“ရေမျှောခံရသော ဇဋိလသူဌေး၏ နှုတ်ကြမ်းဝဋ်ကြွေး”
••••••••••••••••••••••••••••••••••••••••••••••••••••••••
ဗာရဏသီ၌ အလွန်အဆင်းလှသော သူဌေးသမီးတစ်ဦး
ရှိသည်။ထိုသမီးအရွယ်ရောက်သောအခါ သူဌေးက
သမီးကို ခုနှစ်ထပ်ရှိသော ပြသာဒ်အပေါ်ဆုံးထက်၌
ကျွန်မတစ်ယောက် အစောင့်အရှောက်ပေးပြီးထားသည်။

တစ်နေ့တွင် ထိုသူဌေးသမီးသည် ကောင်းကင်မှ
ပျံလာသော ဝိဇ္ဇာဓိုရ်တစ်ယောက်နှင့် တွေ့ဆုံချစ်ကြိုက်မိပြီး၊
ကိုယ်ဝန်ရှိလာသည်။ ထိုကိုယ်ဝန်ကို မည်သူမျှမသိအောင်
လုံခြုံစွာထိန်းပြီး (၁၀)လပြည့်သောအခါ
သားလေး မွေးဖွားသည်။

ထိုသားကို အိုးသစ်တစ်လုံးတွင်ထည့်ပြီး
ကျွန်မကို ရေမျှောခိုင်းခဲ့သည်။

ထိုအိုးကို ဂင်္ဂါမြစ်၌ရေချိုးနေသော မိန်းမနှစ်ဦးက
တွေ့၍ အရင်တွေ့သူအမျိုးသမီးက
“မျှောလာသောအိုး ငါ့အိုး” ဟုပြောသည်။
ဒုတိယအမျိုးသမီးကလည်း အိုးထဲကပစ္စည်း
“ငါ့ပစ္စည်း” ဟု ပြောသည်။

အိုးအနီးရောက်၍ ဖွင့်ကြည့်သောအခါ သူငယ်ကို
တွေ့ကြသည်။ ရေချိုးအမျိုးသမီးနှစ်ဦးသည်
ထိုကလေး နှင့်ပတ်သက်၍ သူပိုင်-ငါပိုင်
အငြင်းအခုန်ဖြစ်ကြရာ မင်းထံ သွားရောက်
အဆုံးအဖြတ်ခံကြရသည်။ မင်းက-

❖“ပထမမိန်းမကို အိုးကိုပိုင်စေ၊
❖ဒုတိယမိန်းမ ကလေးကိုပိုင်စေ” ဟု
အမိန့် ချမှတ်ပေးလိုက်သည်။

သူငယ်ကို ရသောမိန်းမသည် အရှင်မဟာကစ္စည်းမထေရ်၏
ဆွမ်းအမ ဖြစ်နေသည်။ ဒီသူငယ်ကို မထေရ်မြတ်ထံမှာ
ရှင်ပြုပေးမည် ဟု ရည်ရွယ်ပြီး ကလေးကို
ကောင်းမွန်စွာ မွေးမြူထားသည်။

သူငယ်သည် ဖွားစဉ် အညစ်အကြေးများ ဆေးကြော
သုတ်သင်မှု မပြုသည့်အတွက် ဆံပင်များ
ရှုပ်ထွေးနေလေသည်။ ထိုသို့ ဆံပင်များ ရှုပ်ထွေးလျက်
ရှိသောကြောင့် သူငယ်ကို “ဇဋိလ(ရှုပ်ထွေးသောဆံပင်ရှိသူ)”
ဟု နာမည်ပေးထားသည်။

မွေးစားမိခင်သည် ကလေးငယ် ပြေးလွှား
သွားနိုင်သော အရွယ်တွင် “ရှင်မဟာကစ္စည်း” ထံ၌
ရှင်ပြုပေးရန် အပ်နှံလေသည်။

သူငယ်သည် ငယ်ကလည်းငယ်၊ ဉာဏ်လည်း
မရင့်ကျက်သေးသဖြင့် မထေရ်သည် ကလေးကို
ခေါ်ယူထားကာ တက္ကသိုလ်မြို့ရှိ ကုန်သည်တစ်ဦးထံတွင်-

