ဗုဒ္ဓဘာသာ ဖြစ်ဖို့အတွက် “သဒ္ဓါနဲ့ပညာ” ဘယ်ဟာက
အခြေခံဖြစ်သလဲဆိုတာ ဒီကနေ့ ရှင်းလင်းပြီး
ဟောပြောကြရအောင်။ အခြေခံကို ရှာဖွေတဲ့အခါမှာ
ရှုထောင့်အမျိုးမျိုးတော့ရှိမှာပေါ့။ရှုထောင့်အမျိုးမျိုးက
ကြည့်ပြီးဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံတရားဟာ ဘာလဲ။
သဒ္ဓါ၊ ပညာဆိုတဲ့ အခြေခံ သဘာဝနှစ်ခုကို
သေသေချာချာ စဉ်းစားပြီးကြည့်။
သဒ္ဓါဆိုတာ ယုံကြည်တာကို ပြောတာနော်။
ပညာဆိုတာ သဘာဝတရားတွေကို မှန်မှန်ကန်ကန်
စဉ်းစဉ်းစားစား ကွဲကွဲပြားပြားသိတဲ့ အသိဉာဏ်ကိုပြောတာ။
ဒီတော့ ဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံ တရားဟာ ယုံကြည်မှု
ဆိုတာက အဓိကလား? အသိပညာ ဆိုတာကအဓိကလား?
လို့ ပြောမယ်ဆိုလို့ရှိရင်တော့ ရှုထောင့်အမျိုးမျိုးတော့
ရှိမှာပေါ့။ ဒီရှုထောင့်က ဒီတရားကို ရှင်းလင်းဟောပြပြီးတဲ့
အခါမှာ သဒ္ဓါက အခြေခံတာလား၊ပညာက အခြေခံတာလား
ဆိုတာကို ကွဲကွဲပြားပြားမှတ်သားကြရမှာ ဖြစ်တယ်။
ဘုန်းကြီးတို့ ငယ်စဉ်တုန်းက ဥပဇ္ဈာယ်ဆရာတော်ကြီးကို
“လူတွေ သဒ္ဓါအားနည်းလို့ မှားမှားယွင်းယွင်း ဖြစ်တယ်”
လို့ လျှောက်ထားတဲ့အခါမှာ ဆရာတော်ကြီးက ပြင်ပေးတယ်။
“သဒ္ဓါ မဟုတ်ဘူး ပညာ” တဲ့။ အဲဒီ ကတည်းက
ခေါင်းထဲမှာ စွဲသွားတယ်။အခြေခံအကြောင်းတရားဟာ
သဒ္ဓါ ဆိုတာ မဟုတ်နိုင်ဘူး၊ ပညာကသာလျှင်
အဓိကဖြစ်တယ်လို့။
ကဲ၊စဉ်းစားကြည့် - သဒ္ဓါသည် ဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံလို့
ပြောမယ်ဆိုလို့ရှိရင် ဒီကနေ့ခေတ် ဗုဒ္ဓဘာသာအပါအဝင်
ဘာသာ(၅)မျိုး ကမ္ဘာ့ဘာသာကြီးတွေ ရှိတယ်။
အဲဒီကမ္ဘာ့ဘာသာကြီးတွေကို ယုံကြည် ကိုးကွယ်နေကြတဲ့
ပုဂ္ဂိုလ်တွေကော သဒ္ဓါမရှိဘူးလားလို့ ပြောမယ်ဆိုရင် ရှိတယ်။
သဒ္ဓါဆိုတဲ့ ပါဠိစကားလုံးကို ကောင်းတဲ့ဘက်မှာပဲ သုံးတယ်။
သို့သော် ဒီနေရာ ယုံကြည်မှုဆိုတဲ့ စကားလုံးနဲ့ပဲ
အသုံးပြုရမယ်။ အဋ္ဌသာလိနီအဋ္ဌကထာမှာတော့
“ဘာသာခြားတွေ သူတို့ကိုးကွယ်တဲ့ဘုရား၊
သူတို့ ကိုးကွယ်တဲ့တရား၊
သူတို့ ကိုးကွယ်တဲ့ဆရာတွေကို ယုံကြည်တာတွေကို
သဒ္ဓါလို့ မခေါ်ဘူး”လို့ ဒီလိုဆိုတယ်။
သို့သော် ယုံကြည်မှုမှန်သမျှဟာ သဒ္ဓါလို့ပြောလို့တော့
ရတယ်။သဒ္ဓါနဲ့ အလားတူတဲ့ အင်္ဂလိပ်စကားလုံးတစ်လုံးက
