“မပေးဥစ္စာ ရှောင်ကြဉ်ပါ”
•••••••••••••••••••••••••••••••••••
ဤကျင့်ဝတ်သည် သူတစ်ပါး မပေးသော ဥစ္စာကို
ရယူခြင်းမှ ရှောင်ကြဉ်ရသော ကာယကံ
ကျင့်ဝတ်တစ်ခု ဖြစ်ပါသည်။ ပဉ္စသီလခန်းတွင်လည်း
“ဒုတိယမြောက်ကျင့်ဝတ်” အဖြစ် ပါရှိပေသည်။
ပဉ္စသီလခန်းတွင် အဒိန္နာဒါနကံဟု ခေါ်ဆိုထားပါသည်။

ဤကံ၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာ၌
“အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော သူ့ဥစ္စာကို
ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။”ဟုဖွင့်ဆို ဖော်ပြကြ၏။
ဤဖွင့်ဆိုချက်အရ ခိုးခြင်းကို “တိတ်တဆိတ်ယူခြင်း”
ဟု နားလည်နေကြသည်။

တစ်နည်းအားဖြင့်
“ပိုင်ရှင် မသိအောင် ခိုးခြင်း”ဟု နားလည်နေကြသည်။
မြန်မာအဘိဓာန်ကျမ်း၌လည်း ဤအဓိပ္ပာယ်အတိုင်း
ဖွင့်ဆိုထားပါသည်။ သို့ရာတွင် ခိုးခြင်းပုဒ်ကို
“သူမပေးသော ဥစ္စာကို ယူခြင်း”ဟုလည်း ဖွင့်ဆိုထားချက်
ရှိပေသည်။ ဤဖွင့်ဆိုချက်သည်လူသားကျင့်ဝတ်ကို
ဖော်ဆောင်ရာ၌ လိုအပ်သော အဓိပ္ပာယ်နှင့်
ထပ်တူကျနေပါသည်။

❖မပေးသော ဥစ္စာကို ရယူသည် ဆိုရာ၌
“ပိုင်ရှင် မသိအောင် ရယူခြင်း” သာ မဟုတ်ပေ။
“ပိုင်ရှင် မကျေနပ်ဘဲ ရယူခြင်း” သည်လည်း
ထိုကံနှင့် အကျုံးဝင်လျက် ရှိပေသည်။❖

▬▬▬▬▬▬▬▬▬▬▬▬▬
“ခိုးခြင်း အဓိပ္ပါယ် အသွယ်သွယ်”
▬▬▬▬▬▬▬▬▬▬▬▬▬
ဤအဓိပ္ပာယ် ဖွင့်ဆိုချက်များအရ ခိုးခြင်း၏
အနက်သည် များစွာ ကျယ်ပွားလာပေသည်။
ဗုဒ္ဓစာပေတို့၌ ခိုးခြင်းအမှုကို (၂၅)-ပါးမျှ ဖော်ပြထား၏။
ထိုအထဲတွင် အောက်ပါ ခိုးခြင်းများ ပါဝင်ပေသည်။
- မိမိကိုယ်တိုင် ခိုးယူခြင်း၊
- သူတစ်ပါးကို ခိုးယူစေခြင်း၊
- မတရား အမှုဆင်၍ ရယူခြင်း၊
- ငြင်းကွယ်၍ ရယူခြင်း၊
- အလေး၊တင်းတောင်း၊ချိန်ခွင်၊ခြင်ခွက်လိမ်ဖြင့် ခိုးယူခြင်း၊
- ပစ္စည်းအတုကို အစစ်ပြော၍ ရောင်းခြင်း၊
- အခြား လိမ်နည်း အမျိုးမျိုးဖြင့် ရယူခြင်း၊
- လက်နက် လူ ပစ္စည်းအင်အား တစ်ခုခုဖြင့် ရယူခြင်း၊
- အကြပ်ကိုင်၍ ငွေညှစ်ယူခြင်း၊
- လာဘ်တောင်းခြင်း၊ လာဘ်စားခြင်း၊
- အာဏာဖြင့် ငွေခွဲခြင်း၊ ငွေတောင်းခံခြင်း၊
- အဓမ္မနည်းဖြင့် ကုန်ပစ္စည်းကို ဝယ်ယူစေခြင်း၊
- လက်မှတ် အတုဖြင့် လိမ်၍ ရယူခြင်း၊
- အနုကြမ်းစီး၍ ရယူခြင်း၊
- ဓားပြတိုက်၍ ရယူခြင်း၊
- ယုံကြည်အောင် ဆွဲဆောင်၍ ရယူခြင်း၊

