ဆရာတော်၏ ဂုဏ်ကျေးဇူး စွမ်းရည်ထူးများကို မှတ်သားကြည်ညိုရသည်မှာ မကုန်ခန်းနိုင်၊ မဝနိုင်အောင် ရှိပါတော့သည်။ အဘိဉာဏ်ရကြောင်း ယုံမှား သံသယ ဖြစ်စရာမရှိ။ တိကျခိုင်လုံသော သက်ရှိသာဓကတွေများစွာ ရှိနေပေသည်။
သာသနာတော်၌ ဤသို့သော စွယ်စုံအာဇာနည် ဘုန်းကံပါရမီ ထူးပါသော အရိယာ အရှင်မြတ်ကို ရခဲ လှပါ၏။
ကမ္ဘာထုတ်ချင်း ဟင်းလင်းအပြင် ထိုးဖောက်သိမြင်တော်သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တစ်ပါး၏ စကားတစ်ခွန်းသည်လည် အဘယ်မျှ တန်ဖိုးကြီးမြတ်ကြောင်း နားလည်ထိုက်ပေသည်။
ဆရာတော် သာသနာပြုရာ၌ အများဆုံးအသုံးပြုသွားသည်မှာ မှာ (ကျွနု်ပ်တို့ဉာဏ်မီသမျှ) “စေတော ပရိယအင်အား” ပင်ဖြစ်သည်။ ပရစိတ္တဝိဇာနန ခေါ် သူတစ်ပါး စိတ်ကူးအကြံကို သိခြင်းပင်တည်း။
နောက်ပိုင်း အနှစ် ၂၀ တွင်မူ သိုသိုသိပ်သိပ် သုံးစွဲတော်မူသော်လည်း ထိုမှ ရှေ.ကာလကမူ အလွန် ပွင့်ပွင့်လင်းလင်းကြီး အသုံးချတော်မူလေသည်။
နောက်ပိုင်းကာလ၌ပင် တကယ့်ယုံကြည် အားကိုးမှုနှင့် ဆည်းကပ်သူဖြစ်လျှင် အရင်းအဖျားမရှိ ထို “စေတော ပရိယအင်အား” ကို အသုံးပြုကာ ပုဂ္ဂိုလ်တစ်ဦးချင်းအတွက်ကို ပင်လျှင် ကာယကံရှင် သိလောက်အောင်ချီးမြှောက်တော်မူသည်။
ရာသက်ပန် မမေ့နိုင်ကြပါ။ ထို့ကြောင့် သက်ဝင်ကြည်ညိုသူများအတွက် ပုန်းကွယ်ရာမရှိကြ။ သတိဝီရိယ ကြီးကြီး နှင့် ဆည်းကပ်ကြရပါသည်။
အတင်းပြောသည့်ဥပုသ်သည်
အနည်းငယ်ပြဆိုရသော် လွန်ခဲ့သော အနှစ် ၄၀ ကျော်ကဖြစ်သည်။
ယခု ကျော်ဆည်မြို. ကျောင်းဆရာမကြီးလည်းဟုတ် စာရေးဆရာမကြီးလည်း ဖြစ်သော ဒေါ်အုပ်န်း၏ ယောက္ခမ (ဦးဖေသန်း၏မိခင်) ဒေါ်စပ်သည် တစ်ခုသော ဥပုသ်နေပတွင် ဆွမ်းအုပ်ကို ရွက်၍ အဖော်များနှင့် ဝေဘူချောင်သို့လာရာ ဆရာတော်အနီးသို့ ရောက်လျှင် ဆရာတော်က အလျင်ရောက်နေနှင့်သော ၈ နှစ်အရွယ် မအုပ်း ကလေးအား--
“ဟဲ့--နင်တို့အဖွား ခေါင်းပေါ်က ဆွမ်းအုပ်ကို ကူပြီး ယူလိုက်ပါဟဲ့ ၊ သူ့ခမြာ ဥပုပ်စောင့် လာယင်း လမ်းမှာ အိမ်နီးချင်း အတင်းပြောလာရတာ မောနေရှာတယ်။” ဟု အမိန့်ရှိ၍ ဟုတ်မှန်နေသဖြင့် ဒေါ်စပ် မှာ အလွန်ရှက်ကြောင် ရိုသေသွားခဲ့လေသည်။ (ဒိဗ္ဗသောတ။)
စပ်တူ အုန်းထမင်း
