ဦးဥက္ကဌ (၁၉၁၃-၁၉၇၃)
သဲအင်းဂူ ဆရာတော်ဘုရားကြီး
သဲအင်းဂူ ၀ိပဿနာကမ္မဌာန်း ကျောင်းတိုက်
မီးရှုးသန့်စင် ဖွားမြင်ခြင်း-
ကျေးဇူးတော်ရှင် သဲအင်းဂူ ဆရာတော် အလောင်း အလျာကို
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ နှောကုန်း ကျေးရွာနေ ဦးသော်တာ၊ ဒေါ်မယ်အံ့တို ့မှ
၁၂၇၄ ခုနှစ်၊ တပေါင်းလဆန်း (၁၀)ရက်၊ (၁၆-၃-၁၉၁၃) တနင်္ဂနွေနေ့ နံနက် (၈:၀၀)နာရီ အချိန်တွင် မီးရှူးသန့်စင် ဖွားမြင် တော်မူပါသည်။ မွေးချင်း (၇)ယောက် ရှိသည်တွင် တတိယမြောက် သားရတနာ ဖြစ်ပါသည်။
လောကီဓမ္မ သဘာဝ-
ဆရာတော် အလောင်းလျာကို မိဘများမှ အသက်အရွယ် ငယ်စဉ်ကပင် ကျောင်းထား စာသင် စေခဲ့သော်လည်း စာပေပညာ ထူးချွန်စွာ တတ်မြောက်ခြင်း မရှိခဲ့ဘဲ မြန်မာစာ သင်ပုန်းကြီး အဆင့်ဖြင့် ဘုန်းကြီးကျောင်းမှ ကျောင်းထွက်ခဲ့ရပါသည်။ ဆရာတော် အလောင်း အလျာသည် အသက်(၁၅)နှစ် အရွယ်မှာ အိမ်ထောင်ကျခဲ့ပြီး အသက် (၄၅)နှစ် တိုင်အောင် ကောင်းဆိုး နှစ်ထွေ ရောပြွန်းသည့် လောကီဓမ္မ သဘာဝ တရားများကို တွေ့ကြုံ ခံစား ခဲ့ရပါသည်။
ဓမ္မသံဝေဂ
ဤသို့ သဘာဝ လောကဓံကို ကြံ့ကြံ့ခံ၍ ရုန်းကန် တက်လှမ်း ခဲယဉ်းစွာ ဖြတ်သန်းခဲ့ရသော ဆရာ တော် အလောင်း အလျာသည် သုံးဝဋ် နှောင်အိမ် ဒုက္ခစက် အရှိန်မှ လွတ်မြောက်ရန် အချိန်တန်ပြီ ဖြစ်သောကြောင့် တစ်နေ့သော အခါတွင် စွန်းလွန်းဂူ ကျောင်း ဆရာတော် ဘုရားကြီး၏ ထေရုပ္ပတ္တိ စာအုပ်ကို အကြောင်းပြု၍ သတိတရားရပြီး ဓမ္မသံဝေဂ ဖြစ်ခဲ့ပါသည်။
တရားထူးများ ရတော်မူခြင်း
ဆရာတော် အလောင်းလျာသည် သံဝေဂရပြီး ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်သော ကျောင်းက လေး သိမ်အတွင်းဝယ် (၁၃၂၁) ခုနှစ်၊ တော်သလင်း လဆန်း (၆)ရက်၊ တနလာင်္နေ့တွင် စတင်၍ သတိပဋ္ဌာန် တရားကို မနားမနေ ကျင့်ကြံပွားများ အားထုတ်ခဲ့ရာ ၁၃၂၁ခုနှစ် တော်သလင်း လဆန်း (၁၁)ရက် စနေနေ့ မွန်းလွဲသာသာ အချိန်တွင် “ပထမမဂ်” ကို လည်းကောင်း၊ ၁၃၂၁ခုနှစ် သီတင်းကျွတ် လဆန်း (၉)ရက် စနေနေ့၊ အမကြီး ဒေါ်ဖွားစိန်၏ ခြံ အုန်းနှဲပင် အောက်တွင် “ဒုတိယမဂ်” ကို လည်းကောင်း၊ ၁၃၂၁ခုနှစ် တပေါင်း လပြည့်ကျော်(၄)ရက် အင်္ဂါနေ့ ညနေ (၃)နာရီ အချိန် အုန်းနှဲပင်နှင့် မနီးမဝေး အနောက်မြောက် အရပ်နေရာ၌ “တတိယမဂ်” ကိုလည်း ကောင်း ရရှိတော် မူပါသည်။
