အဘိဓမ္မာနေ့ ( သီတင်းကျွတ်လပြည့် )
^^^^^^^^^^^^^^^^^^^^^^
မဇ္စျိမပဋိပဒါကျင့်စဉ်ဖြင့် ဂေါတမမြတ်စွာဘုရားသည် မဟာသက္ကရာဇ် (၁ဝ၃) ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် သမ္မာသမ္ဗုဒ္ဓဘုရား အဖြစ်သို့ရောက်ရှိတော်မူခဲ့ပါသည်။ ခုနစ်နှစ်မြောက်သော် သတ္တမဝါကို တာဝတိံသာနတ်ပြည်တွင်ဝါကပ်တော်မူသည်။ အကြောင်းရင်းမှာ မယ်တော်မိနတ်သားအား အဘိဓမ္မာဒေသနာတော် ဟောကြား ရန်ဖြစ်ပေသည်။ ထို့ကြောင့် တာဝတိံသာနတ်ပြည်ရှိ ပင်လယ်ကသစ်ပင်အောက် ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်၌ ထက်ဝယ်ဖွဲ့ခွေနေတော်မူ၏။ ထို့နောက် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကို အမှူးပြု၍ စကြဝဠာတိုက် တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာဒေသနာ ၇ ကျမ်းကို ဟောတော်မူလေသည်။ ဝါတွင်း သုံးလပတ် (ရက်၉ဝ) လုံး အသံမစဲ ရက်ဆက် တရားပွဲတော်ကြီးဖြစ်ပေသည်။ ထို (၇) ကျမ်းကား--

၁။ ဓမ္မသင်္ဂဏီကျမ်း (၁၂) ရက်၊
၂။ ဝိဘင်းကျမ်း (၁၂) ရက်၊
၃။ ဓာတုကထာကျမ်း (၆) ရက်၊
၄။ ပုဂ္ဂလပညတ်ကျမ်း (၇) ရက်၊
၅။ ကထာဝတ္ထုကျမ်း (၈) ရက်၊
၆။ ယမိုက်ကျမ်း (၂ဝ) ရက်၊
၇။ ပဋ္ဌာန်းကျမ်း (၂၅) ရက် ပေါင်းရက်(၉ဝ) ကြာ ဟောတော် မူခဲ့ပါသည်။

ဤသို့ ထိုဒေသနာမြတ်ကြီးကို ဟောကြားရာတွင် နည်း(၃)နည်း
ဖြင့် ဟောတော်မူခဲ့ပါသည်။
(၁) အကျယ်နည်း၊ (၂) အကျဉ်းနည်း၊ (၃) မကျဉ်းမကျယ်နည်း

(၁) အကျယ်နည်း (အတိဝိတ္ထာရ ဒေသနာ)
"မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ" ဆိုသည့်အတိုင်း မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘဂုဏ်ကျေးဇူးကို သတ္တဝါအများ နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစမှအဆုံးထိ တစ်ထိုင် တည်းဟောကြားလိုခြင်း၊ အစအဆုံးတစ်ထိုင်တည်းဟောမှသာ တရားနာသူတို့ အကျိုးထူးရနိုင်ခြင်း၊ အဘိဓမ္မာ၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူ့သက်တမ်း သုံးလခန့်ဟောမှ ကုန်နိုင်မည့်တရားဖြစ်၍ လူတို့၏ဣရိယာပုထ်ဖြင့် ဟောသူနာသူ နှစ်ဦးစလုံး အတွက် မဖြစ်နိုင်ချေ။ ထို့ကြောင့် အကျယ်နည်းကို တာဝတိံသာနတ်ပြည်၌ မြတ်စွာဘုရားသည် ဟောရခြင်းဖြစ်ပါသည်။

(၂) အကျဉ်းနည်း (အတိသင်္ခေပဒေသနာ)
ဆွမ်းခံဆွမ်းစား ရေချိုးသန့်စင်စသည် ပြုရန်အတွက် ဘုရားရှင်သည် လူ့ပြည်သို့ ကြွတော်မူရ၏။ ထိုအခိုက် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းခဲ့ရ၏။ ဟိမဝန္တာ စန္ဒကူးတော၌ နေ့သန့်စင် တော်မူစဉ် အရှင်သာရိပုတ္တရာမထေရ်သည် ဘုရားရှင်အား ဝတ်ပြုပါသည်။ ထိုအခါ ဘုရားရှင်ကရှင်သာရိပုတ္တရာအား အဘိဓမ္မာတရားကို အကျဉ်းနည်းဖြင့် ဟောတော်မူပါသည်။