ဆရာတော်၏ ဂုဏ်ကျေးဇူး ဂုဏ်သတင်းများကို အဆိုပါ ဒေါ်စပ်တို့ထံမှ ပြောသံကြားရသဖြင့် အိမ်နီးချင်း အဒေါ်ကြီးတစ်ဦးသည် ဒေါ်စပ်နှင့်အတူ ကျောင်းသို့ လိုက်ရန်စီစဉ်၏။
ဆရာတော်အား ကပ်လှူရန် ဒေါ်စပ်နှင့် အုန်းထမင်း အတူချက်၍ ကျောင်းသို့အလာ ဆရာတော်မှာ ဒေါ်စပ်နှင့်သာ ရင်းနှီးသဖြင့် အုန်းထမင်းကိုလည်း ဒေါ်စပ်ကောင်းမှုဟူ၍သာ ထင်မှတ်လေမည်ကို စိတ်ထဲတွင် ကြောင့်ကြနေမိ၏။
ကျောင်းရောက်၍ ဆွမ်းကပ်ကြသောအခါ -
“စပ်တူအုန်းထမင်းကလဲ ကောင်းပါ့ဗျာ” ဟု စကားမစပ် အမိန့်ရှိလိုက်ရာ ထိုအဒေါ်ကြီးမှာ ရှင်လဲရှက်၊ ကျေနပ်မှုလဲ ရသွားလေ၏။ (စေတောပရိယ။)
တော်စွာ့ရော်စွာ အလုပ်မဟုတ်ဘူးဗျာ့
၁၉၃၂ ခုနှစ် (လွန်ခဲ့သော ၄၅ နှစ်ခန့်) ကဖြစ်သည်။
ကျောက်ဆည်မြို. ဦးရွှေဘ ၊ ရှေ.နေကြီး ဦးစိန် နှင့် တရားမဝန်ထောက် ဦးစိန်ကွန်း တို့ ၃ ဦး တိုင်ပင်၍ ဝေဘူချောင်၌ ဒုလ္လဘရဟန်းပြုကြသည်။
ဆရာတော်ကား ထုံစံအတိုင်း ထွက်လေဝင်လေကို ဣရိယာပုတ်လေးပါးလုံး နေယင်းထိုင်ယင်း လုပ်ယင်းကိုယ်ယင်း မည်သည့်အချိန်၌မဆို အမြဲတရစပ် မှတ်သိနေဖို့ ညွှန်ကြားတော်မူ၏။
အထူးအထွေ အာရုံနိမိတ်ပေါ်လျှင် ၊ သို့မဟုတ် တစုံတစ်ခုလျှောက်ထားစရာရှိလျှင် အချိန်မရွေး လျှောက်ထားရန် ခွင့်ပြုထားသည်။
ယောဂီတိုင်းအားလည်း တစ်ဦးချင်း စစ်မေးပြီး ညွှန်ပြပေးတော်မူလေ့ရှိ၏။
ဦးပဥ္စင်းကြီး ၃ ပါးမှာ ၃ ရပ်ပင် ရှိသွားသော်လည်း တစ်စုံတရာမျှ လျှောက်ထားစရာမရှိ၍ ခပ်ကုတ်ကုန်ပင် နေကြရ၏။ ဆရာတော်ကို အတွေ့မခံရဲ။
စွမ်းအားရှိသမျှ ကြီးစား အားထုတ်ကြပါသော်လည်း တနေ့ တညလုံးတွင်မှ အလိုပ်ချိန် ၃ နာရီထက်မပို။
ရူမှတ်လျှင် အိပ်ပျော်သူက ပျော်သွား၏။
ခုလောက် ဒုလ္လဘဝတ်ရတာပဲ မနဲပါဘူးလေ ဟု ကျေနပ်နှစ်သိမ့်သူက နှစ်သိမ့်နေမိ၏။
၃ ရက်စေ့၍မှ တရားအစစ်ခံမလာကြသဖြင့် တညနေတွင် ဆရာတော်ကပင် ဦးပဥ္စင်းကြီးများ ရှိရာသို့ ကြွလာစစ်မေးတော်မူရသည်။
ပထမတစ်ပါး။ ။ တပည့်တော် သမာဓိ မရတတ်သေးပဲ ဖြစ်နေပါသေးတယ်ဘုရား။
ဆရာတော်။ ။ ဦးပဥ္စင်းကြီးများ၊ ဒီနေ့ပါဆိုယင် ၃ ရက်ရှိသွားပြီး။ နာရီအားဖြင့် ၇၂-နာရီပေါ့ဗျာ။ ဟုတ်လား----၊ တစ်နေ့ ၃ နာရီ၊ ၃ ရက်ဆိုတော့ ၉ နာရီပေါ့ ။ ၉ နာရီလောက်သာ အားထုတ်ပြီး ကျန်တဲ့ ၆၃ နာရီအချိန်တွေကို အလကားဖြုန်းပစ်တော့ သမာဓိက ဘယ်ရပါ့မလဲဗျာ့။ တော်စွာ့ရော်စွာ အလုပ်မဟုတ်ဘူးဗျာ့။ သေဘေးကြီးက တကယ်လွတ်မြောက်ချင်ယင် အဟုတ်လုပ်မှ ရတာဗျာ့။
