သံသရာ ဒုက္ခဝဋ်က လွတ်မြောက်စေနိုင်တဲ့ နည်းလမ်းကို
လိုရင်းအချုပ်ပြောပြမယ်။”

လွယ်ပါတယ်။

သာသနာလို့ ဆိုတာက အဓိသီလ ၊ အဓိစိတ္တ ၊ အဓိပညာ ဒီသုံးပါးကို ခေါ်ဆိုခြင်း ဖြစ်တယ်။ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင် ရှစ်ပါး လမ်းစဉ် ဆိုတာလဲ ဒီသုံးပါးပါပဲ။

အဲဒီ သိက္ခာသုံးပါးမှာ သီလသိက္ခာပုဒ် ဆောက်တည်ပြီးနောက် ကာယကံ သောင်းကျန်းမှု (ကာယ ဒုစရိုက် ၃ ပါး) ၊ ဝစီကံ သောင်းကျန်းမှု (ဝစီဒုစရိုက် ၄ ပါး) မရှိအောင်နေပါ။

ဒါဆိုရင် အဓိသီလ လုံခြုံပြီလို့မှတ်ပါ။

အဲသလို လုံခြုံနေပြီဆိုလျှင် “ငါ ယခု အဓိသီလနှင့် ပြည့်စုံနေပြီ” လို့ သိနေရမယ်။

သိလျှင်ဝမ်းမြောက်ကြည်နူးတဲ့ စိတ်တွေဖြစ်လာမယ်။

နေရထိုင်ရတာ အလိုလို ပျော်မွေ့ ချမ်းသာလာမယ်။

ပထမအဆင့် အောင်ပြီမှတ်။

ဒီအဓိသီလ ပြည့်စုံထးတဲ့သူဟာ အာနာပါန စသည်ကို လေ့ကျင့်ထူထောင်လိုက်လို့ စိတ်အာရုံအားဖြင့် သောင်းကျန်းလှုပ်ရှားမှု (မနောဒုစရိုက် ၃-ပါး) မရှိတော့ဘဲ စိတ်တွေတည်ငြိမ်လာမယ်။။

ပိုပြီးတော့ ဝမ်းမြောက်မှု ကြည်နူးမှု၊ ချမ်းသာမှုတွေ ဖြစ်လာမယ်။

ဒါကို အဓိစိတ္တ (သမာဓိ) ဖြစ်လာတယ်လို့ ခေါ်တယ်၊

ဒုတိယဆင့် တက်ခဲ့ပြီလို့ မှတ်လိုက်ပါ။

“နိဗ္ဗာန်ဆိုတာ လက်တစ်ကမ်းမှာ”

ဆက်လက်ပြီး တတိယအဆင့် ၊ နောက်ဆုံးအဆင့် အနေဖြင့် သိထားဖို့က မိမိခန္ဓာကိုယ်ကြီး တစ်ခုလုံးကို ရုပ်လို့ သိထားပါ။

မိမိစိတ်ကို နာမ် လို့ သိထားပါ။

အဲ…..ဒုတိယအဆင့်ဖြစ်တဲ့ အဓိစိတ္တ သမာဓိ အချိန်ကြာနေလို့ ရင့်သန် အားကောင်းလာတဲ့အခါ ရုပ်ကြီးဖြစ်ပြီး ပျက်နေတာရော၊ နာမ်ဆိုတဲ့ စိတ်ကလေး ဖြစ်ပြီး ပျောက်ပျက်ချုပ်ငြိမ်း သွားတာရော စောင့်ကြည့် ၊ စိုက်ကြည့်နေရင် သိလာလိမ့်မယ်။

အဲသလို ဖြစ်ပျက်သိမြင်တာကို အဓိပညာလို့ ခေါ်တယ်။ ရှေ.ရှောက် သူ့အလိုလို ဓာတ်ခွဲပြီး သိသွားလိမ့်မယ်။

အဲဒါ ဉာဏ်စဉ်တွေလို့ ခေါ်တယ်။

လောကမှာရှိနေတဲ့ ဘယ်ပညာတွေနှင့်မှ မနှိုင်းယှဉ်သာအောင် ကြီးကျယ်မြင့်မြတ်တဲ့ ပညာတွေဆိုတာ ဒီမှာ ရနိုင်တယ်။

အဲ..သည်အခါမှာ နိဗ္ဗာန်ဟာ ငါ့လက်တစ်ကမ်းမှာပဲ ရှိနေပြီလို့ မှတ်ရမယ်။

“မိမိကိုယ်သာ အားကိုးပြုနေပါ”
မြတ်စွာဘုရားက ဓမ္မပဒ ပါဠိတော်မှာ--

အတ္တာဟိ အတ္တနော နာထော၊
ကောဟိ နာထော ပရော သိယာ။

“မိမိသည်သာလျှင် မိမိရဲ. အားကိုးရာဖြစ်တယ်၊ တစ်ပါးသော သူသည် မိမိအားကိုးရာ ဘယ်မှာ ဖြစ်နိုင်ပါ့မလဲ” တဲ့။

ဘဝသံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရေး အလုပ်မှာလဲ မိမိကိုယ်သာ မိမိ အားကိုးပြုရမယ်လို့ တိုက်တွန်း ဟောကြားတော်မူခဲ့တယ်။

ဘုရားကို မြတ်မြတ်နိုးနိုးကြည်ညိုပါ။ ယုံကြည်ပါ။ မှီခိုပါ။ အားထားပါ။

ဘုရားရှင်က ဟောကြားထားသော တရားတော်ကို ယုံကြည်ပါ၊ လေးစားပါ။ မြတ်နိုးပါ။

တရားကျင့်ရေး အလုပ်ကိုသာ မြဲမြံစွာ အားထုတ်ပါ။ ငါ၏ အားကိုးရာသည် တရားသာလျှင် ဖြစ်တယ် လို့ နားလည်ထားပါ။

ဒါအမှန်ဆုံးလမ်းစဉ်ဖြစ်တယ်နော်။

ဘုန်းကြီးက လမ်းညွှန်ပြပေးရုံသာ တတ်နိုင်တယ်။ ညွှန်ပြပေးသော လမ်းအတိုင်း လျှောက်သွား ရမှာက ငါ့တာဝန်ဖြစ်တယ်လို့ မှတ်ပါ။ ဘုရားရှင်ကလည်း ဒီနေရာမှာ အလွန် ပွင့်ပွင့်လင်းလင်း ဟောထားတယ်။

တုမှေဟိ ကိစ္စံ အာတပ္ပံ
အက္ခာတောရော တထာဂတာ။ (ဓမ္မပဒ)

တုမှေဟိ - သင်တို့သည်။ ၀ါ-သင်တို့ကိုယ်တိုင်။ အာတပ္ပံ ၊ ကိလေသာ ခြောက်သွေ့အောင်၊ ကမ္မပ္ပဓာန်မြောက် အားထုတ်မှုကို။ ကိစ္စံ ကရဏီယံ၊ ပြုလုပ်အပ်ပေ၏။ ပြုလုပ်ရမည်။ (ဘာ့ကြောင့်လဲ) တထာဂတာ၊ ဘုရှားရှင်တို့မည်သည်။ အက္ခတာရော၊ ဟောကြားရုံသာ ဟောကြားပေးတော်မူနိုင် ကြကုန်၏။

အမှန်စင်စစ် ခရီးဆက်လျှောက်ရမယ့် အရေး ဘယ်သူကိုမှ အားကိုးပြု နေရမည်မဟုတ်ပါ။ နိဗ္ဗာန်ခရီးဖြစ်စေ၊ သံသရာခရီးဖြစ်စေ ကိုယ့်ဝန် ကိုယ်စီထမ်း၍သာ ကိုယ်ပိုင်ဆိုင်သော ကံလမ်းအတိုင်း လျှောက်ကြရမှာချည်းပဲ။

ဘုရားတောင် ကူလုပ်မပေးနိုင်တာ သားသမီး နှင့် ဇနီး လင်ည ဆွေမျိုး မိတ်ဆွေ သင်္ဂဟတွေကို အားကိုးပြုနေလို့လဲ အပိုပဲ။ မိမိကိုယ်သာ မိမိအးကိုးပြုသွားကြရမှာ ဖြစ်ကြောင်း တို့သူငါအားလုံး ရှင်းရှင်းနားလည်ထားကြရမယ်။

“အကောင်းဆုံးနည်းလမ်းကိုပြောမယ်”

ဒီလိုလုပ်ပါ။ အကောင်းဆုံးညွှန်ကြားမယ်။

သံသရာဒုက္ခမှ မြန်မြန် လွတ်မြောက်စေရန် ပကတိ သာဝကဆုကို တောင်းပါ။ ယခုအခါ ရဟန္တာ ဖြစ်နိုင်သော ခေတ်ကောင်းကြီး ဖြစ်တယ်။

အနည်းဆုံး ငါးပါးသီလကို မြတ်မြတ်နိုးနိုးမြဲပါ။ စောင့်ထိန်းပါ။ သီလ၌ တည်ပြီးလျှင် စိတ်ထဲကကိုက “ငါလိုရာကြံသမျှ ပြီးမြောက်တော့မယ်” လို့ အလိုလို သိမြင်လာလိမ့်မယ်။

ဒီအမြင် မှန်ကန်တယ်။ စိတ်ချယုံကြည်နေပါ။

အကောင်းဆုံးနည်းလမ်းအချုပ်ကို ထပ်ပြီးညွှန်ပြဦးမယ်၊ လေးလေးနက်နက်မှတ်သားပါ။ လိုက်နာပါ။

ခုနကပြောခဲ့တဲ့ အာနာပါန ထွက်လေဝင်လေ ကမ္မဋ္ဌာန်းအလုပ်ကို မိမိနှာသီးဖျားဝမှာ အာရုံစိုက်ပြီး ထွက်လေ ထိတိုင်း “သိ” ဟု စိတ်ထဲကမှတ်ပါ။ ဝင်လေထိတိုင်း “သိ” ဟု သိမှတ်နေပါ။

