ဒါနဥ္စ - အလှူပေးရခြင်းသည်၊ မင်္ဂလံ-မင်္ဂလပေတည်း၊ အလှူပေးရခြင်းသည်လည်း တိုးတက်ကြီးပွားကြောင်း ကောင်းမြတ်တဲ့ မင်္ဂလာ၊ ဓမ္မစရိယာစ - ကုသိုလ်ကမ္မပထ ကျင့်ရခြင်း သီလအကျင့်သည်လည်း၊ ဥတ္တမံ-ကောင်းမြတ်သော၊ မင်္ဂလံ - မင်္ဂလာပေတည်း၊ ကာလေန - သင့်လျော်လျေက်ပတ် ကောင်းမြတ်သော အချိန်အခါ၌ ၊ ဓမ္မဿဝနံ - တရားတော်ကို ကြားနာရခြင်းသည်လည်း၊ ဥတ္တမံ-ကောင်းမြတ်သော၊ မင်္ဂလံ - မင်္ဂလာပေတည်း၊

သီလကလည်း မင်္ဂလာ၊ ဓမ္မသာဝနကလဲ မင်္ဂလာ၊ ပူဇာစ ပူဇနေယျာနံ -- ပူဇနေယျာနံ ပူဇော်ထိုက်သော ရတနာ သုံးပါး ၊ ဆရာသမား မိဘ စသည်တို့ကို ၊ ပူဇာစ - ပူဇော်ရခြင်းသည်လည်း၊ ဥတ္တမံ-ကောင်းမြတ်သော၊ မင်္ဂလံ - မင်္ဂလာပေတည်း၊ ပူဇနိ
ယပူဇာ -- ပူဇော်ထိုက်သော ပုဂ္ဂိုလ်ကို ပူဇော်ရခြင်းသည်လည်း မင်္ဂလာ -- မင်္ဂလာတွေပဲ။

အသက်ကိုဉာဏ်စောင့်

ယနေ့လှူရတဲ့ အလှူဒါန ၊ ဆောက်တည်ရတဲ့ သီလတွေ၊ ကြားနာရတဲ့ ဘဝနာ ကုသိုလ်တွေ၊ အမျှအတန်း ပေးဝေရတဲ့ ပတ္တိဒါနတွေ၊ ကုသိုလ်ကောင်းမှုတွေချည်းပဲ၊ အားလုံးကုသိုလ်ကောင်းမှုတွေဟာ မိမိအဖို့ ကုသိုလ် ရရုံတင်မဟုတ်ဘူး၊ အဲဒီကုသိုလ်တွေကနေ ကုသိုလ်က ရောဂါကင်းအောင်၊ ကျန်းမာအောင် အထောက်အပံ့ ပေးတတ်တယ်၊ အသက်ရှည်အောင် အထောက်အပံ့ပေးတတ်တယ်။

အလှူဒါ၊ နမှာ အသက်ရှည်ကြောင်း ၊ အဆင်းလှကြောင်း ၊ ချမ်းသာကြီးကြောင်း၊ ဉာဏ်ပညာကြီးကြောင်း ရှိခဲ့လို့ အဲဒီကုသိုလ်တွေက မိမိတို့ကို ကျန်းမာအောင် ချမ်းသာအောင် ဆောင်ရွက်ပေးတတ်တယ်၊

အသက်ရှည်ခြင်း အကြောင်းမှာ ဇီဝံပညာယရက္ခေယျ - အသက်ကိုဉာဏ်စောင့်၊ မသင့်တဲ့ အစာမစားနဲ့ သင့်တဲ့အစာစား၊ မကောင်းတဲ့ ဥတုရှောင်ပြီးတော့ ကောင်းတဲ့ဥတုမှီဝဲ၊ သပ္ပါယဖြစ်မယ့်ဥတုမှီဝဲ၊ မကောင်းတဲ့ ကျန်းမာရေး ထိခိုက်တတ်တဲ့မှုတွေ ရှောင်ပြီးတော့ ကျန်းမာရေး ကောင်းမွန်စေတဲ့ အမှုတွေ ဆောင်ရွက်ပြုလုပ် ခြင်းဖြင့် မိမိတို့အသက်ရှည်အောင် ဉာဏ်ပညာနဲ့စောင့်ရှောက်ပေးနိုင်တယ်။
အဲဒီလိုပဲ ယနေ့ ကုသိုလ်တွေပြုတာဟာလဲ အသက်ရှည်ခြင်း အကြောင်း ကောင်းမြတ်တဲ့ အထောက်အပံ့တွေ ဆောင်ရွက်ပေးတာပဲ။

