“လောကဓံ”ဆိုတာ လူတိုင်းလူတိုင်း၊ အချိန်တိုင်းအချိန်တိုင်း
တွေ့ကြုံနေကြရတာပါပဲ။ လောကဓံနဲ့ မတွေ့ကြုံရတဲ့
အချိန်ဆိုတာ တစ်စက္ကန့်၊ တစ်မိနစ်ကလေးမှ မရှိပါဘူး။
အများစုက ဆိုးရွားတဲ့ အခြေအနေတွေနဲ့
ကြုံတွေ့နေရတာလည်း လောကဓံပါပဲ။

လူသားတိုင်း တွေ့ကြုံနေရတဲ့ လောကဓံက ရှစ်ပါးရှိပါတယ်။
လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြံအရံ ပြည့်စုံခြင်း၊
အခြံအရံ မရှိခြင်းလို့ လောကဓံတရား ရှစ်ပါး ရှိပါတယ်။

အဲဒီထဲမှာ လာဘ်ရခြင်း၊ အခြံအရံပေါခြင်း၊
ချီးမွမ်းခံရခြင်း၊ ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း ဆိုတာက
အကောင်း လောကဓံ ဖြစ်ပါတယ်။
လာဘ်မရခြင်း၊ အခြံအရံကင်းမဲ့ခြင်း၊ ကဲ့ရဲ့ခံရခြင်း၊
ကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်း ဆိုတာကတော့
အဆိုးလောကဓံ ဖြစ်ပါတယ်။

●အဆိုးလောကဓံတွေကိုတော့ လူ တော်တော်များများက
အံကြိတ်ပြီးတော့၊ ခါးတောင်းကျိုက်ပြီးတော့
သည်းခံနိုင်စွမ်းရှိ၊ ခံနိုင်စွမ်းရှိကြပါတယ်။
●အကောင်း လောကဓံတွေနဲ့ ကြုံတွေ့လာပြီဆိုရင်တော့
အောက်ခြေလွတ်ပြီးတော့ ပျက်စီးသွားတတ်ကြတယ်။
ဒါကြောင့် အဆိုး လောကဓံတွေကို ခံနိုင်ရည်ရှိရုံနဲ့
လောကဓံ ခံနိုင်တဲ့ ပုဂ္ဂိုလ် ကြာလိုလူ မဖြစ်သေးဘူး။
အကောင်း လောကဓံတွေကိုလည်း ခံနိုင်ရည်ရှိမှ
ကြာလိုလူ ဖြစ်နိုင်ပါတယ်။

လောကဓံရှစ်ပါးနဲ့ ကြုံတွေ့ရတဲ့အခါမှာ
ကြာလိုလူအဖြစ်နဲ့ လောကဓံ ခံနိုင်ရည်ရှိဖို့အတွက်
မြတ်စွာဘုရားရှင်က လောကဓံတွေနဲ့ ကြုံတွေ့လာတဲ့အခါမှာ
အဲဒီကြုံလာတဲ့ လောကဓံကို “အနိစ္စ၊ ဒုက္ခ၊ ၀ိပရိဏာမဓမ္မ”လို့
ဆင်ခြင်နှလုံးသွင်းရမယ်လို့ မိန့်ကြားတော်မူခဲ့ပါတယ်။

■လာဘ်ရလာလို့ရှိရင်လည်းပဲ ဒီလာဘ်ရခြင်းသဘောနဲ့
ရလာတဲ့ လာဘ်လာဘတွေဟာ မမြဲတဲ့သဘောပဲ၊
အခုနေရပေမယ့် နောင်ရချင်မှ ရမှာ။
လာဘ်ရခြင်းဆိုတဲ့ သဘောလည်း မမြဲဘူး။
ရထားတဲ့ လာဘ်လာဘတွေလည်း မမြဲဘူး။
ရန်သူမျိုးငါးပါး ဖျက်ဆီးလို့ရှိရင် ပျက်စီးသွားနိုင်တယ်။
မသင့်မတော် သုံးစွဲမိလို့ရှိရင်လည်းပဲ ကုန်ဆုံးသွားနိုင်တယ်
စသည်အားဖြင့် လာဘ်ရခြင်းရဲ့ မမြဲခြင်းသဘောကို
ဆင်ခြင်ရမယ်။

