အယူမှန်ကို “သမ္မာဒိဋ္ဌိ” လို့ ခေါ်ပါတယ်။
သမ္မာ - ဆိုတာ မှန်သော။
ဒိဋ္ဌိ - ဆိုတာ အယူ။
သမ္မာဒိဋ္ဌိ - ဆိုတော့ မှန်သောအယူ၊ အယူမှန်ပါဘဲ။
အဲဒီ အယူမှန် - “သမ္မာဒိဋ္ဌိက ခြောက်မျိုး”ရှိပါတယ်။
(၁) ကမ္မဿကတာသမ္မာဒိဋ္ဌိ
(၂) ဈာနသမ္မာဒိဋ္ဌိ
(၃) ၀ိပဿနသမ္မာဒိဋ္ဌိ
(၄) မဂ္ဂသမ္မာဒိဋ္ဌိ
(၅) ဖလသမ္မာဒိဋ္ဌိ
(၆) ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိလို့ ခြောက်မျိုး ရှိပါတယ်။

●“ကမ္မဿကတာ သမ္မာဒိဋ္ဌိ”ဆိုတာ ကံသာလျှင်
ကိုယ်ပိုင်ဥစ္စာပဲလို့ ယုံကြည်တဲ့ ဉာဏ်ပါပဲ။
●“ဈာနသမ္မာဒိဋ္ဌိ” ဆိုတာ ဈာန်နဲ့ယှဉ်တဲ့ ဉာဏ်ပါ။
●“၀ိပဿနာသမ္မာဒိဋ္ဌိ” ဆိုတာ ၀ိပဿနာဉာဏ်၊
●“မဂ္ဂသမ္မာဒိဋ္ဌိ”ဆိုတာ မဂ်ဉာဏ်
●“ဖလသမ္မာဒိဋ္ဌိ”ဆိုတာ ဖိုလ်ဉာဏ်၊
●“ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိ”ဆိုတာ မဂ် ဖိုလ် နိဗ္ဗာန်နဲ့
ကိလေသာ ပယ်သတ်ခြင်းကို သုံးသပ်တဲ့ဉာဏ်ပါပဲ။

အဲဒီလို သမ္မာဒိဋ္ဌိခြောက်မျိုးရှိတဲ့အထဲမှာ
အခြေခံအကျဆုံး သမ္မာဒိဋ္ဌိက “ကမ္မဿကတ သမ္မာဒိဋ္ဌိ”ပါပဲ။
ဗုဒ္ဓဘာသာဝင်တိုင်း၊ လူသားတိုင်း၊ သက်ရှိ
ပုဂ္ဂိုလ်တိုင်းအတွက် မရှိမဖြစ် အရေးကြီးတဲ့
သမ္မာဒိဋ္ဌိဟာ “ကမ္မဿကတသမ္မာဒိဋ္ဌိ”ပါပဲ။

“ကိုယ်ပြုထားတဲ့ ကောင်းတဲ့ကံ၊
ကိုယ်ပြုထားတဲ့ မကောင်းတဲ့ကံတွေက ကိုယ့်ရဲ့
ရုပ်နာမ်သန္တာန်မှာ သတ္တိအဖြစ်နဲ့ လိုက်ပါပြီးတော့
ပစ္စုပ္ပန် သံသရာ ဘ၀တစ်လျှောက်လုံး
လိုက်အကျိုးပေးနေမှာပဲ။
ကောင်းစွာ ပြုထားတဲ့ ကောင်းမှုတွေက
ကောင်းတဲ့အကျိုးတွေ ပေးမယ်။
မကောင်းသဖြင့် ပြုထားတဲ့ မကောင်းမှုတွေက
မကောင်းကျိုးတွေပေးမယ်။”

အဲဒီလို ယုံကြည်တဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိဟာ
လူသားတိုင်းရဲ့သန္တာန်မှာ မရှိမဖြစ်
ခိုင်ခိုင်မြဲမြဲ ရှိနေရမယ့် သမ္မာဒိဋ္ဌိပါပဲ။

အဲဒီ “ကမ္မဿကတာသမ္မာဒိဋ္ဌိ” ဆိုတဲ့ ကြာပွင့်ကလေးကို
ညစ်နွမ်းစေနိုင်တဲ့၊ ညစ်နွမ်းပိုင်ခွင့်ရှိတဲ့၊
ပေကျံပိုင်ခွင့်ရှိတဲ့ အညစ်အကြေးက သုံးမျိုးရှိပါတယ်။
“အယူမှား သုံးမျိုး”ပေါ့။

