လောဘဆိုတဲ့ လိုချင်နှစ်သက်မှု သာယာမှု ရှိနေလို့ အချီးမွှန်းခံရတာကို သာယာပြီး စိတ်တက်ကြွတယ်၊

ကောဓ

ကောဓ ဆိုတဲ့ဒေါသရှိနေလို့ အကဲ့ရဲ.ခံရတဲ့အခါ သည်းမခံနိုင်ဖြစ်ပြီး စိတ်ဓာတ်ကျရတယ်၊
ဒါကြောင့် အဲဒီ လောဘနဲ့ ဒေါသကို ရှုမှတ်ပြီးပယ်ရမယ်။

မစ္ဆရိယ

ဝန်တိုတယ် ကပ်စေးနှဲတယ် ဆိုတာဟာ နှစ်သက်တွယ်တာတဲ့ လောဘနှင့်လည်း ဆိုင်တယ်၊ မိမိချစ်မြတ်နိုး နေတဲ့ သက်ရှိသက်မဲ့ အရာဝတ္တုကို သူတစ်ပါးနှင့် မနီးစပ်စေချင်တာဟာ သည့်းမခံနိုင်တဲ့ ဒေါသပဲ၊ အဲဒါနှင့်လည်း ဆိုင်တယ်၊
အဲဒီ ဝန်တိုတဲ့ မစ္ဆရိယကြောင့်လည်း စိတ်ဟာ မတည်မငြိမ်ဘဲ ရှိတတ်တယ်၊ ဒါကြောင့် အဲဒီမစ္ဆရိယ ကိုလည်း ဖြစ်ပေါ်လာရင် ရှုမှတ်ပြီး ပယ်ရမယ်၊

ကုန်းချောတယ် ကုန်းတိုက်တယ်

ကုန်းချောတယ် ကုန်းတိုက်တယ်ဆိုတာ ဝစီဒုစရိုက် ၄-ပါးထဲ အပါအဝင် တစ်ပါးပဲ၊ သီလပျက်ကြောင်း အကုသိုလ်အမှုပဲ၊ ဒါကြောင့် သီလမပျက်စေရန် အဲဒီ ကုန်းတိုက်စကား ပြောဆိုခြင်းကိုလည်း ပယ်ရမယ်တဲ့၊
အဲဒီ ကုန်းတိုက်တယ်ဆိုတာ ချစ်ခင်ရင်းနှီးနေသူများကို ကွဲပြားစေတတ်တဲ့အမှုပဲ၊

“ကဲ့ရဲ.တယ် ချီးမွမ်းတယ်”

ကဲ့ရဲ.တယ်……….

ကဲ့ရဲ.တယ် ချီးမွမ်းတယ် ဆိုတာ လောကထဲမှာ ရှိနေတဲ့ ပုဂ္ဂိုလ်ဟူသမျှ တွေ့ကြုံရမြဲဖြစ်တဲ့ လောကဓံ တရားပဲ၊ ဘာမျှ ထူးခြားတဲ့အကြောင်း မဟုတ်ပါဘူး၊

ဒါပေမယ့် လောကဘက်ကဂုဏ်နဲ့ဖြစ်စေ၊ တရားဘက်က ဂုဏ်နဲ့ဖြစ်စေ အကဲ့ရဲ.ခံရရင် စိတ်ဓတ်ကျဆင်းပြီး တုန်လှုပ်တတ်ကြတယ်၊ အရေးကြီးတာ မကြီးတာ စိစစ်ကြည့်ရင်တော့ လောကဘက်က ဘယ်လိုဂုဏ်ဖြင့် ကဲ့ရဲ.စေကာမူ ဘာမျှ အရေးမကြီးပါဘူး၊

ဒါကြောင့် လောကဘက်က အမျိုး၊ ဇာတိ ၊ စီးပွားဥစ္စာ၊ အတတ်ပညာ အလုပ်အကိုင် စသည်နှင့်စကပ်ပြီး ဘယ်လိုပင်ကဲ့ရဲ.ကြစေကာမူ ဘာမျှ အရေးမကြီးပါဘူး၊ အဲဒါကိုဂရုမစိုက်ဘဲ စိတ်အေးလက်အေးနေနိုင်ပါတယ်။

အဲဒီလို ကဲ့ရဲ.တဲ့ စကားသံကိုလည်း ဂရုတစိုက်နားမထောင်ဘဲနေရမယ်၊ သတိပဋ္ဌာန် အလုပ်ရှိတဲ့ ပုဂ္ဂိုလ်ဆိုရင် ကြားရတာ သိရာတာကို ရူမှတ်ပြီး ပယ်လိုက်ရုံပါဘဲ၊

