ဤလောက၌ လူဟူသမျှသည် တစ်ဦးချင်း တစ်ယောက်ချင်း နေ၍ ရသည်မဟုတ်။ အစုနှင့် အပေါင်းနှင့် နေမှရ၏။

အစုနှင့် အပေါင်းနှင့် နေမှရသည် ဆိုလျှင်ပင် လူတစ်ဦးချင်း တစ်ဦးချင်းစီ၏ အကြား၌ အချင်းချင်း ဆက်ဆံရေး သည် မလွဲမသွေ ပေါ်ပေါက်လာရ၏။

ရောင်းသူ နှင့် ဝယ်သူ ၊ အလုပ်ရှင်နှင့် အလုပ်သမား ၊
ကျောင်းဆရာနှင့် ကျောင်းသား ၊ မိဘနှင့် သားသမီး၊ ဆရာနှင့်တပည့် ၊
အုပ်ချုပ်သူ နှင့် အုပ်ချုပ်ခံရရသူ၊ မင်းနှင့် တိုင်းသူပြည်သား၊
ဆရာနှင့်ဒါယကာ -

ဤသို့ စသည်အားဖြင့် အချင်းချင်း ဆက်ဆံကြရာ၌ ငြိမ်းချမ်းပြေပြစ်စွာ ဆက်ဆံနိုင်ကြစေရန် သတ်မှတ် ထားသော သတ်မှတ်ချက်များ ရှိကြ၏။

ထိုသတ်မှတ်ချက်များဟူသည် ပြည်သူ့ တရားဥပဒေများ၊
လူမျိုးစုအလိုက် လိုက်နာကျင့်သုံး နေကြသော ဓလေ့ထုံးစံများ၊
လူ့လောက၌ လူတန်းစားအလိုက် လိုက်နာကျင့်သုံးရန် ပြဋ္ဌာန်းထားသော
ဘာသာရေးဆိုင်ရာ ကျင့်ဝတ်များ
စသည်တို့သည် သမ္မုတိသစ္စာသဘောရှိ၏။

“မှန်ကန်သော ကွဲပြားခြင်း”

သမ္မုတိသစ္စာ ဆိုကတည်းက အပြင်ပန်းသဘောသာဖြစ်၏။
ယင်းအပြင်ပန်းအတွင်း၌ အနှစ်သာရရှိသေး၏။
အနှစ်သာရဟူသည် ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ စိတ်နေစိတ်ထားဖြစ်၏။

ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ စိတ်နေစိတ်ထားကိုလိုက်၍
မြင့်မြတ်သူ နှင့် ယုတ်ညံ့သူ ဟူ၍ ပုဂ္ဂိုလ် ၂ မျိုး ကွပြားသွား၏။

ဤသို့သော ကွဲပြားသွားခြင်းသာ တကယ်မှန်ကန်သော ကွဲပြားသွားခြင်းမျိုးဖြစ်၏။

ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတို့ကို လိုက် ၍ ကွဲပြားသွားခြင်းကို
“သမ္မုတိသစ္စာ” အရ ကွဲပြားခြင်းဟူ၍ ဆိုအပ်၏။

စိတ်နေစိတ်ထားဟူသော ကိုယ်ကျင့်သိက္ခာအရ ကွဲပြားသွားခြင်းမျိုးကိုသာ
“ပရမတ္ထသစ္စာ” အရ ကွဲပြားခြင်း ဟူ၍ ဆိုအပ်၏။

“ပရမတ္ထသစ္စာ ၃ မျိုး”

“ပရမတ္ထသစ္စာ” ကိုနောက်ထပ် ၃ မျိုးခွဲ၍ ရသေး၏။

မိမိ၏ ကိုယ်ကျင့်သိက္ခကို အပေါ်ယံ သဘောမျှသာ

လူမြင်ကောင်းအောင် လူကြားကောင်းအောင် ဟန်ဆောင်ပြီး

“မာယာ” သဘောအရ မိမိ၏ ယုတ်မာမှုကို ဖုံးကွယ်၍

“သာဌေယျ“ သဘောအရ မိမိ၌ မရှိသော မြင့်မြတ်မှုကို လူမကြားလျှင် ကြားအောင်၊ လူမသိလျှင် သိအောင် ကြွေးကြော်ကာ ကိုယ်ကျိုး တစ်ခုတည်းကို သာ ရှေးရူ၍ ဆောင်ရွက်တတ်သော ပုဂ္ဂိုလ်မျိုးလည်းရှိ၏။

