နယ်ခြားသာသနာပြု အရိယာ ဆရာတော်ကြီး ဦးဥတ္တမသာရာ၏မေတ္တာတန်ခိုး

နတ်များက ချစ်ခင်ကြည်ညိုကြပုံ

မေတ္တာအကျိုး (၁၁) မျိုးတွင် နတ်များက ချစ်ခင်ခြင်းဟူ၍ တစ်ပါး ပါရှိရာ လက်တွေ့အရ ဟုတ်မှန်ကြောင်း တွေ့ရတယ်။

မေတ္တာဗြဟ္မ ၀ိဟာရပွားများခြင်း မြဲခြင်းကြောင့် နတ်များကလဲ ချစ်ခင်ကြည်ညို၍ နေကြဟန်တူကြောင်း ကိုယ်တွေ့ အများထဲမှ တစ်ခုပြောရဦးမယ်။

ဘုန်းကြီး ယခုနေထိုင်လျက်ရှိတဲ့ တော်ရ ကျောင်းသင်္ခမ်းအနီး ခန္တီန်တောင်မြင့်ကြီးရှိရာ ကျောက်တောင်ကြီး ပေါ်၌ ဘုမ္မစိုးနတ်ကြီး ရှိကြောင်း သိရတယ်။ သိသာအောင် ထင်ရှားပြဖူး၍ သိရခြင်းဖြစ်တယ်၊ ဘယ်လိုထင်ရှားပြတယ်ဆိုတာ ဤနေရာမှာ ပွင့်ပွင့်လင်းလင်း ဘုန်းကြီးပြောပြမယ်။

တောင်စောင့်နတ်ကြီးက (၆) ကြိမ်လာတယ်
လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀) ကျော်အချိန်က ယခုလက်ရှိ နေထိုင်ရာမှာ ဂေါ်ရခါးဒကာများက ကျောင်းတောက်လှူဒါန်းခဲ့ကြတယ်၊ ကျောင်းပုံဟန်က ဆင်းရဲသား ဂေါ်ရခါး နွားကျောင်းသားတို့ရဲ. ရပ်ဓလေ့ အတိုင်း သူတို့ တတ်နိုင်သမျှ မြက်မိုးနှင့် ရွံ.မြေထရံကာတဲ့ ကျောင်းဖြစ်တယ်။
၀ိနည်းပါဠိတော်သုံးစကားနှင့်ပြောရလျှင် “ဥလ္လိတ္တာဝလိတ္တ = အတွင်းအပြင် မြေသရွတ်လိမ်းကျံတဲ့ကျောင်း” ပေါ့။

အဲဒီကျောင်းမှာ ဘုန်းကြီးနေထိုင်လို့
(၃)နှစ်မြောက်အရောက်မှာ တွေ့ကြုံရတဲ့ ဖြစ်ရပ်ထူးဖြစ်တယ်၊ ကျောက်တောင်ကြီးပေါ်မှာ နေတဲ့ တောင်စောင့်နတ်ကြီးဟာ ညချမ်းအခါ ဝတ်ဖြူစင်ကြယ်နှင့် ပကတိသော လူအသွင်ဖြင့် ဘုန်းကြီးထံ ၆ ကြိမ်တိုင်တိုင် လာရောက်ဖူးပါတယ်။

“အခြားအရပ်ဒေသကို ကြွမသွားပါနှင့်။ ဤတောအရပ်၌သာ အမြဲသီတင်းသုံး နေတော်မူပါ” လို့ တောင်းပန်လျှောက်ထားတယ်၊ သူသည် ဗမာစကားဖြင့် သူက “အမြဲစောင့်ရှောင်နေပါမယ်” လို့လဲ ဝန်ချံက်စကား ကတိပေးသွားပါသေးတယ်၊ ၆ ကြိမ်လာသည်ဆိုသည်မှာ နေ့ရက်ဆက်တိုက်လာခြင်း မဟုတ်ပါ၊ တစ်ကြိမ်လာပြီးနောက် ရက်အတန်ငယ်ကြာပြီးမှ လာလေ့ရှိတယ်။