(၁)။ ပစ္စေကတဟေတုဒိဋ္ဌိဝါဒ လို့ ခေါ်တဲ့အယူမှား၊
(၂)။ က္ကဿရနိမ္မာနဒိဋ္ဌိဝါဒ လို့ ခေါ်တဲ့အယူမှား၊
(၃)။ အဟေတုကဒိဋ္ဌိဝါဒ လို့ ခေါ်တဲ့အယူမှား၊

အဲဒီ အယူမှားသုံးမျိုးဟာ ကမ္မဿကတာ
သမ္မာဒိဋ္ဌိကို ညစ်နွမ်းစေတဲ့၊ ညစ်နွမ်းပိုင်ခွင့်ရှိတဲ့
အယူမှား အညစ်အကြေးတွေပါပဲ။

အဲဒီ အယူမှားသုံးမျိုး ရွှံ့နွံတွေ ပေကျံနေရင် မိမိရဲ့
စိတ်နှလုံး အိမ်ထဲမှာ ကမ္မဿကတာ သမ္မာဒိဋ္ဌိ
ဆိုတဲ့ ကြာပန်းကလေး မပွင့်လန်းနိုင်တော့ပါဘူး။

ကိုယ့်ပတ်ဝန်းကျင်မှာ အယူမှားသုံးမျိုး ရွှံ့နွံတွေ
ဘယ်လောက်ပဲ ရှိရှိ၊ ကိုယ်က အဲဒီရွှံ့နွံတွေနဲ့
လိမ်းကျံကပ်ငြိမူ မပြုဘူးဆိုရင် ကိုယ့်ရဲ့
စိတ်နှလုံးအိမ်မှာ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဆိုတဲ့
ကြာပန်းကလေး သန့်သန့်စင်စင် ပွင့်လန်းနေပါပြီ။

“ကမ္မဿကတာ သမ္မာဒိဋ္ဌိ - ကိုယ့်ကံသာ
ကိုယ့်ကိုယ်ပိုင်ပစ္စည်းလို့ ယုံကြည်သိမြင်တဲ့ ဉာဏ်”
သန့်သန့်စင်စင် ဖြစ်နေတဲ့လူဟာ ကြာလိုလူပါပဲ။

■“ဘာမဆို အတိတ်ကံကိုချည်းပုံချရင် မိစ္ဆာဒိဋ္ဌိ”
“ဗုဗ္ဗေကတဟေတုဒိဋ္ဌိဝါဒ” ဆိုတာက လောကမှာ
ဖြစ်ပျက်နေသမျှ အရာအားလုံ၊ ခံစားနေရသမျှ
ချမ်းသာဆင်းရဲအားလုံးဟာ အတိတ်ကံသက်သက်ကြောင့်ပဲ
ဖြစ်တာလို့ ယူဆတဲ့ အယူဝါဒပါ။

■“က္ကဿာရနိမ္မာနဒိဋ္ဌိဝါဒ” ဆိုတာက လောကမှာ
ဖြစ်ပျက်နေသမျှ အရာအားလုံး၊ ခံစားနေရသမျှ
ချမ်းသာဆင်းရဲ အားလုံးဟာ ဖန်ဆင်းရှင်ရဲ့
ဖန်ဆင်းမူကြောင့် ဖြစ်ရတာလို့ ယူဆတဲ့အယူဝါဒပါ။

■“အဟေတုကဒိဋ္ဌိဝါဒ” ဆိုတာက လောကမှာ
ဖြစ်ပျက်နေသမျှ အရာအားလုံး၊ ခံစားနေရသမျှ
ချမ်းသာဆင်းရဲအားလုံးဟာ ဘာအကြောင်းကြောင့်မှ
ဖြစ်တာ မဟုတ်ဘူး၊ အကြောင်းမဲ့သက်သက်
သူဖြစ်ချင်သလို ဖြစ်နေတာပဲလို့ ယူဆတဲ့ အယူဝါဒပါ။

အဲဒီ အယူဝါဒသုံးပါးစလုံးဟာ ကြာကို
ညစ်နွမ်းစေနိုင်တဲ့ ရွှံ့နွှံအညစ်အကြေးနဲ့တူတဲ့
အယူမှားတွေပါပဲ။ အဲဒီအယူမှားတွေကို
အသေးစိတ် စိစစ်ရင်တော့ အကျယ်ချဲ့ပြီး ပြောရမှာပဲ။
အကျဉ်းချုပ်အားဖြင့် ပြောရရင်တော့…