ထိုပုဂ္ဂိုလ်မျိုး၏ ဆောင်ရွက်ချက်များကို သူနှင့် စရိုက်တူ ဉာဉ်တူ ပုဂ္ဂိုလ်များက အားကျကြ၏။ ချီးမွမ်းကြ၏။ မှန်သည်ဟု လက်ခံကြ၏။

ပါဠိဝေါဟာရဖြင့် ဆိုရလျှင် ထိုအမှန်မျိုးကို “ပါရိဘာသိကသစ္စာ” ဟူ၍ ဆိုရ၏။

ထိုပုဂ္ဂိုလ်မျိုး၍ ကိုယ်ကျင့်သိက္ခာဟူ၍ မည်မည်ရရ ဘာမျှမရှိ။

သို့ရာတွင် သူ၏ ဆောင်ရွက်ချက် ၊ သူ၏ခံယူချက်၊ သူ၏အမြင်တို့သည်
သူနှင့် စရိုက်တူ ဉာဉ်တူ နယ်ပယ်၍ “သစ္စာ” အဖြစ် ခံယူထားခြင်း ရှိသောကြောင့် ယင်းကို “သစ္စာ” စာရင်း၌ ထည့်သွင်းထားခြင်းဖြစ်၏။

၀ါဒရေးရာနှင့် ပတ်သက်လာလျှင်လည်း ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊
အရှင်းရှင်ဝါဒ ဖြစ်စေ၊ ဒီမိုကရေစီဝါဒ ဖြစ်စေ၊
ထိုဝါဒများကို သက်ဝင်ယုံကြည်ကြသူများသည် --

မိမိ၏ ကိုယ်ကျိုးတစ်ခုတည်းကိုသာ ရှေးရူ၍
မိမိထင်ပေါ်ရေး၊ မိမိကျော်ကြားရေးတွက် မျှော်မှန်းချက်ဖြစ့် ဆောင်ရွက်လျှင်--

သူ၏ ဆောင်ရွက်ချက် နှင့် သူ၏အမြင်သည် “ပါရိဘာသိကသစ္စာ” အုပ်စုဝင် အမှန်မျိုးသာဖြစ်၏။

 

ကောင်းသောကံကိုလုပ်လျှင် ကောင်းကျိုးခံစားရ၏။ မကောင်းသောကံကိုလုပ်လျှင် မကောင်းကျိုးကို ခံစားရ၏ ဟူသော နိယာမအရ

လိမ်ညာ၍ဖြစ်စေ ၊ ကောက်ကျစ်၍ဖြစ်စေ၊ အထက်အရာရှိကို ကပ်ပါးရပ်ပါးလုပ်၍ ဖြစ်စေ၊
မတော်မတရား လာဘ်စား၍ ဖြစ်စေ၊ ဓားပြတိုက်၍ဖြစ်စေ၊ ယုတ်စွအဆုံး ဖခင်ကိုပင် သတ်၍ ဖြစ်စေ

ရာထူးဂုဏ်သိန်တိုး၍ ပစ္စည်းဥစ္စာတို့ ပြည့်ဖြိုးပြီး လူတစ်လုံး သူတစ်လုံး ဖြစ်လာပါက
ထိုလူမျိုးကို “ကံ” ကောင်းသူများအဖြစ် မြင်ကြ၏။

ထိုသူများ၏ ဆောင်ရွက်ချက်၊ ထိုသူများ၏ ခံယူချက် ၊ ထိုသူများ၏ အမြင်တို့ကို “အမှန်” အဖြစ် မြင်ကြ၏။
ထိုအမြင်သည်လည်း မှန်သောအမြင်ပင်ဖြစ်၏။

ဒေသနာတော်အရ အပြစ်နှင့်ယှဉ်တွဲ၍ ဖြစ်ပေါ်ခဲ့သောဒါနကုသိုလ် “သာဝဇ္ဇဒါနကုသိုလ်” ကံသည် အကုသိုလ် လုပ်ငန်းနှင့် အကျိုးပေး၏။

အကုသိုလ်လုပ်ငန်းကို စွန့်လွတ် လိုက်သည်နှင့် တစ်ပြိုနက် ကြီးပွားချမ်းသာမှုလည်း လျော့ပါးသွား၏။

အကုသိုလ်ကလည်း ကုသိုလ်ကို သင့်လျော်သလို ထောက်ပံ့၏။ ထို့ကြောင့် ယင်းကို “သစ္စာ” စာရင်း၌ ထည့်သွင်းခြင်းဖြစ်၏။

