ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။
အသောကံ ၀ိရဇံ ခေမံ ၊ ဧတံ မင်္ဂလာ မုတ္တမံ။

ဒေဝပုတ္တ၊ နတ်သား။ လောကဓမ္မေဟိ ၊ လောကဓံတရားတို့နှင့်။
ဖုဋ္ဌဿ၊ တွေ့ကြုံရသော။ ယဿ၊ အကြင်ပုဂ္ဂိုလ်၏။
စိတ္တံ ၊ စိတ်သည်။ နကမ္ပတိ ၊ မတုန်လှုပ်။
အသောကံ၊ စိုးရိမ်ပူဆွေးခြင်းလည်းမရှိ။
၀ိရဇံ ၊ ရာဂစသောမြူလည်းမရှိ။ ခေမံ ၊ ဘေးလည်းမရှိ။
ဧတံ ၊ ဤလေးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။
မင်္ဂလံ ၊ မင်္ဂလာပေတည်း

စကားပြေ--နတ်သား - လောကဓံတရားတို့နှင့် တွေ့ကြုံရသော ပုဂ္ဂိုလ်၏ စိတ် မတုန်လှုပ်ခြင်း၊ စိုးရိမ်ပူဆွေမှု မရှိခြင်း၊ ရာဂစသော မြူမရှိခြင်း၊ ဘေးရန်ကင်းခြင်း၊ ဤလေးပါးမှာ ကောင်းမြတ်သော မင်္ဂလာပင်။

လောကဓံတရား

(၁) လာဘ = လာဘ်ရခြင်း။
(၂) အလာဘ = လာဘ်မရခြင်း။
(၃) ယသ = အခြွေအရံပေါများခြင်း။
(၄) အယသ = အခြွေအရံမရှိခြင်း။
(၅) နိန္ဒာ = ကဲ့ရဲ.ခံရခြင်း။
(၆) ပသံသာ = ချီးမွမ်းခံရခြင်း။
(၇) သုခ = ချမ်းသာခြင်း။
(၈) ဒုက္ခ = ဆင်းရဲခြင်း တို့ကားလောကဓံများတည်း။

ဤတရား (၈) ပါးမှာ တစ်လှည့်စီ ဖြစ်လေ့ရှိ၏။ လောက၌ နေရသူမှန်လျှင် အမှန်ပင် တွေ့ကြုံရမည့် သဘောများဖြစ်၍ လောကဓံ ဆို၏။

ဘုရားသော်မှ မလွတ်ကင်း ။

ဘုရားရှင်မှာ တစ်ခါတရံ မကုန်နိုင်မခန်းနိုင် အတိုင်းမသိအောင် ပစ္စည်းလေးပါး ပေါများလှသော်လည်း၊ တစ်ခါတစ်ရံမူ ရှားရှားပါးပါး အဖြစ်နှင့် ကြုံရ၏။ ဝေရဥ္ဇာပြည်၌ ၀ါကပ်စဉ် မုယောဆွမ်းကြမ်း ကို ဘုဉ်းပေးရ၏။

တစ်ခါက ဧကနာဠပုဏ္ဏားရွာ၌ ဆွမ်းခံစဉ် လူတွေအား မာရ်နတ်လှည့်ဖြားထားမှုကြောင့် ဆွမ်းလောင်းရန် အမှတ်မရဖြစ်ရာ သပိတ်ချည်း သက်သက်ဖြင့် ထွက်ခွာတော်မူခဲ့ရ၏။

နတ်လူဗြဟ္မာတို့၏ အတုမဲ့ ချီးမွမ်းသံကို ခံယူရသော်လည်း စိဥ္ဇမာဏဝိကာ စွပ်စွဲခြင်း၊ သုန္ဒရီပရိဗိုဇ်မ စွပ်စွဲခြင်း စသည်ကို အကြောင်းပြု၍ မလိုလားသူများ ကဲ့ရဲ.မှုကိုလည်း ခံတော်မူရ၏။

ဖလသမာပတ်ချမ်းသာ၊ နိရောဓသမာပတ်ချမ်းသာ ဟူသော ချမ်းသာအတိနှင့် ကြုံရသော ရှင်တော်မြတ်မှာ တစ်ရံတစ်ခါ ခါးတော်နာခြင်း ၊ ဝမ်းတော်လားခြင်း စသော ဒုက္ခနှင့် ကြုံတော်မူ ရ၏။

ဘုရားသော်မှ တွေ့ကြုံရသော ထိုသဘောများမှာ ဘယ်သူမဆို ကြုံရမည်သာဖြစ်သောကြောင့် “လေကဿ ဓမ္မာ လောကဓမ္မာ” လောက၏ တရား၊ လောကရှိနေသမျှ ဆုတ်ဖယ်ရောင်သွားခြင်း မရှိ ဖြစ်နေမည့် တရားများ ဟုဆိုရ၏။

ဤ၌ လောကဓံကြောင့် မတုန်လှုပ်ခြင်းကို ရဟန္တာ၏ စိတ်သာ၊ တခြားသူ၏ စိတ်မဟုတ်ဟု အဋ္ဌကထာဖွင့်၏။

အကောင်းဆုံး အပြည့်စုံဆုံး မတုန်လှုပ်မှုကို ယူလို၍ ဥက္ကဋ္ဌနိဒ္ဒေသနည်းအရ ဖွင့်ခြင်းဖြစ်သည်။

ရဟန္တာအရှင်မြတ်တို့မှာ ဣဋ္ဌာရုံ ၊ အနိဋ္ဌာရုံ ကြုံတွေ့သောအခါ ဣဋ္ဌ ကို အနိဋ္ဌ အဖြစ်၊ အနိဋ္ဌကို ဣဋ္ဌ အဖြစ် မိမိလိုသလို ပြောင်းလွဲရူနိုင်အောင် စိတ်ကိုအစိုးရသည့် တာဒိဂုဏ်နှင့် ပြည့်စုံကြသည် ဖြစ်ရာ ကျောက်တောင်ကြီးသည် လေတို့ကြောင့် မလှုပ်ရှားသကဲ့သို့ ထို့အတူ ကဲ့ရဲ.ခြင်း၊ ချီးမွမ်းခြင်း တို့ကြောင့် လှုပ်ရှားခြင်းမရှိသောပညာရှိသူများအဖြစ် ဘုရားရှင်၏ ချီးကျူးခံခဲ့ရ၏။

ရဟန္တာမှတစ်ပါး အခြားအရိယာ ပုထုဇဉ်မာျး၌လည်း ဒုတိယ ထိုက်သင့်သလောက် ရနိုင်သည်သာ ဖြစ်၏။

(ကျေးဇူးရှင် သပြေကန်ဆရာတော်ဘုရားကြီး၏၊ ပရိတ်ကြီးနိဿသစ်မှ ကောက်နုတ် ပူဇော် အပ်ပါသည်။)

(ဗြဟ္မဝိဟာရ မေတ္တာဝါဒ၊ အရိယာဆရာတော်ကြီးများ၏ မေတ္တာ စွမ်းအင် အကြောင်း အခန်းဆက် ရေးနေရင်းက နေမကောင်းဖြစ်သဖြင့် ဆက်မရေးနိုင်ပဲ ခေတ္တနားကာ တရားနှလုံးသွင်းနေစဉ် နှလုံးသွင်းမိသမျှ တရားဒေသနာကို ကြားဖြတ် မျှဝေအပ်ပါသည်---)