ဗုဒ္ဓရှင်တော်ဘုရားသည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ်အခါ၌ ကျောင်းဒါယကာကြီး အနာထပိဏ် သူဌေးအား အလှူဒါနနှင့် ပတ်သက်၍ ဝေလာမသုတ်တရားတော်ကို မိန်.တော်မူသည်။
၁။ ဝေလာမသုတ်တရားတော် အကျဉ်းချုပ်ကား … ရှေးအခါက ဝေလာမအမည်ရှိ ပုဏ္ဏားသူဌေးကြီးသည် မဟာဒါနအလှူတော်ကို ပေးလှူ၏။ ယင်းအလှူ၌ ငွေဒင်္ဂါး အပြည့်ပါသော ရွှေခွက်ကြီး ရှစ်သောင်းလေးထောင်၊ ရွှေဒင်္ဂါး အပြည့်ပါသော ငွေခွက်ကြီးပေါင်း ရှစ်သောင်းလေးထောင် စသည်ဖြင့် ရှစ်သောင်းလေးထောင်ပေါင်း များစွာသော ရတနာ ခုနှစ်ပါး ဆင်မြင်းကျွဲနွား၊ အဝတ်အထည် အသုံးအဆောင် ပစ္စည်းအစုံပေါင်း များစွာကို ပေးလှူသည်။ အလှူတော်ကြီးသည်ကား မြစ်ရေအလျင်ကြီး တရဟောစီးသကဲ့သို. အကြီးအကျယ်လှူခြင်း ဖြစ်ပေသည်။
၂။ သာသနာပအခါ၌ ဤမျှကြီးကျယ်သော ဝေလာမပုဏ္ဏား၏ မဟာအလှူတော်ကြီးသည် သာသနာတော်တွင်း၌ အယူသီလနှင့်ပြည့်စုံသော ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တစ်ယောက်အား ထမင်းတစ်ထပ် ပေးလှူရသလောက် အကျိုးမကြီးချေ။ ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင် တစ်ယောက်အား ထမင်းတစ်ထပ် ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။
၃။ ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တစ်ရာကို ကျွေးမွေးပေးလှူရသည်ထက် သောတာပန်တစ်ယောက်အား ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။
၄။ သောတာပန်တစ်ရာကို ပေးလှူရသည်ထက် သကဒါဂါမ် တစ်ယောက်အား ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။
၅။ သကဒါဂါမ်တစ်ရာကို ပေးလှူးရသည်ထက် အနာဂါမ် တစ်ယောက်ကို ပေးလှူရသည်က ပို၍ အကျိုး ကြီးမားသည်။
၆။ အနာဂါမ်တစ်ရာကို ပေးလှူရသည်ထက် ရဟ န္တာတစ်ပါးကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။
၇။ ရဟ န္တာတစ်ရာကို ပေးလှူရသည်ထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။
၈။ ပစ္စေကဗုဒ္ဓါတစ်ရာကို ပေးလှူရသည်ထက် သဗ္ဗညုဘုရားတစ်ဆူကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။
၉။ ဘုရားရှင်အားပေးလှူရသည်ထက် သံဃိကကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းရသည်က ပို၍ အကျိုးကြီးမားသည်။
၁၀။ ထို.ထက် မိမိကိုယ်တိုင် သရဏဂုံ ဆောက်တည်ခြင်းက ပို၍အကျိုးကြီး၏။
၁၁။ ထို.ထက် မိမိကိုယ်တိုင် ငါးပါးသီလစောင့်ထိန်းခြင်းက ပို၍ အကျိုးကြီးမား၏။
၁၂။ ထို.ထက် မေတ္တာဘာဝနာကို နံ.သာတစ်ခါရှူမျှ ပွားခြင်းက ပို၍ အကျိုးကြီး၏။
၁၃။ ထို.ထက် အနိစ္စဝိပဿနာ ဘာဝနာကို နို.တစ်ညှစ်မျှ ပွားခြင်းက ပို၍ အကျိုးကြီးမား၏။ …
ဟူ၍ ဟောကြားတော်မူပေသည်။ ယင်းတရားအားလုံးကို ခြုံ၍ သုံးသပ်လိုက်သောအခါ …
(၁)မှ(၉) အထိသည် … ဒါန ကုသိုလ်တရားမျိုး ဖြစ်သည်၊
(၂)မှ(၁၁) အထိသည်… သီလ ကုသိုလ်တရားမျိုး ဖြစ်သည်၊
(၁၂)မှာ သမထဘာဝနာ ကုသိုလ်မျိုး ဖြစ်၍ (၁၃)မှာ ဝိပဿနာ ဘာဝနာ ကုသိုလ်မျိုးဖြစ်သည်။
သို.ဖြစ်၍ မြတ်စွာဘုရားသည် ဤဝေလာမသုတ်တော်ဖြင့် …. ဒါနကုသိုလ်ထက် သီလကုသိုလ်မျိုးက မြတ်သည်၊ သီလကုသိုလ်မျိုးထက် သမထဘာဝနာ ကုသိုလ်မျိုးက မြတ်သည်၊ သမထ ဘာဝနာကုသိုလ်မျိုးထက် ဝိပဿနာဘာဝနာ ကုသိုလ်မျိုးက မြတ်သည် ဟူ၍ ခွဲခြားသတ်မှတ်တော် မူကြောင်းကို သိရှိရပေသည်။ ဤသည်ကို သိရှိခြင်းဖြင့် ဝိပဿနာဘာဝနာသည် မည်မျှ အကျိုးကျေးဇူးကြီးမားသည်ကို နှိုင်းယှဉ် သိရှိနိုင်မည် ဖြစ်ပါသည်။
(ကျော်နန္ဒအောင်၏ ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ ဝိပဿနာရှုနည်းများ ပထမတွဲမှ ကောက်နုတ်ဖော်ပြပါသည်။