ယင်းသစ္စာမျိုးကို “သဘာဝသစ္စာ” ဟူ၍ ခေါ်၏။

ယင်းသို့သော သဘာဝသစ္စာအရ ကျင့်သော ပုဂ္ဂိုလ်များသည် ကိုယ်ကျင့်သိက္ခာနှင့် မပြည့်စုံသူများ ဖြစ်ကြ၏။

အမှန်အားဖြင့် အကုသိုလ်၌လည်း ပျော်ရွှင်ဖွယ်ရှိ၏။ ကုသိုလ်၌လည်း ပျော်ရွှင်ဖွယ်ရှိ၏။ အဘိဓမ္မာ ဒေသနာ တော်အရ “ပျော်ရွှင်ဖွယ်” ဟူသည် “သုခဝေဒနာ” ၏ အမည်တည်း။

“သန့်စင်သောဒါနကုသိုလ်”

အပြစ်နှင့် လုံးဝမယှဉ်တွဲဘဲ သန့်စင်သော ဒါနကုသိုလ် “အနဝဇ္ဇဒါနကုသိုလ်” ၏ အကျိုးပေးကား အထူးဆိုဖွယ်ရာမရှိ။ ကောင်းကျိုးပေးမည်မှာ အမှန်ပင်ဖြစ်၏။

ထို့ကြောင့် ထိုသူတို့၏ ဆောင်ရွက်ချက် ထိုသူတို့၏ ခံယူချက် ထိုသူတို့၏ အမြင်တို့သည် အမှန် “သစ္စာ” တရားများ ဖြစ်ကြ၏။

ထိုသစ္စာတရားကို “သဘာဝသစ္စာ“ အုပ်စုတွင် ထည့်သွင်း၏။

ထိုသစ္စာတရားအရ လိုက်နာကျင့်သုံးသော ပုဂ္ဂိုလ်တို့တွင် ပါရမီမြောက်သော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူများ လည်း ပါဝင်နိုင်၏။ ပါရမီ မမြောက်သော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူများလည်း ပါဝင်နိုင်၏။

သို့ရာတွင် ဤသဘာဝသစ္စာကား “သာဝဇ္ဇဒါနကုသိုလ်” (အပြစ်နှင့်ယှဉ်တွဲ၍ ဖြစ်ပေါ်ခဲ့သောဒါနကုသိုလ်) ကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသော “သစ္စာ” မျိုးမဟုတ်၊ “အနဝဇ္ဇဒါနကုသိုလ်ကို” (အပြစ်နှင့် လုံးဝမယှဉ်တွဲဘဲ သန့်စင်သော ဒါနကုသိုလ)် အကြောင်းပြု၍ ဖြစ်ပေါ်လာသော သစ္စာမျိုးသာ ဖြစ်သဖြင့် တစ်ခုနှင့် တစ်ခု အချင်းချင်း မတူကြချေ။ နောက်သစ္စာက ပို၍မြင့်၏။

“အရိယသစ္စာ”

နောက်ဆုံးပိတ်သစ္စာကား “အရိယသစ္စာ” ဖြစ်၏။

ဤသစ္စာအရကျင့်လျှင် သြကာသလောကဖြစ်စေ၊ သတ္တလောကဖြစ်စေ၊ သင်္ခါရလောကဖြစ်စေ ၊ ဤလောက သုံးပါး၌ ဖြစ်သမျှ သက်ရှိသက်မဲ့ အရာဝတ္တုအားလုံးတို့သည် အမှန်တကယ်တမ်း အားဖြင့် နှစ်သက်စရာ၊ သာယာစရာ ဟူ၍ ဘာတစ်ခုမျှ မရှိ၊ ဒုက္ခ အစုအဝေးမျှသာ ဖြစ်ကြောင်း မြင်လာမည့်ဖြစ်၏။

ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၌--

“အကြင်သူသည် ရုပ်ကိုတောင့်တ၏။ ဝေဒနာကို တောင့်တ၏။ သညာကို တောင့်တ၏။ သင်္ခါရကို တောင့်တ၏။ ၀ိညာဉ်ကိုတောင့်တ၏။ ထိုသူသည် ဒုက္ခကို တောင့်တသည်မည်၏။”

ဟူ၍ ဟောတော်မူထားရာ လောကနှင့် ပတ်သက်သော ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာအားလုံးတို့ကို တောင့်တခြင်းသည် ဒုက္ခကို တောင့်တခြင်း မည်၏ ဟူ၍ အဘိဓဇမဟာရဋ္ဌဂုုရု တောင်လေးလုံး ဆရာတော်ကြီးက ဟောတော်မူ၏။