တောင်စောင့်နတ်ကြီးဟာ ညချမ်းအချိန်ကာလ၌သာ ပုံမှန်လာတတ်ပါတယ်။ နံနက်ပိုင်းအချိန် နေ့အချိန်မှာ မလာပါ။ ဘုန်းကြီးထံသူလာသောအခါတွင် သာမန်လူတစ်ယောက်ကဲ့သို့ ဝတ်ဖြူစင်ကြယ်ဝတ်လျက် ရင်းနှီးနေပြီး ဂေါ်ရခါး တကာလိုလိုရောက်လာတတ်ပါတယ်။ ဘုန်းကြီးက စင်္ကြံလျှောက်ပြီး ပရိတ်ရွတ်နေစဉ် သူပါ အနီးကပ်၍ လမ်းလျှောက်ရင်း လိုက်ပါတတ်တယ်။
ထူးပုံက ဘုန်းကြီးထံ ပြန်ခါနီးလျှင် မတ်တပ်ရပ်ပြီး ရှိခိုးလေ့ရှိတယ်။
ရှိခိုးပြီး ပြန်သွားတဲ့အခါ ကျောင်းရဲ. မြောက်ဘက် ခန္တိန်တောင်ကြီးဆီသို့ ခြေလျှင်လျှောက်သွားတတ်တယ်။

ဘုန်းကြီးထံသူလာတဲ့အခါ ကျောင်းရဲ. တောင်အရပ် ဂေါ်ရခါးရွာဆီက တက်လာမြဲဖြစ်တယ်။ ပုံမှန်သည်လမ်းအတိုင်းလာပြီး သည်လမ်းအတိုင်း ပြန်သွားလေ့ရှိတယ်။

ထူးခြားသောအလင်းရောင်

တောင်စောင့်နတ်ကြီး ဘုန်းကြီးထံလာရှိခိုးပြီး ထွက်ခွသွားလို့ ခန္တိန်တောင်ကြီး ခြေရင်းတောအုပ်ကြီး အထဲရောက်သွားတယ်ဆိုရင်ပဲ ထူးခြားလှတဲ့ အလင်းရောင်ကြီး ဝင်းထိန်လာပုံတွေ မြင်ရတော့တာပဲ။ အလင်းရောင်ကြီးမှာ အောက်လင်းဓာတ်မီးကြီး အလင်းထက်မကဘူး၊ တစ်တောလုံး တစ်တောင်လုံး ဝင်းပြီး ထိန်နေတယ်၊ အလင်းရောင်လွှတ်ကာ တောင်မြင့်ကြီးပေါ်သို့ တဖြည်းဖြည်း မြင့်တက်သွားပုံမြင်ရပြီး ပျောက်ကွယ်သွားတတ်တယ်။

ထိုအခြင််းအရာကို တွေ့မြင်ရခါမှ ငါ့ထံသို့ ယခုလာပြီး ပြန်သွားသူ ဒကာသည် အခြားသူမဟုတ်၊ တောင်စောင့် နတ်ကြီးပင်ဖြစ်ကြောင်း ဘုန်းကြီးကို သိစေလိုသောကြောင့် နတ်တို့၏ ပရိယာယ်ဖြင့် ပြသွားခြင်းဖြစ်တယ် လို့ နားလည်ရပါတယ်၊ ဒီတောာင်စောင့်နတ်ကြီးက ဘုန်းကြီးကိုယ်ဟား ဟိုဟိုသည်သည် အိပ်မက်များ ပေးခြင်း၊ ဘုန်းကြီးရဲ. ပုံသဏ္ဍာန် ကိုယ်ဟန် အခြင်းအရာနှင့် မခြား ထပ်တူဖန်ဆင်းပြီးတော့လဲ အရပ်တစ်ပါး ၊ နေရာ အတော်များများမှာ ရံခါသွားပြီး ကိုယ်ဟန်ပြတတ်သေးတယ်။
သူ့ရဲ.စေတနာတွေဟုထင်ပါတယ်။

တောတွင်းဝိဇ္ဇာဓိုရ်များ ဖူးမြှော်လာကြတယ်

 

ဟိမဝန္တာ တောတွင်း ၀ိဇ္ဇာဓိုရ်

အဲသည်နောက် ဒုတိယအကြိမ် ဟိမဝန္တာ ၀ိဇ္ဇာဓိုရ် ၂ ယောက်ရောက်လာကြတယ်၊ နံနက်စောစော အရုဏ်ဦး အချိန်ပင်ဖြစ်ရာ ယခင် ဦးကျော်ကဲ့သို့ ဘုန်းကြီး အိပ်ရာ ခုတင် နံဘေး၌ ရပ်လျက်သား ရောက်နေကြပုံကို တွေ့မြင်ရတယ်၊ သူတို့ရဲ. ရုပ်သွင်ပုံသဏ္ဍာန်က ဟိမဝန္တာတောကြီးထဲမှာ နေထိုင်လေ့ရှိကြတဲ့ တောလူနှင့် တထေရာတည်း ပုံဟန်တူကြတယ်။

