ဗုဒ္ဓတရားများ၏ သင်္ခါရနိမိတ်ဖြစ်သော အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးပါးအပေါ်တွင် ဘာသာခြားအချို့နှင့် ဗုဒ္ဓဘာသာဝင်အချို့ နားလည်မှုလွဲနေသည်ဟု ထင်ပါသည်။
အနိစ္စ၊ ဒုက္ခ ဆိုသော အသံသည် သာသနာပတွင် ကြားနိုင်သော်လည်း အနတ္တဆိုသောအသံသည်ကား သာသနာတွင်းမှသာ ကြားနိုင်ပါသည်။ သို့သော် သာသနာပတွင် ကြားရသော အနိစ္စ၊ ဒုက္ခသည်ကား ပညတ် အနိစ္စ၊ ဒုက္ခသာဖြစ်သည်။ ပုဂ္ဂိုလ်၊ သတ္တဝါ မဖက်သော ပရမတ်သဘော၌ အနိစ္စ၊ ဒုက္ခကိုမြင်လျှင် အနတ္တကိုလည်း မြင်ပါသည်။
ဖတ်ခဲ့ဖူးသော အကြောင်းအရာတစ်ခု ဖြစ်ပါသည်။ အတိအကျတော့ မမှတ်မိတော့ပါ။ သဘောကို ပြန်ရေးပြပါမည်။
နိုင်ငံခြားသား ဘာသာခြား တစ်ယောက်က ဗုဒ္ဓဘာသာဝင် တစ်ယောက်အား မေးပါသည်။ မင်တို့ဘာသာက အနိစ္စ၊ ဒုက္ခ၊ အနတ္တချည်းပဲ ပြောနေတယ်။ ကောင်းတာ တစ်ခုမှမရှိဘူး။ အဆိုးမြင်ဝါဒ ဖြစ်မနေဘူးလား။
ဖြေတဲ့လူက ပညာသားပါ၏။ နိုင်ငံခြားသားကို ပြန်မေးသည်။
“အခု လူတွေ ကားမစီးကြဘူးလား”
“စီးတယ်လေ”
“ဒါဆို ကားပဲ ထုတ်လုပ်ပေါ့။ workshop တွေ မထောင်နဲ့၊ အပိုပစ္စည်းတွေ မထုတ်နဲ့လေ”
ဒီတော့ နိုင်ငံခြားသားက -
“ဟ-ပျက်ရင် ပြင်ရအောင်ပေါ့၊ အသစ်လဲရအောင်ပေါ့ကွ”
အဲဒီအခါမှာ မြန်မာက -
“ဒါဆို မင်းတို့ဟာကလည်း အဆိုးမြင်ကြီး ဖြစ်မနေဘူးလား၊ ကားပဲ ထုတ်ရသေးတယ်၊ အပျက်ကို တွေးပြီး workshop တွေ အပိုပစ္စည်းတွေနဲ့ တစ်ခါတည်း ပါလာရော”
နိုင်ငံခြားသား နည်းနည်းတော့ သဘောပေါက်သွားသည်။
“အေး . . ဒီလိုပဲ၊ ခန္ဓာကိုယ်ကလည်း ပျက်တတ်တာ သဘာဝပဲ၊ ဒီလိုမြင်တာကို အဆိုးမြင် သဘော၊ အပျက်မြင်သဘောလို့ ပြောလို့ ရပါ့မလား၊ အဲဒီလို ပျက်တတ်တဲ့ သဘာဝကို အမှန်အတိုင်း သိထားမှ ပြုပြင်ပေးလို့ ရမှာလေ၊ နေမကောင်းရင် ဆေးနဲ့ ပြုပြင်မယ်၊ အစာနဲ့ ပြုပြင်မယ်ကွာ၊ နောက်ပြီး ဒီလို ဖောက်ပြန်ပျက်စီးတတ်တာ သဘာဝပါလားလို့ အမှန်ကို သိရှိလိုက်တော့ စိတ်မှာ ဒေါသတွေ၊ သောကတွေ မလာတော့ဘူးပေါ့။ အဲဒါ စိတ်နဲ့လည်း ပြုပြင်တာကွ။ ဒါဆို သက်သာရာရတာပေါ့ကွာ။ ကဲ-ဗုဒ္ဓဝါဒဟာ အဆိုးမြင်ဝါဒလား အမှန်မြင်ဝါဒလား”
