“မသိလျှင် ငြိမ်ငြိမ်နေ ၊ သိအောင်လုပ် ၊ ကိုယ် နှုတ် စိတ် မဆော့နှင့်”

မသိလျှင် သိအောင်လုပ်၊ မသိပဲနှင့် လက်ဆော့လျှင် ဆင်းရဲတတ်သည်။ မသိပဲနှင့် ပါးစပ်ဆော့လျှင် ဆင်းရဲတတ်သည်။ မသိပဲနှင့် စိတ်ဆော့လျှင် ဆင်းရဲတတ်သည်။ မဆင်းရဲချင်လျှင် ငြိမ်ငြိမ်နေ၍ သိအောင်ကြိုးစားလေ
(စွန်းလွန်းဆရာတော်ဘုရားကြီး၏ ဆုံမစကား)

စွန်းလွန်းဆရာတောအား ရဟန္တာဟုတ်မဟုတ် အကြမ်းဖျင်းအားဖြင့် စမ်းသပ်သူများလည်း ပေါ်ပေါက်ခဲ့ဖူး ကြောင်း သိရှိရပါသည်။

ဆရာတော်ကြွစဉ် နောက်မှနေ၍ ပေထုပ်(ဗျောက်အိုး) ဖောက်ခွဲခြင်း, အလှူတစ်ခု၌ ဘိလပ်ရည်တွင် အရက်နှင့်ရော၍ တိုက်ရာ၌ ပါးစပ်ထဲသို့ ဝင်သွားသော်လည်း အရက်သတ္တိ ပျက်ပြယ်သွားသည်ဟု ဦးကဝိ မိန့်၏။

တစ်ခါကမူ ခရီးသွားစဉ် ဆရာတော်နှင့် ရင်ဆိုင် မြင်းလှည်းတစ်စီး အရှိန်ပြင်းစွာ မောင်းနှင်လာ၏။ ဆရာတော်ကား မတုန်လှုပ်။ မြင်းလှည်းသာလျှင် အနီးသို့အရောက် ဒလိမ့်ခေါက်ကွေး တိမ်းမှောက်သွား၏။ အကြမ်းစမ်းသပ်သူများ ဒုက္ခရောက်သွားကြသတတ်။ တရားထူးရမှုနှင့်စပ်၍ မည်သူ့ကိုမျှ မည်သည့်အဆင့်ဟု မိန့်တော်မမူ။ သူဟုတ်ရင် ဟုတ်လိမ့်မည်ဟုသာ မိန့်လေ့ရှိသည်။

စွန်းလွန်းဆရာတော်ဦးကဝိ ရဟန္တာအရှင်မြတ်ကြီးသည် ငယ်စဉ်ကာလ ကိူကျော်ဒင် ဘဝက အိမ်ထောင်ကျခဲ့သော မရွှေရီဆိုသူ၏ ဇာတ်လမ်းကလေးမှာလည်း အလွန်စိတ်ဝင်စားဖွယ်ရာ ဖြစ်ပါသည်။

ကိုကျော်ဒင် တစ်ဖြစ်လဲ ဦးကဝိဘဝမှတစ်ဆင့် ရဟန္တာအရှင်မြတ်ကြီး ဖြစ်တော်မူသော မြင်းခြံ စွန်းလွန်းဆရာတော်ဘုရားကြီး တရားထူးတရားမြတ် ရတော်မူသောအခါ ယခင်က လမ်းညွှန် ပြုခဲ့သော လမ်းညွန်ဆရာဦးစံတင်သည်လည်း မောင်ရင်ပေါ်ချောက်၌ ကျောင်းဆောက်ပြီး လျှင် ရဟန်းဝတ်ခဲ့လေသည်။ ထိုအခါ ဇနီးဟောင်းဖြစ်ခဲ့သော မရွှေရီ၏ ကြေကွဲဖွယ်ရာ ဇာတ်သိမ်းခန်း လေးကို အောက်ပါအတိုင်း ဖတ်ရှုခဲ့ရပါသည်။

