(က)အမှတ်တမဲ့ကနေ အမှတ်တရ
ဖြစ်နေရတာတွေ အများကြီးပါပဲ။
“အမှတ်တမဲ့ အမှား”ကနေ
“အမှတ်တရ အမှား”တွေဖြစ်သွားတာကိုလည်း
သတိထားကြစရာ ပါပဲ။
အမှတ်တမဲ့ဆိုတာ မထင်မှတ်ပဲပြောမိတာ၊
မထင်မှတ်ပဲ လုပ်မိတာ၊
မထင်မှတ်ပဲ ရေးမိတာတွေပဲ ဖြစ်တယ်။
အမှတ်တမဲ့ဆိုတာ “အမှတ်” မပါတာ။
အမှတ်မပါတာ. . . ပမာဒတရားပါပဲ။
သတိမထားရင် အမှတ်မဲ့သွားတာပေါ့။
“သတိ” ဆိုတာ “အပ္ပမာဒ”။
အပ္ပမာဒ ဆိုတာ မမေ့မလျော့တာ၊
သတိရဲ့ဆန့်ကျင်ဘက် က ပမာဒ။
အပ္ပမာဒရဲ့ဆန့်ကျင်ဘက်ဟာ အမှတ်တမဲ့။
ရှုပ်သွားပြီလား။
လွယ်လွယ်မှတ်ရင်တော့ အမှတ်သတိ
မရှိပါတာဟာ “အမှတ်တမဲ့”ပါ။
ဘဝမှာ အမှတ်တမဲ့ သို့မဟုတ် အမှတ်မဲ့လုပ်ခဲ့တာတွေ
“အနည်း နဲ့အများ” ရှိနေကြတာပါပဲ။
တစ်ချို့အမှတ် တမဲ့တွေဟာ အတိတ်ဘဝတွေက
မြစ်ဖျားခံခဲ့တာတွေဖြစ်နေတယ်။

(ခ) “ကုဏ္ဍဓါန သို့မဟုတ် ကောဏ္ဍဓါန”လို့
လည်း ခေါ်ကြပါတယ်။ ရဟန်းတစ်ပါးရဲ့ ဘွဲ့တော်ပါ။
ကုဏ္ဍဓါနရဟန်းဟာ မဲကံအလွန်ကောင်းပါတယ်။
ဆွမ်းဦးခံဖို့၊ ကြွဖို့မဲချလိုက်ရင် အရှင်မြတ်ပဲ မဲကျတယ်။
ရှေးခေတ်က အသုံးအစွဲများခဲ့တဲ့ စာရေးတံ
(စာရေးတန်) ဆွမ်းအလှူခံမဲစနစ်မှာ “ကံစမ်းမဲရှင်”
ကတော့ “အရှင်ကုဏ္ဍဓါန” ပဲဖြစ်နေတတ်တယ်။

ဒီလို ကံစမ်းမဲရှင်ဖြစ်ရတာ စာရေးတံ
အလှူဒါနတွေပြုခဲ့လို့ပဲဖြစ်တယ်။
ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းဟာ တစ်ခါတရံမှာ
ဒွန်တွဲနေတတ်ပါတယ်။ ဆွမ်းဦးခံမဲ သူပဲကျနေတတ်လို့
“အရှင်ကုဏ္ဍဓါန” ကံကောင်းတယ်၊ကံထူးရှင်လို့ပင်ခေါ်ရတယ်။
ဒါပေမယ့် ကံမကောင်းတဲ့ ကံဆိုးမိုးမှောင်ကလည်း
အရှင်မြတ်နဲ့အတူ ကပ်ပါလာလေရဲ့။
အဲဒါကတော့ အရှင်မြတ်နောက်မှာ အမျိုးသမီးတစ်ယောက်
(မာတုဂါမတစ်ယောက်) အမြဲလိုက်နေခြင်းပဲ။