■ဗုဗ္ဗေကတဟေတုဒိဋ္ဌိဝါဒ အရာရာဟာ
အတိတ်ကံ သက်သက်ကြောင့်ချည်းပဲဖြစ်တယ်ဆိုတဲ့
အယူအဆ။ အဲဒီအယူအဆဟာလည်း
မှားယွင်းတဲ့ အယူအဆပါပဲ။

အရာရာဟာ အတိတ်ကံသက်သက်ကြောင့်ချည်းပဲ
ဖြစ်တယ်လို့ဆိုရင် ဒီဘ၀မှာ...
- သူ့အသက်သတ်နေတဲ့ ပုဂ္ဂိုလ်တွေ၊
- သူ့ဥစ္စာခိုးနေတဲ့ ပုဂ္ဂိုလ်တွေ၊
- ကာမဂုဏ်မှားယွင်းနေတဲ့ ပုဂ္ဂိုလ်တွေ၊
- လိမ်ညာပြောဆိုတဲ့ ပုဂ္ဂိုလ်တွေ၊
- ကုန်းတိုက်တဲ့စကားပြောဆိုနေတဲ့ ပုဂ္ဂိုလ်တွေ၊
- ကြမ်းတမ်းတဲ့စကားပြောဆိုနေတဲ့ ပုဂ္ဂိုလ်တွေ၊
- အကျိုးမရှိ သိမ်ဖျင်းတဲ့စကားပြောဆိုနေတဲ့ ပုဂ္ဂိုလ်တွေ၊
- သူတစ်ပါးရဲ့ ပစ္စည်းဥစ္စာကို မတရားကြံစည်နေတဲ့ပုဂ္ဂိုလ်တွေ၊
- သူတစ်ပါးကို သေကြောင်းကြံစည်နေတဲ့ ပုဂ္ဂိုလ်တွေ၊
- အယူမှားနေတဲ့ ပုဂ္ဂိုလ်တွေ၊
အဲဒီပုဂ္ဂိုလ်တွေဟာ အတိတ်ကံကြောင့်ပဲ
ဖြစ်နေတာဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သွားပါတယ်။

သူ့အသက်သတ်တာ သတ်ချင်လို့သတ်တာ မဟုတ်ဘူး။
အတိတ်ကံကြောင့် သတ်ရတာ၊
သူ့ပစ္စည်းခိုးတာ ခိုးချင်လို့ခိုးတာ မဟုတ်ဘူး၊
အတိတ်ကံကိုကပါလာလို့ ခိုးတာပါ၊
အတိတ်ကံကြောင့် ခိုးတာပါ၊
မကောင်းမူဒုစရိုက်တွေ ပြုလုပ်နေတာဟာ
အတိတ်ကံကြောင့် ပြုလုပ်နေတာပါဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
အဲဒီလို မကောင်းမူ ဒုစရိုက်တွေ လုပ်နေတာပါဆိုတဲ့
အဓိပ္ပာယ်ပါပဲ။ အဲဒီလို မကောင်းမှု ဒုစရိုက်တွေက
ရှောင်ကြဉ်တဲ့ ကုသိုလ်အမူတွေကလည်း
အတိတ်ကံကြောင့် ဖြစ်ရတာပဲဆိုတဲ့
အဓိပ္ပာယ် သက်ရောက်သွားပါတယ်။

တစ်နည်းပြောရရင်တော့ လောကမှာ သူယုတ်မာရယ်၊
သူတော်ကောင်းရယ်လို့ ပုဂ္ဂိုလ်နှစ်မျိုးရှိကြတယ်။
သူယုတ်မာတွေဟာလည်းပဲ အတိတ်ကံကြောင့်
သူယုတ်မာဖြစ်နေကြတာပဲ။
သူတော်ကောင်းတွေဟာလည်း အတိတ်ကံကြောင့်
သူတော်ကောင်းဖြစ်နေကြတာပဲဆိုတဲ့ အဓိပ္ပာယ်
သက်ရောက်သွားပါတယ်။ အမှန်ကတော့ အတိတ်ကံ
သက်သက်ကြောင့် သူယုတ်မာတစ်ယောက်ဖြစ်မသွားနိုင်သလို၊
အတိတ်ကံသက်သက်ကြောင့်လည်း သူတော်ကောင်း
တစ်ယောက် ဖြစ်မလာနိုင်ပါဘူး။