ဗုဒ္ဓဘာသာဝင်များသည်ကား ဤသို့ ပေါ်တင်ကြီး မစွပ်စွဲကြပါ။ သို့သော် အသိလည်း မရှင်းကြပေ။ ဤသို့ မရှင်းကြသောကြောင့် ဓမ္မအပေါ် နားလည်မှုလွဲလာပေသည်။ အထူးသဖြင့် ‘ကံ’တရားအပေါ် နားလည်မှု လွဲနေကြသည်။ မိမိဘာသာပျင်းလို့၊ အရည်အချင်းမရှိလို့ မအောင်မြင်ရင် ‘ကံပေါ့ကွာ၊ အနတ္တပေါ့၊ ဘယ်တတ်နိုင်မလဲ’ ဟု တရားသိသလိုလိုနှင့် ဆင်ခြေပေးတတ်ကြသည် ဤသည်မှသာ အဆိုးမြင်ဝါဒဖြစ်သည်။
ဆရာတော် ရှင်ဇနကာဘိဝံသထံသို့ အစိုးရအဖွဲ့အစည်းက လူများ ရောက်လာကြသည်။ လာရခြင်းအကြောင်းမှာ တံတားတစ်ခုကျိုးပြီး ကားမှောက်၍ လူတွေသေကြသည်။ သို့ဖြင့် သံဃာတော်များပင့်ပြီး ပရိတ်ရွတ်ရန် လာပင့်ကြခြင်း ဖြစ်သည်။
အစိုးရလူကြီးများက “ဆရာတော်ဘုရား၊ အနတ္တပေါ့၊ သင်္ခါရ တရားတွေပဲ ဘုရား၊ ပျက်ကြမှာပေါ့” ဟု လျှောက်၏။
ဆရာတော်က “အေး-ဒကာတို့၊ သင်္ခါရတရားတွေပဲ ပြင်လိုက်ပေါ့” တဲ့။
လူကြီးများ ကြောင်သွား၏။ ဆရာတော်က ဆက်ပြီး “အန္တရာယ်ကင်းအောင် ပရိတ်လည်း ရွတ်ပေါ့၊ တံတားတွေ လမ်းတွေကိုလည်း ဘယ်နားမှာ ဘာလိုတယ်၊ ဘာဖြစ်နေတယ်ဆိုတာကိုလည်း စစ်ဆေးပြီး ပြုပြင်ကြပါဦး” ဟု မိန့်၏။
ဟုတ်ပါသည်။ လူအများသည် သင်္ခါရဟု အသံကြားသည်နှင့် အပျက်ကိုသာ တွေးပစ်လိုက်ကြသည်။ သင်္ခါရတရားဟူသည် အကြောင်းအထောက်အပံ့ ပေးမှု၊ ပြုပြင်ပေးရမှုတို့ပင် ဖြစ်သည်။ ဤသို့ ပြုပြင်ပေးနေရသောတရားများဖြစ်၍ မမြဲ၊ အစိုးမရခြင်းဟု ပြောခြင်း ဖြစ်၏။ သို့ဖြစ်၍ ပြုပြင်မှုကိုလည်း လုပ်ရပေမည်။ မမြဲမှုကိုလည်း လက်ခံထားရပေမည်။
ယခုကား ဤသို့မဟုတ်၊ ပြုပြင်မှုကို ဉာဏ်၊ ဝီရိယစိုက်၍ မလုပ်ချင်ဘဲ မမြဲမှုကိုသာ တရားသိသလိုလိုနှင့် အပြစ်ပုံချကြသည်။ လွဲကြလေခြင်း။
လူတစ်ယောက် နေမကောင်းဖြစ်မည်။ သို့ဆိုလျှင် နေမကောင်းဖြစ်ခြင်း၏ အကြောင်းကို ရှာရမည်။ အကြောင်းကိုသိလျှင် နေကောင်းအောင် ပြုပြင်ပေးမည်။ ပြုပြင်ပေး၍ မရတော့လျှင်တော့ ကံကိုသာ ပုံချလိုက်ပါ။ အနတ္တတရားကို ဆင်ခြင်ပါ။ စိတ်သက်သာရာရပေမည်။ ဤသဘောမျိုးသာ ဘုရားဟောပါသည်။