အရှင်မြတ်ဆွမ်းခံကြွတဲ့အခါ ဆွမ်းလောင်းလှူသူ
ဒကာ၊ဒကာမတွေက- “ဟော
ဒါက-အရှင်ဘုရားအား လှူတာပါဘုရား၊ ဒီဟာက
တော့ အရှင်ဘုရားရဲ့ ဒကာမလေးအတွက်ပါဘုရား”
လို့ ပြောပြီး လောင်းလှူလေ့ရှိကြသတဲ့။
ဒီကိစ္စနဲ့ ပတ်သက်လို့ အရှင်ကုဏ္ဍဓါန
အရှက်ကွဲရပေါင်းများပြီ။
အရှင်နောက်လှည့်ကြည့်တော့လည်း ဘယ်သူမှမရှိ။
ဘယ်အမျိုးသမီးမှ မပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး သာဝတ္ထိပြည်ရှင်
ဘုရင်ကောသလကပင် စုံစမ်းစစ်ဆေးတဲ့အထိ
ဖြစ်ခဲ့ရတယ်။ တကယ်မဟုတ်မှန်း၊
သိရှိသွားတဲ့အခါ “ကောသလဘုရင်ကြီး” ဟာ
အမှားကိုဝန်ခံရုံမျှမက၊ပစ္စည်းလေးပါးဒကာအဖြစ်ပင်
ခံယူခဲ့ပါတယ်။ ဒီလို မာတုဂါမ ကပ်ပါနေတဲ့
လူတွေအထင်လွဲစွပ်စွဲတဲ့အထိ ဖြစ်ရတဲ့ ဝဋ်ကြွေးဟာ
ဘယ်သူမပြု ကိုယ်တိုင်ပြုခဲ့ဖူးတဲ့ ဝဋ်ကြွေးပါပဲ။
နောက်ဆုံးမှာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။
သလာကဘတ္တ(စာရေးတံမဲ)
“ဧတဒဂ်ရအရှင်မြတ်”လည်း ဖြစ်တော်မူပါတယ်။

ကဿပဘုရားလက်ထက်က ပြုခဲ့တဲ့
အကုသိုလ်ကံဝဋ်ကြွေးပါပဲ။
ရဟန်းနှစ်ပါးအတူတကွ ကြွကြတဲ့အခါ
ရဟန်းတစ်ပါးက အခင်းကြီးအခင်းငယ် (ကျင်ကြီးကျင်ငယ်)
စွန့်ရန် ချုံထဲဝင်ပြီးပြန်အလာ မိန်းမတစ်ယောက်ကို
ဖန်ဆင်းကာ ရဟန်းတစ်ပါးက စွပ်စွဲတယ်။
“အရှင်ဟာ မာတုဂါမနဲ့ ဆိပ်ကွယ်ရာမှာ ဖောက်ပြန်ပြီး ၊
သီလပျက်စီးခဲ့ပြီ။အရှင်နဲ့ငါ မပေါင်းလိုတော့၊
အရှင် ကြိုက်ရာလမ်း သွားပြီး လမ်းခွဲကြစို့..”
အထိဖြစ်အောင် ကြံဆောင် ခဲ့တယ်။
ရုက္ခစိုးဆိုတော့ အထင်လွဲအောင် ဖန်ဆင်းပြနိုင်တယ်လေ။

အပျော်အပြက်သဘောနဲ့ အမှတ်တမဲ့ ပြုခဲ့တဲ့ကိစ္စက
ယခုရဟန်းဖြစ်တဲ့ဘဝမှာ “မိန်းမတစ်ယောက်”
တကောက်ကောက်လိုက်ပါနေခြင်းဆိုတဲ့
ဝဋ်ကြွေး ဟာ အမှတ်တရဖြစ်ရတော့တာပဲ။
ရုက္ခစိုးဖြစ်စဉ်က ရဟန်းနှစ်ပါးကို စိတ်ဝမ်းကွဲပြားအောင်
လုပ်ခဲ့တဲ့ကိစ္စပေါ့။

မူလက အရှင်ရဲ့အမည်က “ဓါန” ပါ။
အမျိုးသမီးတစ်ယောက်အမြဲပါနေတဲ့အတွက်ကြောင့်
“ကုဏ္ဍ” ကို ရှေ့ကအထူးပြုပြီး ခေါ်ကြတာ။
“ကုဏ္ဍ”ရဲ့ အနက်က ကျူးလွန်တာ၊
တစ်စုံတစ်ခုကို လွန်လွန်ကြူးကြူး လုပ်ခြင်းပါ။
အမျိုးသမီးတစ်ဦး အထူးတွဲပါနေတဲ့ ကြူးလွန်မှုရှိသူမို့
အရှင်ကုဏ္ဍဓါန ဖြစ်ရပေတယ်။

