မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ ဂုဏ်တော်တစ်ပါးဖြစ်သည့် ၀ိဇ္ဖာစရဏ သမ္ပန္နဂုဏ်တော် တွင် ဘုရားသခင် ဖြည့်ကျင့် ခဲ့သော စရဏ (၁၅) ပါးကို သပြေကန်ဆရာတော်ဘုရားကြီးက အောက်ပါအတိုင်း ရှင်းလင်းရေးသားထားကြောင်း မျှဝေအပ်ပါသည်။
“၀ိဇ္ဇာစရဏသမ္ပန္နအဖွင့်”
၀ိဇ္ဇာဟူသည် ဉာဏ်ပညာအလင်းတည်း။
ဘုရားရှင်သည် ဘုရားဖြစ်မည်နေ့ ညဉ့်ဦးယာမ်၌ ပုဗ္ဗေနိ၀ါသဉာဏ်ကို ရတော်မူ၏။
ဤဉာဏ်ဖြင့် ရှေးအတိတ်က ဖြစ်ခဲ့ဖူးသော ဘဝခန္ဓာပေါင်းများစွာတို့ကို သိတော်မူ၏။
သန်းခေါင်ယာမ်၌ ဒိဗ္ဗစက္ခုကို ရတော်မူ၏။
ဤဉာဏ်ဖြင့် အဝေးကအာရုံ၊ သေးငယ်သောအာရုံ ၊ သတ္တဝါအစုံ စသည်တို့ကို သိတော်မူ၏။
မိုးသောက်ယာမ်၌ အာသဝက္ခယဉာဏ် ရတော်မူ၏။
ဤဉာဏ်ကား ကိလေသာတို့ကို ကုန်စေတတ်သော အရဟတ္တမဂ်ဉာဏ်တည်း။
“ပု ၊ ဒိ ၊ အာ ” ဟု မှတ်သားအပ်သော ဤဉာဏ်သုံးပါးကို ၀ိဇ္ဇာ သုံးပါးဆိုသည်။
(ဤဉာဏ်သုံးပါးနှင့်တကွ ၀ိဇ္ဇာရှစ်ပါးဟု တစ်မျိုးရှိသေး၏။ ထိုထို ဂုဏ်တော်ဖွင့်များ၌ကြည့်ပါ။
“စရဏကြောင့် ၀ိဇ္ဇာရ”
အရိယာတို့သည် ပဋိပတ်နှင့် ကင်း၍ မဂ်ဖိုလ်ရသည်မဟုတ်။
သီလ သမာဒိ ပညာ သိက္ခာအကျင့်များဖြင့် မဂ်ဖိုလ်ရသကဲ့သို့ ဘုရားရှင်လည်း၊ အကျင့်ပဋိပတ်ဖြင့် ဆိုခဲ့ပြီးသော ၀ိဇ္ဇာများကိုရရာ ထိုကျင့်များကို စရဏ (=မဂ်ရောက်ကြောင်း နိဗ္ဗာန်ရောက်ကြောင်း အကျင့်) ဟုဆိုရသည်။
ဘုရားရှင်၏ ၀ိဇ္ဇာဉာဏ်များက သဗ္ဗညုတဉာဏ် ကိုပြည့်စုံအောင်ပြုပေး၏။ မှန်၏ ၊
အာသဝက္ခယခေါ် အရဟတ္တမဂ်ဉာဏ် မရဘဲ သဗ္ဗညုတဉာဏ်မရနိုင်။
ထို ဉာဏ် ရမှ သဗ္ဗညုတဉာဏ်ရ၍ ၀ိဇ္ဇာက သဗ္ဗညုတဉာဏ်ကို ပြည့်စုံစေသည်ဟု ဆိုရ၏။
စရဏ တရားများကား မဟာဂရုဏာကို ပြည့်စုံစေသည်။
ဘုရားရှင်၏ စရဏတရားများ၌ ကရုဏာဘာဝနစျန်လည်း ပါရာ ဘုရားဖြစ်သောအခါ စရဏ တရားများ အကောင်းဆုံး အထွတ် အထိပ် ရောက်သကဲ့သို့ ကရုဏာလည်း မဟာကရုဏာ (=အလွန် ကြီးမြတ်သော ကရုဏာ) အဖြစ်သို့ ရောက်လေသည်။
