+++တစ်ခါတည်းပြီး အငြိမ်းစားရသော အလုပ်ကိုသာ ရှာကြံကြရကုန်၏+++
“ဝေဒနာတို့၏ ၀ိပရိဏာမဒုက္ခ”
၀ိပရိဏာမ ဆိုသည်ကား ဇရာမရဏ ပင်တည်း၊
ဇရာဆိုသည်ကား-ဟောင်းနွမ်းခြင်း၊ ရင့်ရော်ခြင်း၊ ဆုတ်ယုတ်ခြင်း၊ နွမ်းပါးခြင်း၊ အိုမင်းခြင်း၊ ဆွေးမြေ့ခြင်းများသည် ဇရာဝိပရိဏာမတည်း။
မရဏ ဆိုသည်ကား --ကုန်ခန်းခြင်း၊ ပျက်ပြုန်းခြင်း၊ ကုန်ဆုံးခြင်း၊ ပျောက်ပျက်ခြင်း၊ ချုပ်ကွယ်ခြင်း၊ သေဆုံးခြင်းများသည် မရဏဝိပရိဏာမမည်၏။
“၀ိပရိဏာမ ၂ ပါး”
ထိုဝိပရိဏာမသည် တစ်ခုတစ်ခုသော ဘဝအဆုံး၌ အမြဲလာသော ၀ိပရိဏာမ ၊ ပဋိသန္ဓေ တည်နေသည်မှစ၍ ဘဝဆုံးသို့ မရောက်မီအကြား၌ အမြဲလာသော ၀ိပရိဏာမဟူ၍ ၂-ပါး။
ထို ပဋိသန္ဓေ တည်နေသည်မှစ၍ လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာ့ခန္ဓာစုသည် ဖောက်ပြန် ပျက်ဆုံးခြင်း ဟူသော ၀ိပရိဏာမ သဘော အမြဲမကွာ ထက်ကြပ် ပါရှိ၍ နေ၏။
ဖောက်ပြန်ပျက်ဆုံးရန် အကြောင်းအခွင့် ဆိုက်တိုက်လာလျှင် ဘယ်နာရီမှာ မဆို ဖော်ပြန်ပျက်ဆုံး၏။
ဖောက်ပြန်ပျက်ဆုံးရန် အကြောင်းအခွင့်မည်သည် လောကဓာတ်၌ အနန္တများပြား၏။
အဇ္စျတ္ထအန္တရာယ်အနန္တ၊ ဗဟိဒ္ဓအန္တရာယ်အနန္တများပြား၏။
ခပ်သိမ်းသော သတ္တဝါတို့သည်လည်း ငါတို့၏ အသက်ခန္ဓာ တို့သည် ဖောက်ပြန်ခွင့် ဆိုက်တိုက် လာလျှင် ဘယ်နာရီမှာမဆို ဖော်ပြန်ကုန်၏ဟု သိကြကုန်၏၊ ပျက်ဆုံးခွင့် ဆိုက်တိုက်လာလျှင် ဘယ်နာရီမှာမဆို ပျက်ဆုံးကုန်၏ ဟု သိကြကုန်၏။
LIVING IN FEAR PERMANENTLY
ထို့ကြောင့် လောက၌ အဇ္စျတ္ထဘေးအနန္တ တို့နှင့် တွေ့ကြုံရမည်ကို အမြဲကြောက်လန့်ကြရကုန်၏။ ဗဟိဒ္ဓဘေးအနန္တတို့နှင့် တွေ့ကြုံမည်ကို အမြဲကြောက်လန့်ကြရကုန်၏။
အကယ်၍ လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာ့ခန္ဓာစုလည်း ၀ိပရိဏာမ သဘောမရှိခဲ့သည် ဖြစ်ငြားအံ့၊ လောက၌ ကြောက်စရာ လန့်စရာဟူ၍ တစ်စုံတစ်ခုမျှ မရှိလေရာ၊ စိုးရိမ်စရာ ကြောင့်ကြစရာဟူ၍ တစ်စုံတစ်ခုမျှ မရှိလေရာ။
