ဆရာတော်သည် ဝေဘူရိပ်သာ (ကျောက်ဆည်)၊ အောင်မြေရိပ်သာ (ရွှေဘို) နှင့် ဇာတိရွာ ဖြစ်သော ခင်ဦးမြို. မြောက် ၈ မိုင်ဝေးကွာသည့် အင်ကြင်းပင်ရိပ်သာတို့၌ လေးလခန့်စီ လှည့်ပြောင်း သီတင်းသုံး တော်မူ၏။
ဆရာတော်သည် ယေဘုယျအားဖြင့် နံနက်တွင် တစ်ကြိမ်၊ ညတစ်ကြိမ် တရားဟောသည်။ ပထမ ၁၀ မိနစ် ၁၄ မိနစ်ခန့်မှာ ယောဂီအတွက် အကျဉ်းချုပ်နားလည်ကျင့်သုံးရမည့် အခြေခံသဘောများကို ရေစက်ချသကဲ့သို့ ဟောလေ့ရှိရာ အသံတော်ကလည်း တိုးလှသဖြင့် နာကြားစ မရှိသူများ စိတ်မဝင်စားပဲ ရှိနေတတ်၏။ ထိုအကျဉ်းချုပ် (ဥဒ္ဒေသ) မာတိကာ စကားများသည် အလွန်အရေးပါလှသည်။ အဓိပ္ပါယ်လည်း ကျယ်ဝန်းစွ။
ရေစက်ချ စကားများတွင် အလှူဒါနပြုသူ၌ ရှိထားရမည့် အခြေခံသဘောများ အကုန်ပါ၏။ ထို့အတူ တရားဦးမာတိကာ၌ ယောဂီအတွက် အောက်ပါအချက်များ ပါဝင်ကုန်၏။
ယောဂီအတွက် လိုရင်းအချက်များ
၁။ သီလရှိလျှင် တောင့်တ လိုချင်တိုင်း ပြည့်စုံစေနိုင်၍ သီလကို ကြိုးစားဖြည့်ရန်။
၂။ ၃၁-ဘုံ ချမ်းသာကား အထူး ဆုတောင်းရန်မလို ၊ ရှောင်တိမ်း၍ မဖြစ်အောင်ပင် ရရှိတတ်သဖြင့် သာဝက ဗောဓိစသော ဗောဓိဆုကိုသာ တောင့်တမျှော်မှန်းရန်။
၃။ သာသနာတည်ကြောင်း ကောင်းမှုများသည် နိဗ္ဗာန်သွားရန် ခြေထောက်သဖွယ် (စရဏ) ဖြစ်၍ တတ်အားသျှ ပြုလုပ်ရန်။
၄။ အလှူပြုသောအခါ စေတနာ ၊ အလှူဝတ္တု ၊ အလှူခံအပေါ်၌ သန့်သန့်ရှင်းရှင်း ရိုရိုသေသေ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းရန်။
၅။ ဘုရားစကား ၊ ဆရားစကားကို မြေဝယ်မကျ တထစ်ချ နာယူရန် (သောဝစဿတာ)။
၆။ ယခုကဲ့သို့ တရားပွဲ လာရောက်နိုင်ခြင်းသည်ပင် ပါရမီရှိသူ မည်၍ အချိန်အခါ ၊ ဘဝကောင်းသည်မှာ ဘုရား လက်ထက်တော်နှင့်မထူး၊ ဘုရားလက်ထက်က ရဟန်းရှင်လူများ ရရှိကြသည့်အတိုင်း ဘာမဆို လိုတိုင်း မရနိုင်တာ၊ မဖြစ်နိုင်တာ ဟူ၍မရှိ ၊ သိသလောက် တောင့်တ မျှော်မှန်းထားခဲ့တာမျှမက အပိုတွေပင် များစွာ ရလာတတ်သဖြင့် ရှေးပုဂ္ဂိုလ် တို့ကဲ့သို့ ဝီရိယကိုသာ အမှီလိုက်၍ စိုက်ထုတ်ကြိုးစားရန်။
၇။ သင်ကြားမှတ်သားထားချက်တွေ ပြော၍မကုန်နိုင်အောင် အများကြီးတတ်သိကြ၏။ ထိုသို့ များစွာရှိသော်လည်း ကြိုက်ရာတစ်ခုကိုသာ စူးစူးစိုက်စိုက် ဝီရိယ သန်သန်နှင့် မှန်မှန်လုပ်ရန်သာ အရေးကြီး သည်။ မွေးသည်မှ သေသည်အထိ ထင်ရှားရှိနေသော ထွက်လေ-ဝင်လေ ကား လူတိုင်း သိလွယ် ထင်လွယ်သဖြင့် ဝင်တိုင်း-ထွက်တိုင်း နှာဖျား၌ ထိသည်ကိုသာ သိအောင်လုပ်။ ယခုလုပ်ကြည့်၊ ယခုမီးငြိမ်း၊ ယနေ့လက်ငင်းချမ်းသာ၏။ (အကာလိကော)