သူတို့ရဲ. အရပ်အမောင်း နိမ့်ကြတယ်၊ အသားအရောင်နီတယ် ၊ နူးညံ့သော အသားအရေရှိကြတယ်၊ တစ်ယောက်ကို သူ့ရဲ.လက်မောင်းကိုင်ဆုပ်ကြည့်လိုက်တယ်၊ ကြည်လင်သော မျက်လုံးကလေးများနှင့် ဘုန်းကြီး ကိုအနီးကပ်ပြီး ကြည့်နေကြပုံဟာ အလွန်ချစ်ခင်မှုကြီးနေတဲ့ ပုံဟန်ပန် ပြခြင်းဖြစ်ကြတယ်၊ သူတို့ရဲ. ကိုယ်မှာတော့ အဝတ်မပါကြပါ ၊ သို့ရာတွင် နူးညံ့တဲ့အမွှေးနုကလေးများ တစ်ကိုယ်လုံး ဖု့းလွှမ်းထားလို့ ဟီရိသြတပ္ပ လုံခြုံနေကြတယ်။

သူတို့က ဟိန္ဒူစတန်နီစကားဖြင့် ရင်းနှီးစွာပြောဆိုမေးဖြေကြတယ်။ “ဘာကိစ္စလာကြသလဲ” လို့မေးကြည့်ရာ “ဖူးတွေ့ချင်လို့ပါ” ဖြေကြတယ်၊ တစ်စုံတစ်ရာပေးလှူသွားခြင်း မရှိပါ။ ၀ိဇ္ဇာဦးကျော်ကဲ့သို့ပင် “ဗုဒ္ဓါနုဿတိ ပွားများပါသလား” မေးလျှောက်ပြီး ဒီမှာပဲ အမြဲနေထိုင်ရန် လျှောက်ထားကြတယ်။

မတ်တပ်ရပ်ရှိခိုး နှုတ်ဆက်ပြီး ပြန်သွားကြတယ်။ ၀ိဇ္ဇာကြီး ဦးကျော် လာရောက်ပြီး နောက်တစ်နှစ်နီးပါးအကြာတွင် လာကြခြင်း ဖြစ်တယ်။ သူတို့လာတွေ့သောနေ့ရက်ကို ဒိုင်ယာရီတွင် ရေးထားပြီးဖြစ်တယ်။

စစ်ဗိုလ်ဝိဇ္ဖာ

အဲသည်နောက် တတိယအကြိမ် လာသူကတော့ ယခုခေတ် မြန်မာစစ်ဗိုလ်ဝတ်စုံ အပြည့်အစုံဝတ်ဆင်ထားပြီး ဗမာစကားပြောသူဖြစ်တယ်၊ နံနက်စောစော အရုဏ်ဦးအချိန်မှာ ကောင်းကင်မှ ကြိုတင်ပြီး ရဟတ်ယာဉ်သံကြားရလို့ ဘုန်းကြီးကျောင်းပြင်ဘက် ထွက်ကြည့်နေခိုက် ထူးခြားစွာ ကောင်းကင်မှ အထင်အရှား လူကိုယ်ချည်း (ရဟာတ်ယာဉ်မပါ) သက်ဆင်းရောက်လာတာကိုတွေ့ရတယ်၊ ကျောင်းအပြင် မြေပြင်ပေါ်မှာပဲ မတ်တပ်ရပ်၍ ရှိခိုးပြီး နှုတ်ဆက်တယ်၊

“ဆရာတော် ဦးဥတ္တမဆိုတာ အရှင်ဘုရားဟုတ်ပါသလား” လို့မေးလို့ ဟုတ်ကြောင်းဖြေပြီး “ဘာကိစ္စရှိပါသလဲဲ” လို့မေးတော့ “ဖူးတွေ့ချင်လို့ပါ” လို့လျှောက်တယ်၊ “ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းပါသလား၊ ဆက်ပြီး ပွားများတော်မူပါ” လို့လျှောက်တယ်၊ ”ခွင့်ပြုပါ” ဟူ၍ ရှိခိုးရင်း လျှောက်ပြီး ရုတ်ချည်း ကောင်းကင်သို့ ပျံတက်သွားတယ်။