ထိုသို့ကားမဟုတ် လောက၌ ကြောက်စရာအနန္တ ၊ လန့်စရာအန္တ ၊ စိုးရိမ်စရာ အနန္တ၊ ကြောင့်ကျစရာ အနန္တ အစဉ်ထာဝရ ရှိနေကြ၏။
အဇ္စျတ္ထဘေးတို့ကို ကြောက်ရသောဒုက္ခ ၊ထိတ်လန့်ရသော ဒုက္ခ၊ စိုးရိမ်ကြောင့်ကြရသောဒုက္ခစုသည် မိမိခန္ဓာတို့၏ ၀ိပရိဏာမသဘောရှိနေသည့် အတွက်ကြောင့် ဖြစ်ရသော ၀ိပရိဏာမ ဒုက္ခစုသာတည်း။
၀ိပရိဏာမ ဒုက္ခ
မိမိခန္ဓာတို့၏ ၀ိပရိဏာမသဘောအမြဲပါရှိ၍ နေသည်ကို သိကြသည်ဖြစ်၍ မိမိအလိုအလျောက် ချမ်းသာရာ နေလိုရာ နေခွင့် မရကြကုန်၊
မြို.ရွာတည်ထောင်၍ နေကြရကုန်၏။ ဝင်းခြံအိမ်ရာ အကာအရံ ပြုလုပ်၍ နေကြရကုန်၏။
သွားရာ လာရာ နေရာ ထိုင်ရာ ရောက်ရာဌာန တို့၌ ဘေးနှင့် တွေ့မည်ကို အမြဲသတိထားကြရကုန်၏။
ရန်နှင့်တွေ့မည်ကို အန္တရာယ်နှင့်တွေ့မည်ကို အမြဲသတိထားကြ ရကုန်၏။ ကြောင့်ကြစိုက်ကြရကုန်၏။
ဤအလုံးစုံသည် မိမိတို့ ခန္ဓာတို့၏ ၀ိပရိဏာမသဘော ရှိနေသည့်အတွက် ဖြစ်ရသော ၀ိပရိဏာမ ဒုက္ခချည်းသာတည်း။
ထိုသို့ သတိထားကြပါလျက် ကြောင့်ကြစိုက်ကြပါလျက် ဥစ္စာစည်းစိမ် ပျက်ပြားမှု ၊ သားမယား ဆွေမျိုး ဉာတက ပျက်ပြားမှု၊ အနာရောဂါ ဘေးဥပဒ်တို့နှင့် တွေ့ကြုံမှု ၊ သေဆုံးမှုတို့နှင့် တွေ့ကြုံကြရ သော ၀ိပရိဏာမဒုက္ခသည်မူကား အလွန်ထင်ရှားလေပြီ။
မီးစာချည်းများသာ
အနမတဂ္ဂသံသရာ၌ ကမ္ဘာကြီးတွေ အဆက်ဆက် ပျက်ဆုံးကွယ်ပ၍ ကုန်မှုသည်လည်း ၀ိပရိဏာမ မီး၏ အမှုပင်တည်း၊
လူ့ခန္ဓာတွေ အနန္တ ၊ နတ်ခန္ဓာတွေ အနန္တ ၊ ဗြဟ္မာ့ခန္ဓာတွေ အနန္တ ပျက်ဆုံးကွယ်လွန်၍ ကုန်ခဲ့မှု သည်လည်း ၀ိပရိဏာမမီး၏ အမှုပင်တည်း။
ဂင်္ဂါသလဲလုံးမျှမက ဘုရားတွေအနန္တ ၊ ပစ္စေကဗုဒ္ဓါတွေ အန္တ၊ အရိယာသဝကတွေ အနန္တ ပျက်ဆုံး ကွယ်ပ၍ ကုန်ခဲ့မှုသည်လည်း ၀ိပရိဏာမမီး၏ အမှုပင်တည်း။
