သတိဖြင့် နေထိုင်ခြင်း

အစားအသောက်ကို သတိနဲ့စားလို့ရှိရင် သတိကောင်းလာတဲ့အတွက်ကြောင့် လိုတာထက်လည်း ပိုမစားဖြစ်ဘူး။ အဲဒါ ပထမဦးဆုံးရတဲ့ အကျိုးပဲ။ သာမန်အားဖြင့် လူတွေဟာ လိုတာထက် ပိုစားမိတတ်ကြတယ်။ သတိနဲ့စားလို့ရှိရင် လိုသလောက် စားပြီးတဲ့အခါမှာ အလိုလိုတော်ချင်လာတယ်။ သတိနဲ့စားတဲ့သူဟာ အစားအသောက်ပေါ်မှာ လောဘလျော့သွားတယ်။ ဉာဏ်ပညာ ပိုကြီးလာတယ်။ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ ကိုက်ညီအောင် လိုအပ်တဲ့ပမာဏ မပိုမလို စားမယ်။ အစားအသောက်နဲ့စိတ်နဲ့၊ အစားအသောက်နဲ့ခန္ဓာကိုယ်နဲ့ ဆက်စပ်မှုကိုလည်း ပိုမြင်လာတယ်။ မြင်လာတဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့မတည့်တာတွေ မစားတော့ဘူးနော်။ ပြီးတော့ ဒီအပေါ်မှာ စွဲလန်းမှုလည်း နည်းသွားတယ်။ နောက်နေ့ကျရင် ရှိရင်တော့ စားမယ်။ မရှိရင်လည်း ကိစ္စမရှိဘူး။ နောက်နေ့ကျ ဒါမျိုးစားဖို့အရေး ပူပူလောင်လောင်ကြီး မလုပ်တော့ဘူး။ အစားအစာတင်မကဘူး။ ဆေးဝါးလည်း ဒီလိုဘဲ။ မလိုအပ်ပဲနဲ့ မသုံးချင်ဘူး။ ဆေးတစ်ခုခု သောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်မှာ ဘယ်လိုဖြစ်လာသလဲဆိုတာ အသေးစိတ် သိနေတယ်။ ဆေးရဲ့ side effect ကို ပိုသိရတယ်။ လွယ်လွယ်နဲ့ မသုံးချင်ဘူး။ သဘာဝအတိုင်း ကျန်းမာအောင်ပဲ ကြိုးစားချင်တော့တာ။


အဝတ်အစားနဲ့ ပတ်သက်ပြီးတော့လည်း လူတွေရဲ့စိတ်မှာ ခံစားချက် တော်တော်လေး များပါတယ်။ အထူးသဖြင့် အခုခေတ်မှာ အဝတ်အစား အထူးအဆန်းတွေ အများကြီးဝတ်ကြတာပဲ။ တန်ကြေးဆိုရင်တော့ မပြောပြတတ်တော့ပါဘူး။ အဲဒီတော့ အဝတ်အစားဝတ်တာနဲ့ ပတ်သက်ပြီးတော့ သတိလေးနဲ့ဉာဏ်လေးနဲ့ လုပ်မယ်ဆိုရင် ဒီအဝတ်အစားဟာ ဒီရာသီဥတုနဲ့ ကိုက်ညီတယ်။ ကိုယ်သွားရမယ့်ခရီး၊ ကိုယ့်တွေ့ရမယ့်ပုဂ္ဂိုလ်နဲ့လည်း ဒီအဝတ်အစားဟာ သင့်တော်တယ်ဆိုတဲ့ ဉာဏ်ကလေးသုံးပြီးတော့ ဝတ်မှာပဲနော်။ အဝတ်အစားနဲ့ ပတ်သက်ပြီးတော့ လွန်လွန်ကဲကဲ ကြွားစရာဝါစရာကြီးဖြစ်အောင် လုပ်မနေတော့ဘူး။ ကိုယ်ဝတ်တဲ့အဝတ်အစားဟာ ကိုယ့်အသက်အရွယ်၊ ကိုယ့်ဂုဏ်သိက္ခာ၊ ကိုယ်လုပ်တဲ့အလုပ်အကိုင်နဲ့ ကိုက်ညီအောင်တော့ ရွေးလိုက်ပါနော်။ အဲဒီလို ဉာဏ်နဲ့သိပြီးတော့ လုပ်ခြင်းအားဖြင့် အကုန်အကျလည်း အများကြီး နဲသွားလိမ့်မယ်။ သူနဲ့ပတ်သက်တဲ့ လောဘလည်း နည်းသွားလိမ့်မယ်။ လောဘနဲသွားရင် ဒေါသလည်း နည်းသွားမယ်နော်.....။


