နေရာတကာမှာ တရားဘက်လိုက်ဖို့ အရေးကြီးတယ် ၊ လောကမှာ မေတ္တာဆိုတဲ့တရားဟာ အင်မတန် အရေးကြီးတယ်၊ အဲဒီမေတ္တာဆိုတဲ့တရားဟာ တကယ်ရှိရမယ် ၊ ဘုရားတစ်ပည့်ဖြစ်တဲ့ ဘုန်းကြီးတို့ တစ်တွေ၊ ဒကာတစ်ကာမတွေ မေတ္တာတရားဟာ အမြဲတမ်းရှိရမယ်၊ ဒေါသတရားဟာ အမြဲတမ်းပယ်ရမှာ ၊ အကြောင်း မညီညွတ်လို့ ဖြစ်ရင်လဲပယ်ရမှာ ။
အဲဒီမေတ္တာတရားကို လေးလေးစားစား လိုက်နာရင် အိမ်ထောင်တစ်ခုမှာ ဘာမှ ပြဿနာမဖြစ်ဘူး။ အချင်းချင်း ပြေပြေလည်လည်နဲ့ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာရှိကြရင် သီရိဂေဟာ ကျက်သရေရှိတဲ့ အိမ်ဂေဟာ ဖြစ်မှာပဲ။
ထို့အတူပဲ ထို့ထက်တိုးပြီးတော့ သတိပဋ္ဌာန်အစရှိသော ဘာဝနာလေးတွေ ပွားများပြီးတော့ နေနိုင်ကြမယ် ဆိုရင် သာပြီးတော့ ဓမ္မရဲ.အကျိုးခံစားရမှာ၊ အဲဒါကြောင့်မို့လို့ လောကမှာဖြစ်စေ ၊ သာသနာမှာဖြစ်စေ၊ လောကမှာလဲ အိမ်တစ်အိမ်၊ အရပ်တစ်ရပ်၊ လူ့ဌာန စသည်မှာ ကောင်းဖို့ဆိုတာဟာ လူတွေတရားရှိဖို့ အရေးကြီးတယ်။
“ဘုရားရှင်ကိုယ်တော်မြတ်နှုတ်ထွက်တော် ဘယ်တော့မှ မမှားဘူး”
တရားအတိုင်းကျင့်သုံးတဲ့ပုဂ္ဂိုလ်ဟာ ဘာပြဿနာတွေမှ မရှိဘူး၊
-အားလုံးအေးချမ်းသာယာပြီးတော့ မိမိတို့ ဆောင်ရွက်ရမယ့် လောကကိစ္စ ၊ ဓမ္မကိစ္စ ၊ သာသနကိစ္စ တွေမှန်သမျှ ချောချောမောမော စည်စည်ကားကား သာသာယာယာနဲ့ အောင်မြင်ပြီးမြောက်ခြင်း သို့ရောက်ကြတာချည်းပဲ၊ ဒါကြောင့်မို့ ဘုရားရှင်ကိုယ်တော်မြတ်က -
ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ ။
ဓမ္မစာရီ - တရားကို ကျင့်တဲ့ပုဂ္ဂိုလ်ကို ၊ ဓမ္မော-တရားတော်က ၊
ဟဝေ-စင်စစ်ဧကန်အမှန်ပင် ၊ ရက္ခတိ--ပြန်လည်စောင့်ရှောက်တတ်ပါ၏။
လောကမှာ တရားရဲ. အကာအကွယ်အစောင့်အရှောက်ကို ခံကြရရင် ချမ်းသာတာပဲ၊ အဲဒီလို တရားရဲ. အစောင့်အရှောက် ခံကြရဖို့ရာ မိမိတို့က တရားကိုကျင့်ရတယ်၊ သူတော်ကောင်းတရားတွေကျင့်ရင် တရားက ပြန်စောင့်ရှောက်တာပဲ ။
ဓမ္မော သုစိဏ္ဏော သုခ မာဝဟတိ
သုစိဏ္ဏော-ကောင်းစွာကျင့်ကြံအပ်သော ၊ ဓမ္မော - တရားသည် ၊
သုခံ - ချမ်းသာသုခကို ၊ မာဝဟတိ - ကောင်းစွာဆောင်ရွက်ပေးတတ်ပါပေ၏။
မိမိက တရားကျင့်ရင် အဲဒီတရားက မိမိကိုချမ်းသာအောင် ဆောင်ရွက်ပေးတယ်၊ အဲဒါ ဘုရားရှင် ကိုယ်တော်မြတ် နှုတ်တော်ထွက်၊ ဘယ်တော့မှ မမှားဘူး ၊ တကယ်မှန်တာ၊
တရားသာကိုယ်ကကျင့် ၊ ကျင့်ရင် အဲဒီတရားက ဘယ်တော့မှ မနေဘူး ၊ အလကားမဖြစ်ဘူး၊ တရားကျင့်တဲ့ ကိုယ့်တရားရှင်လေးကို သူက စောင့်ရှောက်ပေးတာပဲ။
ဒီဘဝချမ်းသာနဲ့လဲ စောင့်ရှောက်ပေးတယ် ၊ နောင်ဘဝချမ်းသာနဲ့လဲ စောင့်ရှောက်ပေးတယ် ၊ အရာအမျိုးမျိုးနဲ့ စောင့်ရှောက်ပေးတတ်တယ်၊