ဒေါ်ရွှေရီလည်း တရားများအားထုတ်နေ၏။ ဒေါ်ရွှေရီသည် ကာလကြာသောအခါ ကပ္ပိယဦးပြောင်းနှင့် အိမ်ထောင်ကျသည်။ နောက်ကွယ်လွန်သောအခါ ပြိတ္တာဘဝသို့ရောက်နေသဖြင့် ဆရာတော် ဟောချွတ် တော်မူရသည်ဟု သိရပါသည်။
------------------

“ဝေဘူဆရာတော်ဘုရားကြီး၏ ကြုံးဝါးသံ--သီဟနာဒ”

သီလ မေတ္တာအခြေခံသော သူတော်ကောင်းတို့၏ အင်အားသည် ကြီးမားလှပေ၏။ ဝေဘူဆရာတော် ၏ ကျေးဇူးဂုဏ် နှင့် စွမ်းအင်သတ္တိအချို.ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

၁၃၁၄ ခုနှစ်၊ သီတင်းကျွတ် လပြည့်ကျော် ဂ ရက်နေ့က အဖြစ်အပျက်တစ်ရပ်ဖြစ်၏။

ထိုအချိန်ကား ဆရာတော် ကျော်ကြားခါစ သက်တော် ၅၆ နှစ်မျှသာ ရှိသေး၏။ ဝေဘူချောင်၌ အဆောက်အအုံများ ခမ်းခမ်းနားနားမရှိသေးချေ။
ထိုနေ့ညနေတွင် ဆရာတော်အား ဖူးမျှော်ရန် ရပ်ဝေးမှ လာသော လူ ၃၀၀ ခန့် စုဝေးမိလျက် သားဖြစ်နေ၏။ ဆရာတော်မှာ မိတ္ထီလာမြို.သို့ ကြွနေခိုက်ဖြစ်၍ အဝေးမှလာသော ဒကာ ဒကာမများ ငံ့လင့်နေကြရသည်။

ထိုပရိသတ်အတွင်း တောင်ငူမြို.မှ သစ်တောအရေးပိုင် ဦးလှမောင် နှင့် သစ်တောစာရေးကြီး ဦးလှမောင် (ယခု ဦးပဥ္စင်းဝိရိယ) တို့လည်းတရားအားထုတ်ရန် ရောက်ရှိနေကြ၏။ ရောက်စနေ့ဖြစ်၍ မဖူးတွေ့ရဘူးသေး။
မိတ္ထီလာမှ ကြွလာသောအခါ ရောက်လျှင်ရောက်ချင်း ငံ့လင့်နေသော ပရိသတ်ကြီးအား ထုံးစံအတိုင်း သီလပေးပြီး ငါးမိနစ်ခန့် တရားစကား အနည်းငယ်ပြောဟော တိုက်တွန်းသည်။

တရားစကား ရပ်သွားပြီး ဆရာတော် ငြိမ်သက်စွာ အနားယူ (တရားနှလုံးသွင်း) နေသော်လည်း ပရိသတ်ကြီး မှာ ထပြန်သွားသူမရှိ။ မတုန်မလှုပ် ငြိမ်သက်စွာပင် ကြည်ညိုနေကြ၏။

“ဒီကနေ့ရပ်ဟေ့ လို့ဆိုယင် ရပ်ရမယ်”

ထိုအချိန်၌ ဆရာတော်သည် တစ်ခုနှင့်တစ်ခု စကား အဆက်အစပ်မရှိ ၊ စကား ပလ္လင်ခံလည်း မပါသော စကားဝါကျ သုံးခွန်းကို ထူးထူးခြားခြား မိန့်တော်မူရာ တစ်ဝါကျ နှင့် တစ်ဝါကျ ကြားတွင် လည်း အတန်ကြာ ရပ်ဆိုင်း၍ မိန့်တော်မူသည်။
ပရိသတ်ကြီးမှာ အကြောင်းမည်သို့ဟု မသိ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အံ့အား သင်နေကြ၏။