အဲဒီလို မဆင်ခြင်ဘူးဆိုရင်တော့ ဒီ
လာဘ်လာဘတွေဟာ အမြဲတမ်း ရနေမှာပဲ။
ဒီ လာဘ်လာဘတွေဟာ အမြဲတမ်း တည်မြဲနေမှာပဲလို့
ယူဆပြီးတော့ မသုံးသင့်တဲ့ ကိစ္စတွေမှာသုံး၊
အကျိုးပျက်စီးရာ၊ ပျက်စီးကြောင်း ကိစ္စတွေမှာ
သုံးစွဲပြီးတော့ ပြဿနာမျိုးစုံတွေဖြစ်၊
ဆင်းရဲဒုက္ခတွေရောက်၊ အဲဒီလို ဖြစ်တတ်တယ်။

မမြဲတဲ့သဘော ဆင်ခြင်ထားတော့ ရလာတဲ့
လာဘ်လာဘပေါ်မှာလည်း မောက်မာခြင်း၊
တက်ကြွခြင်း၊ အလွန်အမင်း ၀မ်းမြောက်ဝမ်းသာဖြစ်ခြင်း
ဆိုတာ မရှိတော့ဘူး၊ တည်တည်ငြိမ်ငြိမ်၊ ဣနြေ္ဒရရ ဖြစ်တယ်။
လာဘ်ရနေရာကနေ မရတော့တဲ့ အခါမှာလည်း
စိတ်နှလုံး ဖောက်ပြန်ခြင်း မရှိဘဲနဲ့
တည်တည်ငြိမ်ငြိမ်လေးနဲ့ ရင်ဆိုင်နိုင်ပါတယ်။

■အခြံအရံ များလာပြီဆိုရင်လည်း အဲဒီ အခြံအရံများတဲ့
သဘောကို မမြဲတဲ့ သဘောလို့ ဆင်ခြင်ရမယ်။
အခု အခြံအရံတွေ ပြည့်စုံနေရပေမယ့် ၊
နောင်တစ်ချိန်ကျတော့ အခြံအရံတွေ ကင်းမဲ့ချင်
ကင်းမဲ့သွားနိုင်တာ။တစ်ချိန်တစ်ခါမှာ ဇနီး၊ ခင်ပွန်း၊
သားသမီး တပည့်တပန်းတွေနဲ့ ပြိုင်ပြိုင်ဆိုင်ဆိုင်
သိုက်သိုက်ဝန်းဝန်း ဖြစ်နေပေမယ့် နောင်တစ်ချိန်မှာ
သူတို့နဲ့ ရှင်ကွဲသော်လည်းကောင်း၊ သေကွဲသော်လည်းကောင်း
ကွဲချင်ကွဲရမယ်။ အကြောင်းတစ်မျိုးမျိုးနဲ့လည်းပဲ
မိမိဟာ တစ်ကိုယ်တည်း အထီးကျန်ဖြစ်ရမှာပဲ။

