ဝေဘူဆရာတော်ကိုယ်တွေ့ ညောင်လွန့်ဆရာတော် ၂ ကိုယ်ခွဲ

ကျေးဇူးရှင် ဝေဘူဆရာတော်လောင်းလျာသည် ၁၂၈၅ ခုနှစ် ၊ (၈) ၀ါခန့်တွင် ရွှေဘို ပုသိမ်ကြီးတောရမှ ထွက်သွာ၍ တောတောင်အနှံ့ ကြွရောက်ကာ အာနာပါနတရားကို ရူပွားတော်မူရာ လပိုင်းအတွင်းမှာပင် လောကီ အဘိဉာဉ်များနှင့် တကွ တတိယအဆင့်ထိ ပေါက်မြောက်တော်မူဟန်ရှိသည်။

မိမိ ရရှိသိမြင်သောတရားကို ထပ်ဆင့်အတည်ပြုချက်ရယူရန် လိုအပ်၍လောမသိ ၊ ထိုနှစ်မှာပင် ညောင်လွန့်တောရသို့ ကြွတော်မူ၏။

ထိုတောရရှိ စေတီတစ်ဆူ၌ တံမြက်ဝတ်ပြုနေသော ဘုန်းတော်ကြီးတစ်ပါးအား ဦးစွာ ဦးချရာ ဘုန်းတော်ကြီးက အကျိုးအကြောင်း မေးမြန်းပြီးလျှင် -

“ညောင်လွန့်ဆရာတော် ယခု ကျောင်းကြီးပေါ်မှာ စာချနေသေးတယ်၊ မကြာခင်ပြီးတော့မှာပါ။ ဒီမှာပဲ ဦးပဥ္ဖင်း ခဏစောင့်ဦး ” ဟု မိန့်တော်မူ၏။

ဝေဘူလောင်းလျာလည်း ထိုစေတီ၌ပင် စေတိယင်္ဂဏ ဝတ်ပြုယင်း ခေတ္တစောင့်ဆိုင်းနေရာ ဘုန်းတော်ကြီးက ကျောင်းကြီးပေါ်မှာ စာလိုက် သံဃာများ ဆင်းကြွလာသည်ကို လက်ညှိုးညွှန်၍ -

“ကဲကဲ ဦးပဥ္ဖင်း စာဝါပြီးပါပြီ ။ ကြွပေတော့” ဟု ပြောပြောဆိုဆို ဘုန်းတော်ကြီး တံမြက်စည်းကိုင်၍ ရပ်နေခဲ့စဉ် ဝေဘူလောင်းလျာလည်း ကန်တော့ပြီး စာချကျောင်းကြီးပေါ်သို့ တက်သွားရာ ညောင်လွန့်ဆရာတော်ဟူသည် မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း ကိုယ်တွေ့ဖူးမြင် ကြည်ညိုခွ့် ရလေတော့သည်။

“စာချနေတဲ့ ဆရာတော်ဟာ တံမြက်လှည်းနေတဲ့ ဘုန်းတော်ကြီးဖြစ်နေသဟဲ့။” ဒါကလောကီပေါ့ဟယ်” ဟု ဝေဘူဆရာတော်ကိုယ်တိုင် (အင်ကြင်းပင် ကမ္မဋ္ဌာန်းကျောင်း တည်စက ခုဒ္ဒသိက္ခာ အဋ္ဌကထာ အဘိဉာဏ်စခန်းကို စာချစဉ် ယခုရှိသော ကျောက်ဆည် ဒုတိယ ဝေဘူဆရာတော် ဓမ္မာစရိယ ဦးအာစရ တို့အား) အမိန့်ရှိဘူးကြောင်း ဦးအာစာရက စာရေးသူအား ပြောပြဘူးပါသည်။

ဝေဘူချောင်၌ သိမ်သုံးလုံးရှိရာ မူလသိမ်မှာ “အရိယာသိမ်” ဟု ခေါ်တွင်၍ ညောင်လွန့်ဆရာတော် ၊ စွန်းလွန်းဂူ စသော ဆရာတော်များ ပါဝင်သမုတ်ခဲ့သောသိမ်ဖြစ်၏။

ဝေဘူဆရာတော်ဘုရားကြီး အလေးဂရုပြုသော ဆရာတော်များတွင် ဆရာတော်သည် တစ်ပါး အပါအဝင် ဖြစ်တော်မူခဲ့ပါသည်။

ညောင်လွန့်ဆရာတော် ၊ စွန်းလွန်းဆရာတော်ဦးကဝိ နှင့် တွေ့ဆုံခန်း--

ဆက်ရန်--

(မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ (ဆဌမအကြိမ်) ၊ ဓမ္မာစရိယ ဦးဌေးလှိုုင် ပြုစုသည်။ စာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်။)
---------------------