ဒုတိယတစ်ပါး။ ။ တပည့်တော်ကတော့ တရားမှတ်လိုက်ယင် အိပ်ပျော်ပျော်သွားပါတယ်ဘုရား။ ဒါနဲ့ပဲ အားထုတ်လိုက်ရတယ် မရှိပဲ ဖြစ်နေပါတယ်ဘုရား။
ဆရာတော်။ ဆွမ်းတွေကို သိပ်စားတော့ ထိနမိဒ္ဓများတာပေါ့ဗျာ။ လျှော့စားပြီး စင်္ကြံလျှောက်၊ နိုင်အောင်လုပ်ရတယ်။ အိပ််ချင်တိုင်း အိပ်နေယင် တသံရာလုံး နိုးမှာ မဟုတ်တော့ဘူးဗျာ့။
တတိယတစ်ပါး။ ။ တပည့်တော်မှာ လူဝတ်နဲ့ နေတုန်းကမှ အာရုံနိမိတ်များရပါသေးတယ်ဘုရား၊ ယခုဖြင့် မရနိုင်အောင်ဖြစ်နေပါတယ်ဘုရား။
ဆရာတော်။ ။ အင်း---လူဝတ်နဲ့တုန်းကတော့ အပါယ်လေးပါး ဘေးကြီးကို ကြောက်သေးတာကိုးဗျာ့။ ခုတော့ ဘုရားအရေတော်ခြုံထားရလို့ “ငါတော့ အပါယ်တံခါးပိတ်ပြီ၊ ဒီလောက်ဆိုလဲ မဆိုးသေးပါဘူး” လို့ ထင်စားယုံမှား နေတာကိုးဗျာ့။
အသီးသီး ဤသို့စစ်ပေးပြီးနောက် တရားစကား အနည်းငယ်ဆက်၍ ဟောပြောပေးကာ အားပေးချီးမြှောက်စကား ဟောကြားဆုံးမပြီး ဆရာတော်ပြန်ကြွသွားလျှင် ဦးပဥ္စင်းကြီး ၃ ပါးမှာ တစ်ပါး မျက်နှာ တစ်ပါးကြည့်ကာ ပြုံးစိစိ ဖြစ်နေကြလေ၏။ (ဦးစိန်ကွန်း ကိုယ်တိုင် ဗုဒ္ဓဓမ္မလောကစာစောင် ၂၀-၄-၁၉၅၃ ၌ ရေးသားချက်။)
ယင်းသို့ စေတောပရိယ အင်အား ကို အသုံးပြု၍ ကမ္မဋ္ဌာန်းနည်းပေးခံရသည်မှာ--အလွန်ရခဲသော အခွင့်အရေးကြီးဖြစ်ပေသည်။
အခြားလောကီသက်သက်နည်းများဖြင့် သိနိုင်သည်လည်း ရှိပါ၏။ သို့ရာတွင် ပိုးစုန်းကြူး နှင့် လရောင်လောက် ခြားနားလေသည်။
ထိုဖြစ်ရပ်မျိုးမှာ ခရီးကြုံ လမ်းကြုံ ဆည်းကပ်ရခြင်းမျိုးမဟုတ်ပဲ သတ်သတ်မှတ်မှတ် လေးမြတ်ယုံကြည်စွာ ချည်းကပ်သူတိုင်း လိုလိုပင် ကို်ယ်တွေ့ကြုံကြရသည်။ ရေး၍မကုန်နိုင်ချေ။
ဣဒ္ဓိ၀ိဓ = တန်ခိုးဖန်ဆင်းမှု
အမြင် အသိ အကြားများအပြင် ဣဒ္ဓိ၀ိဓခေါ်တန်ခိုးဖန်ဆင်းနိုင်သော အင်အားမှာ သိပ္ပံထွန်းကားသော ဤခေတ်မျိုးတွင် အလွန်တန်ဘိုးရှိ၏။
ဆဋ္ဌဘိည ဂုဏ်ထူးပါသည့် ပုဂ္ဂိလ်များ၏ အရာသာဖြစ်သည်။ အဘိဉာဏ်အားလုံးကို ရသော ဆဋ္ဌဘိည ပုဂ္ဂိုလ်ထူးမျိုးမှာ အလွန်ရရှိဖြစ်ထွန်းခဲလှ၏။