မြတ်စွာဘုရားရှင်လက်ထက်တုန်းက သာမာဝတီ
မိဖုရားကြီးကို ပန်းဆက်ရတဲ့ ခုဇ္ဇုတ္တရာဆိုတဲ့
အမျိုးသမီးတစ်ယောက်ရှိတယ်။
သူဟာ ပန်းဖိုး၊ ရှစ်ကျပ်ထဲက လေးကျပ်ကို ကိုယ့်အတွက်
ခိုးယူထားပြီးတော့ လေးကျပ်ဖိုးပဲ ပန်းဝယ်ပြီး
သာမာဝတီမိဖုရားကြီးကို ဆက်သတယ်။
တစ်နေ့မှာ မိမိပန်းဝယ်တဲ့ သုမနဆိုတဲ့ ပန်းသည်ရဲ့
အိမ်မှာ မြတ်စွာဘုရားကို ဆွမ်းကျွေးတဲ့အတွက်ကြောင့်
ဝေယျာဝစ္စတွေ ကူညီလုပ်ကိုင်ပေးရင်းနဲ့
မြတ်စွာဘုရားရှင်ရဲ့ တရားကို နာကြားပြီး
တရားတော်ကညွန်ကြားတဲ့အတိုင်း ၀ိပဿနာရူပွားလိုက်တော့
သောတာပန် ဖြစ်သွားပါတယ်။ အဲဒီ သောတာပန်ဖြစ်သွားတဲ့
အချိန်မှာတော့ ပန်းဖိုးလေးကျပ်ကို ခိုးယူမထားတော့ဘဲနဲ့
ရှစ်ကျပ်ဖိုး အပြည့်အ၀ ပန်းတွေဝယ်ပြီးတော့
သာမာဝတီမိဖုရားကြီးကို ဆက်သပါတယ်။

ဒီတော့ ပန်းဖိုး လေးကျပ် ခိုးခဲ့တဲ့အမှု၊
ပန်းဖိုး လေးကျပ် မခိုးတော့ဘဲနဲ့ ရှစ်ကျပ်ဖိုး အပြည့်အဝ
ဝယ်လိုက်တဲ့အမူ၊ အဲဒီ အမူနှစ်ခုစလုံးဟာ
“ဗုဗ္ဗေကတဟေတုဒိဋ္ဌိဝါဒသမား”များရဲ့ အလိုအရ
ပြောရရင် ရှေးကံကြောင့် ဖြစ်ရတာပါ။
ပန်းဖိုးခိုးတာလည်း ရှေးကံကြောင့်၊ ပန်းဖိုးမခိုးတော့ဘဲ
အမှန်အတိုင်း သူတော်ကောင်းဖြစ်သွားတာလည်း
ရှေးကံကြောင့် အဲဒီလို အဓိပ္ပာယ်သက်ရောက်နေပါတယ်။

တကယ်တော့ ပန်းဖိုး မခိုးတော့ဘဲနဲ့ သူတော်ကောင်း
ဖြစ်သွားတာဟာ ရှေးကံအကြောင်း သက်သက်ကြောင့်ပဲ
ဖြစ်သွားတာ မဟုတ်ပါဘူး၊ မြတ်စွာဘုရားရှင်ကို ပြုစုလုပ်ကျွေးခြင်း၊
မြတ်စွာဘုရားရှင်ထံ ချဉ်းကပ်ခြင်း၊ မြတ်စွာဘုရားရှင်ရဲ့
တရားတော်ကို နာကြားခြင်း၊ တရားတော်ကို သင့်တင့်မှန်ကန်စွာ
နှလုံးသွင်းခြင်း၊ တရားတော်နဲ့ လိုက်လျောညီထွေးတဲ့
အကျင့်ကို ကျင့်ခြင်းဆိုတဲ့ ပစ္စုပ္ပန်အကြောင်းတရားတွေကို
ပြုကျင့်တဲ့ အတွက်ကြောင့် သောတာပန်
သူတော်ကောင်း အဖြစ်ကို ဆိုက်ရောက်သွားရခြင်း ဖြစ်ပါတယ်။

ဒီတော့ သူတော်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်
အတိတ်ကံသက်သက်နဲ့မဖြစ်နိုင်ဘူး။
ပစ္စုပ္ပန်အကြောင်းတရားတွေပါမှ ဖြစ်နိုင်တယ်။
ဒါက ဘာသာရေးအမြင်ထဲကနေ ပြောတာပါ။
ကျန်တဲ့ လောကရေးရာတွေမှာလည်း ထို့အတူပါပဲ။
လောကအောင်မြင်မှု၊ ဆုံးရူံးမှု၊ ချမ်းသာမှု၊
ဆင်းရဲမှု၊ ပြည့်စုံမှု၊ မပြည့်စုံမှု၊ အစိုးရမှု၊
အစိုးမရမှု အစရှိတဲ့ အရေးကိစ္စတွေမှာလည်း
အတိတ်ကံသက်သက်နဲ့ မဖြစ်နိုင်ဘူး။
ပစ္စုပ္ပန်အကြောင်းတရား၊ ပစ္စုပ္ပန်ကံပါမှ ဖြစ်နိုင်တယ်။