ထွက်လေ ဝင်လေ ထိတိုင်း ထိတိုင်း အသိမြဲနေလျှင် ၊ ပိုင်နေလျှင် အောင်ပြီဟုမှတ်။
“သက္ကာယစွဲတွေကွာကျသွားမယ်”

တခြားအာရုံမဝင်စေဘဲ ထိုအသိကို အဆက်မပြတ်တသိထဲ သိနေအောင်လုပ်ပါ။

ဒီသာဓိကို နေ့လုံးပေါက် ညလုံးပေါက် သိနေစွမ်းရှိအောင် အားထုတ်နိုင်ပြီဟုဆိုလျှင် ဘဝဝဋ်ဒုက္ခမှ လွတ်မြောက်ဖို့ နီးပြီလို့မှတ်ပါ။

ထိုအခါ ဘယ်သူ့ကိုမှ တွယ်တာနေချင်စိတ် မရှိပုံပေါ်လာမယ်။ ဘယ်သူ့ကိုမှ အားကိုးနေရန်မလို။ တရားကိုသာ အားသွန်ခွန်စုက် ထုတ်ချင်းပေါက်အောင်မြင်ဖို့သာ လိုကြောင်း ၊ တရားသာလျှင် အားထားရာရှိတော့ကြောင်း သိမြင်လာလိမ့်မယ်။

လက်တွေ့အားထုတ်ကြည့်က သိမယ်၊ ဒီအမြင်ဟာ နည်းလမ်း အမှန်ဖြစ်တယ်လို့ စိတ်ကို ဒုန်းဒုန်းချ ယုံကြည်ထားရမယ်။

အဲသလို အာနာပါန ထွက်လေဝင်လေခေါ်တဲ့ ၀ါယောရုပ်ကိုသာ စိတ်အာရုံကပ်ပြီး နာမ်က သိ-သိ နေမှုအရှိန်ကောင်းစွာ အဆက်မပြတ် စွဲမြဲနေခြင်းသည် ပစ္စုပ္ပုန် တည့်တည့် တည်နေခြင်းဖြစ်တယ်။

ထိုအခါ ရုပ်နာမ်တွေသာ အဆက်မပြတ် ဖြစ်ပျက်နေတာပဲ တွေ့ရမယ်။ ထိုအခါမျိုးမှာ ပုဂ္ဂိုလ် ၊ သတ္တဝါ၊ ငါ သူတစ်ပါး ၊ ယောကျ်ား ၊ မိန်းမ-မရှိ ဆိုတာ မှန်ပုံ၊ ဘုရားဟော ဆိုချက် တကယ်မှန်ပုံ လက်တွေ့ကျကျ သဘာဝ အမှန်ကို အလိုလို သိမြင်လာမယ်။
သက္ကာယ ဒိဋ္ဌိခေါ်တဲ့ ငါစွဲ အတ္တတွေ အလိုလိုကွာကျသွားခြင်း ဖြစ်တယ်ဆိုတာ နားလည်ပါ။

“တစ်ကြိမ်လောက်အားခဲလိုက်ပါ”

ဖြစ်ပျက်ကို ပိုင်စွာမြင်နေခြင်းဟာ အနိစ္စဝိပဿနာပိုင်စွာ မြင်နေခြင်း ဖြစ်တယ်။ မမြဲသော အနိစ္စ ၀ိပဿနာပိုင်လျှင် ဆင်းရဲသော ဒုက္ခသိပဿနာကို တစ်ဆက်တည်း ဖြစ်လာမယ်။

တစ်ဆက်တည်း ဘာကိုမှ အစိုးမရတဲ့ အနတ္တဝိပဿနာ သဘောကိုလဲ ရှင်းလင်း ပြတ်သားစွာ မြင်လာမယ်။

တစ်ကြိမ်တစ်ခါ ထိထိခိုက်ခိုက် ပိုင်ပိုင်နိုင်နိုင် လုပ်ထားဖူးလျှင် အချိန်မရွေး ကောက်လုပ်လို့ လွယ်သွားပြီမှတ်။

ရပ်မထားနှင့် ဆက်တိုက် မလျှော့ဘဲ ရုပ်နာမ် ဓမ္မသင်္ခါရတွေ ဖြစ်ပေါ်၍ ချုပ်ငြိမ်း၍ ချုပ်ငြိမ်း၍ သွားပုံကို မမြင်ရမချင်း ရူကြည့်သွားကြပါ။

သံသရာ ဝဋ်ဒုက္ခမှ ထွက်မြောက်ရာ လမ်းမှန်ကြီး အလိုလို ပေါ်ပေါက်လာလိမ့်မယ်လို့ မှတ်ပါ။

လိုရင်းက ဒါပါပဲ။

(ရည်ညွှန်း။ နယ်ခြားတောင်တန်းသာသနာပြု ဆရာတော်။ာကီး ဦးဥတ္တမသာရ ၊ “ချမ်းမြေ့စွာ ဘဝနေနည်း”၊ ဓမ္မာ စရိယ ဦးဌေးလှိုင် စုစည်း စီစဉ်သည်။ စာ-၃၁၂-၃၁၇)