လာတုန်းက ဟိမဝန္တာတောကြီးရှိရာ အနောက်မြောက်အရပ်ဆီမှ ပျံလာခဲ့ပြီး ၊ ယခုကောင်းကင်မှ ပြန်သွားတဲ့ အခါ အရှေ.တောင်အရပ် (ရန်ကုန်မြို.ရှိရာ) ဆီသို့ ဦးတည်သွားပုံ လှမ်းမျှော်ကြည့်လိုက်မိတယ်၊ တောတွင်း ၀ိဇ္ဖာဓိုရ် ၂-ဦး လာကြပြီး နောက်တစ်နှစ်ခန့်ကြာပြီးချိန်ဖြစ်တယ်။

ဆန္ဒမရှိပါ--

၀ိဇ္ဇာသုံးဦးစလုံးက ဗုဒ္ဓါနုဿတိ ပွားများဖို့နှင့် ဒီမှာပဲ အမြဲသီတင်းသုံးဖို့ လျှောက်ထားပုံချင်း တူနေတာတွေ့ရတယ်။

၀ိဇ္ဇာဓိုရ်ှများအကြောင်းကို စကားဦးသန်းပြီး တစ်စွန်းတစ်စ ပြောမိရာမှ သိလိုကြောင်း မေးကြသောကြောင့်သာ အတိုချုပ် အသိပေးခြင်းဖြစ်ပါတယ်။
အကျယ်ပြောဆိုရေးပြရန်ဆန္ဒမရှိပါ ။ ဘုန်းကြီးစိတ်ဝင်ခြင်းလဲမရှိပါ။ ဤမျှသိကြရလျှင် ကျေနပ်ကြပါ။

ထူးခြားတာကတော့ နတ်ကြီးများလာကြလျှင် ဘုန်းကြီးထံသို့ ညချမ်းအခါ၌သာ ပုံမှန်လာကြပြီး၊ ၀ိဇ္ဇာများ လာကြလျှင် နံနက်စောစော အာရုဏ်ဦးအချိန်၌သာ ပုံမှန်လာလေ့ရှိကြပုံကို သတိပြုမိတယ်။

ဗြဟ္မဝိဟာရဖြင့် ပျော်နေကြပါ

ဗြဟ္မဝိဟာရဆိုတာ အထက်ဘုံစံ ဗြဟ္မကြီးများကဲ့သို့ နေသောအကျင့်မျိုးလို့ ပြောဆိုခြင်းဖြစ်တယ်၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရား လေးပါး နှင့် ပျော်မွေ့နေခြင်းသည် ဗြဟ္မာတို့ နေနည်းဖြစ်တယ်၊ အေးချမ်းစွာ နေနည်းလို့ဆိုလိုတယ်--

၁။ မေတ္တာ - သတ္တဝါတိုင်းကို ဒေါသစိတ်မထား၊ ချစ်ခင်စိတ်နှင့်နေတယ်။
၂။ ကရုဏာ - သတ္တဝါတိုင်းကို မာနစိတ်မထား၊ သနားကြင်နာစိတ်နှင့်နေတယ်။
၃။ မုဒိတာ - သတ္တဝါတိုင်းကို ငြူစူခြင်း၊ ဣဿာမစ္ဆရိယစိတ်မထား၊ ဝမ်းမြောက်ကြည်သာသော စိတ်နှင့်နေတယ်။
၄။ ဥပေက္ခာ --သတ္တဝါတိုင်းကို မိမိတို့ ကိုယ်တိုင်က ဖန်တီးခဲ့ကြသော ကံအတိုင်းသာ သံသရာတစ်ခွင်ဝယ် ကျင်လည်၍ ချမ်းသာခြင်း၊ ဆင်းရဲခြင်း ခံနေကြရသော ကမ္မဿကာ သတ္တဝါတို့ချည်းသာ ဟူ၍ ကမ္မဿကတာဉာဏ်ဖြင့် မျှတစွာ ရူမြင်ဆင်ခြင်တဲ့ စိတ်နှင့်နေတယ်။