faith လို့ ပြောတယ်။ faith ဆိုတာယုံကြည်ချက်ပဲ။
လူတွေက ယုံကြည်မှုကို အခြေခံပြီးတော့
ဘာသာတရားကို ကိုးကွယ်ကြတယ်။သာမန်အားဖြင့်
ယုံကြည်တယ်ဆိုတဲ့ စကားလုံးရဲ့ နေရာမှာ
ကြည့်လေ- အသိပညာမပါတဲ့ ယုံကြည်မှု၊
အသိပညာ ပါတဲ့ ယုံကြည်မှု၊ ပါဠိဘာသာမှာလည်း
ခွဲထားတာ ရှိတယ်။“မုဓပ္ပသန္န” တဲ့။
အချည်းနှီး ယုံကြည်တာ။
ပညာကင်းမဲ့တဲ့ယုံကြည်မှုကို “မုဓပ္ပသန္န” ခေါ်တယ်။
အဲဒီ မုဓပ္ပသန္န ဆိုတဲ့ blind faith ဟာ အန္တရာယ်များတယ်။
ဒါကြောင့်မို့ ဣန္ဒြေ ၅-ပါးထဲမှာ သဒ္ဓါနဲ့ ပညာ ဆိုတာ
နှစ်ခုနဲ့စပ်ပြီး ပရမတ္ထစက္ခုကျမ်းကိုရေးတဲ့ ဒီပဲယင်း
ဆရာတော်ကြီးက“သဒ္ဓါကို ပညာစောင့်မှ လမ်းဖြောင့်တယ်တဲ့၊
ပညာကိုလည်း သဒ္ဓါစောင့်မှ လမ်းဖြောင့်တယ်”
သဒ္ဓါနဲ့ ပညာ ဒီနှစ်ခုဟာ တစ်ခုတစ်ခု အစွန်းထွက်သွားလို့
မရဘူး။ညှိရမယ်လို့ ဒီလိုဆိုတာပေါ့။
သဒ္ဓါလွန်သွားရင်လည်း လမ်းမှန် မရောက်ဘူး။
ပညာလွန်သွားရင်လည်း ကောက်ကျစ်စဉ်းလဲသူ
ဖြစ်သွားတယ်။
ဒါကြောင့်မို့ သဒ္ဓါနဲ့ ပညာ နှစ်ခုထိန်းညှိရမယ် ဆိုတဲ့
စကားကို ထောက်ထားကြည့်မယ် ဆိုရင်တော့
ပညာမပါတဲ့ ယုံကြည်မှုတွေဟာ တခြားဘာသာဝင်တွေမှာ
ရှိနိုင်တယ်လို့ ပြောလို့ရတယ်ပေါ့။ရှင်မဟာဗုဒ္ဓဃောသက
အဋ္ဌသာလိနီမှာ ရေးတာတော့ သဒ္ဓါ မဟုတ်ဘူး။
“တဏှာ” လို့ ရေးသွားတယ်။သို့သော်လည်း ယုံကြည်မှုဆိုတာ
“သဒ္ဓါ” လို့ပဲ ပြောရမှာပဲပေါ့။
အဘိဓမ္မာမှာ သတိလို့ဆိုတာလည်း အကောင်းဘက်မှာပဲ
သုံးတယ်။သို့သော် မိစ္ဆာသတိ မရှိဘူးလား ဆိုတော့
သတိဆိုတဲ့နာမည်နဲ့ သုံးတာတော့ ရှိတယ်။
သို့သော် ဒီသတိစေတသိက် မဟုတ်ဘူးလို့ ဆိုပြန်တယ်ပေါ့။
သဒ္ဓါလို့တော့ သုံးတယ်။သို့သော် ဒီသဒ္ဓါမဟုတ်ဘူးလို့
ဒီလိုလည်း ဆိုတယ်။ အသံအားဖြင့် ပြောမယ်ဆိုလို့ရှိရင်
မုဓပ္ပသန္န ဆိုတဲ့ မှားယွင်းတဲ့သဒ္ဓါတရား။
ပညာရဲ့ ထိန်းကွပ်မှု မရှိတဲ့ သဒ္ဓါတရား။
သဒ္ဓါယုံကြည်မှုသက်သက်၊“အဝတ္ထုသ္မိံ ပသီဒတိ”
မကြည်ညိုရမယ့်နေရာ သွားပြီး ကြည်ညိုမိတတ်တယ်
လို့ ဒီလိုဆိုတာပေါ့။ ဒါကြောင့်ပညာစောင့်မှလမ်းဖြောင့်တယ်။
blind faith လို့အင်္ဂလိပ်လိုခေါ်တဲ့“မျက်ကန်းယုံကြည်မှု”ပဲ။
ဒီတော့ ဗုဒ္ဓဘာသာကို ယုံကြည်တာဟာ မျက်ကန်း
ယုံကြည်မှုနဲ့ ဆိုင်သလား၊ပညာကင်းမဲ့တဲ့ ယုံကြည်မှုလားလို့
ဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံကို ရှာကြည့် ရမယ်၊
သဒ္ဓါလား၊ပညာလားလို့ ဒီနှစ်ခုကို ရှာကြည့်တဲ့အခါ
ဘယ်ဟာက အခြေခံကျသလဲ၊ ပညာဆိုတာ အရာရာ
ဆင်ခြင်စဉ်းစားပြီး ကွဲကွဲပြားပြား စစ်စစ် ဆေးဆေး
သိရှိနားလည် သဘောပေါက်တာကို ဒီလို ဆိုလိုတာပေါ့။
အဲဒီတော့ ဗုဒ္ဓဘာသာဖြစ်ဖို့ သဒ္ဓါနဲ့ပညာဟာ ဘယ်ဟာက
အခြေခံတရားလဲလို့ ဆိုလို့ရှိရင် “ပညာ” သည်သာလျှင်
အခြေခံတရားလို့ ပြောရမယ်။ဘာကို ထောက်ထားပြီးတော့
ပြောတာလဲ ဆိုလို့ရှိရင် ကံ,ကံ၏အကျိုးကို သိမြင်တာ၊
ကံ,ကံ၏အကျိုးကို ယုံကြည်တာကိုလည်း သဒ္ဓါလို့
ဒီလိုဖွင့်ဆိုတာတွေ ရှိတယ်။
သို့သော် “ကံသည်သာလျှင် မိမိဥစ္စာ”လို့ ဆိုတာကျတော့
“သဒ္ဓါ” လို့ ပြောတာမဟုတ်ဘူး။ “သမ္မာဒိဋ္ဌိ” လို့ပြောတာ။
ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ ကံသာလျှင် မိမိဥစ္စာဆိုတဲ့
အဓိပ္ပာယ်က ကိုယ်လုပ်တဲ့ဟာ ကိုယ်နဲ့သာ သက်ဆိုင်တယ်။
ကိုယ့်မှာသာ တာဝန်ရှိတယ်လို့ ဒီလိုဆိုလိုတာ။
ကိုယ်လုပ်တဲ့ကံ ကိုယ့်မှာသာတာဝန်ရှိတယ်။
ကိုယ် လုပ်ထားတာ ကိုယ်ပဲအမွေခံရမယ်။
မြတ်စွာဘုရားဟောတဲ့ ပါဠိတော်မှာကြည့် -
“ကမ္မဿကာ သတ္တာ ကမ္မဒါယာဒါ” သတ္တဝါတွေ ဆိုတာ
ကိုယ်လုပ်တဲ့ကံ ကိုယ်နဲ့သက်ဆိုင်တယ်။
ကိုယ်လုပ်တဲ့ ကံရဲ့ပေးတဲ့အမွေကို ကိုယ်ပဲခံရတယ်။
“ယံ ကမ္မံ ကရိဿန္တိ ကလျာဏံ ဝါ ပါပကံ ဝါ၊ တဿ
ကမ္မဿ ဒါယာဒါ ဘဝိဿာမ” လို့ ဆင်ခြင်စဉ်းစားခိုင်းတာ။
ကြည့်-ကောင်းတဲ့အလုပ်ပဲဖြစ်ဖြစ်၊ မကောင်းတဲ့ အလုပ်ပဲ
ဖြစ်ဖြစ်၊ ကုသိုလ်ကံပဲ ဖြစ်ဖြစ်၊ အကုသိုလ်ကံပဲ ဖြစ်ဖြစ်
ကိုယ်လုပ်တဲ့ ကံတရားရဲ့အမွေကို ကိုယ်ခံရမှာ။
ကိုယ်ခံယူရမှာပဲဖြစ်တယ်။ ဒီတော့ ကိုယ်လုပ်တာ
ကိုယ် ခံရတယ်လို့ဆိုတာ ယုံကြည်ချက်လား၊
အသိပညာလားလို့ ပြောရင် “အသိပညာ” လို့ဆိုရမှာ။
ဒါကြောင့်မို့ သမ္မာဒိဋ္ဌိဆိုတဲ့စကားလုံးနဲ့ တွဲပြီးတော့
သုံးထားတာ “ကမ္မဿကတာသမ္မာဒိဋ္ဌိ”။
သမ္မာဒိဋ္ဌိဆိုတာ မှန်မှန်ကန်ကန်မြင်ခြင်း၊
ပညာကို ရည်ညွှန်းတဲ့စကား၊ အမှန်အကန်ကိုမြင်တယ်၊
တစ်ခါတစ်ရံကျတော့ မြင်တယ်ဆိုတာကို ပိုနားလည်အောင်
Understanding ဒီလို ဘာသာပြန်တာဟာ နားလည်ခြင်းလို့
ဒီလို ဆိုလိုတယ်။ နားလည်ခြင်း၊ သဘောပေါက်ခြင်း၊ သိခြင်း၊
