“အကျိုးရှိသော ပူဇော်ကန်တော့နည်း၊
ပူဇော်ကန်တော့ရသောအကျိုး၊
သီတင်းကျွတ် သက်ကြီး၊၀ါကြီး ပူဇော်ကန်တော့ပွဲ”
▬-▬-▬-▬-▬-▬-▬-▬-▬-▬-▬-▬-▬-▬-▬-▬
ဗုဒ္ဓဘာသာဝင်တို့သည် မိမိထက် တစ်နေ့၊ တစ်ရက်၊
တစ်နံနက်မျှ အသက်ကြီးသူများ၊ အကျင့်သိက္ခာ
မြင့်မြတ်သူများ၊ လောကီဂုဏ်၊ လောကုတ္တရာ
သီလ သမာဓိ ပညာဂုဏ်ကြီးမားသူများကို
ရိုသေကိုင်းညွတ်လေ့ရှိ၊ ပူဇော်ကန်တော့လေ့ရှိကြလေသည်။
အထူးသဖြင့် သီတင်းဝါလကျွတ်သည့်အခါ အသက်သိက္ခာ
ဂုဏ်ဝါကြီးသူများ၊ မိဘဘိုးဘွားဆွေမျိုးများ၊ဆရာသမားများကို
အဝတ်အစား ၊ စားဖွယ်သောက်ဖွယ်များဖြင့်
သွားရောက်ပူဇော်ကန်တော့လေ့ရှိကြသည်။
ဤသို့ ပူဇော်ကန်တော့ကြခြင်းမှာ
ပူဇာစ ပူဇနေယျာနံ - ပူဇော်ထိုက်သူ ပုဂ္ဂိုလ်မှန်တို့ကို
ပူဇော်ရခြင်းသည်လည်း မင်္ဂလာမည်၏ဟု မြတ်စွာဘုရား
ဟောကြားတော်မူခဲ့သည်။ မင်္ဂလာတရားတော်နှင့်အညီ
ပြုလုပ်ကြသော ဗုဒ္ဓယဉ်ကျေးမှုပွဲတစ်ပွဲပင် ဖြစ်ပေသည်။
သီတင်းကျွတ် သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲသည်
ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကပင် သာသနာတော်တွင်း၌
ပြုလုပ်လေ့ရှိသည့် ပွဲတစ်ပွဲဖြစ်သောကြောင့် မြန်မာနိုင်ငံသို့
သာသနာတော် စတင်ရောက်ရှိချိန်ကပင်
စတင်ခဲ့သည်ဟု ယူဆရပေမည်။
“ပဝါရဏပွဲမှ စတင်လာခဲ့”
••••••••••••••••••••••••••••••••••••••••
မြတ်စွာဘုရားရှင်သည် သံဃာတော်အရှင်မြတ်တို့အား
ပဝါရဏာကို ခွင့်ပြုတော်မူခဲ့သည်။ ပဝါရဏာ၏ အဓိပ္ပာယ်မှာ
“ဖိတ်ကြားခြင်း” ဖြစ်သည်။
သံဃံ ဘန္တေပဝါရေမိ ဒိဋ္ဌေန ၀ါ ပရိသင်္ကာယ ၀ါ ဝဒန္တု မံ
အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ-
“အရှင်ဘုရားကို တပည့်တော်သည် သံဃာတော်ကို
ဖိတ်မန္တက ပြုပါသည်။ တပည့်တော်၏အပြစ်ကို
မြင်လျှင်ဖြစ်စေ၊ ကြားလျှင်ဖြစ်စေ၊ ယုံမှားသံသယရှိလျှင်ဖြစ်စေ၊
တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့်
ဆုံးမပြောဆိုကြပါဘုရား။အရှင်ဘုရား ဆုံးမသည့်အတိုင်း