ပစ္စုပ္ပန်မှာ စိတ်ကိုထားတတ်တဲ့အလေ့အကျင့် များလာရင် အဲဒီလူဟာ အပိုကိစ္စတွေကို လျှော့တတ်လာတယ်။ အပိုစကားပြောတာတွေ၊ အပိုခရီးသွားတာတွေ၊ အကျိုးမရှိဘဲနဲ့ထိုင်တွေးပြီၤး ပူနေတာတွေလည်း လျှော့သွားတယ်။ စိတ်က ပိုရှင်းလာတဲ့အတွက် တစ်ခုခုကိုလုပ်စရာရှိလို့ စဉ်းစားရမယ်ဆိုရင် သူသိပ်အချိန်ကြာကြာ စဉ်းစားမနေရဘူး။ ချီတုံချတုံဖြစ်ပြီး အချိန်ကုန်မသွားဘူး။ သတိရှိလို့ သမာဓိလည်း ကောင်းလာတဲ့အခါ၊ စိတ်လည်း ကြည်လင်အေးချမ်းလာတဲ့အခါမှာ လုပ်စရာကိစ္စတစ်ခုခုရှိလို့ အေးအေးဆေးဆေး အာရုံပြုလိုက်ရင် ဘယ်ကိစ္စ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ လွယ်လွယ်ကူကူနဲ့ လျင်လျင်မြန်မြန် အဖြေထွက်လာတယ်။ အဲဒါကိုက အချိန်ကုန်တော်တော် သက်သာသွားတာ၊၊ အပိုလုပ်လို့ အလုပ်ပိုတာ…။ ခြေတစ်လှမ်း တစ်ချက်လောက်သိတယ်ဆိုရင်ကိုပဲ အင်မတန် အကျိုးများပါတယ်။ ဒါက လုပ်မကြည့်သေးဘဲနဲ့တော့ မသိဘူးနော်၊လုပ်ကြည့်လာတဲ့အခါကျမှ တကယ့်ကိုအကျိုးများတာကို သိလာလိမ့်မယ်။


သာမန်အခြေအနေမှာ လူတွေဟာ တစ်ခုခု စိတ်ညစ်စရာ၊ စိတ်ပူစရာ၊ သဘောမကျစရာ၊ စိတ်ပင်ပန်းစရာတွေ တွေးနေတတ်တယ်။ အရေးကြီးသည်ဖြစ်စေ၊ အရေးမကြီးသည်ဖြစ်စေ၊ တွေးနေတာပဲ။ သတိနဲ့သိပြီးတော့ နေသွားခြင်းအားဖြင့် အဲဒီအတွေးတွေဟာ နည်းနည်းတော့ လျော့သွားတယ်။ အတွေးနည်းနည်းလျော့သွားရင် စိတ်က နည်းနည်းကြည်လာတယ်။ စိတ်နည်းနည်း အေးချမ်းလာတယ်။ စိတ်မှာ ပင်ပန်းမှု နည်းနည်းလျော့သွားတယ်၊၊ မိုးလင်းကတည်းက၊ အိပ်ရာနိုးကတည်းက ကိုယ့်ရဲ့စိတ်အခြေအနေ Mood ကို ပြုပြင်ထားရမယ်။ နိုးရင် နိုးနိုးချင်း တရားရှုမှတ်လိုက်ရင် သတိ၊ သမာဓိ ကောင်းလာပြီး စိတ်ကြည်လင်အေးချမ်းလာပြီးတော့ တည်ကြည်ခန့်ညားတဲ့၊ အေးချမ်းတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ Mood မျိုးရလာတယ်။ အဲဒီ Mood လေးကို အပျက်မခံဘဲ ထိန်းသွားရမယ်။ အဲဒီလို တစ်နေ့တာလုံး တည်ငြိမ်အေးချမ်းတဲ့၊ ခန့်ညားမှုရှိတဲ့၊ တည်ကြည်မှုရှိတဲ့၊ မြင့်မြတ်တဲ့စိတ်ကို ထိန်းထားလို့ရှိရင် တရားထိုင်တဲ့အခါမှာ လွယ်လွယ်ကူကူနဲ့ သတိ၊ သမာဓိကို ရတယ်၊၊