မတရားသော နည်းလမ်းဖြင့် ရယူမှု မှန်သမျှတို့မှာ
မပေးသော ဥစ္စာကို ရယူသော မကောင်းမှုကံနှင့်
ပတ်သက်နေပေသည်။

▬▬▬▬▬▬▬▬▬▬▬▬▬
“အဂါၤငါးတန် ခိုးမှုကံ”
▬▬▬▬▬▬▬▬▬▬▬▬▬
သူတစ်ပါး ပစ္စည်းကို မတရား ရယူရာ၌
“အင်္ဂါငါးချက်” ဖြင့် သတ်မှတ်ထားပါသည်။
၁။ သူတစ်ပါး၏ ဥစ္စာဖြစ်ခြင်း၊
၂။ သူတစ်ပါး၏ ဥစ္စာဟု သိခြင်း၊
၃။ ရယူလိုသော စိတ်ရှိခြင်း၊
၄။ ရယူမှုအတွက် ကိုယ်မှု၊နှုတ်မှု တစ်ခုခုကို ပြုခြင်း၊
၅။ ရယူခြင်း၊
ဖော်ပြပါ အင်္ဂါငါးရပ်နှင့် ပြည်စုံလျှင် မတရားယူမှုကံ၊
ဝါ- ခိုးမှုကံ မြောက်သည်ဟု ဆုံးဖြတ်နိုင် ပါတော့သည်။

▬▬▬▬▬▬▬▬▬▬▬▬▬
“ခိုးသူဘဝ ဝဋ်ဒုက္ခ”
▬▬▬▬▬▬▬▬▬▬▬▬▬
ဤခိုးမှုကံသည် လူသားလောက၌ အဖြစ်များသော
ကံအမျိုးအစား ဖြစ်သည်။ ခိုးမှုဖြင့် အသက်မွေးသူ၊
သို့မဟုတ် မတရား ရယူမှုဖြင့် အသက်မွေးသူတို့လည်း
ရှိနေတတ်ကြသည်။

ဤသို့ အသက်မွေးသူများမှာ တစ်ပါးသူ၏
ပစ္စည်းဥစ္စာကို မတရား ရယူနိုင်ရန် ကြံဖန်ရပါသည်။
နည်းအမျိုးမျိုးဖြင့် ဖန်တီးကြရပါသည်။
ဤနည်းများဖြင့် ဘဝရပ်တည် နေထိုင်ကြပါသည်။
ဤကဲ့သို့ မတရားသော နည်းများဖြင့် စီပွားရှာထားသော
သူတို့မှာ မိမိတို့ စိတ်ကိုလည်း လုံခြုံမှု မရှိနိုင်တော့ပါ။
ကိုယ့်လိပ်ပြာကို မလုံခြုံမှုက တရစပ် နှိပ်စက်
နေမည် ဖြစ်သည်။ ထို့အပြင် မတရားမှုဖြင့် ရယူထားသော
ပစ္စည်းဥစ္စာများမှာ အစဉ်အမြဲ တည်နေသည်ဟု မရှိကြပေ။

❖နည်းတစ်မျိုးမျိုးဖြင့် ပျက်စီး ယိုယွင်းတတ်လေသည်။
မတရားသော နည်းဖြင့် ကြီးပွားနေသူတို့မှာ
လူ့ပတ်ဝန်းကျင်၌လည်း တင့်တယ်ဝင့်ကြွားနိုင်ခြင်း မရှိပါ။
ပတ်ဝန်းကျင်၏ ထေ့ငေါ့မှု၊ ရှုတ်ချမှုနှင့် ရင်ဆိုင်ကြရပါသည်။
ပတ်ဝန်းကျင်က နှစ်နှစ်ကာကာ ပေါင်းသင်းသူ မရှိဘဲ၊
အထီးကျန်ဘဝမျိုးနှင့် ရင်ဆိုင်ရပါသည်။