လိုရင်းအချုပ်က သတ္တဝါအားလုံးကို ချစ်ခင်တယ်၊ သတ္တဝါအားလုံးကို သနားတယ်၊ သတ္တဝါအားလုံးကို ချမ်းသာမှုရှိကြတာကို ဝမ်းမြောက်တယ်၊ သတ္တဝါတွေနှင့် စပ်ပြီး မိမိမှာ လောဘ၊ ဒေါသ စသည် မစွန်းငြိစေဘဲ “သတ္တဝါအားလုံး ကိုယ့်ကံနှင့်ကိုယ် အကျိုးပေးသလို ခံစံ နေကြရသူတို့ချည်းသာတည်း” ဟူ၍ အမြင်မှန်ရအောင် နေတတ်ကြရပါမယ်။

ဘုန်းကြီးက ဒီဗြဟ္မာ့ဝိဟရ တရားလေးပါး ၊ လက်ကိုင်ထားပြီး နေလာခဲ့တယ်။

ဒါ့ကြောင့် စိတ်ချမ်းသာတယ် ၊ စိတ်ချမ်းသာလျှင် ကိုယ်ပါချမ်းသာတော့သည်သာလျှင် ဖြစ်တယ်။ အားလုံးသော ဒကာဒကာမတွေလဲ သံသရာခရီးသွားကြရာမှာ ဘဝမဆုံးသေးသမျှ တစ်သွားတည်း သွားနေကြရဦးမှာ ဖြစ်တဲ့ အတွက် ဤ ဗြဟ္မာ့ဝိဟရ တရားလေးပါး လက်ကိုင်ထားပြီး သွားကြပါလို့ ဘုန်းကြီး တိုက်တွန်းပါတယ်။

ချင်းတောင်ပေါ်မှ အလင်းရောင်ကြီး

ကိုယ်တွေ့ဖြစ်ရပ်ိ တစ်ခုပြောပါမယ်၊ လွန်ခဲ့သော ၃ နှစ်အချိန်တွင်းက မြောက်ပိုင်းချင်းတောင်ပေါ် ဘုန်းကြီးတောရ ကျောင်းတည်ရှိတဲ့ ခန္တိန်တော်ကြီးပေါ်မှာ ညအခါ အလင်းရောင်ကြီးကို ရပ်ဝေးရှိ ချင်းရွာ အတော်များများက ညစဉ်ညတိုင်း တွေ့မြင်နေကြရတယ်လို့ ပြောဆိုကြတယ်။

ထို့ပြင်ထူးခြားချက်ကို ပြောရလျှင် တောတွင်း ၀ိဇ္ဇာဓိုရ်များနှင့် သုံးကြိမ်တွေ့ရဖူးခြင်းဖြစ်တယ်၊ နံနက်စောစော အရုဏ်ဦး အချိန်မှ သူတို့က ဘုန်းကြီးနေမြဲကျောင်းသင်္ခမ်းတွင်းသို့ ဝင်ရောက်လာပြီး တွေ့ဆုံခြင်း ဖြစ်တယ်။

ချင်းတောင်ပေါ်မှ အလင်းရောင်ကြီး

အာနာပါနဟာ အနုဿတိ (၁၀) ပါးထဲက တစ်ပါးဖြစ်တယ်။
ထွက်လေနှင့် ဝင်လေကို စိတ်ဖြင့် သတိကပ်ပြီး နှာသီးဖျားမှာပဲ စိုက်ကြည့်နေရတဲ့ အလုပ်ဖြစ်တယ်။

မိမိရဲ. ထွက်လေဝင်လေကို နှာသီးချားမှာ သတိဖြင့် စောင့်၍ ကြည့်ရူဆင်ခြင်နေရသော သမာဓိ အလုပ်ဖြစ်တယ်။

လွယ်ပါတယ်၊ သမာဓိရလွယ်တယ် ၊ အာရုံကိုမိအောင်ဖမ်းလို့ ရနေလျှင် ပိုင်တာပဲ။

မျက်စိမှိတ်ထားပြီး စိတ်အာရုံဖြင့် မြင်အောင်ကြည့်ရတယ်၊ နည်းကားဤမျှသာတည်း။

နည်းသိရပြီးလျှင် အလုပ်ဖြစ်အောင် လုပ်တတ်ပါတယ်၊ အချိန်ကြာတော့ အရှိန်ရလာပြီး ထွက်လေ ဝင်လေ ကို သတိပြုကြည့်ရူ နေရတာကို ပျော်စရာဖြစ်ကြောင်း မကြာခင်သိမြင်လာပါလိမ့်မယ်။