(ဂ)“အမှတ်တမဲ့မှ အမှတ်တရဘဝ” ဖြစ်ခဲ့ရတဲ့
နောက်သာဓကတစ်ခုကတော့ “ဥဂ္ဂသေန”ပါပဲ။
ဥဂ္ဂသေနဟာ “သူဌေးသား” ပါ။
သူဌေးသားပေမယ့် ဂျွမ်းဘားမယ်ကိုကြိုက်ကာ
ဂျွမ်းဘားမယ် (ဆက်ကပ်အဖွဲ့) နောက်
ကောက်ကောက်ပါအောင်လိုက်သွားခဲ့တယ်။
မိဘတွေကတော့ အရှက်တကွဲဖြစ်ရ၊
မျက်နှာပျက်ရတယ်ဆိုပြီး သူ့ကို အမွေပြတ်ဖြတ်ခဲ့တယ်။

အဲဒီခေတ်တုန်းက ဂျွမ်းဘားသမား၊ ဆက်ကပ်မယ်၊
ကချေသည်..စသူတွေဟာ အောက်တန်းစားတွေလို့
သတ်မှတ်ခဲ့ကြတာကိုး။ ဥဂ္ဂသေနကတော့ပျော်လို့။
သူ အခုလို ဂျွမ်းဘားမယ်ကို စွဲစွဲလန်းလန်း
ဖြစ်ရတာဟာလည်း အတိတ်ကကျူးလွန်ခဲ့တဲ့
အမှတ်တမဲ့ ကိစ္စကြောင့်ပါပဲ။

“ကချေသည် ဂျွမ်းဘားမယ်လိုပဲ” လို့ နှုတ်မြွှက်စော်ကားခဲ့တယ်။
ဂျွမ်းဘားကစားတာတွေကိုလည်း တမ်းတမ်းစွဲဖြစ်ခဲ့ပါသတဲ့။
ဒါ့ကြောင့် ဂျွမ်းဘားမယ်ကို ချစ်ကျွမ်းဝင်ပြီး ၊
ဂျွမ်းဘားအဖွဲ့နဲ့ သွားလေရာ မြို့တကာ
ရွာအနှံ့ ခြေဆန့်ခဲ့တယ်။
ဂျွမ်းဘားကစားတတ်သူမဟုတ်တော့
ခိုင်းသမျှ အောက်ခြေသိမ်းအလုပ်တွေ
အကုန်လုပ်ရတယ်။ အမှတ်တမဲ့ရဲ့ ကျူးလွန်မိခဲ့တဲ့
“ကာယကံ၊ဝစီကံ” တွေဟာ အမှတ်တရများကို ခံစားရအောင်အခြေခံခဲ့တာပဲဖြစ်ပါတယ်။

(ဃ)ပေတဝတ္ထုမှာ “ဥစ္ဆုပေတ” ဆိုတဲ့ ဝတ္ထုကိုလည်း
ပြောပြဦးမယ်။ဗုဒ္ဓဘုရားရှင် “ဝေဠုဝန်ကျောင်းတော်”မှာ
သီတင်းသုံးနေတော်မူစဉ်ကဖြစ်ရပ်ပါ။

ကြံခင်း စိုက်ပျိုးရေးသမားတစ်ဦးဟာ
ကြံစည်းကြီးထမ်းရင်း ကြံတစ်ချောင်းကို စုပ်လာတယ်။
အဲဒီမြင်ကွင်းကို ဆင်းရဲသား သားအဖနှစ်ယောက်ကမြင်တယ်။
သားကလေးက ဟိုလူကြံစုပ်နေတာမြင်တော့ ကလေးသဘာဝ
သူလည်း ကြံစုပ်ချင်တာပေါ့။

လူကြီးကတော့ ဘာပဲဖြစ်ဖြစ် ဣနြေ္ဒဆည်နိုင်တယ်လေ။
ကလေးဆိုတာ ဟန်မဆောင်တတ်ဖူးမဟုတ်လား။
ဖအေကဝယ်မပေးနိုင်သော သားလေးရဲ့ပူဆာမှုကို
ချော့မော့ရတာပေါ့။ ကလေးက ကြံစုပ်ချင်လို့ ပူဆာ၊
ဖအေက ချော့။နောက်ဆုံးမှာ မဝယ်ပေးနိုင်တော့
တောင်းရတော့တာပေါ့။

