“သက်သတ်လွတ်နှင့် အသားကြီးဆယ်မျိုး”
••••••••••••••••••••••••••••••••••••••••••••
Q : အရှင်ဘုရား ...
ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တွေကို သက်သတ်လွတ်စားဖို့၊
ဆင်၊မြင်း၊ကျွဲ၊နွား၊ဝက် ဆိုတဲ့ အသားကြီးငါးမျိုး
ရှောင်ကြဉ်ဖို့ မြတ်စွာဘုရားရှင်ရဲ့ မိန့်ဆိုဟောကြားချက်
ထေရဝါဒပိဋကတ်တော်မှာ ရှိ-မရှိ ဖြေကြားပေးတော်မူပါဘုရား။
【အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)】
A : ဦးဇင်းရဝေနွယ်ရေ…
ထေရဝါဒ ဗုဒ္ဓအဆုံးအမနဲ့ ဆန့်ကျင်တဲ့ အပြောအဆို၊
အရေးအသားတွေကို အကြောင့်သင့် အကျိုးသင့် ရှင်းပြပြီး၊
ဖယ်ရှားသုတ်သင်ရမယ့် တာဝန်ဟာ ထေရဝါဒ
ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ မထမ်းမဖြစ် ထမ်းဆောင်ရမယ့်
“ဘုရားပေးတာဝန်” တစ်ခု ဖြစ်ပါတယ်။
(ဗုဒ္ဓဘာသာဝင် အမည်ခံပြီး ပြောဆို
ရေးသားတာတွေကို ပြောတာပါ။တခြားဘာသာဝင်တွေရဲ့
ကိုယ့်ဘာသာဆိုင်ရာ ပြောဆိုရေးသားမှုတွေကိုတော့
ဝင်ရောက်စွက်ဖက်စရာ လုံး၀ မလိုပါဘူး။)
မြတ်စွာဘုရားရှင်က ဗြဟ္မဇာလသုတ္တန်မှာ
“အဘူတံ အဘူတတော နိဗ္ဗေဌေတဗ္ဗံ -
မမှန်တာကို မမှန်ဘူးလို့ ဖြေရှင်းပြရမယ်”
လို့ မိန့်ကြားတော်မူထားပါတယ်။
ဘုရား၊တရား၊သံဃာ ရတနာသုံးပါးနဲ့
ပတ်သက်တဲ့ မဟုတ်မမှန်တာတွေကို
“ဘာကြောင့်မဟုတ်ဘူး၊ ဘာကြောင့်မမှန်ဘူး”လို့
အကြောင်း အကျိုးခိုင်လုံစွာ ဖြေရှင်းပြရမယ် ..တဲ့။
သည်းခံတာပဲ ကောင်းပါတယ်ဆိုပြီး နှုတ်ဆိတ်ငြိမ်တိတ်
မနေရဘူး..တဲ့။ အဲဒီလို ဘာမှ ပြန်ဖြေရှင်းမပြဘဲ၊နှုတ်ပိတ်
နေတာဟာလည်း သည်းခံခြင်းအစစ်မဟုတ်ပါဘူး..တဲ့။
ရဝေနွယ်ရေ…
မြတ်စွာဘုရားရှင်က ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်တဲ့
လူဝတ်ကြောင် ဒကာ၊ဒကာမတွေကို သက်သတ်လွတ်စားဖို့
လုံးဝမိန့်ကြားတော် မမူခဲ့ပါဘူး။ လူဝတ်ကြောင်တွေကိုသာ
မဟုတ်ပါဘူး။သာသနာ့အတွင်းသား ရဟန်းတော်များကိုလည်း
သက်သတ်လွတ်စားဖို့ လုံး၀ ပညတ်တော်မမူခဲ့ပါဘူး။
သက်သတ်လွတ်စားရုံသက်သက်နဲ့ ကုသိုလ်မရနိုင်လို့
မြတ်စွာဘုရားရှင်က သက်သတ်လွတ်စားဖို့
တိုက်တွန်းတော်မမူခဲ့တာပါ။
ပါးစပ်ထဲ ထည့်သွင်းလိုက်တဲ့ အစားအစာတစ်ခုကို