တပည့်တော်မှာ အပြစ်ရှိနေသည်ဟု တွေ့မြင်ရလျှင်
တပည့်တော် ပြုပြင်လိုက်နာပါမည် ဘုရား”
ဟု သံဃာတော်တို့ထံ ဖိတ်မန္တကပြုကြရသည်။
ဤအစဉ်အလာသည် လွန်စွာ အဆင့်မြင့်၍
ကောင်းမြတ်လှသော အစဉ်အလာကောင်း တစ်ခုပင်
ဖြစ်ပေသည်။ ပဝါရဏာဖိတ်ပွဲကို သံဃာတော်တို့သည်
သီတင်းကျွတ်လပြည့်နေ့၌ မဖြစ်မနေ ပြုလုပ်ကြရသည်။
သံဃာအချင်းချင်း တစ်ပါးနှင့်တစ်ပါး မထေရ်ကြီးက
မထေရ်ငယ်ကို ဖိတ်ရသည်။မထေရ်ငယ်က မထေရ်ကြီးကို
ဖိတ်ရသည်။ သီတင်းသုံးဖော်ချင်း တစ်ပါးနှင့်တစ်ပါး
အကျိုးရှိရှိပြောဆိုဆုံးမနိုင်ရန် ရည်သန်၍ကျင်းပကြသည်။
စေတနာမှန်ဖြင့် ဆိုဆုံးမခြင်း ထောက်ပြခြင်းသည်
အမှန်တရားကို လက်ခံသူတို့အတွက် လွန်စွာတန်ဖိုးရှိလှသည်။
ဤ ပရဏာဖိတ်ပွဲကို အတုယူ၍ ဗုဒ္ဓဘာသာဝင်တို့သည်
သီတင်းကျွတ် သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲကို
ထည့်သွင်းခဲ့ကြသည်။ မိမိတို့၏ ကာယကံ၊ ဝစီကံ၊
မနောကံတို့ဖြင့် ပြစ်မှားမှုတို့ကို ခွင့်လွှတ်ကြပါရန်
လျှောက်ထားတောင်းပန်ကြသည်။
လှူဖွယ်ဝတ္ထုများဖြင့် ပူဇော်ကြလေသည်။
မြတ်စွာဘုရားလက်ထက်တော်က ရဟန်းတော်တို့သည်
၀ါမဆိုမီ မြတ်စွာဘုရားရှင်အား လာရောက်ဖူးမြော်ပြီး
ကမ္မဋ္ဌာန်းတရားများကို တောင်းယူကြကာ ၀ါဆိုမည့်
အရပ်များသို့ ကြွရောက်ကြသည်။
၀ါတွင်းသုံးလပတ်လုံး ကမ္မဋ္ဌာန်းတရားကို
ကြိုးစားအားထုတ်ကြပြီး သီတင်းကျွတ်လပြည့်နေ့တွင်
အချင်းချင်း ပဝါရဏာပွဲကျင်းပကာ ဘုရားရှင်အား ဖူးမြော်ရန်
ရောက်လာကြသည်။ မိမိတို့ ရရှိခဲ့သော တရားထူးများကို
လျှောက်ထားကြပြီး ဓမ္မပူဇာဖြင့် ပူဇော်ကန်တော့ကြသည်။
ဤအစဉ်အလာကိုအတုယူ၍ ဗုဒ္ဓဘာသာဝင်တို့သည်
သီတင်းကျွတ်သည့်အခါ သက်ကြီးဝါကြီးများအား
ပူဇော်ကန်တော့ကြရသည့် ဓလေ့ထုံးစံ အကောင်းတစ်ခုကို
တီထွင်ခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင် မြန်မာတိုင်းရင်းသား
ပေါင်းစုံတို့သည် ထိုဓလေ့ထုံးစံကောင်းကို ယနေ့ထိ
လိုက်နာကြလျက် သီတင်းကျွတ်သည့်အခါ ရွာဦးကျောင်း