၈။ ယင်းသို့ ရူမှတ်နေခြင်းဖြင့် ကိုယ်နှုတ် သောင်းကျန်းမှုမရှိ (အဓိသီလ)၊ စိတ်သောင်းကျန်းမှုမရှိ (အဓိစိတ္တ) ၊ ရုပ် နာမ် မျှသာ ရှိပါကလား ဟု နှားဖျားဝမှ တကိုယ်လုံး တလှုပ်လှုပ်တရွရွ ဖြစ်ပျက်နေသည်ကို မြင်ရမည်။ (အဓိပညာ)
၉။ ရေခပ်ယင်း၊ ထမင်းချက်ယင်းလည်း ရူမှတ်နိုင်၍ တစ်ချိန်တည်းတွင် အလုပ်ကိစ္စ ၂ ခု ပြီးသည်။
မည်သည့် ဣရိယာပုတ်နှင့်မဆို ရူမှတ်နိုင်၏။ “ကမ္မဋ္ဌာန်း ထိုင်ရာတာ ဘာမှလဲ မတွေ့ပေါင်၊ မရပေါင်”ဟု မမှတ်ရ၊ တခဏအတွင်း ရသည့်အကျိုးကား ကုန်စင်အောင်ပင် မပြောနိုင်။ တနေ့ထက် တနေ့ တိုးတက်ပြီးတော့သာ သွားတော့သည်။
၁၀။ အိမ်အမိုး မိုးသောအခါ စပ်အောင်မိုးလျှင် မိုးနေ ကာကွယ်နိုင်သကဲ့သို့ တစ်ရက် ၂၄ နာရီ တဆက်ထဲ တစပ်ထဲ (မအိပ်စက်ပဲ) ရူမှတ်နိုင်အောင်ကြိုးစား (နိသဇ်ဓုတင်ဆောင်)။ ၂၄ နာရီ တစပ်လောက်ရလျှင်ပင် ထူးခြား သိသာလာမည်။
၁၁။ ၃၁-ဘုံ ချမ်းသာ ဘုရင်ဖြစ်ရာမှအစ ဘာမျှမတော့တ မလိုချင်ရ။ ဒုက္ခချည်းဖြစ်သည်။
၁၂။ မိမိအနားရှိ မြင်သမျှ ကြားသမျှ ကျေးဇူးရှင်ကြီးဖြစ်သည်။ အသံဗလံဆူနေ၍ နေရာမပြောင်းနှင့် ။ “ငါ့ဝိရိယ၊ သာမာဓိ ကောင်းလှပြီ” ဟု အလွတ်အထင်ရောက်နေတတ်၏။ ဆူညံသံများက “ဝီရီယ တိုးလိုက်ပါအုံး” ဟုပြောသောကျေးဇူးရှင်များ ဖြစ်သည်။ မေတ္တာထား၊ သည်းခံရူမှတ်။
၁၃။ မိမိအာနပါန ရူမှတ်ခြင်းကို အကြောင်းပြု၍ မိမနှင့်တကွ မိမိပတ်ဝန်းကျင် လူတွေ နတ်တွေ ဗြဟ္မာတွေ မရေမတွက်နိုင်အောင်ပင် ကျေးဇူးများ ကုန်ကြတော့သည်။
ဆရာတော်ဟောလေ့ ဟောထရှိသော မာတိကာ စကားပြောမှာ ၃ မျိုးခန့်ရှိ၍ အားလုံးခြုံလိုက်လျှင် အထက်ပါ အချက်များကို တွေ့ရမည်ဖြစ်၏။
ရံခါ တနေ့တည်း၌ တရား လေးငါးကြိမ် ဟောရသည့် ရက်များရှိ၏။ ဟောတိုင်းပင် ထိုအခြေခံ အချက်များကို ပထမဟောသည်။
ဆယ်ကြိမ်ဟောရလျှင် ဆယ်ခါပင် ထပ်၍ဟောတော်မူ၏။
မည်မျှအရေးကြီးသည်ကို စဉ်းစား၊ကြရာသည်။
(မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ (ဆဋ္ဌမအကြိမ်)၊ ဓမ္မာစရိယ ဦးဌေးလှိုင်။ စာ-၂၂ မှ ၂၃၊ ကောက်နုတ်ပူဇော်အပ်ပါသည်။)