မရှက် (၃) ပါးရှိတယ်လေ။
ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်ဆိုတဲ့
မရှက် ဆိုတဲ့ မရှက် (၃) ပါးထဲမှာ ..
“ငတ်မရှက်”လည်းပါနေတယ်လေ..။
ဒီတော့--ကြံစည်းထမ်းသမား က ဘာပြောတယ်မှတ်သလဲ။
“ပေးဖို့ အပင်ပန်းခံပြီး ထမ်းလာတာမဟုတ်ဘူး။
ရောင်းဖို့ကွ..ရောင်းဖို့”။

ဒါပေမယ့် ကလေးငယ်ရဲ့ မျက်နှာလေးကို
သနားသွားတယ် ထင်ပါရဲ့။ ကြံစည်းထမ်းသမားက
သူစုပ်နေတဲ့ကြံတစ်ထွာလောက်ရှိတဲ့ ကြံပိုင်းလေးကို
ရိုးရိုးမပေးဘဲ နောက်ပြန်ပစ်ပေးလိုက်တယ်။လုပ်ပုံ။
စေတနာ သဒ္ဓါပါလို့မှ မဟုတ်ဘဲ။
မကောင်းတတ်လို့ မပေးချင်၊ပေးချင်နဲ့ပေးတာဖြစ်မှာပေါ့။
အဲဒီ “အမှတ်တမဲ့” ပါပဲ။

အဲဒီအမှတ်တမဲ့ ကြံပိုင်းလေးကို နောက်ပြန်ပစ်ပေးလိုက်တဲ့
ကိစ္စလေးက အမှတ်တရ ဖြစ်လာဦးမှာပါ။
အဲဒီကြံစိုက်ပျိုးရေးသမားသေတော့ ကြံခင်းကိုစွဲလန်းပြီး
ကြံခင်းထဲမှာပဲ “ပြိတ္တာကြီး” ဖြစ်သွားတယ်။
ဒါ့ကြောင့် “ဥစ္ဆုပေတ” ကြံခင်းပြိတ္တာလို့ ခေါ်တာပေါ့။

သူ့ရဲ့အကုသိုလ်ကံ ကြီးမားပုံကတော့
ကြံခင်း ထဲမှာနေရပေမယ့်
ကြံတစ်ချောင်း ကိုမှ စုပ်လို့မရဘူး။
ကြံခင်းကြီးထဲနေရပြီး “ကြံငတ်ကြီး” ဖြစ်နေတာပေါ့။
သူ့ရဲ့ အငတ်ပြဿနာကိုသိတော်မူတဲ့
“အရှင် မဟာမောဂ္ဂလာန် ရဟန္တာ မထေရ်မြတ်ကြီး”ဟာ
ကြွတော်မူလာပြီး ကူညီရတယ်။
ကြံပင်ကို နုတ်ရိုး၊နုတ်စဉ်ဆိုရင် နုတ်လို့မရဘူး။
လက်နောက်ပြန်နုတ် ပေးမှ ကြံစုပ်ရပါသတဲ့။
အဲဒါ..ဟိုဘဝက ကြံစုပ်ချင်လို့ ငိုယိုပြီးတောင်းနေတဲ့
ကလေးငယ်ကို စေတနာနဲ့ မပေးဘဲ ၊
“လက်နောက်ပြန်နဲ့ ပစ်ပေးခဲ့တဲ့ အကုသိုလ် ဝဋ်ကြွေး”ပေါ့။
ကြံကျွေးလို့ ကြံစောင့်လေး ဖြစ်ရပါတယ်။
ကြံစုပ်လို့မရတဲ့ဘဝဆိုးမျိုးကြုံတွေ့ရတာဟာ
“အမှတ်တမဲ့ရဲ့-အမှတ်တရ” တစ်ခုပါပဲ။

-【သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇနိန္ဒသာရ-မုံရွာနေဇာ】
Posted by ►
www.facebook.com/youngbuddhistassociation.mm