အဲဒီလို အခြံအရံတွေရဲ့ မမြဲခြင်းသဘောကို
ဆင်ခြင်ထားနိုင်မယ်ဆိုရင် အခြံအရံတွေ ကင်းမဲ့သွားတဲ့အခါမှာ
တုန်လှုပ်ခြင်း မရှိတော့ဘူး။ အခြံအရံများခြင်း အပေါ်မှာလည်းပဲ
တုန်လှုပ်ခြင်းမရှိတော့ဘူး။ မဆင်ခြင်နိုင်တဲ့ ပုဂ္ဂိုလ်ကတော့
ဒီအခြံအရံတွေဟာ တစ်သက်လုံး မြဲနေမှာပဲလို့ ယူဆပြီးတော့
မိမိရဲ့ အခြံအရံတွေအပေါ်မှာ မတော်မတရား ပြောဆိုမိ၊
မောက်မောက်မာမာ အထက်စီးကနေ ပြောဆိုမိ မလုပ်သင့်
မလုပ်ထိုက်တာတွေ ပြုလုပ်မိပြီးတော့ အဲဒီ အခြံအရံတွေက
မိမိရဲ့ အခြံအရံတွေမဟုတ်တော့ဘဲ တစ်နေ့မှာ
ဒုက္ခပြန်ပေးလိမ့်မယ်။

အခြံအရံကင်းမဲ့ခြင်းဆိုတဲ့ လောကဓံနဲ့ ကြုံတဲ့အခါမှာလည်း
မမြဲတဲ့သဘောဆင်ခြင်ရမယ်။ အခု အခြံအရံမရှိပေမယ့်
နောင်တစ်ချိန်ကျ ရှိချင်ရှိလာနိုင်တာပဲ စသည်အားဖြင့် ဆင်ခြင်ရမယ်။

■အကဲ့ရဲ့ ခံရတဲ့အခါမှာလည်း ကဲ့ရဲ့ခြင်းဆိုတဲ့ သဘောဟာ
မဆန်းပါဘူး။ လောကမှာ ကဲ့ရဲ့ လွတ်တဲ့ပုဂ္ဂိုလ်ဆိုတာ မရှိပါဘူး။
ကဲ့ရဲ့ခြင်းဆိုတဲ့ သဘောကလည်း မမြဲပါဘူး၊
အခုကဲ့ရဲ့ပေမယ့် နောင်တစ်ချိန် ချီးမွမ်းချင် ချီးမွမ်းမှာ၊
မချီးမွမ်းလည်း ကိစ္စမရှိဘူး။ တကယ်တေ့ ကဲ့ရဲ့တဲ့သူမှာ
ကိုယ့်ကို ကဲ့ရဲ့တဲ့အတွက်ကြောင့် ဒေါသကိလေသာတွေဖြစ်ပြီး ၊
စိတ်ဟာပူလောင် ဆင်းရဲနေတယ်။
ကဲ့ရဲ့တဲ့ အကုသိုလ် အပြစ်လည်း ဖြစ်နေတယ်။

ငါ့ကို ကဲ့ရဲ့နေရတဲ့ အတွက်ကြောင့် သူ့မှာ အကျိုးရှိရာရှိကြောင်း
ကောင်းမြတ်တဲ့ အလုပ်တွေ လုပ်ဖို့ အချိန်တွေလည်း ကုန်သွားပြီ။
သြော် …သနားစရာပဲ ဆိုပြီးတော့ ကဲ့ရဲ့ခြင်းနဲ့
ကဲ့ရဲ့သူအပေါ်မှာလည်း သည်းခံခွင့်လွှတ်နိုင်ရမယ်။

■ချီးမွမ်းခံရခြင်း လောကဓံနဲ့ ကြုံတဲ့အခါမှာလည်း
ချီးမွမ်းခံရခြင်းဆိုတာလည်း မြဲတာမဟုတ်ဘူး။
အခု ချီးမွမ်းပေမယ့် နောင်တစ်ချိန်ကျတော့ ကဲ့ရဲ့စကားတွေ
ထွက်ချင်ထွက်လာမှာ။

အခု ငါ့ကိုဖျာလိုလိပ်ပြီး ထိပ်ပေါ်တင်ထားတဲ့ပုဂ္ဂိုလ်တွေက
ချီးမွမ်းခံရခြင်း ဆိုတာ မမြဲတဲ့သဘောပဲလို့ ဆင်ခြင်ပြီးတော့
ချီးမွမ်းခံရခြင်း လောကဓံကို ခံနိုင်ရည်ရှိရမယ်။