ညမှာ တရားအားထုတ်ပြီးမှ အိပ်လို့ရှိရင် မနက်နိုးတဲ့အခါမှာ ပိုပြီး ကြည်လင်လန်းဆန်းတယ်။ တရားအားထုတ်ဖို့လည်းပဲ ပိုပြီးတော့ စိတ်က သတိရတယ်။ လုံ့လဝီရိယ၊ သဒ္ဓါတရားလည်းပဲ ပိုပြီၤးတော့ အားကောင်းလာတယ်။ အိပ်နေရင်းပဲ အသက်ရှုတာလေးကို သိပြီးတော့ နေလိုက်ပါ။ စိတ်ကတော့ ထုံးစံအတိုင်းပဲ ဟိုကိစ္စ၊ ဒီကိစ္စ တွေးဦးမှာပဲ။ တွေးလိုက်ရင် တွေးတယ်ဆိုတာလေးကို စိတ်ကသိလိုက်ပါ။ သိပြီးရင် “ဘာမှ မထူးပါဘူး” ဆိုပြီးတော့ အသာလေးစိတ်ကို လျော့ချလိုက်ပါ။ ကိုယ့်ကိုယ်ကို စိတ်မဆိုးပါနဲ့။ ပြန်ပြီးတော့ အသက်ရှုတာလေးကို သတိကပ်ပြီးတော့ ထားလိုက်ပါ။ ခန္ဓာကိုယ်ကိုလည်းပဲ ခြေတွေလက်တွေကို အတတ်နိုင်ဆုံး သက်တောင့်သက်သာဖြစ်အောင် လျှော့ပြီးတော့ ချထားပါ။ နေရာအနေအထားကိုလည်း အသက်သာဆုံး ဖြစ်သွားအောင် ပြင်လိုက်ပါ။ ခေါင်းအုံးကအစ နိမ့်လွန်းရင်လည်း မကောင်းဘူး။ မြင့်လွန်းရင်လည်း မကောင်းဘူး။ အဲသည်လို ကိုယ်နဲ့ အဆင်ပြေဆုံးဖြစ်အောင် ပြုပြင်ထားပြီး အိပ်လျက်ကလေးပဲ တရားအားထုတ်ပါ။ ဒီလိုတရားအားထုတ်ရင်း၊ တရားအားထုတ်ရင်းနဲ့ပဲ အိပ်ပျော်သွားပါစေ…။


စာကျက်ခါနီးမှာ တရားထိုင်တယ်။ တရားထိုင်ပြီးမှ စာကျက်တယ်။ အဲဒီလိုလုပ်တော့ စာတွေကို ပိုပြီးတော့ မှတ်မိတယ်။ ပိုပြီးတော့ သဘောပေါက်တယ်။ တော်တော်နဲ့ မမေ့ဘူး။ အိပ်ခါနီးမှာလည်း အိပ်ရာထဲမှာ တရားမှတ်ရင်းနဲ့ အိပ်တာပဲ။ စိတ်ထဲမှာလည်း ရှင်းသွားတယ်။ ခန္ဓာကိုယ်ထဲမှာလည်း ရှင်းသွားပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားတယ်၊၊ တရားကတော့အားထုတ်နေမှာပဲ။ ကိုယ်သိနိုင်တဲ့အကျိုးက ရနေတာကိုး။ အသိဉာဏ် ထက်တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။ စိတ်ချမ်းသာတယ်။ ဘာမှမတွေးပဲနဲ့ ဒီလိုသိနေတဲ့အခါမှာ စိတ်က အင်မတန် အေးချမ်းနေတယ်။ တခြားနည်းနဲ့ပျော်မယ့်အစား အဲသလို တစ်နေရာမှာ တိတ်တိတ်ဆိတ်ဆိတ် အေးအေးကလေး နေပြီးတော့ တရားနဲ့ပဲ ပျော်လာတာပဲ။ စိတ်တည်ငြိမ်အေးချမ်းမှုနဲ့ အသိဉာဏ်နက်နဲမှုဟာ အင်မတန် အရသာရှိတယ်။ အင်မတန် ကျေနပ်စရာကောင်းတယ်။✌✌

 

��ဆရာတော်ဦးဇောတိက��
�� ( မဟာမြိုင်တောရ ) ��
▫ ▫ ၏ ▫ ▫
��“ တွေးမိတိုင်း ပျော်တယ် ” ��
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