မီးထဲက ကြာကဲ့သို့ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ပေါ်ခဲ့သော် ထိုတိုင်းပြည် ထိုလူမျိုးတစ်ခု ကွက်ကွက်ကလေး အတွက်သာမက စကြာဝဠာတခွင်လုံး အတွက်ပါ မှီခို အားထားရ၏။ ပို၌ ပါရမီ အင်အားကြီးမားသော အရှင်မြတ်များ ဖြစ်ခဲ့သော် စကြဝဠာ တစ်ထောင်ကိုပင် စိုးမိုးချယ်လှယ်၍ ကိုင်တွယ် ထိန်းချုပ်နိုင်လေသည်။
စျာန်တန်ခိုး၊ ဉာဏ်တန်ခိုး နှင့် ကံတန်ခိုး
သူတော်ကောင်းကြီးများ မည်မျှပင် ကယ်တင်နိုင်သော စွမ်းအင်တန်ခိုးကြီးမားစေ၊ ဒုစရိုက်လုံခြုံရုံမျှ ပင် ကိုယ်ခံမရှိသူများအတွက်ကား ဘာမျှမဆိုင်ချေ။
“ ဦးပဥ္စင်းကြီးများ ကောင်းအောင်နေကြဗျာ့။ လူတွေက အကောင်းကြိုက်တာ၊ ချမ်းသာချင်ကြတာ။ ဒါကြောင့် သူတို့အတွက် တဖက်က ကံကိုထူထောင်ပေးနေရသေးတယ်။ ဉာဏ်ကောင်းအောင် လုပ်ပေးလို့ မရသေးဘူး” ဟု မိန့်တော်မူကာ ဒါန သီလမှုများကိုလည်း တရစပ် ပူးတွဲ ထူထောင်ပေး တော်မူလေသည်။
စျာန်တန်ခိုး ဉာဏ်တန်ခိုးထက် ကံတန်ခိုးက ပို၍ အရေးကြီး၏။ လုပ်လို့ လွယ်ကူ၍ လူတိုင်းလည်း ရယူနိုင်သည်။ ဘုရားအစရှိသော သူတော်ကောင်းကြီးများကလည်း မြေလျှိုး မိုးပျံသော တန်ခိုးထက် ကံတန်ခိုးကိုသာ အားပေးတော်မူကြသည်။
တစ်နေ့သောအခါ ရွှေဘိုအောင်မြေကျောင်းတိုက် ဒကာမကြီး ဒေါ်စိန်လွင် အကြီးအကျယ် မမာမကျန်း ဖြစ်နေ၏။ အမျိုးမျိုးကုသသော်လည်း ရောဂါကား မရွေ.။ ဆရာတော်ကို လာလျှောက်၍ ပရိတ်ရေ ချီးမြှင့်လိုက်၏။ ရံခါ ထိုကိစ္စမျိုးအတွက် ပေါင်းသင်မြင်ရှင်း လမ်းခင်း လမ်းပြင် ခိုင်းလေ့ရှိသည်။ ကံသစ်ထောက်ကူ၍ ထူထောင်ပေးခြင်း ဖြစ်၏။
ဒေါ်စိန်လွင် ထူးထူးခြားခြား သိသိသာသာကြီး နေကောင်းလာ၍ ရွှေဘိုနိဗ္ဗာန်ဆော်တပည့်ရင်း ဦးတင်အောင် က ထိုအကြောင်း အားရဝမ်းသာ လျှောက်လာ၏။
ဖဆပလခေတ် ထိုအချိန်ကား တိုင်းပြည်၌ အရှေ.မြောက်တိုင်း အခြေအနေသည် အလွန် အရေးကြီးသော အခါဖြစ်သည်။ ပြည်ပ အန္တရာယ်ကြောင့် အထူးသဖြင့် ရှမ်းပြည်နယ်၌ ဒုက္ခဖြစ်နောကရရှာ၏။
လူမျိုးကညံ့လို့လား
ဦးတင်အောင်။ တပည့်တော်တို့ လူမျိုးကိုက ညံ့ပါတယ်ဘုရား။ သူများနိုင်ငံတွေများ လေယာဉ်ပျံတွေ ဒုံးပျံတွေ အနုမြူတွေ တောင်လုပ်နေကြတယ်။