ဥစ္စာကံစောင့်

တူတူပဲ မိမိတို့ဥစ္စာ တိုးပွားအောင် ကံနဲ့စောင့်ရှောက်ပေးရတယ် ၊

ကံဆိုတာက ရှေးကံ ၊နောက်ကံ၊ ရှေးကကံက အခုအခါတစ်မျိုးပဲ ၊
အခုအခါက ဝီရိယထူထောင်ပြီးတော့ မိမိတို့ဥစ္စာပစ္စည်းတွေ တိုးတက်အောင် ကြီးပွားအောင် ကံနဲ့ထူထောင်ပေးရတယ်၊

ကုသိုလ်ကံက ထပ်ပြီးတော့ အလှူအတန်းပေးဝေခြင်း စသည်ဖြင့် ကံထပ်ပြီးထောက်ပံ့ပေးတာ၊

အဲသလို ကုသိုလ်ကောင်းမှုတွေ ပြုကြတဲ့အခါ မိမိတို့ ခုကာလဝီရိယနဲ့ ဥစ္စာ တိုးပွားကြောင်း၊ တည်တံ့ကြောင်း၊ ကောင်းမြတ်တဲ့ ဝီရိယနဲ့ ထောက်ပံ့ပေးရတယ်။

အခုလို ကောင်းမှုတွေပြု ခြင်းအားဖြင့် မိမိတို့ ပစ္စည်းဥစ္စာတွေ မြဲအောင် တိုးပွားအောင် စောင့်ရှောက် ပေးရတယ်၊ ကုသိုလ်တွေ အကျိုးပေးတော့ ဒီဘဝမှာ အဲသလို ပစ္စည်းတိုးပွားအောင်လဲ အထောက်အပံ့ရတယ်။

အထုံရအောင်ကြိုးစားပေးရတယ်

လောကဒါနဖြစ်ဖြစ် ၊ သီလဖြစ်ဖြစ် ၊ ဘာဝနာဖြစ်ဖြစ် ကုသိုလ်ကောင်းမှုတွေ ပြုကြတဲ့အခါ မိမိတို့ ကုသိုလ်ကို တိုးတက်အောင် အစွမ်းရှိအောင် အထုံရအောင် ကြိုးစားပေးကြရတယ်။
ကုသိုလ်ဆိုတာ ပြု ပြီး ပျောက်ပျောက်သဘောမထားရဘူး ၊

အဲဒီကုသိုလ်တွေကို မိမိက ဘယ်လောက်သတိရတုံး၊

ဘယ်လောက်အောက်မေ့တုံ ၊
ဘယ်လောက်ဆင်ခြင်သတုံး၊
ဘယ်လောက်ထုံပေးသတုံး၊

ထုံပေးသည်နှင့်အမျှ မိမိမှာ အဲဒီကုသိုလ်တွေက မိမိထုံပေးလိုက်သလို အစွမ်းရှိတဲ့ ကုသိုလ်တွေဖြစ်ပြီးတော့ ဒီဘဝမှာ တစ်နည်းတစ်လမ်းအားဖြင့် အသက်ရှည်ဖို့ ၊ ပစ္စည်းဥစ္စာ တည်တံ့ဖို့ ၊ တိုးပွးဖို့ အထောက်အပံ့ ပေးနိုင်တယ်။

သီလနုဿတိ

သီလဆိုတာ ဆောက်တည်ပြီးတော့ အဲဒီသီလ ပြန်ဆင်ခြင်ပေးရတယ်၊ ဒါ သီလာနုဿတိ ဆိုတယ်။
(သင်္ဂြုံလ်ဘာသာဋီကာ)

ငါ့သီလက စင်ကြယ်တယ် ၊ ကျားလဲမကျား ၊ ကျိုးလဲမကျိုး ပေါက်လဲမပေါက် ၊ ပျောက်လဲမပျောက်၊ ကျားလဲမကျား ဒီသီလဟာဆောက်တည်ထားစမို့ စင်ကြယ်နေတယ်၊ သန့်ရှင်းနေတယ်၊ အဲဒါဆင်ခြင်ပြီးတော့ ဝမ်းသာရတယ်၊

တစ်ချို.ရှေ.က မထေရ်ကြီးတွေ ကိုယ့်သီလကိုယ်ပြန်ဆင်ခြင် ၊ ကိုယ့်သီလ တကယ်စင်ကြယ်တာ မြင်ရတော့ ရဟန္တာကြီးတွေ ဖြစ်ကုန်တယ်၊ ဆင်ခြင်ရင်းဟန္တာတွေ ဖြစ်ကုန်တယ်၊