အနာဂတ်ကို ကြိုတင်၍မြင််ခြင်း
ဆရာတော် အလောင်းလျာသည် တတိယမဂ်ကို ရပြီးသည့် အချိန် မှစ၍ ဖြူနီကြောင်ကြား အဝတ် များ ဝတ်ဆင်ခြင်းကို မပြုတော့ဘဲ ပိတ်ဖြူ အဝတ်ကိ်ုသာ ဝတ်ဆင် ပါတော့သည်။ အနာဂတ် ကာ လတွင် ဖြစ်ပေါ်လာမည့် အာရုံ နိမိတ်ထူး များကိုလည်း မြင်၍ ကြိုတင်ကာ မိန့်မြွက်ခဲ့သည်မှာ-နှောကုန်း ကျေးရွာ၏ အရှေ့ဖက် ပျဉ်ထောင်တွင်း ကုန်းမြေ နေရာတွင် ကြက်ပျံမကျ စည်ကား သော ကျောင်းတိုက်ကြီး ဖြစ်ပေါ် လာလိမ့်မည်။ ဤ ကျောင်းတိုက်ကြီးသည် သာသနာ့ မဏ္ဍိုင်ကြီး ဖြစ်ပြီး လာရောက် နှီးနှော ကြလိမ့်မည် ဟူသော စကားတော်များ ဖြစ်ပါသည်။
မြင့်မြတ်သည့် ရဟန်းဘဝ
ဆရာတော် အလောင်းလျာသည် ပိတ်ဖြူဝတ်နှင့် တစ်နှစ်မျှ နေပြီးနောက် နတ်ဗြဟ္မာများ၏ တောင်းပန် လျှောက်ထားချက်ကို လက်ခံကာ ရဟန်းဝတ်ရန် ဝန်ခံပြီး ၁၃၂၂ခုနှစ် တပေါင်းလတွင် မယ်တော်ကြီး ဒေါ်မယ်အံ့နှင့် မှော်ဘီမြို့နေ ဦးစုရ အမှူးပြုသော ဒါယိကာ၊ ဒါယိကာမများ၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ နှောကုန်းကျေးရွာ ခဏ္ဍာသိမ်တော် အတွင်း၌ ကျောင်းကြီး ဆရာတော် ဘဒ္ဒန္တပညိန္ဒြိယကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော အထက်တန်း ရဟန်းအဖြစ် ရရှိကာ “ဦးဥက္ကဌ” ဟူသော ဘွဲ့အမည်ကို ရတော် မူခဲ့ပါသည်။
စတုတ္ထမဂ်
ရဟန်း ဖြစ်ချိန် မှစ၍ ဆရာတော်သည် တရားကို မနားမနေ ဆက်လက်ပြီး ပွားများ အားထုတ်ခဲ့ရာ ၁၃၂၃ခုနှစ် နယုန် လပြည့်ကျော် (၂)ရက် စနေနေ့ နံနက် (၈:၀၀) နာရီနှင့် (၉:၀၀)နာရီ ကြား အချိ်န်တွင် မှော်ဘီမြို့ ရဟန်းဒါယကာ ဦးစုရ နေအိမ်တွင် “စတုတ္ထမဂ်” ကိ်ု ရရှိတော် မူခဲ့ပါသည်။
ဆရာတော်ကြီး၏ သာသနာခရီး
၁၃၂၃ခုနှစ် ၀ါဆိုလပြည့်နေ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် နှောကုန်းကျေးရွာ၏ အရှေ့ဖက် ပျဉ်ထောင်တွင်းကုန်းဟု ရှေ့လူတို့ ခေါ်ဆိုခဲ့သော မြေနေရာတွင် “သဲအင်းဂူ ၀ိပဿနာကမ္မဌာန်း ကျောင်းတိုက်ကြီး” ကို ကျေးဇူးရှင် သဲအင်းဂူ ဆရာတော်ဘုရားကြီးမှ စတင် တည်ထောင်တော် မူခဲ့ပါသည်။