ဘုန်းတော်ကြီးများ၊ နှစ်ဘက်မိဘဘိုးဘွားများ၊
ဆရာသမားများ၊ သက်ကြီးဝါကြီးများ၊
မြို့ရွာ ရပ်ကွက်ရှိ သက်ကြီးရွယ်အိုများအား မြန်မာမုန့်၊
နိုင်ငံခြားမုန့်စသော မွန်မြတ်သည့် အစားအသောက်များ၊
ပုဆိုး၊ အကျႌ၊ပုဝါစသော အဝတ်အထည်များ၊
ဆေးဝါးပစ္စည်းများဖြင့် မိမိတို့ အင်အားအလိုက်
ထိုက်သလို ပူဇော်ကန်တော့လေ့ ရှိကြသည်။
ဤကောင်းမြတ်သော အစဉ်အလာကြောင့် ယခုခေတ်တွင်
ရပ်ကွက်၊ မြို့ရွာအလိုက် သက်ကြီးပူဇော်ပွဲများ၊
ကျောင်းသားကျောင်းသူများက အာစရိယပူဇော်ပွဲများ၊
စာပေပညာရှင်ပူဇော်ပွဲ စသည်တို့ကို အခမ်းအနားဖြင့်
စနစ်တကျ စည်ကားသိုက်မြိုက်စွာ ကန်တော့ပူဇော်သော
အလေ့အထတစ်ရပ် ထွန်းကားလာသည်။
ဘုရားဒေသနာတော်လာ ပူဇော်နည်းနှစ်မျိုးဖြစ်သော
“အာမိသပူဇာ၊ ဓမ္မပူဇာ” တို့ဖြင့် ပူဇော်ကြသဖြင့်
တရားနှင့်လည်း ညီညွှတ်ပြီး ရရှိသူတို့အတွက်လည်း
အကျိုးရှိကာ ၊ ပူဇော်သူတို့အတွက်လည်း
ကုသိုလ်မင်္ဂလာ တိုးပွားကြပေသည်။
“ပူဇော်သည်” ဟု အဓိပ္ပာယ်ရသော “ပူဇာ” ဟူသော
ပါဠိပုဒ်ကို “သက္ကရောတိ၊ ဂရုံကရောတိ၊ မာနေတိ၊
ပူဇေတိ၊ အပစိယတိ” - ဟု ဖွင့်ပြတော်မူခဲ့သည်။
ကောင်းစွာပြုခြင်း၊ အလေးအမြတ်ပြုခြင်း၊
ရှိခိုးပူဇော်ခြင်း ဟု အကျယ်ဖွင့်ပြခဲ့ပေသည်။
“အကောင်းဆုံး ပူဇော်ခြင်း”
••••••••••••••••••••••••••••••••••••••••••••
ဝတ္တုပစ္စည်းတို့ဖြင့် ပူဇော်ခြင်းသည်
“အာမိသပူဇာ”ဖြစ်သည်။
မြတ်စွာဘုရား လမ်းညွှန်ချက် တရားတော်အတိုင်း
လိုက်နာ ကျင့်ကြံသောအားဖြင့် ပူဇော်ခြင်းသည်
“ဓမ္မပူဇာ” ဖြစ်သည်။
မြတ်စွာဘုရား ချီးမွမ်းတော်မူသော
ပူဇော်ခြင်းမှာ “ဓမ္မပူဇာ” ဖြစ်သည်။
“ဘုရားရှင်၏ အဆုံးအမကို လိုက်နာကျင့်ကြံခြင်း၊
မိဘ၊ ဆရာသမားတို့၏ သြဝါဒကို လိုက်နာကျင့်ကြံခြင်း”
စသည်တို့ကို “အကောင်းဆုံး ပူဇော်ခြင်း”မည်ပေ၏။
“အကျိုးရှိသော ပူဇော်ကန်တော့နည်း”
••••••••••••••••••••••••••••••••••••••••••••••••••••
မိဘဘိုးဘွားဆရာသမားများကို ပူဇော်
ကန်တော့ကြသည့်အခါ အကျိုးတရား အပြည့်အဝ