ပစ္စုပ္ပန်ကံဆိုတာ ပစ္စုပ္ပန်မှာ ပြုလုပ်အားထုတ်တဲ့
ဉာဏ်နဲ့ ၀ီရိယကို ပြောတာပါ။ ပစ္စုပ္ပန်ဉာဏ်နဲ့ ၀ီရယကို
ပစ္စုပ္ပန်ကံလို့ ခေါ်ပါတယ်။ အဲဒီလိုအားဖြင့် ပစ္စုပ္ပန်ကံကို
လုံးဝထည့်သွင်း မစဉ်းစားဘဲ ၊အတိတ်ကံသက်သက်ကိုပဲ
ယုံကြည်တဲ့ “ဗုဗ္ဗေကတဟေတုဒိဋ္ဌိဝါဒ”သည်လည်းပဲ
အယူမှားတစ်ခုဖြစ်ပါတယ်။

“ဘာဖြစ်ဖြစ်ဖန်ဆင်းရှင်ကြောင့်ဆိုရင် မိစ္ဆာဒိဋ္ဌိ”
•••••••••••••••••••••••••••••••••••••••••••••••••
တစ်ခါ က္ကဿရနိမ္မာနဒိဋ္ဌိဝါဒ - အရာရာဟာ
ဖန်ဆင်းရှင်ကြောင့် ဖြစ်တာပဲဆိုတဲ့ အယူဝါဒ။
အဲဒီအယူဝါဒဟာလည်း မှားယွင်းတဲ့ အယူဝါဒပါပဲ။

အရာရာဟာ ဖန်ဆင်းရှင်ကြောင့် ဖြစ်တယ်ဆိုရင်
သူယုတ်မာတွေလည်း ဖန်ဆင်းရှင်ကြောင့် ဖြစ်နေတာပဲ။
သူတော်ကောင်းတွေလည်း ဖန်ဆင်းရှင်ကြောင့်
ဖြစ်နေတာပဲဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သွားပါတယ်။
တကယ်ကတော့ သူတော်ကောင်းဖြစ်ဖို့
ကိုယ်ကိုယ်တိုင် အားထုတ်ကြရတာပဲ။

ဖန်ဆင်းရှင်ကို ကိုးကွယ်ယုံကြည်တဲ့ ပုဂ္ဂိုလ်တွေရဲ့
ခံယူချက်တစ်ခုက ဘာလဲဆိုရင် ဖန်ဆင်းရှင်၊
သို့မဟုတ် ထာဝရဘုရားကို ယုံကြည့်ပါတယ်။
ယုံကြည်ပြီးတော့ ၀တ်ပြု ဆုတောင်းပါတယ်။
အဲဒီပုဂ္ဂိုလ်တွေ သေလွန်သွားတဲ့အခါ ထိုဖန်ဆင်းရှင်
ကယ်တင်ပါလိမ့်မယ်။ ဖန်ဆင်းရှင်ကို မယုံကြည်တဲ့
ပုဂ္ဂိုလ်များ၊ မယုံကြည်တဲ့အတွက် ၀တ်ပြုဆုတောင်းမှု၊
ရှိခိုးမှုမပြုတဲ့ ပုဂ္ဂိုလ်များကတော့ ဖန်ဆင်းရှင်က
မကယ်တင်နိုင်ဘူး။ အဲဒီလို ခံယူချက်ရှိကြပါတယ်။

ဒါ သူတို့ကိုယ်တိုင် ခံယူတဲ့ ခံယူချက်ပါ။
အဲဒီ ခံယူချက်ကလေးကို သေချာ စိစစ်ကြည့်လိုက်ရင်၊
သူ့ကို မယုံကြည်တဲ့ ပုဂ္ဂိုလ်ကို ဖန်ဆင်းရှင်က
ဘာမှမတတ်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပြီးသားပါ။