“အာနာပါန” ဆိုတာ မြန်မာစကားဖြင့် ထွက်လေ နှင့် ဝင်လေကို ဖမ်းရသော၊ စိတ်အာရုံကို တပိုတပါး လွင့်မသွားအောင် ထိန်းသော ဘာဝနာဖြစ်တယ်။ ကျမ်းဂန်စကားဖြင့် ”အဿသကမ္မဋ္ဌာန်း” လို့လဲ ပြောတတ်ကြတယ်။

ပရိကမ္မနှင့် ဥဂ္ဂဟနိမိတ်

မြတ်စွာဘုရားရှင် ဗောဓိပင်အောက် ရွှေပလ္လင်ပေါ်ထိုင်ပြီးလျှင် ဤအာနာပါန ကမ္မဋ္ဌာန်းကို ရူပွားတော်မူလို့ သဗ္ဗညုတဉာဏ်တော်ကို ရပြီး ဘုရားအဖြစ် ရောက်တော်မူပါတယ်၊ ဒါ့ကြောင့် အာနာပါနဘာဝနာဟာ သည်လောက် အရေးပါပြီး အရာရောက်တဲ့ ဘာဝနာကမ္မဋ္ဌာန်း ဖြစ်တယ်ဆိုတာကို နားလည် မှတ်သားထား ကြရမယ်။

“ပရိကမ္မနိမိတ်”

အာနာပါန (ထွက်သက်-ဝင်သက်) ခေါ်ဆိုကြတဲ့ ထွက်လေ နှင့် ဝင်လေ ကို မမြန်လွန်း မနှေးလွန်းစေရ၊ ဖြည်းဖြည်းသက်သာ လေထွက်ရာ ဝင်ရာ နှာဝ၌ လေထွက်နေပုံကို ပွတ်ဆွဲသမားက ပွတ်ကြိုးဆွဲနေသလို အထင်အရှားမြင်နေရမယ်၊ နှာသီးဖျားမှာ ပကတိ ထွက်သက်ဝင်သက်လေကို သိ၍ မြင်၍ နေတာကို “ပရိကမ္မနိမိတ်” လို့ခေါ်ဆိုတယ်။

“ဥဂ္ဂဟနိမိတ်”

အဲဒီ “ပရိကမ္မနိမိတ်” ကိုနှာသီးဖျား၌ စိုက်ပြီး ကြည့်ရူမနေတော့ဘဲ တခြားစိတ်အာရုံ လွဲထားသော်လဲ ထွက်လေ ဝင်လေဟာ ပွတ်ကြိုးကို ဟိုဘက်သည်ဘက် ပုံမှန်ဆွဲနေသလို ကမ္မဋ္ဌာန်းအာရုံနိမိတ်ကို မြင်နေရလျှင် ထိုနိမိတ်ကို “ဥဂ္ဂဟနိမိတ်” လို့ခေါ်ရတယ်။ ခွာလို့ရသော နိမိတ်အာရုံကို ပြောခြင်းဖြစ်တယ်။

အာနာပါန ဘာဝနာရဲ. “ဥဂ္ဂဟနိမိတ်” အာရုံကို ကောင်းစွာ ပိုင်နိုင်နေပြီးလျှင် ထပ်ကာထပ်ကာ ရူကြည့်ပွားများ နေပါ၊ သမာဓိအားကောင်းလာတဲ့အခါ နိမိတ်အာရုံ ပိုပြီးကြည်လင်လာမယ်၊ ကြည်လင်ပြီး၊ မြတ်နိုးဖွယ် ဖြစ်လာမယ်၊ ထိုအချိန်ပိုင်းမှာ နှစ်သက်မှု ပီတိတွေ ကိုယ်ခန္ဓာတစ်ခုလုံးကို စိတ်နှလံးပါ တဖြန်းဖြန်း ဖြစ်ပေါ်မယ်၊ စျာန်ရဖို့ နီးကပ်လာပြီ မှတ်ပါ ။