“ အမှန်အားဖြင့် အရိယသစ္စာအရ တကယ်တမ်း စစ်မှန်သော ချမ်းသာဟူသည် ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းဝတ္တုများ ၌မတည်၊ မှန်ကန်သော နှလုံးသွင်းနှင့် မှန်ကန်သောအသိ၊ မှန်ကန်သောသစ္စာ၊ မှန်ကန်သောအမြင်၌သာ တည်၏။ ထို့ကြောင့် ကျွနု်ပ်တို့သည် တကယ်တမ်း မှန်ကန်သော ချမ်းသာကို ရလိုပါဘျှင် မှန်ကန်သောအသိ၊ မှန်ကန်သောသစ္စာ၊ မှန်ကန်သောအမြင်ကို ရနိုင်အောင်ကြိုးစားအပ်ပါသည်။”

ထို့ကြောင့် ကျွန်ုပ်တို့သည် သမ္မုတိသစ္စာအရ လူလူချင်းဆက်ဆံကြရာတွင် ဆိုင်ရာဆိုင်ရာ သတ်မှန်ပြဋ္ဌာန်း ထားသော တရားဥပဒေများ၊ ဓလေ့ထုံးစံများ၊ ကျင့်ဝတ်များနှင့်အညီ လိုက်နာကျင့်သုံးကြရာ၌ တကယ့်ကို စိတ်ပါ လက်ပါ စေတာပါသော သဘောဖြင့် မြတ်စွာဘုရား ဟောတော်မူထားသည့်အတိုင်း--

“မြင့်မြတ်၍ ရခဲလှသော လူ့ဘဝ” ကို တန်းတူရည်တူ ရကြသူများ အချင်းချင်းအပေါ် ”အရိယသစ္စာ” ဘက်သို့ ဦးတည်သော ”ဒုတိယသဘာဝသစ္စာ” အမြင်ဖြင့် --

တကယ်ချစ်သော မေတ္တာ၊
တကယ်ကြင်နာသော ကရုဏာ၊
တကယ်ကြီးပွားစေလိုသော မုဒိတာ၊
ဘက်မလိုက်ဘဲ တကယ်မှန်မှန်ကန်ကန် ကျင့်ကြံစေလိုသော ဥပေက္ခာ

တို့အပေါ်အခြေခံ၍ ဆက်ဆံကြရမည်ဖြစ်၏။ ထိုကဲ့သို့ ဆက်ဆံနိုင်အောင်လည်း ၀ိုင်းဝန်းအားပေးရမည် ဖြစ်၏။

”အရိယသစ္စာ” ဘက်သို့ ဦးတည်ထားပါက ကျွနု်ပ်တို့သည် တပ်မက်ဖွယ်ကောင်းသော အာရုံများကိုလည်း သည်းခံလာနိုင်၏။ ထိုအခါ ကောင်း-မကောင်း အာရုံများကို လျစ်လျူရူနိုင်လာ၏။

ဤသဘောများကိုပင် ပါဠိဝေါဟာရဖြင့် နေက္ခမ္မပါရမီ၊ ခန္တီပါရမီ၊ ဥပေက္ခပါရမီ ဟူ၍ ခေါ်ရ၏။

ဤအမြင်ဖြင့် လောကကို ကြည့်သောအခါ တကယ်စစ်မှန်သော ချမ်းသာဟူသည် ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းများ ပြည့်စုံမှုအပေါ်၌ မတည်ဘဲ မှန်ကန်သောသစ္စာ၊ မှန်ကန်သောအမြင်၊ မှန်ကန်သော နှလုံးသွင်းပေါ်၌သာ တည်ကြောင်း လက်တွေ့မြင်လာ၏။ လက်တွေ့သိလာ၏။ သာသနာတော်၌လည်း “မှန်ကန်သောအသိ” သည် လူမင်းချမ်းသာ၊ နတ်မင်းချမ်းသာတို့ထက် သာလွန်သော ချမ်းသာဖြစ်ကြောင်းလာရှိပါ၏။

[ဆရာဦးရွှေအောင် (မဟာဝိဇ္ဇာ (သက္ကတ) ဝဋံသကာ နှင့် သိရောမဏိ ၏ ရေးသားသည့် “ဓမ္မပဒ - မမကဝဂ်” မှ ကောက်နုတ်ပူဇော်ပါသည်။]