အနမတဂ္ဂသံသရာ၌ ဒါနမှု သီလမှု ဘာဝနာမှု တို့နှင့် ဖြစ်ပေါ်ခဲ့သမျှသော လူ့ခန္ဓာစုသည် ၀ိပရိဏာမ မီးထဲမှာချည်း ဆုံးခဲ့၏။
နတ်ခန္ဓာစု ဗြဟ္မာ့ခန္ဓာစု သည်လည်း တစ်ခုမကျန် ၀ိပရိဏာမမီးထဲမှာချည်း ဆုံးခဲ့၏၊ နောင် အနာဂတ်သံသရာ၌ ပေါ်လာလတ္တံ့သော လူ့ခန္ဓာ ဟူသမျှ နတ်ခန္ဓာဟူသမျှ ဗြဟ္မာ့ခန္ဓာ ဟူသမျှ သည်လည်း ၀ိပရိဏာမမီးစာချည်းပင်တည်း။
လောက၌ မီး နှင့် မီးစာ ထင်းနှစ်ပါးမှာ ထင်းကနိုင်သည်ဟူ၍ မရှိ ၊ မီးကသာ နိုင်သည်၊ ထင်များလေလေ မီးအားကြီး လေလေသာဖြစ်မြဲတည်း။ အဆုံးကျလျှင် ရှိသမျှထင်းတို့သည် မီးစာပြာ ဖြစ်၍ ကုန်မြဲသာတည်း။
ထို့အတူ ဒါန သီလမှု အစရှိသော သင်္ခါရမှုတို့နှင့် ပြုစု ပျိုးထောင်၍ ဖြစ်လာကြသော လူ့ဘဝ နတ်ဘဝ ဗြဟ္မာ့ဘဝဘူသမျှ သည် ၀ိပရိဏာမ မီးစာပြာဖြစ်၍ ကုန်မြဲတည်း။
အပါယ်လေးကြီးတန်းလန်းနှင့် နေသူများ
ဤသတ္တဝါအပေါင်းတို့သည် ရှေးရှေးသော အနမတဂ္ဂသံသရာ ကမ္ဘာ အဆက်ဆက်တို့၌ ပြုခဲ့ကြ သမျှသော ဒါနမှု ၊ သီလမှု ၊ ဘာဝနာမှု ၊ ပုညကြိယာမှု ၊ ရသေ့လုပ်မှု ၊ ရဟန်းလုပ်မှု အလုံးစုံ တို့သည် ၀ိပရိဏာမမီးစာ အကျိုးငှာချည်း လုပ်ခဲ့ကြသည်ဖြစ်၍ သူ့ဘဝနှင့် သူ မီးအပြီး ကုန်ဆုံး၍ လာခဲ့ကြ သောကြောင့် ၊
ယခုလည်း ဒါနပြုမှု ဒုက္ခတန်းလန်း၊ သီလစောင့်ထိန်းမှု ဒုက္ခတန်းလန်း၊ ဘာဝနာ ပွားများမှု ဒုက္ခတန်းလန်း၊ ရသေ့ပြုလုပ်မှု ဒုက္ခတန်းလန်း၊ ရဟန်းပြုလုပ်မှု ဒုက္ခတန်းလန်း နှင့် နေကြ၏။ နောက်နောက်ဘဝတို့၌လည်း ဤနည်းတူ သွားကြလတ္တံ.။
ယခုကာလ၌ လယ်ယာကိုင်းကျွန်း လုပ်ကိုင်၍ အသက်မွေးကြသောသူတို့သည် အသက်ထက်ဆုံး နှစ်စဉ်လုပ်ကြရကုန်၏။
တစ်နှစ်လုပ်၍ ဖြစ်ပွားသော စပါးပြောင်းနှမ်း စသည်တို့သည် ၀ိပရိဏာမမီးစာဖြစ်၍ ကုန်ဆုံးလေ၏။ ၀ိပရိဏာမမီးစာလမ်းကို လိုက်မိကြသည့်အတွက် အငြိမ်းစားစခန်းဟူ၍ မရှိကြကုန်ပြီ ၊ အသက် ထက်ဆုံးတောင် သူလယ်ယာလုပ်မှု သင်္ခါရဒုက္ခကြီး တန်းလန်းနှင့်သာ သေဆုံးကြရလေ ကုန်တော့ သည်။