အာနပါနအလင်းရောင်

ကမ္မဋ္ဌာန်းခွင်ဝင်နေစဉ် ကမ္မဋ္ဌာန်း နိမိတ်ဆိုတာ ဖြစ်ပေါ်တတ်မြဲဖြစ်ပါတယ်။ ကသိုဏ်း (၁၀) ပါးကို ရူကြည့်ပွားများလျင် ဖြစ်စေ၊ အသုဘ (၁၀) မျိုးကို ရူကြည့်ပွားမျးလျှင်ဖြစ်စေ၊ ဗြဟ္မဝိဟာရ (၄) ပါးကို ပွားများလျှင် ဖြစ်စေ၊ ဘာဝနာနိမိတ်ဖြစ်ပေါ်လာတတ်မြဲဖြစ်တယ်။

ဘာကမ္မဋ္ဌာန်းဖြစ်စေ ၊ ပထမဦးဆုံးပေါ်လာတဲ့ နိမိတ်အာရုံကို ပရိကမ္မနိမိတ် ၊ ရှေးဦးစွာ အလုပ်၏ အခြင်းအရာကို ထင်ရှားစွာ ပေါ်လွင်ခြင်း နိမိတ်လို့ ခေါ်ဆိုခြင်းဖြစ်တယ်။

ထိုအခြင်းအရာထင်၍ မြင်နေသော အာရုံကို ခွာယူလို့ ရနိုင်ပြီး ဘယ်နေရာကို စိတ်အာရုံထားပြီး နှလုံးသွင်းသွင်း လွယ်လွယ်နှင့် မိမိရူကြည့်လိုသော ကမ္မဋ္ဌာန်း နိမိတ်ကို ပိုင်စွာ မြင်နေနိုင်ပြီဆိုလျှင် ဥဂ္ဂဟနိမိတ် ရနေပြီ ရောက်နေပြီ မှတ်ပါ ။ စျာန်လမ်ဆိုတာ ဥဂ္ဂဟနိမိတ်ကို စွဲမှီပြီး ဖြစ်ရတယ်။

အာနာပါနကို သမာဓိ ခိုင်ခိုင်ထားပြီး အားထုတ်နေချိန်မှာ ထွက်သက်ဝင်သက်လေရဲ. သရုပ်ပေါ်ပုံဟာ ပွတ်ကြိုးကို ဆွဲနေသလို နှာဝမှ လေထွက်လိုက်၊ လောင်လိုက် ဖြစ်နေပုံကို မီးခိုးချေင်းငယ်ပမာ မြင်နေရတတ်တယ်။

ထိုနိမိတ်အာရုံ ပို၍ နိုင်နင်းလာသောအခါ အလင်းရောင်ကြီး ပေါ်လာတတ်တယ်၊ ဖြူတဲ့အရောင် ထွက်လာတတ်တယ်၊ အရောင်ဟာ သမာဓိအားကောင်းသလောက်ကြီးမယ်၊ လင်းမယ်။ မိမိထိုင်နေတဲ့ ခန်းလုံးပြည့် ကျောင်းလုံးပြည့် လင်းတတ်တယ်၊ သည်ထက်ပိုပြီး ကျောင်းခေါင်ဖောက်ထွင်းပြီး ကောင်းကင်ထဲသို့ ဆလိုက်မီးလုံ ထိုးသလို တက်သွားတာလဲရှိတတ်တယ်။

ပိဋကတ်စာပေ ကျမ်းဂန်နှံ့စပ်အောင် လေ့လောတတ်ကျွမ်ပြီး ကိုယ်တိုင်ကမ္မဋ္ဌာန်း ဘာဝနာအလုပ်ဖြင့် ကျင်လည် ပြွမ်းတီးတော်မူကြပြီးသော ရှေးခေတ်ဆရာတော်ကြီးများက-
“ထိုကမ္မဋ္ဌာန်း နိမိတ်ကို ထိန်းသိမ်းထားပါ။ ပိုင်နိုင်အောက် ထိန်းသိမ်းထားပြီး ကြည်လင်အောင်၊ ပိုပြီးကြည်လင်အောင် စိတ်ကြိုက် ဖန်တီးရနေလျှင် စျာန်ပိုင်းရောက်ပြီလို့ နားလည်ရမယ်” တဲ့၊ ဒါကြောင့် စာပေကျမ်းဂန်တကယ်တတ်သော ဆရာတော်ကြီးတို့က “ဖြစ်ပေါ်လာသော ကမ္မဋ္ဌာန်း နိမိတ်ကို စိတ်မဝင်စာကြနှင့်” ဒီလိုမတားမြစ်ကြဖူးပါ။