ဤသို့ လေးမဂ် လေးဖိုလ်ကို ရရှိတော်မူသော ကျေးဇူးတော်ရှင် သဲအင်းဂူ ဆရာတော် ဘုရားကြီး သည် သတ္တဝါ ဝေနေယျ အပေါင်းတို့ အပေါ် မေတ္တာ ကရုဏာ၊ ရှေ့ရှု ကာဖြင့် မြန်မာပြည် တဝှမ်း အနယ်နယ် အရပ်ရပ်မှ ပင့်လျှောက် လာသော ဒါယိကာ၊ ဒါယိကာမ အပေါင်းတို့အား မိမိ သိမြင် ထားသော တရားများဖြင့် သာမန် သူူတို့ နားလည်နိုင်သော မြန်မာစကား အသုံးအနှုန်းဖြင့် မဂ် ပေါက် ဖိုလ်ဝင် နိဗ္ဗာန် မြင်သည့် တိုင်အောင် ဟောကြား ပြသတော် မူခဲ့ပါသည်။
စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူခြင်း
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ ပဋိပတ္တိ သာသနာတော်ကို အသက်နှင့် ခန္ဓာ မငဲ့ညှာပဲ မနားမနေ ကြိုးပမ်း ထမ်းဆောင်တော် မူခဲ့သော ကျေးဇူးတော်ရှင် သဲအင်းဂူ ဆရာတော်ကြီးသည် သက်တော် (၆၁) နှစ် သိက္ခာတော် (၁၂)၀ါ သာသနာပြုနှစ် (၁၁) နှစ်အရ ၁၃၃၅ ခုနှစ် ၀ါဆိုလ ဆန်း (၉)ရက် (၈-၇-၁၉၇၃) တနင်္ဂနွေနေ့ ညနေ (၄:၄၅) နာရီ အချိန်တွင် ဘဝ သံသရာဝဋ် ဒုက္ခ ခန္ဓာဇာတ်သိမ်း၍ အပြီးတိုင် ချုပ်ငြိမ်းတော် မူခဲ့ပါသည်။
ဆရာတော်၏ ထူးခြားမှုများ
၁၃၂၃ ခုနှစ် နတ်တော် လဆန်း (၁)ရက် တနင်္ဂနွေနေ့ (၂၃.၁၂.၁၉၆၁) တွင် ဆရာတော်အား သံလျင်တောရ ကျောင်းသို့ တရား စစ်ဆေးရန် ပင့်ဆောင် သွားစဉ် ရာထောင် မကသော လူထု ကြီးက ဆရာတော် ကောင်းကင်ပေါ်၌ "စျာန်ပျံ" နေသည်ကို တွေ့မြင်ခဲ့ ကြပါသည်။ ဆရာ တော်အား တရားဟောရန် "ဗြဟ္မာကြီး သုံးဦး" က လူယောဂီ အသွင်ဖြင့် လာရောက်ကန်တော့ တောင်းပန်ခဲ့ ကြပါသည်။ ဆရာတော်သည် တပါးသူ၏ စိတ်ထဲတွင် ကြံစည်နေသော အရာအား လုံးကို သိမြင်နိုင်ကြောင်း မိန့်တော်မူ ခဲ့ပါသည်။ အတိတ်နှင့် အနာဂါတ်ကိုလည်း သိမြင်ပါသည်။ ကျောင်းတိုက်ကြီး ဖြစ်ပေါ်လာမည်။ "မှော်ဘီသို့ သွားသော ပေတစ်ရာ လမ်းမကြီး ဖြစ်ပေါ် လာမည်။ လျှပ်စစ်မီးတွေရောက် ရှိလာမည်" ဟု မိန့်တော်မူခဲ့ရာ ယနေ့ ဖြစ်ပေါ် နေပါပြီ။