သီလကိုသာမက ဒါနကိုလဲ ဆင်ခြင်ပေးရတယ်။

စာဂါနုဿတိ

ကိုယ့်ဒါနကိုယ်ဆင်ခြင်ရတယ်၊ အောက်မေ့ရတယ်၊ ပြန်ပြန်ပြီးတွေးရတယ်၊
သြော်…ငါဟာ လောကမစ္ဆရိယတရား လွှမ်းမိုးခံရပြီးတော့ လှူမှု တန်းမှု ၌ စိတ်မပါ ၊ ကြွားရေးဝါရေး ဝတ်ရေး စားရေး မော်ရေး တို့၌သာ လုံးပန်းနေကြတဲ့ သတ္တဝါအပေါင်းတို့မှာ ငါဟာအဲသလို ပျော်မှုပါးမှုအကြွားမှုတို့၌ အားမပြုဘဲနဲ့ ရှေးဝါသနာ အထုံပါ၍ လှူခြင်းတန်းခြင်း၌ မွေ့လျော်ခဲ့ရပြီ၊
ဒီလိုလှူခြင်း တန်းခြင်းအမှု၌ ယနေ့လို လှူရေးတန်းရေး၌ မစ္ဆရိယာတရားတွေ ဖယ်ရှားခိုင်မာပြီးတော့ သဒ္ဓါတရား တက်တက်ကြွကြွနဲ့ လှူနိုင်တန်းနိုင် ပူဇော်နိုင်၊
အဲဒီလို ပူဇော်နိုင်ခြင်းဟာ ငါလူ့ဘဝအရတော်လှပါပေစွလို့ ပြန်ပြန်ပြီး အောက်မေ့ခြင်း ဆင်ခြင်ခြင်းဟာ စာဂါနုဿတိပဲ။

ဒီလောက် ဝေဝေဆာဆာ မဟုတ်တောင် သူတော်ကောင်းတွေ ကျင့်ရိုး ၊ ဘုရားပစ္စေကာ ဗုဒ္ဓါရဟန္တာသခင်၊ ရဟန္တာ သခင်မကြီးတွေကျင့်ရိုးဖြစ်တဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုရပြီ၊ ချမ်းသာခြင်းအကြောင်း ကောင်းမြတ်ပါပေစွ လို့ ပြန်ပြီးတော့ အောက်မေ့ခြင်း ၊ တွေးတောခြင်းကို စာဂါနုဿတိ ခေါ်တယ်။

အဲဒီ စာဂါနုဿတိ ကုသိုလ်ရှိလဲရအောင် အောက်မေ့ကြရတယ်၊
ဆင်ခြင်ကြရတယ်၊ ပွားများကြရတယ်၊
ဘုန်းကြီးတို့ ဒါနတွေဟာ ကုသိုလ်တိုးတက်ကြောင်းတွေ ၊မေ့မေ့ပျောက်ပျောက်ဖြစ်သွားရင် ပျောက်သွားတာပဲ၊

နောက်ကုသိုလ်ထပ်မတိုးတော့ဘူး၊

အဲသလိုမဟုတ်ဘဲနဲ့ အမြဲလှူနိုင်တဲ့ ဒါနမဟုတ်၊
တစ်ရံတစ်ခါ အကြောင်းအားလျော်စွာ လှူရတဲ့ ဒါနမျိုးမို့လို့
ထူးထူးကဲကဲ လှူရတာဖြစ်လို့ ထူးထူးကဲကဲဖြစ်အောင်လဲ ကြိုးစားကြရတယ်။

ဒေဝတာနုဿတိ

နတ်တွေကို သက်သေထားပြီးတော့ နတ်တွေရဲ. သဒ္ဓါ ၊ သီလ ၊ သုတ၊ စာဂ ဟီရိသြတ္တပတရားတွေ သက်သေ ထားပြီးတော့ မိမိသဏ္ဍာန်မှာ ရှိတဲ့ သဒ္ဓါ ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိသြတ္တပတရားတွေ အောက်မေ့ပြီးတော့ ဒေဝတာနုဿတိ ပွားကြရတယ်နော်၊

နတ်တွေ ဗြဟ္မာတွေဟာ အကြင်သဒ္ဓါ ၊ သီလ၊ သုတ၊ စာဂ၊ ပညာ တည်းဟူသော တရားငါးအင် ထင်ရှားရှိကြ သောကြောင့် ဤလူ့ပြည်မှာ လူဖြစ်ကြ ၊ နတ်ဖြစ်ကြ ၊ ဗြဟ္မာဖြစ်ကြ ၊ အဲဒီ နတ် ဗြဟ္မာတွေ နတ်ဖြစ်ကြောင်း ၊ ဗြဟ္မာဖြစ်ကြောင်း ကောင်းမြတ်သော သဒ္ဓါ ၊ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့ တရားတွေဟာ အင်မတန် ကောင်းတဲ့ တရားတွေပါလား၊