ဖန်ဆင်းရှင်က သူ့ကို ယုံကြည်တဲ့ပုဂ္ဂိုလ်၊
ဆုတောင်းဝတ်ပြုတဲ့ပုဂ္ဂိုလ်၊ ရှိခိုးမူပြုတဲ့ပုဂ္ဂိုလ်ကိုပဲ
ကယ်မယ်ဆိုတာကို ကြည့်လိုက်ခြင်းအားဖြင့် ဖန်ဆင်းရှင်က
ကယ်တာ မဟုတ်ဘူး။ ယုံကြည်တဲ့အလုပ်၊ ရှိခိုးတဲ့အလုပ်၊
ဆုတောင်းဝတ်ပြုတဲ့အလုပ်က ကိုယ့်ကို ကယ်တင်တယ်ဆိုတဲ့
အဓိပ္ပာယ်သက်ရောက်ပြီးသားပါ။

မယုံကြည်တဲ့ ပုဂ္ဂိုလ်ကို ဖန်ဆင်းရှင်က မကယ်တင်ဘူးဆိုတာ့
မယုံကြည်တဲ့အလုပ်၊ ရှိခိုးမှု ဆုတောင်းဝတ်ပြုမှု
မပြုတဲ့ အလုပ်က ကိုယ့်ကို မကယ်တင်ဘူးဆိုတဲ့
အဓိပ္ပာယ်သက်ရောက်ပြီးသားပါ။
ကိုယ့်အလုပ်ကသာ ကိုယ့်ကို ကယ်တင်နိုင်ပြီးတော့
ကိုယ့်အလုပ်ကသာ ကိုယ့်ကို မကယ်တင်နိုင်ခြင်း ဖြစ်ပါတယ်။
ဖန်ဆင်းရှင်ရဲ့ တန်ခိုးသတ္တိ ဘာမှမရှိပါဘူး။

ဒီတော့ ဒီနေ့ခေတ် လောကမှာ ဆိုးသွမ်းမိုက်မဲတဲ့
ပုဂ္ဂိုလ်တွေ၊ လူယုတ်မာတွေ မြောက်မြားစွာရှိကြတယ်။
အရာရာကို ဖန်ဆင်းရှင်က ဖန်ဆင်းတယ်ဆိုရင်
ဆိုးသွမ်း မိုက်မဲတဲ့ လူယုတ်မာတွေကို
ဖန်ဆင်းပေးထားတဲ့ ဖန်ဆင်းရှင်ဟာ
ဆိုးသွမ်းမိုက်မဲတဲ့ပုဂ္ဂိုလ်ပဲ ဖြစ်မှာပါပဲ။
လောကမှာ ဆင်းရဲနွမ်းပါးတဲ့ပုဂ္ဂိုလ်တွေ၊
အနာရောဂါစွဲကပ်နေတဲ့ပုဂ္ဂိုလ်တွေကို
ဖန်ဆင်းပေးလိုက်တဲ့ အဲဒီ ဖန်ဆင်းရှင်ဟာ
ကရုဏာတရားကင်းမဲ့တဲ့ ဖန်ဆင်းရှင် ဖြစ်တော့မှာပါပဲ။

မျက်မှောက်ခေတ်မှာ အထင်ရှားဆုံး သာဓကအနေနဲ့
ပြောရင် ဒီနေ့ ကမ္ဘာတစ်ဝန်းလုံးမှာ အေအိုင်ဒီအက်စ်
ရောဂါဝေဒနာရှင်တွေ နိုင်ငံအ၀ှမ်း၊ ကမ္ဘာအ၀ှမ်း မြောက်မြားစွာ
ရှိပါတယ်။ ဘယ်လိုနည်းနဲ့မှ ကုသလို့မရတဲ့ရောဂါ၊
ကုရာနတ္ထိဆေးမရှိတဲ့ ရောဂါပါပဲ။

အရာရာဟာ ဖန်ဆင်းရှင်ရဲ့ အလိုတော်ကြောင့်၊
သို့မဟုတ် ထာဝရဘုရားရဲ့ အလိုတော်ကြောင့် ဖြစ်ရတယ်ဆိုရင်
ဘယ်လိုမှ ကုသလို့မရတော့တဲ့ သေချာပေါက် သေကြရမယ့်
အေအိုင်ဒီအက်စ်ရောဂါဝေဒနာရှင်တွေကို ဖန်ဆင်းပေးထားတဲ့
ဖန်ဆင်းရှင်ရဲ့၊ သို့မဟုတ် ထာဝရဘုရားရဲ့
အလိုတော်ဟာ အင်မတန်ဆိုးတဲ့ အလိုဆိုးဖြစ်တော့မှာပါပဲ။