ဆရာတော်မိန့်ကြားသော စကားများမှာ--

“ ဒို့က ရှာပါ ၊ ဖွေပါ ၊ အကုန်ပြ နိုင်တယ်၊ ဒို့များဟာ ဘုရားအဆုံးအမ အတိုင်း နေတဲ့ တောထဲက ရဟန်း တွေပါ” (စကားရပ်သွားပြန်၏။)

“ယခု မင်းလုပ်နေတဲ့သူတွေဟာ တိုင်းသူပြည်သားတွေကို ဆင်းရဲအောင် လုပ်နေတယ်၊ ဒါ့ကြောင့် ဘုရားရှင် သာသနာတော်လဲ ညှိုးနွမ်းရတယ်၊ တိုင်းသူပြည်သားတွေ ချမ်းသာယင် သာသနာလဲ ထွန်းတောက်မှာ အမှန်ပဲ”
(စကားရပ်သွာပြန်၏။ နိုင်ငံရေးအစိုးရခေတ်ကို ရည်ညွှန်း၍ မိန့်ဆိုခြင်းဖြစ်သည်။)

“ထို့ပြင် ဒီနိုင်ငံကို အနီးအနား နိုင်ငံကြီးတွေက ဘာကြီးနဲ့ ပစ်လိုက်မယ်၊ ဘာကြီးနဲ့ ကြဲလိုက်မယ် စသည် အားဖြင့် ခြိမ်းခြောက်နေကြတယ်” ။

“နိဗ္ဗာန် မဂ်ဖိုလ် ရရာရကြောင်း သူတော်ကောင်းတရားကို ကျင့်ကြံရတာ ခက်သလောက် လောကီအလုပ်ဟာ အင်မတန်လွယ်ပါတယ်”။

“ဘယ်လောက် လွယ်သလဲဆိုယင် (လက်ညှိုးကိုပင် ထောင်ပြ၍) ဒို့များက “ဒီကနေ့ ရပ်ဟေ့ လို့ဆိုယင် ရပ်ရမယ်”

(စကားများ မူရင်းအတိုင်း၊ တောင်ငူ ဦးပဥ္စင်းကြီး ဦးဝီရိယ အမိန့်ရှိချက်။)

ထိုအချိန်ကား အထူးသဖြင့် ဆရာတော် ကျော်ကြားခါစ ရှိသေး၍ အုပ်ချုပ်ရေးတာဝန်အရ စုံစမ်းထောက်လှမ်းသူများ ပရိသတ်ထဲ၌ ရှိနေဟန်တူလေသည်။ နိုင်ငံရေးအရ အရှေ.မြောက်တိုင်း အခြေအနေ (ကေ၊တီ၊အမ်၊ တရုတ်ဖြူကျူးကျော်မှုကိစ္စ) အရေးကိစ္စမှာလည်း အလွန်ရူပ်ထွေး နေချိန်ဖြစ်သည်။

အမျိုးဘာသာ သာသနာအတွက် သူတော်ကောင်းကြီးများ ကြောင့်ကြမဲ့ မနေနိုင်ပုံ ၊ သတ္တဝါအများက မသိသော်လည်း (အသိပေးရန်ပင်မလိုသော်လည်း) သတ္တဝါအများ ချမ်းသာရေးအတွက် စွမ်းအား ရှိသမျှ မနေမနား ဆောင်ရွက်တော်မူနေပုံ၊ ထိုအထဲ အလိုက်ကမ်းဆိုး မသိသူများကြောင့် အနှောင့်အယှက် ဖြစ်ရပုံ စသည်များကို အပွင့်လင်းဆုံး မိန့်တော်မူဟန်တူလေသည်။

ဆက်ရန်-

(ဆရာကြီး ဓမ္မာစရိယ ဦးဌေးလှိုင်၏ မေတ္တာဝါဒ [ ဗြဟ္မဝိဟာရအဖွင့် ] စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)