မြင်ခြင်းဆိုတာ အသိပညာကို ရည်ညွှန်းတဲ့ စကားလုံးတွေ။
ဒါဖြင့် ကံတရားရှိတယ်လို့ သိတာရယ်၊ကံတရားရဲ့အကျိုး
ရှိတယ်လို့ သိတာရယ် ဒီနှစ်ခုကို တချို့သော ကျမ်းဂန်တွေမှာ
သဒ္ဓါလို့ ဖွင့်ပေမယ့်လို့ သမ္မာဒိဋ္ဌိနဲ့ တွဲဖက်ပြီး
သုံးတဲ့အခါကျတဲ့အခါ “သဒ္ဓါ” ကိုပြောတာ မဟုတ်ဘူး။
❖“မှန်ကန်တဲ့ အမြင်တစ်ခုကို ပြောတာ”
လို့ ဒီလိုပြောရမှာ။မှန်ကန်တဲ့ အမြင်တစ်ခုကို ပြောတာ။
ဒီတော့ ဗုဒ္ဓဘာသာ ဖြစ်ဖို့အတွက် အနည်းဆုံး
“ကမ္မဿကတာသမ္မာဒိဋ္ဌိ” ဆိုတာ ရှိရမယ်လို့။
ဆိုလိုတာက ကမ္မဝါဒီ၊ ကိရိယဝါဒီ၊ ဘုရားအဆူဆူဟာ
ကမ္မဝါဒီပဲ၊ ကံရှိတယ်လို့ ဟောပြောတယ်။
ကိရိယဝါဒီ ကံရှိသည့်အတွက်ကြောင့် ကံကို လုပ်လို့ရတယ်
ဟောပြောတယ်၊ ကမ္မဝါဒီ၊ ကိရိယဝါဒီ၊
ကုသိုလ်ကံ၊အကုသိုလ်ကံဆိုတာ ရှိတယ်။
ကုသိုလ်ကံ၊အကုသိုလ်ကံကို လုပ်လို့ရတယ်။
ရှိလို့ လုပ်ရင် ဖြစ်တယ်။ကမ္မဝါဒီ ကိရိယဝါဒီဆိုတဲ့
အဓိပ္ပာယ်က အဲဒါ။ ဗုဒ္ဓဘာသာဖြစ်ဖို့ အတွက်
အနည်းဆုံး ကမ္မဝါဒီဖြစ်ဖို့ လိုအပ်တယ်တဲ့။
❖ဝိနယမဟာဝဂ္ဂပါဠိမှာ ကြည့်။
မြတ်စွာဘုရားက ဘာသာမတူတဲ့ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်
ဗုဒ္ဓဘာသာ အဖြစ် ရဟန်းဘဝ ခံယူမယ် ဆိုလို့ရှိရင်
အညတ္တိတ္ထိယ ပရိဝါသ ဆိုပြီး လေးလစောင့်ကြည့်ခြင်းကို
ခံရမယ်။လိုက်နာကျင့်သုံးစရာတွေကို လိုက်နာကျင့်သုံးရမယ်။
လေးလဆိုင်းငံ့ထားပြီးတော့ ဗုဒ္ဓဘာသာအပေါ်မှာ
စိတ်ဝင်စားတာ၊စိတ်ဝင်စားတဲ့အတိုင်း လိုက်နာကျင့်သုံးနေတာ
ဟုတ်မဟုတ် ဒါတွေကို စစ်ဆေးလေ့လာဖို့ရာ အတွက်
လေးလဆိုင်းရမယ်လို့ ဒီလိုဆိုတာနော်။
အဲဒီလို လေးလဆိုင်းပြီးတော့မှ ကျေနပ်လောက်တဲ့
အဖြေရပြီဆိုတော့ ရဟန်းခံခွင့်ပေးတယ်။
❖နဂိုတည်းက “ကမ္မဝါဒီ ကိရိယဝါဒီ” ဆိုလို့ရှိရင်တော့
လေးလပရိဝါသ စောင့်ဆိုင်းကျင့်သုံးစရာ မလိုဘူးတဲ့။
တစ်ခါတည်း ခွင့်ပြုလိုက်တယ်။အဲဒါကို ထောက်ထား ကြည့်။
ဗုဒ္ဓဘာသာဖြစ်ဖို့အတွက် ကမ္မဝါဒီဖြစ်ဖို့ အရေးကြီးတယ်။
ဗုဒ္ဓဘာသာဖြစ်လာပြီးတဲ့ နောက်မှာတောင် မှပဲ
လောကီမင်္ဂလာကို လက်ခံယုံကြည်ပြီး၊ကံကို မယုံကြည်ဘူး
ဆိုရင် “ဗုဒ္ဓဘာသာဝင်အညံ့” ဖြစ်သွားတယ်။ဗုဒ္ဓဘာသာလို့
နာမည်ခံသော်လည်းပဲ ဗုဒ္ဓဘာသာ အညံ့ဖြစ်သွားတယ်။
“မင်္ဂလံ ပစ္စေတိ နော ကမ္မံ” မင်္ဂလာလို့ဆိုတဲ့ လောကီ