ဒါကြောင့် ဖန်ဆင်းရှင်ကြောင့် ဖြစ်တာမဟုတ်ဘူး။
အေအိုင်ဒီအက်စ်ရောဂါဝေဒနာ စွဲကပ်နေတဲ့
ရောဂါဝေဒနာရှင်တွေကလည်း ပစ္စုပ္ပန်မှာ
ကာမဂုဏ်မှားယွင်းခြင်း၊ မူးယစ်ဆေးဝါးတွေ
သုံးစွဲခြင်းအစရှိတဲ့ ပစ္စုပ္ပန်အကြောင်းတရားတွေကြောင့်
အဲဒီ ရောဂါဝေဒနာတွေ စွဲကပ်ကြတာပါ။
ဖန်ဆင်းရှင်က ဖန်ဆင်းလိုက်လို့ စွဲကပ်ကြတာ မဟုတ်ပါဘူး။
ဒါကြောင့် က္ကဿရနိမ္မာနဒိဋ္ဌိဝါဒလို့ခေါ်တဲ့ ဖန်ဆင်းရှင်
ယုံကြည်တဲ့ ၀ါဒသည်လည်းပဲ အယူမှားပါပဲ။

“လောကကြီးကသူဖြစ်ချင်သလို
ဖြစ်နေတာဆိုရင် မိစ္ဆာဒိဋ္ဌိ ”
•••••••••••••••••••••••••••••••••••••••••
တစ်ခါ အဟေတုကဒိဋ္ဌိဝါဒ -
အရာရာဟာ အကြောင်းမဲ့သက်သက်ဖြစ်နေတာပဲ၊
သူဖြစ်ချင်သလို ဖြစ်နေတာပဲဆိုတဲ့ အယူဝါဒ၊
ဒါလည်းပဲ မှားယွင်းတဲ့ အယူဝါဒပါပဲ။

လူယုတ်မာဖြစ်ရတာ၊ သူတော်ကောင်းဖြစ်ရတာဟာ
အကြောင်းမရှိဘဲဖြစ်နေတယ်ဆိုတဲ့သဘော သက်ရောက်တယ်။
သူတော်ကောင်း တစ်ယောက်ဖြစ်ဖို့အတွက် ဆိုတာ
အနည်းဆုံး အကြောင်းလေးချက် လိုအပ်တယ်။
၁။ သူတော်ကောင်းကို ဆည်းကပ်ရမယ်။
၂။ သူတော်ကောင်းတရား နာကြားရမယ်။
၃။ အရာရာကို အသင့်အတင့် မှန်ကန်စွာနှလုံးသွင်းရမယ်။
၎။ တရားနဲ့ လိုက်လျောညီထွေးတဲ့ အကျင့်ကို ကျင့်ရမယ်။

အဲဒီအကြောင်းလေးချက် ပြည့်စုံမှသာ
သူတော်ကောင်းတစ်ယောက် ဖြစ်လာနိုင်တာပါ။
တခြား လောကီကိစ္စတွေမှာလည်းပဲ ထို့အတူပါပဲ။
အကြောင်းတရားတွေ လုံလောက်အောင် ဖြည့်ဆည်းပြီးမှ
မိမိတို့လိုချင်တဲ့ အကျိုးတရားတွေကို ရရှိကြတာ ဖြစ်ပါတယ်။

ပစ္စုပ္ပန်မှာ စားဝတ်နေရေးပြည့်စုံဖို့အတွက် မိမိတို့ကိုယ်တိုင်
နဖူးက ချွေး ခြေမကျအောင် ကြိုးစားရုန်းကန်နေရပါလျက်နဲ့
အရာရာဟာ အကြောင်းမဲ့သက်သက် ဖြစ်တာပဲလို့
ယူဆလို့ရှိရင်၊ ရှေ့က ၀ါဒနှစ်ခုအရဆိုရင်
အတိတ်ကံ သက်သက်ကြောင့် ဖြစ်တာပဲ၊
ဖန်ဆင်းရှင်ကြောင့် ဖြစ်တာပဲလို့ ယူဆလို့ရှိရင်
မိမိဟာ အသိဉာဏ်နည်းရာ ရောက်သွားလိမ့်မယ်။