ရရှိစေရန် အတွက်အောက်ပါအတိုင်း ဆောင်ရွက်ရပေမည်။
(၁)။သဟတ္တာ ဒေတိ= အပူဇော်ခံ ပုဂ္ဂိုလ်လက်သို့အရောက်
ကိုယ်တိုင်လက် နှစ်ဘက်ဖြင့် ကိုင်၍ ပေးလှူပါ၊
(၂)။သက္ကစ္စ ဒါနံ ဒေတိ - ရိုသေလေးစားစွာလှူပါ၊
(၃)။မလှူဒါန်းမီ “ငါးပါးသီလ” စသည်ကို
ကြိုတင်ဆောက်တည်ပြီးမှ လှူဒါန်းပါ၊
(၄)။ဓမ္မပူဇာအနေဖြင့် ရှေးဦးစွာ ဘုရားရှင်အား
ဂုဏ်တော်ကို ရည်မှန်းရှိခိုးဦးချပြီးမှ လှူပါ၊
(၅)။မိမိကနိမ့်ရာတွင်နေပြီး အပူဇော်ခံပုဂ္ဂိုလ်များ၏
သီလ၊ သမာဓိ၊ ပညာဂုဏ် တို့ကို အာရုံပြု၍ ရှိခိုးဦးချပါ။
သြကာသဖြင့် ကန်တော့၍ ရှိခိုးပူဇော်ပါ။
“ပူဇော်ကန်တော့ရသောအကျိုး”
•••••••••••••••••••••••••••••••••••••••••••••
ပူဇော်ကန်တော့ရသောအကျိုးမှာ များပြားလှပါသည်။
✤လောကရေးမှကြည့်လျှင်-
- တန်ဖိုးရှိသော သြဝါဒများကို နာကြားရခြင်း၊
- ပညာရှိတို့ ချီးမွမ်းခံရခြင်း၊
- လူချစ်လူခင်ပေါများခြင်း
စသည့်အကျိုးတို့ကို ရရှိပါသည်။
✤ဓမ္မရေးရာမှ ကြည့်လျှင်-
အသက်ရှည်ခြင်း၊အဆင်းလှခြင်း၊
ခွန်အားကြီးခြင်း၊ကိုယ်စိတ်နှစ်ဖြာချမး်သာခြင်း၊
ဉာဏ်ပညာကြီးမားခြင်း၊
ဘုန်းတန်ခိုးအာနုဘော် ကြီးမားခြင်းစသော
အကျိုးတရားများကို ရရှိနိုင်ပါသည်။
“ဒါန မင်္ဂလာ၊ ဂါရဝနိ၀ါတ မင်္ဂလာ၊ ကတညုတ မင်္ဂလာ၊
သောဝစဿတာ မင်္ဂလာ” စသော မင်္ဂလာတရားတော်
တို့နှင့် ပြည့်စုံသဖြင့် ဧတာဒိသာနိ ကတွာန သဗ္ဗတ္ထ
မပရာဇိတာ စသော မင်္ဂလာအကျိုးပြ ဒေသနာတော်အရ
ပြောဆို ကြံစည် ဆောင်ရွက်သမျှ အောင်မြင်ရခြင်း၊
ဘေးရန်ခပ်သိမ်း ကင်းငြိမ်း၍ ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာခြင်း စသော အကျိုးတရားများကို
ရရှိခံစားနိုင်ပေသည်။
“အသက်ရှည်ဆေးကြီး”
•••••••••••••••••••••••••••••••••••••••
အာယုဝဎ္ဍနသတို့သားဝတ္ထု၌ သက်ကြီးရွယ်အိုများအား
ရှိခိုးပူဇော်ခြင်း ၊ ရိုသေလေးစားခြင်း၊ ပြုစုလုပ်ကျွေးခြင်း
တို့ကို အမြဲတစေ ပြုလုပ်သောသူသည် အသက်ရှည်ခြင်း
စသော အကျိုးတရားလေးပါးကို ရရှိနိုင်သည်ဟု