ဒီတရားတွေ ငါ့သန္တာန်မှာရှိသဖြင့် ငါအရတော်လှပေစွလို့ ၊ နတ်တွေရဲ. သဒ္ဓါ ၊ သီလ၊ သုတ၊ စာဂ၊ ပညာတရား တွေဆင်ခြင်အောက်မေ့ရတယ်၊
အဲသလိုအောက်မေ့ရခြင်းဖြင့် ဒေဝတာနုဿတိ ပွားများကြမယ်ဆိုရင် ခုနပြောသလို ကုသိုလ်တွေ အစွမ်း ရှိတယ်။

အဲဒါကြောင့် အဲသလို အနုဿတိတရားတွေကိုလဲ အခါအားလျော်စွာပွားကြရတာပြုတယ်။
အဲသလိုပွားခြင်းဖြင့် မိမိတို့မှာ ကုသိုလ်တွေ ထပ်ထပ်တိုးတယ်၊

Happy Birthday Mingala

တစ်ခါလှူလိုက်တဲ့ မွေးနေ့အလှူတော်အကြောင်းပြုပြီးတော့
-သီလာနုဿတိဖြစ်ပွားကြတယ်၊
-စာဂါနုဿတိ ဖြစ်ပွားကြတယ်၊
-ဒေဝတာနုဿတိ ဖြစ်ပွားကြတယ်၊

ဖြစ်ပွားကြခြင်းဖြင့် ကုသိုလ်တွေဟာ ထပ်ထပ်တိုးလေ
ကိုယ်ပြုတဲ့ကုသိုလ်ဟာ တစ်ကြိမ်တစ်ခါပေမယ့်
အကြိမ်များစွာပြုတဲ့ ကုသိုလ်တွေထက်သာပြီးတော့ အာသေဝနအထုံရတယ်။

“အာစိဏ္ဏကံ အရှိန်သန်တယ်“

အဲသလို ထပ်ခါတလဲလဲ ပြန်ဆင်ခြင်အောက်မေ့ခြင်းဖြင့် ရရှိတဲ့ အာစိဏ္ဏကံတွေ အာသေဝနအထုံရတဲ့ ကုသိလ်တွေဟာ ဇီဝံပညာယရက္ခေယျ - အသက်ကိုဉာဏ်စောင့်ရှောက်ပေးနိုင်တယ်၊ အသက်ရှည်ခြင်း အကျိုးရတယ်၊ ဥစ္စာစီးပွား တိုးတက်မှုတွေကို စောင့်ရှောက်ပေးတတ်လို့ ဥစ္စာစည်းစိမ် တိုးတက်ခြင်း အကျိုးတွေကိုလဲရတယ်၊

အဲဒါကြောင့်ကုသိုလ်ဆိုတာ အာသေဝနအထုံရဖို့ အရေးကြီးတယ်။ အာစိဏ္ဏကံ အရှိန်သန်ဖို့ အရေးကြီးတယ်။

ဒါကြောင့်မို့ ဘုန်းကြီးတို့ ၀ိသုဒ္ဓိမဂ်မှာလာတဲ့ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ စသော နုဿတိလေးတွေဟာ ကုသိုလ်အရှိန်တိုးအောင်အရှိန်ပေးတဲ့ အနုဿတိတွေမို့လို့ မိမိတို့အလှူကို မေ့မေ့ပျောက်ပျောက် သဘောမထားဘဲနဲ့ ထပ်ကာထပ်ကာ အောက်မေ့ခြင်း ၊ ဆင်ခြင်ခြင်း ၊ တွေးတော ခြင်းဖြင့် ကုသိုလ်တွေ အရှိန်ထက်အောင် အထုံရအောင် အာစိဏ္ဏကံ အလေ့အကျက်များအောင် ကြိုးစားခြင်းဖြင့် ကုသိုလ်တွေ အရှိန်တက်အောင် တိုးပွားအောင်ကြိုးစားနိုင်ကြပါစေကုန်သတည်း။

(အဘိဓဇ မဟာရဋ္ဌဂုရု ရွှေကျင်နိကာယ ဥပ ဥက္ကဋ္ဌ၊ ကျမ်းပြုအကျော် သပြေကန်ဆရာတော်၊ အရှင်ဝါသေဌာဘိဝံသ၊ “သပြေကန်တရားပေါင်းချုပ် --အမှတ် (၁) ၊ စာ ၄၁၀-၄၂၁၊ မှ ကောက်နုတ်ပူဇော် ပါသည်။)