(၃) မကျဉ်းမကျယ်နည်း (နာတိဝိတ္ထာရ နာတိသင်္ခေပ ဒေသနာ)
ဘုရားရှင်၏ အကျဉ်းနည်းကို အရှင်သာရိပုတ္တရာမထေရ်သည် တပည့်ရဟန်း ငါးရာတို့အား တစ်ဆင့်ပြန်လည်၍ မကျဉ်းမကျယ်နည်းဖြင့်ဟောတော်မူပါသည်။ ထိုသို့တစ်ဆင့်ဟောသော အဘိဓမ္မာတရားကိုနောက်တစ်နေ့တွင် ဘုရားထံမှောက် ပြန်လည်တင်လျှောက်ကာ အတည်ပြုတော်မူပါသည်။

ဤနည်းဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် မဟာသက္ကရာဇ် ၁ဝ၉ ခု၊ ခုနစ်ဝါမြောက်ဖြစ်သော ဝါတွင်းသုံးလအတွင်း နတ်ပြည်နှင့် လူ့ပြည်တို့တွင် တစ်ပြိုင်နက်ပေါ်ထွန်းလျက် ထွန်းကားပြန့်ပွား လာခဲ့ပါသည်။

မြတ်စွာဘုရားသည် အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီး သီတင်းကျွတ် လပြည့်နေ့တွင် တာဝတိံသာနတ် ပြည်မှလူ့ပြည် သင်္ကဿနဂိုရ်မြို့သို့ ပြန်လည် ကြွဆင်းတော်မူခဲ့သည်။ ဤတွင် သိကြားမင်းက ရွှေ၊ ငွေ၊ ပတ္တမြား စောင်းတန်းသုံးခုကို ဖန်ဆင်း လှူဒါန်းသည်။ ဘုရားရှင်၏ လက်ယာဘက်၌ နတ်တို့ကရွှေစောင်းတန်းဖြင့်၊ လက်ဝဲဘက်၌ ဗြဟ္မာများက ငွေစောင်းတန်း ဖြင့်
ခြံရံလျက် အရှင်မြတ်က ဗဟိုပတ္တမြားစောင်းတန်းဖြင့် ကြွဆင်းတော်မူလေသည်။ ပဥ္စသိင်္ခနတ်သားသည် ဗေဠုဝနတ်စောင်းတီးလျက်၊ မာတလိနတ်သားကလည်း ပန်း၊ နံ့သာအမွှေးအကြိုင်တို့ကို ကိုင်စွဲလျက်၊ သုယာမနတ်မင်းသည် စာမရီသား မြီးယပ်ကိုခတ်လျက်၊ သန္တုဿိတနတ်မင်းသည် ပတ္တမြားယပ်ဝန်းကိုခတ်လျက်၊ သိကြားမင်းသည် ဝိဇယုတ္တရ ခရုသင်းကိုမှုတ်လျက်၊ လက်ဝဲဘက်တွင် သဟံပတိ ဗြဟ္မာကြီးက ထီးဖြူဆောင်းမိုး ပူဇော်လျက် အသီးသီးပူဇော်ကာ သက်ဆင်းလိုက်ပါ လာကြ၏။

လူ့ပြည်အရောက်စောင်းတန်းဦး၌ လက်ယာခြေတော်မချမီပင် ရှင်သာရိပုတ္တရာ မထေရ်သည် ဗုဒ္ဓမြတ်စွာကို ဦးစွာရှိခိုးပူဇော်လေသည်။ ထိုနောက် ပရိသတ်တို့က မြတ်စွာဘုရားကိုရှိခိုးပူဇော် ဖူးမြော်ကန်တော့ကြလေသည်။ စောင်းတန်းဦးခြေတော်
ချရာသည် နောင်အခါ "အစလစေတိယဌာန" ဟုအမည်တွင်လေသည်။

ထိုနေ့မြတ်ကို အဘိဓမ္မာဟော ကြားတော်မူသည်ကို အကြောင်းပြု၍ “အဘိဓမ္မာအခါတော်နေ့” ဟုသတ်မှတ်ခေါ်ဆိုကြသည်။ အဘိဓမ္မာရွတ်ဖတ် ပူဇော်ပွဲများလည်း ကျင်းပကြသည်။ ဘုရားရှင်အား ဆီမီးထွန်းကာပူဇော်ကြသည်။ ထိုအခါမှစ၍ သီတင်းကျွတ် မီးထွန်းပွဲ ကျင်းပသော အစဉ်အလာသည် ယနေ့လူငယ်တို့အတွက်် ကောင်းမှုအမွေတစ်ရပ် ဖြစ်ခဲ့ရပါသည်။