ဆရာတော်။ ဟဲ့ ….လူမျိုးက ညံ့လို့မဟုတ်ဘူးဟဲ့ ၊ ဝီရိယနည်းကြလို့ ၊ ဘုရားစကား မယုံကြလို့။ ကို တို့လူမျိုးမှာ ကောင်းသထက် ကောင်းတာတွေ ရှိနေလို့ ဘာမဟုတ်တဲ့ ဥစ္စာလေးကို မလုပတ်တာ၊ နင်ဘာသိလို့လဲ။
ဦးတင်အောင်။ ဒါဖြင့် ဘုရား၊ အခု ရှမ်းတွေ ဆင်းရဲနေကြရရှာတယ်။ တပည့်တော် ကယ်လို့ရမလား၊ ကယ်စမ်းချင်ပါဘိဘုရား။
ဆရာတော်။ ဟဲ့---တင်အောင် (ဆရာတော်မှာ ဒကာကြီးဟုသာ ခေါ်လေ့ရှိရာ လူနာမည်ကိုမူ ထိုတပည့်တစ်ဦးကိုသာ ခေါ်သံကြားဘူး၏) နင်---ပန်းချီဆရာပဲ။ လက်နှီးစုပ်ကို နင်ကြိုက်တဲ့ ဆေးရောင် ဆိုးကြည့်စမ်း၊ ရပါ့မလား၊ အဲ---နင့်ကိုယ်တိုင်က ချေးကို အယင်ချွတ်ဦး၊ ပြီးတော့ သူတို့ကိုလဲ ချွတ်ပေး။ အဲဒီတော့မှနင်က သူတို့ကို “ချမ်းသာပါစေ” လိုလုပ်။
အခုနင် ကျောင်းအမကြီး (ဒေါ်စိန်လွင်) နေကောင်းသွားတာ အံ့သြပြီး လျှောက်တွေးနေတာ မဟုတ်လား၊ တွေးရုံတွေးနေတာ၊ သိယင် သိသလောက်လုပ်တာမှ မဟုတ်ပဲ။
“တို့ဘုရားသာသနာက နေပူအောင် လုပ်လို့လဲရတယ်၊ မိုးရွာအောင် လုပ်လို့လဲရတယ်။ လူလာအောင် လုပ်လို့လဲရတယ်။ လူမလာအောင် လုပ်လို့လဲရတယ်။ မင်းတို့ ဘုရားကြည်ညိုတာက မတည့်တဲ့ သူငယ်ချင်း အိမ်လာလည်သလောက်မှ မကြည်ညိုကြလို့ မင်းတို့မှာ ဘာအကျိုးထူးမှ မခံစားရဘူး”
“မတည့်တဲ့ သူငယ်ချင်းလာလို့ ကိုယ်ကမခေါ်ချင်တောင်မှ စားချိန်ကျယင် မင်းဒကာမကိုတော့ ဟိုဟောင်ကို ထမင်းကျွေးလိုက်ဆိုပြီးခိုင်းမယ်။ စားပြီးလဲ ဟိုဟာတွေ သိမ်းတော့၊ဆေးတော့လို့ ပြောမယ်၊
ခုမင်းတို့ဟာက ဘုရားမှန်မှန် ဆွမ်းမကပ်ဘူး။ ကပ်ပြီးလဲ ဆွမ်းတော်ပွဲကို တနေကုန် ပစ်ထားတာ မဟုတ်လား။
“ဘုရားကိုသာ တကယ့်အသက်ထင်ရှား ရှိတဲ့ ပုဂ္ဂိုလ်လို သဘောထားပြီး လုပ်ယင် မင်းတို့ ဒီလောက် ဒုက္ခမရောက်ဘူး။ သူများကို မကယ်ချင်ပါနဲ့ဦး။ ကိုယ့်ကိုယ်ကို အယင်ကယ်ပါဦး”
ယခုအခါ သီလတန်ခိုး၊ မေတ္တာတန်ခိုး၊ ပရိတ်တန်ခိုး၊ ဂုဏ်တော်တန်ခိုးမျှ လောက်ကိုပင် မယုံနိုင်သူက များ၍ သာမညမျက်လှည့်သာသာ တန်ခိုးကိုလည်း အကြီးအကျယ်ထင်သူကထင်နေကြပြန် သဖြင့် သာသနာတော်၏ တန်ခိုးကို ပြောရသည်မှာ ခက်ခဲလှပါသည်။
(ဆရာကြီး ဓမ္မာစရိယ ဦးဌေးလှိုင်၏ ရဟန်းတာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်မှ ကောက်နုတ်ပူဇော် ဖော်ပြခြင်း ဖြစ်ပါသည်။)