“ဟိုဟာပဲ၊ ဒီဟာပဲ” လို့ ရွေးချယ်သတ်မှတ် လိုက်ရုံနဲ့
အလိုလိုနေရင်း ကုသိုလ်စိတ်၊ အကုသိုလ်စိတ်
ဖြစ်မသွားပါဘူး။ အစားအစာဟာ အစားအစာပါပဲ။
ဘာအစားအစာကိုပဲ စားစား ကုသိုလ်ဖြစ်အောင်
နှလုံးသွင်းဆင်ခြင်ပြီးစားရင် ကုသိုလ်ရပါတယ်။
အကုသိုလ်ဖြစ်အောင် စဉ်းစားတွေးတောပြီး
စားရင် အကုသိုလ်ရပါတယ်။
အစားအစာက အဓိကမဟုတ်။
စိတ်ကသာ အဓိက ဖြစ်တဲ့အတွက် အစာစားရင်း
ကုသိုလ်ရချင်ရင် အစာကို ရွေးချယ်နေစရာမလိုဘဲ
စိတ်ကိုသာ ပြုပြင်နေဖို့ လိုအပ်ပါတယ်။
ကိုယ်နဲ့မျှတတဲ့ အစားအစာကို ရွေးချယ်တဲ့
“ဘောဇနသပ္ပာယ” ကတော့ တစ်ပိုင်းတစ်ကဏ္ဍပေါ့။
(သက်သက်လွတ်နှင့် သပ္ပာယ အကြောင်း
ဆောင်းပါးသီးသန့် ရေးပါမယ်။)
သက်သတ်လွတ်အစားအစာကို ပါးစပ်ထဲ ထည့်လိုက်ရုံနဲ့
အလိုလိုနေရင်း ကုသိုလ်ရမသွားသလို၊အသားငါး
အစားအစာကို ပါးစပ်ထဲ ထည့်လိုက်ရုံနဲ့လည်း
အလိုလိုနေရင်း အကုသိုလ် ဖြစ်မသွားပါဘူး။
သက်သတ်လွတ်စားရင်း လောဘ၊ ဒေါသဖြစ်စရာတွေ
တွေးနေမယ်၊ အကုသိုလ်ဖြစ်စရာစကားတွေ ပြောနေမယ်
ဆိုရင် သက်သတ်လွတ်စားရင်း အကုသိုလ် တိုးနေပါတယ်။
အသားငါးစားရင်း လောဘ၊ ဒေါသငြိမ်းကြောင်း
ဘာဝနာတစ်ခုခုကို ပွားနေမယ်၊ ကုသိုလ်ဖြစ်စရာ
စကားတွေ ပြောနေမယ်ဆိုရင် အသားငါးစားရင်း
ကုသိုလ်တိုးနေပါတယ်။
အတွေးကြောင့်ဖြစ်တဲ့ ကုသိုလ်၊ အကုသိုလ်က သပ်သပ်၊
အစားကြောင့်ဖြစ်တဲ့ ကုသိုလ်၊ အကုသိုလ်က
သပ်သပ်ရယ်လို့ မရှိပါဘူး။သက်သတ်လွတ်အစားအစာဟာ
ကုသိုလ်အစားအစာ မဟုတ်သလို အသားငါး
အစားအစာဟာလည်း အကုသိုလ်အစားအစာ မဟုတ်ပါဘူး။
သက်သတ်လွတ်စားရုံသက်သက်နဲ့ ကုသိုလ်ရတယ်ဆိုရင်
နို့စို့ကလေးတွေ အမေနို့ စို့နေတဲ့အချိန်၊ မြီးကောင်ပေါက်
ကောင်မလေးတွေ သရက်ပေါင်း၊ ဆီးပေါင်း စားနေတဲ့အချိန်၊
ရုပ်ရှင် ဗွီဒီယိုကြည့်သူတွေ နေကြာစေ့၊ကွာစေ့ဝါးနေတဲ့အချိန်၊
အရက်သမား ဘီယာသမားတွေ အရက်၊ဘီယာ
သောက်နေတဲ့အချိန်၊ အရက်ဘီယာသောက်ရင်း
အာလူးကြော်၊ မြေပဲလှော် မြည်းနေတဲ့အချိန်တွေမှာလည်း
သူတို့တစ်တွေ အလကားနေရင်း ကုသိုလ်ရနေမှာပေါ့။
အဲဒါတွေအားလုံး သက်သတ်လွတ်တွေချည်းပဲ မဟုတ်လား။
ပွင့်တော်မူခဲ့ပြီးသမျှ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ
အရှင်မြတ်တွေ အားလုံး အသားငါး အစားအစာရော၊
အသီးအရွက် အစားအစာပါ ကြုံရာ ရရာကို စားရင်း
ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့ကြလို့ ဘုရားအဖြစ်၊
ပစ္စေကဗုဒ္ဓါအဖြစ်၊ ရဟန္တာအဖြစ်ကို
ရောက်တော်မူခဲ့ကြပါတယ်။ သက်သတ်လွတ်စားတဲ့
ကုသိုလ်ကြောင့် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာဖြစ်သွားတဲ့သူ
တစ်ဦးတစ်ယောက်မှ မရှိပါဘူး။
သက်သတ်လွတ်စားရုံသက်သက်နဲ့ ကုသိုလ်မရနိုင်တဲ့အတွက်
အရှင်ဒေဝဒတ်ရဲ့ “ရဟန်းတော်တိုင်းသက်သတ်လွတ်စားရန်”
ပညတ်ပေးဖို့ အဆိုပြုချက်ကို မြတ်စွာဘုရားရှင်က
“ဗီတိုအာဏာ” ထက် အဆပေါင်းများစွာ သြဇာကြီးတဲ့
“ဗုဒ္ဓအာဏာ” နဲ့ ပြတ်ပြတ်သားသား ပယ်ချတော်မူခဲ့ပါတယ်။
❖ကိုယ့်အတွက် သီးခြားရည်စူးပြီး သတ်တာလို့
မမြင်ရင်၊ မကြားရင်၊ မယုံမှားရင် လူဝတ်ကြောင်တွေအနေနဲ့
ဘယ်အသားကိုမဆို စားသောက်သုံးဆောင်နိုင်ပါတယ်။
လူဝတ်ကြောင်တွေ ရှောင်ကြဉ်ရမယ့်
အသားတစ်ခုမှ မရှိပါဘူး။
❖ရဟန်းတော်တွေကတော့ “လူသား၊ ဆင်သား၊
မြင်းသား၊ ခွေးသား၊ မြွှေသား၊ ခြင်္သေ့သား၊ ကျားသား၊
ကျားသစ်သား၊ ဝက်ဝံသား၊ အောင်းသား”ဆိုတဲ့
“အသားကြီးဆယ်မျိုး”ကို လုံးဝရှောင်ကြဉ်ကြရပါတယ်။
မြတ်စွာဘုရားရှင် လက်ထက်တုန်းက “သုပ္ပိယာ”ဆိုတဲ့
ဥပါသိကာမ တစ်ယောက်က အသားစွပ်ပြုတ်
လိုအပ်နေတဲ့ ဝမ်းလျှောရဟန်းတစ်ပါးကို ဈေးထဲမှာ
အသားဝယ်မရတဲ့အတွက် မိမိရဲ့ ပေါင်သားကို လှီးဖြတ်
စွပ်ပြုတ်လုပ်ပြီး ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
မြတ်စွာဘုရား သိသွားတဲ့အခါ ဘာအသားလဲလို့ မစူးစမ်းဘဲ
စွပ်ပြုတ်သောက်လိုက်တဲ့ ရဟန်းတော်ကို ကဲ့ရဲ့ရှုတ်ချပြီး၊
ရဟန်းတော်များ လူသား လုံးဝမစားဖို့ ပညတ်ချက်
ထုတ်လိုက်ပါတယ်။ “ဘာအသားလဲလို့ မစူးစမ်း၊
မမေးမြန်းဘဲ အသားဟင်းမစားရ၊ စားလျှင်
ဒုက္ကဋ် အာပတ်သင့်စေ” လို့လည်း ဝိနည်းစည်းကမ်း
သတ်မှတ်လိုက်ပါတယ်။
❖အစာရေစာ ရှားပါးတဲ့တစ်ချိန်တုန်းက အလိုလို
သေဆုံးသွားကြတဲ့ ရှင်ဘုရင်ရဲ့ “ဆင်တွေ၊ မြင်းတွေ”ကို
လူတွေက ဆင်သား၊မြင်းသားဟင်း ချက်စားကြပြီး
ရဟန်းတော်တွေကိုလည်း လောင်းလှူကြပါတယ်။
ဘုဉ်းပေးတဲ့ ရဟန်းတော်တွေကို လူတွေက