မင်္ဂလာတွေ ယုံကြည်တယ်ဆိုတာ ဒီကနေ့ခေတ်မှာ
အထူးအဆန်းမဟုတ်ဘူး။
မြန်မာလူမျိုးတွေလည်း လောကီမင်္ဂလာတွေကို
ယုံကြည်တဲ့အဓိပ္ပာယ်တွေ ရှိတယ်ပေါ့နော်။ ယုံကြည်ပြီးတော့
ကံတရားကို ဒီလောက် မယုံကြည်တဲ့ သဘောဆန်ဆန်တွေ
ရှိတယ်။ဘာတွေတုန်းလို့ ပြောရမယ်ဆိုရင် ချင်းပင်စိုက်ရင်
နေ့ချင်းညချင်း ကြီးပွားတယ်တို့၊ ကြံပင် စိုက်ရင်
အကြံအောင်တယ်တို့၊ ဘုရားလှူတာတောင် ကြံလှူတယ်နော်။
အကြံအစည်အောင်ချင်တာတဲ့။အဲဒါ လောကီမင်္ဂလာ
ယုံကြည်တာလို့ခေါ်တယ်။ကံကို မယုံကြည်ဘူး။
ကံကိုယုံတယ်ဆိုတာ ကိုယ်လုပ်တဲ့ အလုပ်ဟာ
ကောင်းပြီးတော့ အပြစ်ကင်းတဲ့အလုပ်လား၊
ကုသိုလ် အလုပ်လား၊ အကုသိုလ် အလုပ်လား၊
ဒါပဲ ကြည့်ရမယ်၊ ပန်းသီးလှူရင် ပင်ပန်းမယ်။
ကြာလှူလို့ရှိရင် ကြန့်ကြာတယ်ဆိုတဲ့အတွေးတွေဟာ
ဗုဒ္ဓဘာသာတွေရဲ့ အတွေး မဟုတ်ဘူး။
မှားယွင်းတဲ့ အယူအဆတွေရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့အတွေးမျှသာ
ဖြစ်တယ်ပေါ့။ဒါလည်း သတိထား စရာပဲ။
“ကောတုဟလ မင်္ဂလိကော” တဲ့။အများအုတ်အုတ်
ကျက်ကျက်ပြောနေတဲ့ လောကီမင်္ဂလာတွေကို
လိုက်စားတဲ့ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်မျိုး မဖြစ်ရဘူး။
ကံတရားကို အဓိကထားရမယ်၊ လောကီမင်္ဂလာကို
ယုံကြည်တဲ့ပုဂ္ဂိုလ် မဖြစ်ရဘူးလို့ ဆိုတော့ ဒါကလည်း
“အသိပညာ” နဲ့ ဆိုင်တယ်။ ဒါကြောင့်မို့ ကံတရားရှိတယ်
လို့သိတာ၊ကံတရားရဲ့ အကျိုးရှိတယ်လို့ သိတာကို
သမ္မာဒိဋ္ဌိ လို့ ပြောတာပဲ။ ကမ္မဿကတာသမ္မာဒိဋ္ဌိ။
ကြည့်လေ၊ ဒုစရိုက်ဆယ်ပါးထဲမှာ မနော ဒုစရိုက် ၃-ပါး
ဆိုတာ ရှိတယ်။မနောဒုစရိုက် ၃-ပါး ဆိုတာ “အဘိဇ္ဈာ၊
ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ” ။အဲဒီမှာ “မိစ္ဆာဒိဋ္ဌိ”ဆိုတာ ပါတယ်။
❖မိစ္ဆာဒိဋ္ဌိဆိုတာ “သဒ္ဓါ” ကို ပြောတာ မဟုတ်ဘူး။
“မှားယွင်းတဲ့အမြင်တစ်ခု” ကို ပြောတာ။
အဲဒီမှားယွင်းတဲ့ အမြင်ရဲ့ ဆန့်ကျင်ဘက်၊
နောက်တစ်ခါပြောတော့ သမ္မာဒိဋ္ဌိလို့ ပြောတယ်။
မိစ္ဆာဒိဋ္ဌိ နဲ့ သမ္မာဒိဋ္ဌိ ။ ဗုဒ္ဓဘာသာဝင် ဖြစ်ဖို့အတွက်
သမ္မာဒိဋ္ဌိ ဖြစ်ဖို့လိုတယ် ဆိုတာပေါ့နော်။
သမ္မာဒိဋ္ဌိ ဖြစ်ဖို့ လိုတယ်။သမ္မာဒိဋ္ဌိဆိုတာ
အခြေခံဆယ်ချက်ပေါ်မှာ မှန်ကန်တဲ့ အမြင် ရှိတာကို