အဲဒီလိုပါပဲ၊ သုခ-ချမ်းသာခြင်း၊
ဒုက္ခ-ဆင်းရဲခြင်းဆိုတဲ့ လောကဓံတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာလည်း
မမြဲခြင်းသဘောကို ဆင်ခြင်ရမယ်။ အဲဒီလို မမြဲခြင်းသဘောကို
ဆင်ခြင်မယ်ဆိုရင် လောကဓံကို ခံနိုင်ရည်ရှိသွားပါပြီ။

☆မြတ်စွာဘုရားရှင်လက်ထက်က
“မလ္လိကာ”ဆိုတဲ့ ဗန္ဓုလစစ်သူကြီးကတော်ဟာ
“ကွဲတတ်တဲ့သဘော ကွဲမှာပဲ၊ ပျက်စီးတတ်တဲ့သဘော
ပျက်စီးမှာပဲ”လို့ နက်နက်နဲနဲ ဆင်ခြင်သွားတဲ့အတွက်ကြောင့်
လောကဓံကို မတုန်မလှုပ် ရင်ဆိုင်နိုင်ခဲ့ပါတယ်။

☆ကွဲတတ်တဲ့သဘောကွဲတယ်၊ မြေအိုးတို့ ဘာတို့ဆိုရင်
ကွဲတတ်တဲ့သဘောရှိတော့ ကွဲတာပါပဲ။
သံအိုးတို့၊ သတ္တုအိုးတို့ကျတော့ မကွဲတတ်တဲ့သဘောရှိတော့
လွတ်ကျပေမယ့် မကွဲဘူး။ ဒီတော့ ကွဲတတ်တဲ့သဘောရှိရင်
ကွဲတယ်၊ ပျက်စီးတတ်တဲ့သဘောရှိရင် ပျက်စီးမှာပဲလို့
နှလုံးသွင်းထားလို့ရှိရင် လောကဓံကို ခံနိုင်ရည် ရှိသွားပါတယ်။

☆အဂ္ဂသာဝကနှစ်ပါးနဲ့တကွ ရဟန်းတော်ငါးရာကို အိမ်မှာ
ဆွမ်းလုပ်ကျွေးပြုစုနေတဲ့အချိန်၊ မင်းချင်းတစ်ယောက်က
ခင်ပွန်းဖြစ်သူ ဗန္ဓုလစစ်သူကြီးနဲ့တကွ
သားသုံးဆယ့်နှစ်ယောက်ကို
ခေါင်းဖြတ် အသတ်ခံရတယ်ဆိုတဲ့ အကြောင်းရေးထားတဲ့
စာတစ်စောင် လာပြီးတော့ ဆက်သတယ်။

အဲဒီစာကို ဖတ်ပြီးတော့ မလ္လိကာဟာ တုန်လှုပ်ခြင်း မရှိဘူး။
အဲဒီ စာရွက်ကလေး ခေါက်ပြီးတော့ ခါးကြား ထိုးထားလိုက်တယ်။
ပြီးတော့ အဂ္ဂသာဝကနှစ်ပါးနဲ့တကွ သံဃာတော်များကို
ဆွမ်းကပ်ပြီးတော့ တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရ ၊
ဝမ်းမြောက်ဝမ်းသာ သဒ္ဓါပီတိ အပြည့်အ၀နဲ့
ဆွမ်းလုပ်ကျွေးပြုစုသွားပါတယ်။
အင်မတန် အတုယူစရာကောင်းတဲ့ သဓကပါပဲ။