“ဤသူငယ်မှာ ရှင်ရဟန်းပြုမည့်သူဖြစ်သည်။
ယခု ငယ်သေး၍ သင့်ထံမှာခဏနေပါစေ”ဟု အပ်နှံထားသည်။

ကုန်သည်သည် သူငယ်ကို သားအဖြစ် မွေးစားထားသည်။

တစ်နေ့တွင် ကုန်သည်သည် မိမိ၏ရောင်းချ၍ မရသော
ကုန်တို့ကို အသက်(၁၂)နှစ်သာရှိသေးသော ဇဋိလကို
ဈေးသို့ပို့ကာ ရောင်းချခိုင်းပြီး မိမိကမူ ခရီးထွက်သွားသည်။

❖ဇဋိလသည် ထို(၁၂)နှစ်ကြာ ရောင်းမစွံသော
ပစ္စည်းများကို တစ်နေ့တည်းနှင့်ပင်
ကုန်အောင် ရောင်းချပေးခဲ့သည်။
ကုန်သည်သည် ပြန်ရောက်သောအခါ အလွန်
အံ့အားသင့်ပြီး “ဤကလေးသည် ဘုန်းကံရှိသူ ဖြစ်သည်”
ဟု ဆုံးဖြတ်ပြီး၊အရွယ်ရောက်သောအခါ မိမိ၏ သမီးနှင့်
ပေးစားသည်။ အိမ်လည်းခွဲ၍ ဆောက်လုပ်ပေးသည်။

❖ဇဋိလသည် အိမ်သစ်သို့ လှေကားတစ်ထစ် တက်စဉ်မှာပင်
အိမ်နောက်ဖေး၌ “အတောင်(၆၀)မြင့်သော ရွှေတောင်ကြီး”
ပေါက်လာသည်။ ထိုအချိန်မှစ၍
“ဇဋိလသူဌေး” ဟု ထင်ရှားကျော်ကြားခဲ့သည်။

နောက် အရွယ်အိုမင်းသော် ဘုန်းကံရှိသော
သားအငယ်ဆုံးကို ပစ္စည်းမျာအပ်နှံပြီး ရဟန်းပြုရာ
ရဟန်းပြုပြီး “သုံးရက်” အတွင်းတွင် ရဟန္တာ ဖြစ်လေသည်။

✿ဤမျှဘုန်းကံကြီးသောပါရမီရှင်ကြီးသည်
အဘယ့်ကြောင့် မွေးပြီးပြီးချင်း ရေမျှောခံရပါသနည်း
ဆိုသော်-✿
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဇဋိလလောင်းသည် “ကဿပဘုရားရှင်” လက်ထက်တွင်
ရွှေပန်းထိမ်သည် တစ်ဦး ဖြစ်သည်။

ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံဝင်၍ ဓာတ်တော်များကို
ဓာတုစေတီ တည်ကြသည်။ ရဟန္တာမထေရ်မြတ်တစ်ပါးသည်
စေတီတည်ရာသို့ သွားရောက်ကြည့်ရှုလျှင်
မြောက်ဘက်မုခ် အုတ်မစီရသေးသည်ကို မြင်၍-

“ဒါယကာတို့... အဘယ့်အတွက်ကြောင့် စေတီတော်
မြောက်ဘက်မုခ်ကို အုတ်မစီကြပါသလဲ”ဟု မေးသည်။

“ရွှေသား မလောက်သောကြောင့်ပါ ဘုရား”
ဟု လျှောက်ထားကြသည်။

“ငါမြို့ထဲသွား၍ ရွှေလှူဖို့ တိုက်တွန်းမည်။
သင်တို့ ရိုသေစွာပြုလုပ်ကြ” ဟု မှာကြားပြီး
မြို့ထဲသို့ကြွကာ ဒါယကာများကို စေတီတော်မြောက်ဘက်
ရွှေသားမလောက်ကြောင်း မိန့်ကြားသည်။

ပန်းထိမ်သည်သည် ဇနီးအပေါ်
ဒေါသထွက်နေခိုက် ဖြစ်သဖြင့် ရဟန္တာကို
“ရွှေအုတ် မလောက်လျှင် သင့်ဘုရား ရေထဲမျှောပစ်လိုက်”
ဟု ရိုင်းစိုင်းစွာ ပြောလိုက်လေသည်။