ယခုခေတ် စျာန်ကို အားမပေး၊ ၀ိပဿနာကို အလေးထားကြတဲ့ အချို.သော ကမ္မဋ္ဌာန်းပြဆရာတို့က တားမြစ်တတ်ကြပါတယ်။

ဘုန်းကြီး သဘောကတော့ ဘာဝနာ နိမိတ်ကို ပိုင်နေ၊ အားကောင်းနေလျှင် စျာန်အဘိဉာဏ်ကို ဖြစ်စေနိုင်ကြောင်း နားလည်ပြီး ဖြတ်တဲ့အတွက် မတားမြစ်ပါ ၊ ဘာဝနာ နိမိတ်အလင်းရောင်ကို ထိန်းသိမ်းထား နိုင်လျှင် စျာန်လမ်းဖြစ်တယ်လို့ ဟုတ်တိုင်းမှန်ရာ ညွှန်ကြားပါတယ်။

သတင်းကြီးနေသော ချင်းတောင်ပေါ်မှ အလင်းရောင်ကြီး

ကိုယ်တွေ့ဖြစ်ရပ်ိ တစ်ခုပြောပါမယ်၊ လွန်ခဲ့သော ၃ နှစ်အချိန်တွင်းက မြောက်ပိုင်းချင်းတောင်ပေါ် ဘုန်းကြီးတောရ ကျောင်းတည်ရှိတဲ့ ခန္တိန်တော်ကြီးပေါ်မှာ ညအခါ အလင်းရောင်ကြီးကို ရပ်ဝေးရှိ ချင်းရွာ အတော်များများက ညစဉ်ညတိုင်း တွေ့မြင်နေကြရတယ်လို့ ပြောဆိုကြတယ်။

ချင်းလူမျိုးများမှာ ဖလမ်းမြို. မြောက်ဘက် လုံးတန်ရွာကြီး ၊ ဖလမ်းမြို.ရဲ. တောင်ဘက် ဟားခါးနယ်မှာရှိ ချွန်ကျုံးရွာကြီး နှင့် နယ်စပ်ရှိ ရန်ထိုရွာ စတဲ့ ရွာများက ချင်းလူမျိုးများဖြစ်ကြတယ်။

”လုံပီးတောင်ကြီးပေါ်မှာ ခန္တိန်တော်မြင့်ကြီးဆီမှ ညအခါ မီးရောင်တွေ ထွက်ပေါ်နေတယ်၊ ဘာရှိသလဲ၊ ဘယ်ကထွက်တဲ့ အလင်းရောင်ဖြစ်သလဲ” စသည်ဖြင့် အမေးအမြန်းတွေ ထူပြောလာကြတယ်။

ထိုအချိန် ဘုန်းကြီးဟာ လုံပီး (ကျောက်ကြီး) တောင်ကြီးပေါ်ရှိ ခန္တိန်တောင်မြင့်ကြီး နံပါး ကိုယ်ပိုင် တောရကျောင်း ၌ နေလျက်ရှိတယ်။

မြန်မာအစိုးရ ဝန်ထမ်းတွေကို ချင်းတွေက မေးကြလို့ “ဆရာတော်ကြီးထံသို့ ညအခါ တောင်စောင့်နတ်ကြီးတွေ လာကြလို့ နတ်ကြီးများရဲ. အလင်းရောင်တွေ ဖြစ်လိမ့်မယ်” လို့ ကိုယ်ထင်ရာ ကိုယ်ပြောပြီး ဖြေကြားနေကြောင်း ကိုလဲ ကြားသိနေရတယ်၊

တီတိန်မြို.မှာ နေတဲ့ တရားရေးဝန်ထမ်း(ပေါက်မြို.သား) ဦးသန်းထွန်း က ချင်းလူမျိုးတို့က တဖွဖွမေးနေကြကြောင်း ဘုန်းကြီးထံ လာလျှောက်ဖူးတယ်။

ဆက်ရန်-

(နယ်ခြားတောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ ၊ “ချမ်းမြေ့စွာ ဘဝနေနည်း” ၊ ဓမ္မာစရိယ ဦးဌေးလှိုင် စုစည်းစီစဉ်သည်။)