“ကိုယ်တော်တွေ ဘာလို့ ဆင်သား၊ မြင်းသား စားကြတာလဲ၊
ဆင်တို့၊ မြင်းတို့ဆိုတာ ရှင်ဘုရင်ရဲ့ အသုံးအဆောင်တွေ၊
မင်းအင်္ဂါတွေပဲ၊ ရှင်ဘုရင်သာသိရင် ကိုယ်တော်တွေကို
ကျေနပ်မှာမဟုတ်ဘူး။” လို့ ကဲ့ရဲ့ ကြတဲ့အတွက်
မြတ်စွာဘုရားရှင်က ရဟန်းတော်တွေ ဆင်သား၊
မြင်းသား မစားဖို့ ပညတ်တော်မူရပြန်ပါတယ်။
❖လူတွေ လောင်းလှူလို့ ခွေးသား၊ မြွှေသား ဘုဉ်းပေး
ကြပြန်တော့လည်း “စက်ဆုပ်စရာကြီး၊ ရွံစရာကြီး၊
ဘာလို့ ဘုဉ်းပေးကြတာလဲ” လို့ ကဲ့ရဲ့ကြပြန်တဲ့အတွက်
ခွေးသား၊ မြွှေသား မစားဖို့ ပညတ်တော်မူရပြန်ပါတယ်။
မြွှေသားမစားဖို့ ပညတ်တဲ့နေရာမှာတော့
“သုပဿ ဆိုတဲ့ နဂါးမင်း” က
“သဒ္ဓါတရားမရှိတဲ့ နဂါးမျိုး၊ မြွှေမျိုးတွေက
ရဟန်းတော်တွေကို ဘာမဟုတ်တဲ့ အကြောင်းလေးတွေ
လောက်နဲ့လည်း ညှဉ်းဆဲနှိပ်စက် နိုင်တဲ့အတွက်
ရဟန်းတော်များ မြွှေသားမစားဖို့ တောင်းပန်ပါတယ်”
လို့ မြတ်စွာဘုရားရှင်ကို တောင်းပန်လျှောက်ထားခဲ့တာလည်း
အကြောင်းတရားတစ်ခုအဖြစ် ပါဝင်ပါတယ်။
တောမုဆိုးတွေ လောင်းလှူတဲ့ ခြင်္သေ့သား၊ ကျားသား၊
ကျားသစ်သား၊ ဝက်ဝံသား၊ အောင်းသားတွေ
ဘုဉ်းပေးပြီး တောထဲမှာ သီတင်းသုံးကြပြန်တော့လည်း
ခန္ဓာကိုယ်က ထွက်တဲ့ ခြင်္သေ့သားနံ့၊ ကျားသားနံ့၊
ကျားသစ်သားနံ့၊ ဝက်ဝံသားနံ့၊ အောင်းသားနံ့တွေကြောင့်
ခြင်္သေ့တွေ၊ ကျားတွေ၊ ကျားသစ်တွေ၊ ဝက်ဝံတွေ၊
အောင်းတွေက ရဟန်းတော်တွေကို အမျိုးမျိုး ညှဉ်းဆဲ
တိုက်ခိုက် ရန်ပြု ကြပြန်တဲ့အတွက် မြတ်စွာဘုရားရှင်က
အဲဒီအသားတွေ မစားကြဖို့ ရဟန်းတော်တွေကို
ပညတ်ချက် ထုတ်ပြန်တော်မူရပြန်ပါတယ်။
❖အာပတ်အပြစ်အနေနဲ့ကတော့ “လူသားစားရင်
ထုလ္လစ္စည်းအာပတ်၊ ကျန်အသားကိုးမျိုးစားရင် ဒုက္ကဋ်အာပတ်”
သင့်ပါတယ်။ ဒီဆယ်မျိုးကို အသားသာ မစားကောင်းတာ
မဟုတ်ပါဘူး။ အရိုး၊ အရေ၊ အသား၊ အသွေး၊ အမွေး
ဘာကိုမှ မသုံးကောင်းပါဘူး။ သုံးရင် အာပတ်သင့်ပါတယ်။
အသားကြီးဆယ်မျိုးကလွဲရင် ဘယ်အသားငါးကိုမဆို
ရဟန်းတော်များ ဘုဉ်းပေးတာ ကောင်းပါတယ်။
ဘာအာပတ်မှ မသင့်ပါဘူး။ ဘာအကုသိုလ်မှ မဖြစ်ပါဘူး။
လောကီ၊ လောကုတ္တရာ ဘယ်လိုကောင်းကျိုးမျိုးကိုမှ
မတားမြစ်နိုင်ပါဘူး။