❖ဤခိုးမှုကံကို ပြုလုပ်သူသည်-
(၁)။ တဖြည်းဖြည်း မွဲတေလာခြင်း၊
(၂)။ ဆင်းရဲ ပင်ပန်းလာခြင်း၊
(၃)။ ငတ်မွတ် ခေါင်းပါးလာခြင်း၊
(၄)။ လိုသလို မဖြစ်နိုင်တော့ခြင်း ၊
(၅)။ စီးပွားရှာ၍ စီးပွား မဖြစ်တော့ခြင်း၊
(၆)။ ရန်သူမျိုး ငါးပါးနှင့် တွေ့ကြုံရခြင်း-
ဟူသော ဆိုးကျိုးများကို ရရှိ ခံစားကြရလေသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“မြို့သားလူလည် နှင့် တောသားမုဆိုး”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဤနေရာဤ မြို့သားလူလည်နှင့် တောသားမုဆိုးတို့၏
ပုံဝတ္ထုကလေးသည် လိမ်လည်လှည့်ဖြား၍ စီးပွားရှာသူတို့၏
တစ်နပ်စားဉာဏ်ကို ကြံကြံဖန်ဖန် တွေ့ရှိရ၏။

တောသားမုဆိုး တစ်ယောက်သည်
သမင်ကြီး တစ်ကောင်နှင့် သမင်ငယ်
တစ်ကောင်တို့ကို ရောင်းချရန် မြို့သို့
ယူဆောင်လာသည်။ လမ်းခရီး၌
မြို့သားလူလည်နှင့်တွေ့ရာ.....
“သမင်တစ်ကောင်ကို ဘယ်လောက်လဲ”ဟု မေးသည်။

မုဆိုးက “သမင်ကြီးက ၂ိ၊ သမင်က ၁ိ ပါ၊ “ဟု ပြောသည်။
မြို့သားသည် သမင်ငယ်ကို ၁ိ-ပေး၍ ဝယ်ယူသွားသည်။
အတန်ကြာမျှ ယူသွားပြီးနောက်ပြန်လာပြီးလျှင်
“ကျွန်တော် သမင်ကလေးကို ၁ိ ပေးပြီး ဝယ်ခဲ့တယ်။
အခု သမင်လေးကို ၁ိနဲ့ တန်ဖိုးထားပြီး ပြန်ပေးခဲ့မယ်။
စုစုပေါင်း ၂ိ ပေါ့၊ သမင်ကြီးကိုပဲ ယူတော့မယ်။”
ဟု ပြောသည်။
တောသားမုဆိုးလည်း မိမိလက်တွင် ငွေသား ၁ိ နှင့်
၁ိတန် သမင်ငယ်ကို ပြန်ရသဖြင့် ၂ိတန် သမင်ကြီးကို
ပေးလိုက်သည်။ မြို့သားလူလည်သည် ၂ိတန်
သမင်ကြီးကို ဆွဲယူ၍ သုတ်သုတ်ထွက်သွားသည်။

ဤလိမ်လည်မှုတွင် တောသားမုဆိုးသည်
ရုတ်တရက်ဖြစ်၍ မျက်စိလည်ကာ
သမင်ကြီးကိုပေးလိုက်ခြင်းဖြစ်၏။
ပြန်၍ စဉ်းစားလိုက်သောအခါ ငွေ၁ိ ဖြင့်
သမင်ကြီးကို ပေးလိုက်ရသည်ဟုသိလာမည်။
မြို့သားသည် မိမိကို လိမ်သွားပြီဟု သိလာမည်။
မြို့သားသည် မုဆိုးကို လိမ်လည်၍ စီးပွားရှာမိသည်။

ဤလိမ်လည်မှုကြောင့် မိမိလိပ်ပြာမလုံဖြစ်ကာ
နောင်တလည်း ရနေနိုင်၏။ မည်သို့ရှိစေ၊
မုဆိုးကိုကား မတွေ့အောင် ရှောင်ရှားနေရတော့မည်။
မုဆိုးကလည်း မြို့သားကို တွေ့ရလျှင် အသေသတ်၍
အမိုက်ဇာတ်ခင်းမည်လား မပြောတတ်ချေ။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ဘုရင်မင်းခေါင် နှင့် လက်ဆောင်တော်”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရှေးသူတော်ကောင်း သူမြတ်လောင်းတို့သည် မိမိအတွက်
ရပိုင်ခွင့် ပစ္စည်းများကိုပင် တရားသလော၊ မတရားသလော၊
ယူသင့်သလောဟု စစ်ကြောပြီးမှ ရယူလေ့ ရှိကြ၏။
မိမိမယူထိုက်သော ပစ္စည်းကို ရယူခြင်း မရှိကြချေ။