✤ထိုအခါ ဇနီးက ....
“ရှင်အလွန်ရုန့်ရင်းကြမ်းတမ်းသည့် မကောင်းမှုကို
ပြုအပ်ပေပြီ။ ကျွန်မကို စိတ်ဆိုးလျှင် ကျွန်မကိုသာ
ဆဲချင်ဆဲ၊ ရိုက်ချင်ရိုက်ပေါ့။ အဘယ့်ကြောင့်
ဘုရားရှင်ကို ပြစ်မှားရန်ပြု ပြောရပါသလဲ”
ဟု အပြစ်တင် ပြောဆိုသည်။

✤ရွှေပန်းထိမ်သည်သည် ထိုခဏမှာပင်
သတိသံဝေဂ ကြီးစွာ ရသွားပြီး-
“အရှင်ဘုရား... တပည့်တော်ကို သည်းခံတော်မူပါ”
ဟု လျှောက်ထားသည်။

“ဒါယကာ... သင်က ငါ့ကို ပြစ်မှား ပြောဆိုသည် မဟုတ်။
ဘုရားရှင်ကိုသာ ပြစ်မှား ပြောဆိုသည်ဖြစ်၍ ဘုရားရှင်ကိုသာ
ကန်တော့ပါ”

“အရှင်ဘုရား... အဘယ်ကဲ့သို့ ကန်တော့ရပါမည်နည်း”

“ရွှေပန်းခိုင်စိုက် ရွှေပန်းအိုး သုံးလုံးလုပ်ပြီး၊ ဓာတ်တော်တိုက်
အတွင်း ဌာပနာသွင်း၍ ဆံပင်စိုအောင် ရေလောင်းကာ
အဝတ်စိုဝတ်လျက် ကန်တော့ရမည်”

“ကောင်းပါပြီ အရှင်ဘုရား”

ရွှေပန်းထိမ်သည်သည် ထိုသို့ဝန်ခံပြီး သားကြီး၊
သားလတ်တို့ကို ရွှေပန်းခိုင်ပြုလုပ်ရန်
အကူအညီတောင်းသည်။
သားကြီး၊ သားလတ်တို့က-

“အဖေကို ကျွန်တော်တို့က ဘုရားပြစ်မှား စကား
ပြောခိုင်းတာမှမဟုတ်ဘဲ။ အဖေ့ဘာသာ အဖေ
သဘောအတိုင်း ပြောခြင်းဖြစ်၍ အဖေဘာသာ
အဖေကိုယ်တိုင် ပြုလုပ်ပါ” ဟု ဆိုပြီး ငြင်းပယ်ခဲ့ကြသည်။

✤“သားငယ်” ကို အကူအညီတောင်းသောအခါ
ဖခင်ကိစ္စ အဝဝတာဝန်သည် သား၏တာဝန်
ဖြစ်သည် ဟုပြောဆိုပြီး ကူညီလုပ်ပေးသည်။

✤(နောင်တစ်ချိန် ဇဋိလက ရဟန်းဝတ်ခါနီး သားကြီး၊
သားလတ်တို့ကို ရွှေတောင်ကို ပေါက်ခိုင်းသောအခါ
ပေါက်မရကြ၊ သားငယ်ပေါက်မှရ၍ သားငယ်ကို
ဥစ္စာပစ္စည်း လွှဲသည်မှာ ဤကုသိုလ်အကျိုး ဖြစ်သည်။)

ရွှေပန်းထိမ်သည်သည် ရွှေပန်းခိုင်များပြုလုပ်ပြီး၊
ဘုရားကိုပူဇော်ခဲ့သည်။

ဤမျှ တောင်းပန် ကန်တော့ခဲ့သော်လည်း ပြောဆို
စော်ကားမိသောပုဂ္ဂိုလ်ကား အတုမရှိဘုရားရှင်
ဖြစ်နေသောကြောင့် ငရဲကျသော အကုသိုလ်
မခံစားရသော်လည်း “(၇)ဘဝတိတိ”ရေမျှောခံခဲ့ရပါသည်။

“ဒေါသဖက်လျက် နှုတ်ထွက်စကားကြမ်းတစ်ခွန်း”သည်
မည်မျှလောက် ဆင်းရဲအကျိုးပေးသည်ကို သိကြပါလေ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ် သျှင်သီရိ
(ဓမ္မစရိယ၊ ဘီ-အေ)】