စီးပွားရေး၊ အခြားအခြားတွေမှာလည်း ဤသို့သာ ဖြစ်သည်။ ဘာပြုပြင်အားထုတ်မှုမှ မလုပ်ဘဲ ‘ကံပေါ့၊ အနတ္တပေါ့’ ဆိုလျှင်တော့ အဆိုးမြင်ဝါဒသာ ဖြစ်နေပါလိမ့်မည်။ ကျိန်းသေ၏။ ဤလူ မကြီးပွားပေ။ ရောဂါသေးသေးလေးနှင့်တောင် သေမည့်သူဖြစ်သည်။
မြတ်စွာဘုရားရှင်သည် လောကီ၊ လောကုတ် ထောင့်စေ့အောင် ဟောထားပြီးဖြစ်သည်။ အသုံးမချတတ်၍ မွဲနေကြရ၏။ ကြီးပွားကြောင်းတရား များစွာထဲတွင် ဣဒ္ဓိပါဒ်လေးပါးဆိုတာ ရှိ၏။ တန်ခိုးဟုလည်း ခေါ်ဆိုကြ၏။
(၁) ပြတ်သားသောရည်ရွယ်ချက်ရှိခြင်း။
(၂) ဇွဲလုံ့လရှိခြင်း။
(၃) စိတ်ဓာတ်ခိုင်မာခြင်း။
(၄) အသိဉာဏ်ရှိခြင်းတို့ ဖြစ်၏။ ဤလေးပါးနှင့်ပြည်စုံလျှင် မအောင်မြင်ဘဲ နေပါမည်လော။
‘ကံ’ ဟု ပြောလိုက်လျှင် လူအများသည် အတိတ်အကြောင်းကိုသာ ပြေးမြင်တတ်ကြပါသည်။ ကံရဲ့အကျိုးပေးသည်ကား နှစ်ဋ္ဌာနရှိ၏။ အတိတ်စေတနာကံအကြောင်းနှင့် ပစ္စုပ္ပန် အလုပ်ကံ ဟူသော အကြောင်းတရားသည်လည်း ရှိပါသေးသည်။ ပစ္စုပ္ပန်၌ ကြိုးစား၍မှ မအောင်မြင်လျှင် အတိတ်ကံ အကြောင်းကို ပုံချရမည်ဖြစ်သည်။ သို့သော် ကြိုးစားသော ဝီရိယအကျိုးကိုကား ခံစားရပါသေးသည်။ ကြိုးစားခြင်းကား အချည်းနှီး မဖြစ်ပေ။
ပြောစရာတစ်ခုရှိသည်မှာ မိမိသည် မည်သည့်လမ်းကို လျှောက်နေသော မည်သို့သောသူမျိုး ဖြစ်သည်ကိုကား သိရပေမည်။ အဖြစ်အပျက်နှစ်ခု ယှဉ်ပြပါမည်။
လယ်တီဆရာတော်ဘုရားကြီး ခရီးတစ်ခုထွက်စဉ် သင်္ဘောပေါ်၌ ခရီးဆောင်ပစ္စည်းများ အခိုးခံရပါသည်။ ကပ္ပိယက မကျေမနပ်ဖြစ်၍ တိုင်တန်းမည်ပြုသောအခါ ဆရာတော်ဘုရားကြီးက “တိတ်တိတ်နေပါကွယ်၊ အတိတ်ဘဝက ငါသူခိုးဖြစ်ခဲ့တာ လူသိနေပါမယ်” ဟု နှစ်သိမ့်လေသည်။ ဆရာတော်ဘုရားကြီးသည် ဓမ္မလမ်း သက်သက်အပေါ်၌ လျှောက်နေသော ရဟန်းတော်ဖြစ်သဖြင့် အတိတ်အကြောင်းကိုပုံချပြီး တရားနှင့်ဖြေခဲ့လေသည်။
ဆရာဝင်းအောင်ကြည် စာအုပ်မှ ဥပမာတစ်ခု ထုတ်ပြပါမည်။ ကျောင်းသားတစ်ယောက် စာအုပ်၊ ဘောပင်၊ ထီးပျောက်သည် ဆိုပါစို့။ အမေလုပ်သူက ‘သားရယ်၊ ကံပေါ့ကွယ်၊ အတိတ်ဘဝက သူများပစ္စည်း ခိုးခဲ့ဖူးလို့နေမှာပေါ့’ ဟု နှစ်သိမ့်မည်လား။ သို့ဆိုလျှင်တော့ ဤကလေး နောက်လည်း ပစ္စည်းတွေ ပျောက်နေဦးမည်သာဖြစ်၏။ ကလေးတစ်ယောက်ကို ဤသို့သွားဆုံးမနေ၍ မဖြစ်ပေ။ ကိုယ့်ပစ္စည်းကို ရိုသေရကြောင်း၊ ဘယ်လိုဂရုစိုက် ထိန်းသိမ်းရကြောင်း ဆူတန်ဆူ၊ ရိုက်တန်ရိုက်၍ ဆုံးမရမည် မဟုတ်လော။ လယ်တီဆရာတော်ဘုရားကြီးကဲ့သို့ တရားသွားဟောနေ၍ မရပေ။ ဗုဒ္ဓဘာသာဝင်အချို့မှာ ဤကလေးအမေကဲ့သို့ ကြုံနေကြ၏။ ကိုယ့်ကိုယ်ကို မည်သို့ဆုံးမကြမည်နည်း။
မိမိတို့သည် လယ်တီဆရာတော်ဘုရားကြီးကဲ့သို့ ဓမ္မလူသားလော၊ ကလေးအမေကဲ့သို့ လောက လူသားလော။
တရားလေး နည်းနည်းနာ၊ နည်းနည်း အားထုတ်ပြီး လောကပဲ ငြီးငွေ့နေသလိုလို၊ တရားပဲ ရတော့မလိုလိုနှင့် စီးပွာရေးလည်း ဖြောင့်ဖြောင့်မလုပ်၊ တရားလည်း ဖြောင့်ဖြောင့် မလုပ်၊ ဟိုမရောက် ဒီမရောက်နှင့် လောက၊ ဓမ္မ နှစ်ဘက်လုံး နစ်နာပါသည်။
“အို . . အနတ္တပေါ့၊ ဒုက္ခသစ္စာပေါ့” ဟု ဘုရားစကားကိုပင် ခုတုံးလုပ်၍ ကိုယ့် အသုံးမကျမှုကို ဖုံးကွယ်လိုကြပြန်သေးသည်။
မိမိတို့ကျောင်းသို့ ဂျပန် တစ်ယောက်ရောက်လာပြီး စကားပြန်မှတစ်ဆင့် ဆရာတော်ဘုရားကြီအား လျှောက်၏။ ‘ဆရာတော်တို့ပြောတဲ့ ဒုက္ခသစ္စာ၊ ခန္ဓာကိုယ်ဟာ အချည်းနှီးဆိုရင် တပည့်တော် ကိုယ့်ဟာကိုယ် သတ်သေလိုက်ရဖို့ပဲ ရှိတော့တယ်’ ဟု မကျေမနပ်လျှောက်၏။
ဤဂျပန်ကဲ့သို့ ဖြစ်နေကြ၏။ ကိုယ့်ဟာကိုယ် ဘာကောင်မှန်းမသိဘဲ ဓမ္မကို သူလိုရာဆွဲတွေးကြလေသည်။ လောကီချမ်းသာကို ဘုရားမပယ်မှန်း သူတို့မသိရှာပေ။ သနားစရာကောင်းလေ၏။
ဆရာတော် ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)၏ အဆုံးအမနှင့်ပြောရလျှင် ‘တောကြောင်ဆိုရင်လည်း တောမှာနေပြီး မြက်စားရတယ်။ အိမ်ကြောင်ဆိုရင်လည်း ကြွက်ခုတ်ပေါ့’ ဆိုသည့် ဒဿနလေးကို နှလုံးမသွင်းတတ်ကြ။
သို့ကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းက -
“ဘာသာအယူဝါဒ၊ ဝံသာနုရက္ခိတတရားတို့ ပျက်ပြား ဆုတ်ယုတ်၍ လောကုတ္တရာလည်း မမီ၊ လောကီမှာလည်း မတောက်ပဘဲ အောက်ကျနောက်ကျ၊ ကျကြီးကျ၍၊ မြန်မာ့တန်ခိုး ညှိုနွမ်း ပျက်ပြယ်၊ သွက်သွက်လည် မှောက်မှားအောင်၊ ကြောက်ခမန်းလိလိ ဖြစ်လေ၏” တဲ့။
ဆင်ခြင်နိုင်ကြပါစေ။
အရှင်ပညာသီရိ (ရမ္မာကျွန်း)