ဘုရင်မင်းခေါင်ကြီး လက်ထက်တွင် မြင်းမူရွာက
သူဌေးတစ်ယောက်သည် ရောဂါသည်းထန်နေသဖြင့်
ပစ္စည်းဥစ္စာတို့ကို သားမြေးတို့အား ဝေငှပေးသည်။
“ရွှေ ၁၀-ပတ်နှင့် ငွေပိဿာ ၁၀ဝဝ”-တန်သော
ပတ္တမြားတစ်လုံးကို မင်းအတွက် ခွဲခြားထားသည်။
ထိုသူဌေးသေလျှင် ပစ္စည်းတို့ကို ဘုရင်မင်းခေါင်အား
လာရောက် ဆက်သကြ၏။ ဘုရင်က
“ဘာအတွက် ပစ္စည်းတွေလဲ”ဟု မေးသည်။

ဆက်သသူတို့က “မြင်းမူသူဌေး၏ အမွေဖြစ်သည်”
ဟု လျှောက်ကြ၏။ထိုအခါ
“အမွေဆိုလျှင် သူ့သားမြေးတွေကို ပေးလိုက်။
ငါနှင့် မဆိုင်။” ဟု ငြင်းလေသည်။
“အရှင်မင်းမြတ်အတွက် အမွေပေးခြင်း မဟုတ်ပါ။
သူဌေးကြီး မသေမီကပင် လက်ဆောင်တော်
ဆက်သဖို့ သီးသန့် ထားခဲ့သော လက်ဆောင်တော်
ဖြစ်ပါသည်။” ဟု လျှောက်တင်မှ လက်ခံ
သိမ်းပိုက်တော်မူလေသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“စည်သူကျော်ထင် နှင့် ရွှေငါးပိဿာ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သက္ကရာဇ် ၉၁၃-ခုတွင် “စည်သူကျော်ထင်”သည်
“နရပတိ” အမည်ဖြင့် အင်းဝရွှေနန်းကို သိမ်း၍ မင်းပြုသည်။
ထိုမင်းသည် နံနက်အချိန်၌ ဥဒေတယံကို အခေါက် ၁၀ဝဝ၊
ညအချိန်၌ အပေတယံကို အခေါက် ၁၀ဝဝ-ရွတ်သည်။

တစ်နေ့သောအခါ စစ်ကိုင်းအရပ်မှ မိန်းမငယ်
တစ်ယောက်သည် ရက်ကန်းစင်တူးရာတွင် ရွှေငါးပိဿာ ရသည်။
မိန်းမငယ်သည် ရွှေအိုးကို ယူလာပြီး စည်သူကျော်ထင်အား
ဆက်သသည်။မင်းသည် ဥဒေတယံကို ရွတ်နေသဖြင့်
မှူးမတ်တို့က “တစ်ဝက်ကို အရာတော်အဖြစ် ထားခဲ့၊
တစ်ဝက်ကို ယူသွား။” ဟု ပြန်ပေးလိုက်သည်။

ထိုနောက် ရွှေအိုးကို နရပတိမင်းအား ဆက်သကြသည်။
နရပတိမင်းက အကျိုးအကြောင်းကို မေးရာ အဖြစ်မှန်ကို
လျှောက်တင်ကြ၏။ မင်းတရားက
“မှူးတော် မတ်တော်တို့၊ အစ်ကိုတို့ဟာ မြို့တော်ပတ်လည်မှာ
တစ်နေ့ကို တွင်း ၁၀ဝဝ-တူးသော်လည်း ရွှေအိုးကို
ရမှာ မဟုတ်ဘူး။ရှေးမင်းတို့လည်း မိမိတို့ နိုင်ငံတွင်းက
ရွှေအိုး ရွှေတောင့်တို့ကို ဆင်းရဲသားတို့ ရရှိလျှင် မသိမ်းယူကြပါ။
ယခုလည်း ရွှေအိုးကို တစ်ဝက် မသိမ်းယူသင့်ဘူး။
အားလုံးကို မိန်းမငယ်အား ခေါ်၍ အပ်စေ။”
ဟု အမိန့်ရှိသဖြင့်
ပြန်လည် ပေးအပ်လိုက်ရလေသည်။