ဟောတော်မူခဲ့သည်။
❖ကန်တော့ ပူဇော်ရသော ကောင်းမှုကြောင့် ငယ်ငယ်
ရွယ်ရွယ်နှင့်သေစေနိုင်သည့် အကုသိုလ်ကံကိုပင်
ပယ်ဖျောက်၍ အသက် ၁၂၀-ထိပင် ရှည်စေခဲ့သည်။
❖သက်ကြီးဝါကြီးများအား ရိုသေလေးစားသူများ၊
ပူဇော်ကန်တော့ သူများသည် ဥပစ္ဆေဒကကံဖြင့် မသေနိုင်။
ထို့ကြောင့် အသက်ရှည်လိုသူတိုင်း အစဉ် အလာကောင်း
တစ်ရပ်ဖြစ်သည့် သက်ကြီးဝါကြီး ပူဇော်ကန်တော့မှုတို့ကို
ထာဝစဉ် ပြုလုပ်သင့်သည်။
❖သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်းသည်
အပြစ်ကို ပပျောက်စေနိုင်သည်။ သတ္တဝါမှန်သမျှ
သံသရာခရီးသည် များချည်းသာ ဖြစ်ကြသဖြင့်
အတိတ်ဘဝများ၌ဖြစ်စေ၊ ယခုဘဝ၌ဖြစ်စေ၊
ကိုယ်နှုတ်နှလုံး သုံးပါးတို့တွင် တစ်ပါးပါးဖြင့်
ပြစ်မှားခဲ့မှုများ ရှိနိုင်ကြသည်။
❖အကယ်၍ ကန်တော့တောင်းပန်မှု မပြုခဲ့သော် သံသရာ
ရန်ညိုးကြီးအဖြစ် ပါသွားတတ်သည်။ သံသရာတလျှောက်
လက်စားချေ၍မဆုံး၊ အမုန်းသံသရာလည်နေတတ်သည်။
ကြီးလေးသော အဆိုးဆုံးသော အပြစ်များကို
ကန်တော့ခြင်းဖြင့် ပပျောက်နိုင်သည်။
❖ “သောရေယျ သူဌေးသားဝတ္ထု”၌ “အရှင်မဟာကစ္စည်း”
ကို ပြစ်မှားမိ၍ ယောက်ျားဘဝမှ မိန်းမ ဖြစ်ခဲ့ရသည်။
သို့သော် အရှင်မြတ်ကို ဝန်ချတောင်းပန်ကန်တော့လိုက်သဖြင့်
ယောက်ျားဘဝ ပြန်ရောက်ကာ “ရဟန္တာ”ဖြစ်ခဲ့သည်။
ထို့ကြောင့် လောကအကျိုး၊တမလွန်အကျိုးများ ရရှိနိုင်
သည့်အပြင်၊ အပြစ်ကြီးငယ်တို့ကို ပပျောက်သွားစေနိုင်သည့်
ဓလေ့ကောင်း၊အကျိုးရှိသော အစဉ်အလာကောင်း
တစ်ခုဖြစ်သည့် သီတင်းကျွတ် သက်ကြီးဝါကြီး
ပူဇော်ကန်တော့ပွဲများကို မြန်မာ့ယဉ်ကျေးမှုအနေဖြင့်
အစဉ်ထာဝရ ထိန်းသိမ်းထားရပေမည်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
【ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရသာသနာရေးဝန်ကြီး
ဋ္ဌာန ဗုဒ္ဓဘာသာ တရားတော် အဆင့်မြင့်စာအုပ်
နှာ 368-372 မှ - ကောက်နှုတ်ကူးယူပူဇော်မျှဝေပါသည်။】
Posted by►
www.facebook.com/youngbuddhistassociation.mm