ဤနည်းအတူ ဤလောက၌ နေ့နေ့ ညည ပုပု ရွရွ အားထုတ် ပြုလုပ်ကြသော အမှုခပ်သိမ်း တို့ကိုလည်း အကုန်သိလေ။
“တစ်ခါတည်းပြီး အငြိမ်းစားရသော အလုပ်ကိုသာ ရှာကြံကြရကုန်၏”
ဤလောက၌ ၀ိပရိဏာမ ဟူ၍ မရှိခဲ့သည်ဖြစ်အ့ံ၊ ခပ်သိမ်းသော လုပ်ဆောင်မှု တို့မှာပင် တစ်ကြိမ် တစ်ခါ ထမြောက် ပြီးစီးအောင် လုပ်ဆောင်ပြီးနောက် အနမတဂ္ဂသံသရာတိုင်အောင် ထာဝရ အငြိမ်းစား ရရာ၏။ အခါခါ အထပ်ထပ် လုပ်ဆောင်မှုဒုက္ခဟူ၍ မရှိလေရာ။
မဂ္ဂင်ရှစ်ပါး အလုပ်ကို လုပ်သောသူသည် ထိုအလုပ် ထမြောက်သည့်နောက် အနမတဂ္ဂသံသရာ၌ ထာဝရ အငြိမ်းစားရလေ၏။
ထိုမဂ္ဂင်တရားကို ပွားများအားထုတ်မှုဟူသော သင်္ခါရဒုက္ခကိုပင် နောင်တဖန် လုပ်ရပြန်သည်ဟူ၍ မရှိပြီ၊ မဂ္ဂင်တရား ပွားများမှုဒုက္ခကို တဖန် တွေ့ကြုံရပြန်သည်ဟူ၍ မရှိပြီ။
ဘုရား ပစ္စေက ဗုဒ္ဓါ အရိယာအလောင်း ပညာရှိ အပေါင်းတို့သည် ပြုလုပ်အားထုတ်၍ ထမြောက်လျှင် တစ်ခါတည်းပြီး အငြိမ်းစားရသော အလုပ်ကိုသာရှာကြံကြရကုန်၏။
ဉာဏ်ပညာ နည်းလှသော ဗာလပုထုဇ္ဇန်တို့သည်ကား ထိုကဲ့သို့ မြော်မြင် ရှာကြံ၍ မလုပ်တတ်ကြကုန်၊ အရပ်အလိုက် ဒေသအလိုက် မိရိုးဖလာ အလိုက် အရိုးအစဉ်ဖြစ်သော ဗာလုဿုက္က အလုပ်အကိုင် အခွင့်အရေးတွေကို အဟုတ် အကောင်းမှတ်ထင် အားစိုက်လျှက် နေ့ရက်လနှစ်ကို ကုန်စေကြကုန်၏။
ထို့ကြောင့် ထိုဗာလ ပုထုဇ္ဇန်တို့၏ အသက်ထက်ဆုံး ပင်ပန်းသမျှသည် ၀ိပရိဏာမမီးစာ လို့ချည်းဖြစ်၍ ကုန်လေသတည်း။
(ရည်ညွှန်း။ ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီး ရေးသားတော်မူတေသာ အနတ္တဒီပနီ ၊ အနတ္တဝိဘာဝနာပါဌ် -နိဿယ၊ သစ္စတ္ထဒီပနီ၊ ရန်ကုန်မြို.၊ လယ်တီမဏ္ဍိုင်ပုံနှိပ်တိုက်၊ ၁၉၆၃။ စာ ၆၅-၆၈)