“ကုသိုလ်ဆိုတာ မိမိချမ်းသာဖို့ သက်သက်မဟုတ်ဘူး၊”
တရားပူဇော်သောအားဖြင့် တရားနဲ့လျော်တဲ့ ကုသိုလ်ကောင်းမှုတွေပြုရတယ်၊ ဒါမိမိတို့ ချမ်းသာစေဖို့ အကြောင်းချည်းပဲ။
မိမိတို့ ချမ်းသာဖို့ သက်သက်လားဆိုတော့ မဟုတ်ဘူးနော် ၊ ကုသိုလ်ဆိုတာ မိမိချမ်းသာဖို့ သက်သက် မဟုတ်ဘူး ၊ အများချမ်းသာဖို့လဲရှိသေးတယ်၊ လောကမှာ အများချမ်းသာဖို့ ကုသိုလ်ကောင်းမှုတွေ ပြုကြတဲ့အခါမှာ ကိုယ်လဲကုသိုလ်ရတာပဲ ၊ အများလဲချမ်းသာတာပဲ၊ ကျောင်းဆောက်မှု ၊ တံတားဆောက်မှု၊ ဇရပ်ဆောက်မှု စသည်ဖြင့်ပေါ့လေ။
သာသနာတော်ကြီးရော ၊ လောကကြီးရော ကြီးပွားပါစေလို့ ဆုပတ္တနာပြုရတယ်။
သာသနမ္ပိစ-ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးကိုလည်းကောင်း၊ လောကဥ္စ-လောကကြီးကိုလည်းကောင်း၊ ဒေဝါ-နတ်အများတို့သည် ၊ ဒေဝါ -သမုတိနတ်ဆိုတဲ့ မင်းတွေ ၊ ဥပပတ္တိဆိုတဲ့ နတ်ဗြဟ္မာတွေ၊ နတ်အပေါင်း တို့သည်၊ သဗ္ဗဒါ-အခါခပ်သိမ်း ၊ ရက္ခန္တု-ကောင်းစွာနေ့ည စောင့်ရှောက်ကြပါစေကုန်သတည်း။
“ကျက်သရေဆိုတာ”
ကျက်သရေဆိုတာ ဘာလဲ ၊
ကျက်သရေဆိုတာ ကောင်းမှုတွေကို ကျက်သရေဆိုတာပဲ ၊
ကောင်းမှုတွေ ကောင်းမှုတွေ ကုသိုလ်ကောင်းမှုတွေရှိရင် ကျက်သရေရှိတယ်၊ ကုသိုလ်ကောင်းမှုတွေ အကြောင်းပြုပြီးတော့ ရွှင်ရပျော်ရခြင်းဟာ ကျက်သရေရှိတယ်။
စားဝတ်နေရေး မပူပင် မကြောင့်မကြ ၊ လှူရေးတန်းရေး မပူပင်မကြောင့်မကြ ၊ ယခုလို ထူးထူးခြားခြား လှူနိုင်ကြတာဟာလဲ ကျက်သရေပဲ ။
အဲဒီကျက်သရေဆိုတာ လူတိုင်းရှိတာမဟုတ်ဘူး ၊ တကယ့်ရှေးကုသိုလ်ကောင်းမှု ၊ ပုဗ္ဗေစ ကတပုညတာရှိမှ ကျက်သရေရှိကြတာ ၊
ဒါ့ကြောင့် ယနေ့ မိမိတို့မှာ ကျက်သရေကို အကြောင်းပြုပြီးတော့ နောင်အခါမှာ ခန္ဓာကိုယ် တင့်တယ်လှပခြင်း ၊ ပညာဉာဏ်ကြီးခြင်း ၊ အစိုးရခြင်း ၊ တန်ခိုးကြီးပစ္စည်းဥစ္စာပြည့်စုံခြင်း အစရှိသော သမ္မတ္တိအမျိုးမျိုး ကောင်းကျိုး အရပ်ရပ်တွေနဲ့ ပြည့်စုံကြပြီးတော့
သာပြီးတော့ တစ်ဘဝထက် တစ်ဘဝသာပြီးတော့ ကျက်သရေရှိကြသူတွေ ၊ မင်္ဂလာရှိကြသူတွေဖြစ်ပြီးတော့ မိမိတို့ ရလာတဲ့ ကြုံလာတဲ့ ဘဝမှာ တကယ့်သမ္ပတ္တိခေါ်တဲ့ ဘဝ၏ ပြည့်စုံခြင်း အဖုံဖုံနှင့် ပြည့်စုံကြပြီးတော့ တစ်ဆင့်ထက် တစ်ဆင့် မြင့်ထက်မြင့်ပြီး
နောက်ဆုံး တကယ့်သမ္ပတ္တိလို့ဆိုတဲ့ မဂ်ဉာဏ် ဖိုဉာဏ် နိဗ္ဗာန်တည်းဟူသော လောကုတ္တရာ သမ္ပတ္တိကြီးကို လျင်လျင်မြန်မြန် ရပြီးတော့ တကယ့်ပုဂ္ဂိုလ်ထူးကြီးတွေ ဖြစ်နိုင်ကြပါစေ ၊ ဖြစ်ရပါလိုကုန်သော--
ဟူ၍ ဆုတောင်းပတ္တနာပြုကြကုန်။( ကျေးဇူးရှင်သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ ၏ “သပြေကန်တရားပေါင်းချုပ် ၊ အမှတ် (၁)” မှ ကောက်နုတ် ဖော်ပြပူဇော်အပ်ပါသည်။)
<