပါတယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】
၏ “ဂုဏ်ရှိန်ပေါင်းစုတဲ့ ဘုံကထိန်ကောင်းမှု”
နှာ ၃၁- ၅၄ မှ- ကူးယူပူဇော်မျှဝေပါသည်။】
Posted by
www.facebook.com/youngbuddhistassociation.mm
အပ္ပမာဒေန သမ္ပာဒေထ။ ။
မေတ္တာဖြင့်…
【အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)】