ပြောတာ၊ မိစ္ဆာဒိဋ္ဌိဆိုတာ အခြေခံဆယ်ချက်ပေါ်မှာ
မှားယွင်းတဲ့အမြင်တွေရှိတယ်။အသိဉာဏ်တွေ
မှောက်မှား နေတာကိုပြောတာ။
ဒီနေရာမှာ မိစ္ဆာဒိဋ္ဌိဆိုတဲ့ စကားလုံးလေးတင် ကြည့်ပြီးတော့
“သက္ကာယဒိဋ္ဌိတို့၊အတ္တဒိဋ္ဌိ” ဆိုတာတွေကို သွားပြောလို့
မရဘူး။အဲဒါမျိုး ဆိုလိုတာ မဟုတ်ဘူး။ဒီနေရာမှာနော်။
“အကိရိယဒိဋ္ဌိတို့ ၊ နတ္ထိကဒိဋ္ဌိ” ဆိုလိုတယ်။
မိစ္ဆာဒိဋ္ဌိဆိုတာ ဒီနေရာမှာ နတ္တိကဒိဋ္ဌိ။
နတ္ထိကဒိဋ္ဌိကို ယူလိုက်ရင် အကိရိယဒိဋ္ဌိ ဆိုတာလည်း
ပါသွားတယ်။ဆိုလိုတာက ကံနဲ့ကံရဲ့အကျိုးကို ငြင်းပယ်တာ။
ကံတရားရဲ့ အကျိုးကို အသိအမှတ်မပြုတာ။
မပြုခြင်းအားဖြင့် ကံတရားကိုလည်း အသိအမှတ်မပြုဘူး
ဆိုတဲ့အဓိပ္ပာယ် ရောက်တယ်။အကျိုးကို အသိအမှတ်မပြုဘူး
ဆိုရင် အကြောင်းကိုလည်း အသိအမှတ်မပြုရာရောက်တယ်။
ဒါကြောင့်မို့ ဒီနေရာမှာ “မိစ္ဆာဒိဋ္ဌိ” ဆိုတာ “အကိရိယဒိဋ္ဌိ
အဟောတုကဒိဋ္ဌိ၊နတ္ထိကဒိဋ္ဌိ” ဒီသုံးခုကို ပြောလိုတာနော်။
❖အဲဒီ “မိစ္ဆာဒိဋ္ဌိ” အယူရှိနေလို့ရှိရင် ဗုဒ္ဓဘာသာ မဖြစ်ဘူး။
❖“သက္ကာယဒိဋ္ဌိ”ရှိရုံနဲ့တော့ ဗုဒ္ဓဘာသာဖြစ်ပါတယ်။
ဗုဒ္ဓတရားတော်တွေ နာရင်းနာရင်းကနေ အနည်းဆုံး
ကမ္မဿကတာသမ္မာဒိဋ္ဌိ ရှိရမယ်။
သက္ကာယဒိဋ္ဌိဆိုတာကတော့
ရုပ်တရား ၊ နာမ်တရားသာ ရှိတယ် ဆိုတဲ့အသိ၊
သုတမယဉာဏ် ရထားပြီဆိုရင် ဒီ သက္ကာယဒိဋ္ဌိဟာ
ပရိယုဋ္ဌာနမဖြစ်ဘူး။ ထကြွပြီး စိတ်ထဲမှာ လွှမ်းမိုးနေတာ
မရှိဘူး ဆိုလို့ရှိရင်၊ ဆိုလိုတာက ရောဂါဟာ
Activate မဖြစ်ဘူး။ ထကြွပြီးတော့ ရောဂါက ကိုယ့်ကို
မတိုက်ခိုက်သေးဘူး။ Positive တော့ဖြစ်နေတယ်။
ဆိုပါစို့- ထင်ရှားအောင်ပြောရမယ်ဆိုရင် ခုခေတ်
တော်တော်များများပျံ့နှံ့သွားတဲ့ HIV ဆိုတဲ့ ရောဂါကို ကြည့်။
သို့မဟုတ် C ပိုး၊B ပိုး ဒါကိုကြည့်။C ပိုး၊B ပိုး ဆိုတာ
သွေးထဲမှာ Hepatitis C ဆိုတာ ရှိနေတယ်။
ရှိနေတာကို positive လို့ ပြောတာ။
သွေးသွားစမ်းတဲ့အခါမှာ ဆရာဝန်က အဖြေထုတ်လိုက်တယ်။
HIV Positive C၊ Positive ပိုး Positiveဒီလိုရေးလိုက်တာ။
Positive ဆိုတာ ရှိနေတယ်လို့ ပြောတာ။ ရှိနေရုံနဲ့
အန္တရာယ်ပေးပြီ လားလို့ဆိုတော့ မပေးသေးဘူး။
HIV ရှိနေရုံနဲ့ အန္တရာယ်မပေးသေးဘူး။
ကျန်းမာရေးဂရုစိုက်ပြီးတော့ နေမယ်ဆိုလို့ရှိရင်