ရဝေနွယ်မေးတဲ့ “ဆင် ၊ မြင်း၊ကျွဲ၊နွား၊ဝက်” ထဲက
ဆင်နဲ့ မြင်းကိုတော့ ရဟန်းတော်များ လုံးဝ
ရှောင်ကြဉ်ရပါတယ်။ ကျွဲ၊နွား၊ဝက် ကိုတော့
ရှောင်ကြဉ်စရာ မလိုပါဘူး။ ကိုယ်နဲ့တည့်ရင် စားနိုင်ပါတယ်။
❖လူဝတ်ကြောင်တွေကတော့ ဆင်၊မြင်း၊ကျွဲ၊နွား၊ဝက်
ငါးမျိုးစလုံး ဆန္ဒရှိသလို စားနိုင်ပါတယ်။
မတည့်လို့ ရှောင်တာကလွဲရင်၊အကုသိုလ်ကြောက်ပြီးလည်း
ရှောင်စရာမလိုပါဘူး။ ကိုယ်လိုချင်တဲ့ ကောင်းကျိုးတွေမရမှာ၊
ကိုယ်ကျင့်နေတဲ့ ကျင့်စဉ်တွေ မအောင်မြင်မှာ
ကြောက်ပြီးလည်း ရှောင်စရာ မလိုပါဘူး။
အသားကြီး ငါးမျိုး ရှောင်ကြဉ်ရုံနဲ့လည်း အလိုလိုနေရင်း
ကုသိုလ် ရမသွားပါဘူး။ ကိုယ့်ဘာသာကိုယ် မစားချင်လို့
မစားတာကိုလည်း ဘာမှထူးပြီး ချီးမွမ်းစရာ မရှိပါဘူး။
အဆန်းမထွင်ဘဲ၊ဘုရားဟောမူရင်းအတိုင်း
လိုက်နာကျင့်ကြံကြတဲ့ ဘုရားသားတော်၊ရဟန်းတော်
(အမှန်အကန်) တွေက ဘုရားဟော ပိဋကတ်တော်
နဲ့အညီ ပြောကြရေးကြတာကို ဘယ်သူ့ ပုတ်ခတ်တာ၊
ဘယ်ဝါ့ စော်ကားတာလို့ မကျေမနပ်
တုံ့ပြန်ကြတာ လုံး၀ သဘာဝမကျပါဘူး။
❖ဘုရားဟောမရှိလို့ မရှိဘူးပြောတာ၊
ဘုရားဟောနဲ့ မညီလို့ မညီဘူးပြောတာ
စိတ်ဆိုးစရာ၊ ဒေါသထွက်စရာ မဟုတ်ပါဘူး။
ဝမ်းမြောက်စရာ၊ ကျေးဇူးတင်စရာပါ။
“အယူမှန် သမ္မာဒိဋ္ဌိ” ကို မြတ်နိုးတယ်ဆိုရင်ပေါ့။
ကိုယ့်အပြော၊ ကိုယ့်လုပ်ရပ်ကို ဘုရားဟောနဲ့ မညီဘူး
လို့ အပြောမခံချင်ရင် အစကတည်းက ဘုရားဟောနဲ့
ညီအောင် ပြောပြီး၊ ဘုရားဟောနဲ့ ညီအောင် လုပ်ရုံပါပဲ။
“အဘူတံ အဘူတတော နိဗ္ဗေဌေတဗ္ဗံ-
မမှန်တာကို မမှန်ဘူးလို့ ဖြေရှင်းပြရမယ်”ဆိုတဲ့
ဗုဒ္ဓအဆုံးအမထဲက “မမှန်” ဆိုတာ ဘုရားဟော အမှန်၊
တရားသဘောအမှန်နဲ့ ဆန့်ကျင်တဲ့ “မမှန်” ကို ပြောတာပါ။
ကိုယ့်အကြိုက်၊ ကိုယ့်အမှန်နဲ့ ဆန့်ကျင်တဲ့
“မမှန်” ကို ပြောတာမဟုတ်ပါဘူး။ ကိုယ်ကြိုက်လို့
ကိုယ်မှန်တယ်ထင်နေတဲ့ အမှန်မှားနဲ့ ဆန့်ကျင်တိုင်းတာ
“မမှန်” လို့ လိုက်ဖြေရှင်းနေမယ် ဆိုရင်တော့
ဖြေလေ ရှုပ်လေ၊ ရှင်းလေ မှားလေ ဖြစ်နေမှာသေချာပါတယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】
“မကျင့်လည်းမှား ကျင့်လည်းမှား”တဲ့ အဖြစ်ဆိုးမျိုးမှ
လွတ်မြောက်နိုင်ကြပါစေ。。。။