ဆိုပါတော့။ ဒီနေ့ ကျောင်းတွေ ပိတ်နေတဲ့အချိန်မှာ
တချို့လူငယ်တွေက ဘာမှ မလုပ်ကြဘဲနဲ့ အချိန်ဖြုန်းပြီး နေကြတယ်။
အပျော်အပါးတွေနဲ့ အချိန်ဖြုန်းပြီးတော့ နေကြတယ်။
တချို့ လူငယ်တွေကတော့ သင်တန်းတွေ တက်ကြတယ်၊
ရရာအလုပ် ၀င်ပြီး လုပ်နေကြတယ်။
သင်တန်းတက်တဲ့ ပုဂ္ဂိုလ်၊ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်တွေကတော့
သက်ဆိုင်ရာ ပညာရပ်တွေ တိုးကြတယ်။
အလုပ်နဲ့ လိုက်လျောညီထွေးတဲ့ ငွေကြေးတွေကို ရရှိကြတယ်။

ပညာတွေ တိုးကြတာ၊ ၀င်ငွေတွေ ရရှိကြတာ
အကြာင်းမဲ့သက်သက်တော့ မဟုတ်ပါဘူး။
သင်တန်းတက်ခြင်း၊ အလုပ်လုပ်ခြင်းဆိုတဲ့
အကြောင်းကြောင့် ရရှိခြင်းဖြစ်ပါတယ်။

သင်တန်းမတက်၊ အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်တွေကတော့
ဘာပညာမှလည်း မတိုးဘူး၊ ဘာဝင်ငွေမှလည်း မရဘူး။
အဲဒီလို ပညာမရခြင်း၊ ၀င်ငွေ မတိုးခြင်းဟာလည်းပဲ
အကြောင်းမဲ့ သက်သက် မဟုတ်ပါဘူး။
ကိုယ်တိုင် ပျင်းပြီး ဘာမှမလုပ်ဘဲ အချိန်ဖြုန်းခြင်းကြောင့်
ဖြစ်ရတာပါပဲ။ ဒီတော့ ဘယ်အရေးကိစ္စမှာပဲ ကြည့်ကြည့်
အကြောင်းမဲ့သက်သက် ဖြစ်တယ်ဆိုတာဟာ
သဘာဝမကျ၊ ယုတ္တိမရှိတဲ့ အယူဝါဒပါပဲ။

ဒါကြောင့် ဗုဗ္ဗေကတဟေတုဒိဋ္ဌိဝါဒ
က္ကဿရနိမ္မာနဒိဋ္ဌိဝါဒ၊ အဟေတုကဒိဋ္ဌိဝါဒလို့ခေါ်တဲ့
အယူမှား သုံးခုစလုံးဟာ သမ္မာဒိဋ္ဌိတည်းဟူသော
ကြာပွင့်ကလေးရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့
ရွှံ့နွံအညစ်အကြေးတွေနဲ့ တူပါတယ်။
အဲဒီ အယူမှား ရွှံ့နွံ အညစ်အကြေးတွေနဲ့
လိမ်းကျံကပ်ငြိပြီးတော့နေမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ
အညစ်အကြေးတွေ ရောယှက် လိမ်းကျံနေတဲ့အတွက်ကြောင့်
ကြာလိုလူ မဖြစ်ဘဲနဲ့ မြက်လိုလူပဲ ဖြစ်မယ်။

အယူမှားတွေ လိမ်းကျံခြင်း မရှိဘူးဆိုရင်
ကြာလိုလူ ဖြစ်ရမှာပါပဲ။

အယူမှား ရွှံ့နွံတွေ ကင်းစင်တဲ့ အယူမှန် ကြာလိုလူ
ဖြစ်ချင်တယ်ဆိုရင် ဘာမဆို အတိတ်ကံကိုချည်း
ပုံချတာမျိုးလည်း မလုပ်ပါနဲ့၊ ဘာဖြစ်ဖြစ် ဖန်ဆင်းရှင်ကြောင့်လို့
လွှဲချတာမျိုးလည်း မလုပ်ပါနဲ့၊ လောကကြီးက
သူဖြစ်ချင်သလို ဖြစ်နေတာပါလို့ ၀ါးချတာမျိုးလည်း မလုပ်ပါနဲ့။
ကိုယ်ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ကံတရားတွေက ကိုယ့်ကို
အကျိုးပေးနေတာလို့ အခိုင်အမာ ယုံကြည်လိုက်ပါ ။
ကိုယ့်ကံသာ ကိုယ့်ဘ၀ရဲ့ ဖန်တီးရှင်လို့ အသေအချာ
နားလည်သဘောပေါက်လိုက်ပါ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
Posted by
www.facebook.com/youngbuddhistassociation.mm
အပ္ပမာဒေန သမ္ပာဒေထ။
-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】
၏ “ကြာလိုလူ” နှာ ၆၄- ၇၆ မှ -ကူးယူ
ပူဇော်မျှဝေပါသည်။】
အပ္ပမာဒေန သမ္ပာဒေထ။