စရဏ (၁၅) ပါး---
(၁) သီလစောင့်လေ၊ (၂) ဣန္ဒြေ ထိန်းရ ၊ (၃) အာဟာရမှာ၊ တိုင်းတာကိုသိ၊ (၄) နိုးကြားရှိလျက် ၊ (၅) ဟိရီ ၊ (၆) သြတပ္ပ ၊ (၇) သုတ (၈) ပညာ (၉) သဒ္ဓါ ၊ (၁၀) သတိ ၊ (၁၁) ဝီရိယစု ၊ (၁၂) (၁၃) (၁၄) (၁၅) ပ ဒု စ စျာန်လေးဝ ၊ စရဏ တစ်ဆယ့်ငါး ။
လောက၌ အသိဉာဏ်သာရှိ၍ အကျင့်တရား မရှိသောသူမှာ သူတကာ တရားမဲ့ပြနေလျှင် သနားစောင့်ရှောက်ရမှန်းမသိ။ ကယ်တင်ရန် နားမလည်တတ်။
အသိဉာဏ်ပါ မရှိမူကား၊ ဆိုဖွယ်ရာမရှိတော့ပေ။
အသိဉာဏ်ဝိဇ္ဇာ၊ အကျင့်စရဏရှိသူကား မိမိက တရားရှိသူဖြစ်ရာ သူတပါး အကျိုးမဲ့ပြုနေလျှင် သနားတတ်၊ ထိုအကျိုးမဲ့မှ ကယ်တင်ကာ အကျိုးရှိအောင် စောင့်ရှောက်ပြုပြင် တတ်၏။
ထို့ကြောင့် ထိုပုဂ္ဂိုလ်မျိုး၏ တပည့်များမှာ တပည့်ကောင်းတွေဖြစ်တတ်၏။
ဤကား ၀ိဇ္ဇာ စရဏ ပြည့်စုံသူတို့၏ ဓမ္မတာတည်း။
အကောင်းဆုံး ၀ိဇ္ဇာ စရဏရှင် ဘုရားမြတ်ကား၊ သဗ္ဗညုတဉာဏ်တော်ကြီးဖြင့် အကျိုးမဲ့၊ အကျိုးရှိ သိတော်မူ၍ မဟာကရုဏာတော်ဖြင့် သတ္တဝါတို့ကို အကျိုးမဲမှ ကယ်တင်၍ အကျိုးရှိရာသို့ အနည်းနည်းဖြင့် ပို့ပေးခဲ့ရာ မကောင်းသော တပည့်ဟု မရှိလှ။ ကောင်းစွာကျင့်သော တပည့်များသာ ဖြစ်ရာ လက်ထက်တော်အခါက အရိယာများမှာ “နှစ်ဆယ့်လေးသချေင်္ ကုဋေခြောက်ဆယ် ဗိုလ်ခြေတစ်သိန်း” ဟု ပြောစမှတ်ပြုခဲ့ကြသည်။
(ဤအရေအတွက်သည် သောတ္ထကီကျမ်း၏ အဆိုဖြစ်သည်။ နှစ်ဆယ့်လေးဌာန တို့၌ အသချေင်္ယျ၊ အပရိမေယျ နတ်လူတို့ မဂ်ဖိုလ်အမြိုက် သောက်ကြ ကုန်ပြီ။
ကုဋေတစ်သိန်းစသော အတိုင်းအရှည် အားဖြင့်လည်း များကုန်သည် သာတည်းဟု သီလက္ခန်ဋီကာဟောင်း ၃၁၇ နှင့် ဋီကာသစ် ၂၂၉၁ တို့၌ ဆိုသည်။)
ရှေးယခင်က ပလ္လင်တော်၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်က မိခင်ကြီးနှင့် အတူ ရောက်ခဲ့စဉ်က ဖူးခဲ့ရသည့် ပလ္လင်တော်၊ မကြာသေးခင် က မိသားစု နှင့် အတူ တတိယအကြိမ်ရောက်စဉ်က ဖူးခဲ့ရသည့် ပလ္လင်တော်