၁၀-နှစ် ၁၅-နှစ် ဒီလို ကျန်းကျန်းမာမာ နေသွားလို့ရတယ်။
သို့သော် Activate လို့ ခေါ်တဲ့သူကနေပြီးတော့ ပွားလာပြီ
နိုးထပြီ၊လှုပ်ရှားလာပြီ ဆိုလို့ရှိရင်တော့ အန္တရာယ်ကြီးပေါ့။
အန္တရာယ် ဖြစ်လာပြီ။ Positive ဆိုတာ အနုဿယနဲ့အလား
သဏ္ဌာန်တူတယ်။Activate ဆိုတာ ပရိယုဋ္ဌာနကိုပြောတာ။
ထကြွလာပြီဆိုရင်တော့ ကိုယ့်ကို တိုက်ခိုက်လာပြီ။
တိုက်ခိုက်လာရင်တော့ အန္တရာယ်ရှိလာပြီ။
HIV AIDS ရောဂါဖြစ်လာပြီ။ဟော တိုက်ခိုက်လာပြီ
ဆိုတာ ဒီလိုဆိုလိုတာ။
ဒါကြောင့်မို့လို့ သက္ကာယဒိဋ္ဌိ Positive တန်းလန်းနဲ့ပဲ
လူ့ပြည်ရောက်လိုက်၊နတ်ပြည်ရောက်လိုက်၊
နောက်ဆုံး ဗြဟ္မာ့ပြည်တောင်ရောက်သွားတယ်လေ။
ဗကဗြဟ္မာကြီးကိုပဲကြည့်။ဒါတွေက လွဲမှားသွားတတ်တယ်။
စာထဲ၊ပေထဲမှာ သေသေချာချာဆိုထားတာကို မလွဲမှားဖို့
မနောဒုစရိုက်မှာပြောတဲ့ မိစ္ဆာဒိဋ္ဌိ ဆိုတာ နတ္ထိကဒိဋ္ဌိကို
အခြေခံပြောတာ။နတ္ထိကဒိဋ္ဌိပြောလိုက်တာနဲ့ အကိရိယဒိဋ္ဌိ
ဆိုတာလည်း ပါသွားတယ်။အဟေတုကဒိဋ္ဌိ ဆိုတာလည်း
ပါသွားတယ်။ကံ၏အကျိုးကို ငြင်းပယ်လိုက်တာနဲ့
ကံကိုလည်း ငြင်းပယ်ပြီးသား ရောက်သွားတယ်၊
ဒါ့အကြောင်းတရားကိုလည်း ငြင်းပယ်ပြီးသား
ရောက်သွားတယ်။အဲဒါက ဒုစရိုက်၊အဲဒါတော့
အန္တရာယ်ရှိတယ်၊ ဒီလိုဆိုလိုတာပေါ့နော်။
ဒီတော့ ဗုဒ္ဓဘာသာဖြစ်ဖို့ကာ မနောသုစရိုက်လို့
ဆိုတဲ့ သမ္မာဒိဋ္ဌိ ရှိဖို့လိုတယ်။
သမ္မာဒိဋ္ဌိဆိုတာ “ပညာ”ပဲလေ။
“သဒ္ဓါ” မဟုတ်ဘူး။
သမ္မာဒိဋ္ဌိဆိုတာ အချက် (၁၀)ချက်ပေါ်မှာ
အခြေခံတယ်ဆိုတာ ဘာလဲ၊
“အတ္ထိ ဒိန္နံ ၊ အတ္ထိ ယိဋ္ဌံ၊ အတ္ထိ ဟုတံ” - သုံးခု။
✤အလှူဒါနပြုတာနဲ့ပတ်သက်ပြီးတော့
အတ္ထိ ဒိန္နံ-ဒါနရှိတယ်လို့ ပြောတာမဟုတ်ဘူး၊
ဒါနရှိတယ်လို့ ပြောလိုက်တာက ဒါနရဲ့ အကျိုးရှိတယ်လို့
ပြောတာပဲ။စကားလုံးကို ကြည့်မယ်ဆိုရင်
✤ဒိန္နံ-ပေးလှူအပ်သည့် အရာသည်။
အတ္ထိ-ရှိတယ်၊
✤ဟုတံ-ပူဇော်အပ်သည့်အရာသည်။
အတ္ထိ-ရှိတယ်။
ဆိုလိုတာတော့ ဒိန္နံ-ပေးလှူရခြင်းရဲ့ အကျိုးတရားသည်။
အတ္ထိ-ရှိတယ်၊ ဒီလို ဖွင့်တာ။
✤ဟုတံ- ပူဇော်ခြင်း၏ အကျိုးတရား၊
✤ယိဋ္ဌံ-အကြီးအကျယ်ပူဇော်ခြင်းရဲ့ အကျိုးတရား၊
အတ္တိ-ရှိတယ်။ဗုဒ္ဓဘာသာဖြစ်ဖို့အတွက် ဒီလိုရှိတယ်
လို့ မြင်တဲ့အမြင်ရှိဖို့ လိုတယ်။
ဒါဟာ ခြုံပြောမယ်ဆိုရင် ကမ္မဝါဒီ၊ ကိရိယဝါဒီ