☆မြတ်စွာဘုရားရှင်လက်ထက်က
“လကုဏ္ဍကဘဒ္ဒိယ”လို့ခေါ်တဲ့ မထေရ်တစ်ပါးလည်းရှိတယ်။
အဲဒီမထေရ်ရဲ့ အားနည်းချက်တစ်ခုက အရပ်ပုတယ်၊
ပုံစံလေးကလည်း ကလေးပုံစံလေး ဖြစ်နေတယ်။
ဒီတော့ ရဟန်းငယ်လေးတွေ၊ ကိုရင်လေးတွေကို
မထေရ်ကြီးကိုတွေ့လို့ရှိရင် ခေါင်းလေး ပုတ်လိုက်၊
နားရွက်လေး လိမ်လိုက်၊ နှာခေါင်းလေး ဆွဲလိုက်နဲ့
စကြနောက်ကြတယ်။

အဲဒီလို စကြနောက်ကြပေမယ့် မထေရ်ကြီးက
တည်တည်ငြိမ်ငြိမ်လေးပဲ၊ မိမိကို ပြုမူတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ
ဒေါသဖြစ်ခြင်း၊ စိတ်ဆိုးခြင်း၊ ရန်တုံ့ရန်မူခြင်း ဘာမှ မပြုဘူး။

အဲဒီအကြောင်း မြတ်စွာဘုရားရှင်ကို လျှောက်တော့
မြတ်စွာဘုရားရှင်က“ရဟန္တာ” ပုဂ္ဂိုလ်ဆိုတာ
ဘယ်လိုလောကဓံနဲ့ ကြုံကြုံ တုန်လှုပ်ခြင်း မရှိတော့ဘူး။
ပညာရှိ သူတော်ကောင်းတွေဟာလည်းပဲ လောကဓံနဲ့
ကြုံတဲ့အခါမှာ အရပ်လေးမျက်နှာက တိုက်ခတ်လာတဲ့
လေကြောင့် ကျောက်သားပကတိရှိတဲ့ ကျောက်တောင်ကြီးဟာ
တုန်လှုပ်ခြင်း မရှိတော့ဘူးလို့ မိန့်ကြားတော်မူပါတယ်။

အဲဒီ မိန့်ကြားချက်အတိုင်း ပြောမယ်ဆိုရင်တော့
လောကဓံကြောင့် မတုန်လှုပ်တဲ့လူဟာ
“ကျောက်တောင်လိုလူ”ပါပဲ။ ကျောက်တောင်လိုလူကိုပဲ
“ကြာလိုလူ”လို့လည်း ပြောနိုင်ပါတယ်။

အရပ်လေးမျက်နှာက လေတွေ ဘယ်လောက်ပဲတိုက်တိုက်၊
ကြာပန်း ကြာပင်တွေဟာ ကျိုးပဲ့ပျက်စီးသွားခြင်း မရှိပါဘူး။
လေကြောအတိုင်း အလိုက်သင့် ယိမ်းနွဲ့
လှုပ်ရှားရင်း လေဒဏ်ကို ကြံ့ကြံ့ခံနိုင်ကြပါတယ်။

လေဒဏ်ကြောင့် မတုန်လှုပ်တဲ့ကြာ၊
ရွှံ့နွံနဲ့မငြိကပ်တဲ့ကြာလို လောကဓံလေကြောင့်
မတုန်လှုပ်တဲ့လူ၊ လောကဓံရွှံ့နွံ့နဲ့ ငြိကပ်ပေကျံခြင်းမရှိတဲ့လူဟာ
“ကြာလိုလူ”ပါပဲ။

အကောင်းလောကဓံကြောင့် လောဘ၊ မာန မဖြစ်ရင်၊
အဆိုးလောကဓံကြောင့် ဒေါသ၊ သောက မဖြစ်ရင်
လောကဓံရွှံ့နွံ မငြိကပ် မပေကျံတာနဲ့ အတူတူပါပဲ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
Posted by
www.facebook.com/youngbuddhistassociation.mm
-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】
၏ “ကြာလိုလူ”နှာ ၇၇- ၈၃ မှ - ကူးယူပူဇော်
မျှဝေပါသည်။】
အပ္ပမာဒေန သမ္ပာဒေထ။ ။