တရားဘက်ကတော့ သီလစသည့် ချွတ်ယွင်းမှုဖြင့် အကဲ့ရဲ.ခံရရင် မိမိမှာ ချွတ်ယွင်းချက် ရှိမရှိ ဆင်ခြင် ကြည့်ရမယ်။

ချွတ်ယွင်းချက်ရှိရင် ပြင်သင့်တာကိုပြင်ပြီး စိတ်အေးလက်အေး နေရုံပါပဲ၊
ချွတ်ယွင်းချက်မရှိဘဲ ကဲ့ရဲ.တာဆိုရင်တော့ ဂရုစိုက်ဖို့ မလိုပါဘူး၊

မြတ်စွာဘုရားကိုတောင် မကြည်ညိုတဲ့သူတွေက ကဲ့ရဲ.ကြသေးတာပဲ ၊ “မိမိမှာအပြစ်မရှိရင် ပြီးတာပဲ” လို့ နှလုံးသွင်းပြီး မတုန်မလှုပ်တည်ငြိမ်စွာနေရမယ်၊

ချီးမွမ်းတယ်-----

အချီးမွမ်းခံရင်တော့ အများက ကြိုက်တတ်ကြတယ်၊ မဟုတ်ဘဲနဲ့ မြှောက်ပင့်ပြီး ချီးမွမ်းတာကိုလည်း သဘောတူပြီး လက်ခံနေတတ်ကြတယ်၊ အဲဒါဟာ မဟုတ်တဲ့ဂုဏ်နဲ့ တက်ကြွတဲ့ သဘောပဲ၊

အမှန်ကတော့ ဟုတ်တဲ့ဂုဏ်နဲ့ ချီးမွမ်းတောင် မတက်ကြွဘဲ သည်းခံနိုင်ဖို့ အရေးကြီးပါတယ်၊ တရားကိုယ် အားဖြင့် စိစစ်ကြည့်ရင် ချီးမွမ်းဆိုတာ အသံရုပ်ကလေးမျှပဲ၊

အရေးကြီးတာကတော့ မိမိမှာ ချီးမွမ်းထိုက်တဲ့ ဂုဏ်နဲ့ ပြည့်စုံသည်ထက် ပြည့်စုံအောင် အားထုတ်သွားဖို့ အရေးကြီးပါတယ်၊

A

ဒါကြောင့် သူတစ်ပါးက ချီးမွမ်းတာကိုလည်း ဂရုမစိုက်ဘဲ မတက်ကြွဘဲ တည်ငြိမ်နေနိုင်ရမယ်၊ အဲဒီလို တည်ငြိမ်နေပြီးတော့ တရားဘက်က ပြည့်စုံသည်ထက် ပြည့်စုံအောင် အားထုတ်သွားရမယ်။

“အရဟတ္တမဂ်ဖိုလ်”

စာပေတတ်လို့ ချီးမွမ်းခံရတယ်ဆိုရင် ကိုယ့်ထက်တတ်သိတဲ့ ပုဂ္ဂိုလ်တွေရဲ. အဆင့်အတန်းရောက်အောင်၊

သီလဘက်က အချီးမွမ်းခံရရင် ကိုယ့်ထက်သာတဲ့ သူတွေရဲ. အဆင့်အတန်းရောက်အောင်၊

သမာဓိပညာဘက်က အချီးမွမ်းခံရရင် ကိုယ့်ထက်သာတဲ့ ပုဂ္ဂိုလ်မြတ်တွေရဲ. အဆင့်အတန်းရောက်အောင်၊

အားထုတ်သွားရမယ်၊ အရဟတ္တမဂ်ဖိုလ် မရောက်သေးသမျှကာလပတ်လုံး သူတစ်ပါးက ဘယ်လိုပဲ ချီးမွမ်း ကြစေကာမူ “ငါ့မှာလိုသေးတယ်” လို့သာ နှလုံးသွင်းပြီး အရဟတ္တမဂ်ဖိုလ် ရောက်သည့်တိုင်အောင် ကြိုးစား အားထုတ်သွားဖို့ပါပဲ၊

အရဟတ္တမဂ်ဖိုလ် ရောက်ရင်တော့ စိတ်ဓာတ်မြင့်ပြီး တက်ကြွတဲ့ မာနလည်း မရှိတော့ဘူး၊ အဲဒီအခါကျတော့ စိတ်မတက်ကြွအောင် ထိန်းသိမ်းစရာလည်း မလိုတော့ဘူး၊

(မဟာစည်ဆရာတော်ဘုရားကြီး၏ တုဝဋကသုတ်တရားတော်)