ကံ,ကံ၏အကျိုးကို လက်ခံတာကို ဆိုလိုတယ်။
ဗုဒ္ဓ ဘာသာဖြစ်ဖို့ ကံ,ကံ၏အကျိုးကို သိမြင်လက်ခံဖို့က
အခြေခံအကြောင်းတရားလို့ ဒါကြောင့်ပြောတာ။
ကံ, ကံ၏အကျိုးကို ငြင်းပယ်နေလို့ရှိရင်တော့ ဗုဒ္ဓဘာသာ
မဖြစ်ဘူး။ဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံမလုံလောက်ဘူးလို့
ဒီလိုပြောရမယ်။
အဲဒီမှာ ဆယ်ချက်ဆိုတာလေးကို မှတ်ဖို့
“အတ္ထိ ဒိန္နံ၊ အတ္ထိ ဟုတံ၊ အတ္ထိ ဟုတံ၊ ယိဋ္ဌ ဆိုတာ
အကြီးအကျယ် ပူဇော်မှု၊ ဟုတ-ဆိုတာ သာမန်ပူဇော်မှု၊”
အကျိုးတရားတွေ ရှိတယ်လို့ လက်ခံတာ၊
သိမြင်တယ် သမ္မာဒိဋ္ဌိ။
✤“အတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော”၊
သုကတဒုက္ကဋာနံ- ကောင်းစွာ ပြုအပ်တဲ့ ကုသိုလ်၊
မကောင်းသဖြင့်ပြုအပ်တဲ့ အကုသိုလ်။
ကုသိုလ် အကုသိုလ်တို့ရဲ့ အကျိုးရင်း၊အကျိုးဆက်ဆိုတာ
ရှိတယ်လို့ သိတဲ့ဉာဏ်ပညာ-သမ္မာဒိဋ္ဌိ။
✤“အတ္ထိ အယံ လောကော၊ အတ္ထိ ပရော လောကော”။
ဒီ လောကဆိုတာ ရှိတယ်၊ ပရလောကဆိုတာ ရှိတယ်။
✤“အတ္ထိ မာတာ၊ အတ္ထိ ပိတာ”
အမေရှိတယ် အဖေ ရှိတယ်ဆိုတာ အမေအဖေကို
အသိအမှတ်ပြုတယ်လို့ ပြောတာ။အမေအဖေကို
အသိအမှတ်ပြုသဖြင့် အမေ အဖေပေါ်မှာ ပြုစုလုပ်ကျွေးတဲ့
ကုသိုလ်တရား၊ အမေ အဖေကို စော်ကားတဲ့ အကုသိုလ်
တရား အကျိုးရှိတယ် လို့ လက်ခံတာကို ဆိုလိုတယ်။
✤“အတ္ထိ သတ္တာ ဩပပါတိကာ”
သေပြီးတဲ့နောက် ပြန်ဖြစ်တဲ့သတ္တဝါရှိတယ်လို့ လက်ခံတယ်။
✤“အတ္ထိ သမဏဗြဟ္မဏတ သမ္မဂ္ဂတာ သမ္မာပဋိပဒါ”
မှန်ကန်စွာ သိပြီးတဲ့ အကျင့်မှန်နဲ့ လမ်းမှန်ကျင့်သုံးလို့
အောင်မြင် ပေါက်မြောက်ပြီးတော့ ဒီလောကကြီးကို
ထူးခြားတဲ့ အသိဉာဏ်နဲ့သိပြီးဟောနိုင်တဲ့
ဘုရားဆိုတာ ရှိတယ်လို့၊ အဲဒီလို အချက်ဆယ်ချက်ပေါ်မှာ
အခြေခံပြီးတော့ သိမြင်တဲ့ “အသိဉာဏ်”ကို
သမ္မာဒိဋ္ဌိလို့ခေါ်တာ။ဒီနေရာ မှာ သမ္မာဒိဋ္ဌိလို့ ခေါ်တာ၊
“အတ္ထိကသမ္မာဒိဋ္ဌိ” လို့ ခေါ်တယ်။
အဲဒီ “အတ္ထိကသမ္မာဒိဋ္ဌိ” သည် ဗုဒ္ဓဘာသာဝင်
ဖြစ်ဖို့ အခြေခံအကြောင်းတရားလို့ ဒီလိုပြောရမယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】
Posted by►
www.facebook.com/youngbuddhistassociation.mm
(“ဗုဒ္ဓဘာသာဖြစ်ရန် အခြေခံတရား”နှာ၁-၁၉ထိ-မှ
ကောက်နှုတ်ကူးယူပူဇော်မျှဝေပါသည်။)ဆက်ရန်►