▬▬▬▬▬▬▬▬▬▬
“အင်္ဂလိပ်တို့၏ လုယူမှု”
▬▬▬▬▬▬▬▬▬▬
အင်္ဂလိပ်တို့သည် အခြားနိုင်ငံတို့ကို
ကျုးကျော် သိမ်းပိုက်ကာ ပစ္စည်းဥစ္စာတို့ကို
အဓမ္မနည်းဖြင့် ရယူခဲ့ကြသည်။
အင်အားသုံး၍ လုယူမှုကို “ပသယှာဝဟာရ ခိုးယူနည်း”
ဟု ခိုးခြင်း ၂၅-ပါးတွင် ဖော်ပြထားပါသည်။
အင်္ဂလိပ်တို့သည် အကြောင်းအမျိုးမျိုး ပြ၍
မြန်မာဘုရင်ကို ဖမ်းဆီးသွားကြသည်။
မြန်မာနိုင်ငံတော်ကို သိမ်းပိုက်ခဲ့ကြသည်။
နိုင်ငံတော်ကို သိမ်းပိုက်စဉ်က နန်းတွင်းရှိ အဖိုးတန်
ရတနာပစ္စည်းများကို ခိုးမှူးကြီး ကာနယ်စလေဒင်က
သိမ်းယူသွားခဲ့သည်။နိုင်ငံကျော် ငမောက်ပတ္တမြားကြီး
အပါအဝင် အတွင်းပစ္စည်းများကို ပေးအပ်လိုက်ရ၏။

တန်ဖိုးအားဖြင့် ကုဋေ ၁၀ဝဝဝ-ကျော်မျှ ရှိမည်ဟု
ခန့်မှန်းထားကြသည်။ ငမောက်ကျောက်ကြီးမှာ ယနေ့တိုင်
ကမ္ဘာပေါ်၌ တိမ်မြုပ်ပျောက်ကွယ်လျက် ရှိနေလေသည်။
ကမ္ဘာ့သမိုင်းစဉ် တစ်လျှောက်တွင် -
- အားရှိသူက အားမဲ့သူကို အနိုင်ကျင့်၍ ရယူခြင်း ၊
- အာဏာရှိသူက အာဏာမဲ့သူကို အနိုင်ကျင့်၍ ရယူခြင်း ၊
- နိုင်ငံကြီးက နိုင်ငံငယ်ကို အနိုင်ကျင့်၍ ရယူခြင်း-
စသည်ဖြင့် ကြီးနိုင်ငယ်ညှဉ်း ရယူခြင်းများ ရှိခဲ့ပေသည်။
ဤဖြစ်စဉ်များသည် “တိရစ္ဆာန်ဓလေ့”ကို အတုယူသော
ပြုမူမှုများသာ ဖြစ်၏။ လူသားချင်း ညှာတာမှု၊
စာနာမှု ကင်းမဲ့ရာမှ ပေါ်ပေါ်က်ရသော အကြီးစား
လူယက်ခိုးယူမှုကြီးများ ဖြစ်လေသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬
“စစ်ကိုင်းဘက်က ရှင်ပျက်အကြံ”
▬▬▬▬▬▬▬▬▬▬▬▬▬▬
သတိုးမင်းဖျား လက်ထက်တွင် စစ်ကိုင်းဘက်က
ရှင်ပျက်တစ်ယောက်သည် မုန့်သည်မက
အပ်နှံထားသော ငွေကို လက်ခံထားခဲ့၏။
ရှင်ပျက်သည် အပ်နှံထားသော ငွေကို အပိုင်ယူလိုသဖြင့်
“ငွေအပ်နှံခြင်း မရှိပါ” ဟု ငြင်းဆိုသည်။

❖မုန့်သည်မလည်း ထိုအကြောင်းကို
“သတိုးမင်းဖျား”ထံ လျှောက်တင်သည်။
မင်းတရားသည် ရဟန်းပျက်ကို ခေါ်၍ စစ်မေးသည်။

❖ရဟန်းပျက်လည်း မကွယ်ဝှက်ဝံ့တော့ဘဲ၊
ငွေကို မင်းတရားထံ ဆက်သရသည်။ မင်းတရားက
“ရဟန်းဖြစ်ပါလျက် သည်လို ကျင့်ရာသလော။”
ဟုဆိုကာ လက်တော်ဖြင့် ကွပ်မျက်ပြီးလျှင်
နန်းကြမ်းပြင်ကို ဖွင့်၍ ပစ်ချလိုက်လေသည်။

ခိုးဝှက်ခြင်းသည် မကောင်းမှု ဖြစ်သကဲ့သို့
မကောင်းကျိုးကို ဖြစ်စေသော ဒုစရိုက်ကာယကံဖြစ်ပါသည်။
မျက်မှောက်ဘဝ၌ပင် ဆိုးကျိုးတရားကို ခံစားရနိုင်ပါသည်။
ထို့ကြောင့် မကောင်းမှု အမှန်၊ မကောင်းကျိုးကို
ဧကန်ဖြစ်စေသော ခိုးမှုကံ စရိုက်ဆိုးတရားကို
ရှောင်ရှားကြကုန်ရာ၏။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【အရှင်ဧသိက(ဘုန်းနွယ်-ရေစကြို)】