“မေတ္တာဆိုတာ သန့်ရှင်းတဲ့နေရာမှာသာ မေတ္တာဆိုတဲ့စကားကို သုံးတယ်”

မေတ္တာဆိုတာဟာ တရားကိုယ်ကတော့ အဒေါသခေါ်တဲ့ သောဘဏ စေတသိက်ထဲမှာပါတဲ့ အဒေါသဆိုတဲ့ စေတသိက်တရားလေးပဲ။

အဒေါသကို မေတ္တာလို့ခေါ်ရတယ်။

မေတ္တာဆိုတာ အင်မတန်သန့်ရှင်းတယ်၊ မွန်မြတ်တယ်၊ စင်ကြယ်တယ်။

သို့သော် လောက က မေတ္တာဆိုတဲ့စကားကို နေရာတကာမှာ မေတ္တာနဲ့ သုံးနေကြတယ်။

အမှန်ကတော့ သန့်ရှင်းတဲ့ နေရာမှာသာ မေတ္တာဆိုတဲ့ စကားကို သုံးတယ်။

“တဏှာပေမ”

ကိလေသာမကင်းတဲ့ ချစ်ခြင်းမေတ္တာမျိုးကိုတော့ “ပေမ” လို့ သုံးတယ်။

“တဏှာပေမ” ဆိုတာရှိတယ်။

ဒီ တဏှာပေမ ဆိုတာဟာ လောက က မေတ္တာလို့သုံးပေမယ့် ကိလေသာမကင်းတဲ့ ချစ်ခြင်းကတစ်မျိုး၊ ဇနီးမောင်နှံ လင်မယားပုဂ္ဂိုလ်များမှာ ထိုကဲ့သို့ မေတ္တာမျိုး ဖြစ်ကြရတယ်။

တဏှာပေမ တဏှာမကင်းတဲ့ ချစ်ခြင်းတွေ။

ညီအစ်ကို မောင်နှမတွေ မိဘသားသမီးတွေရဲ. ချစ်ခြင်းမျိုးတွေဟာလဲဒီလိုပဲ။

တဏှာဆိုတဲ့ အစေးကလေးမကင်းတဲ့ ချစ်ခြင်း၊

သို့သော် ဇနီးမောင်နှံ အချစ်မျိုးကတော့ အင်မတန်ပြင်းထန်တဲ့ အချစ်မျိုး ၊

မိဘတို့ သားသမီးတို့ ညီအစ်ကို မောင်နှမတို့ အချစ်ကတော့ ခပ်ပျော့ပျော့ အချစ်ကလေးပေါ့ ၊

ဒါအားလုံးဟာ မေတ္တာနဲ့မဆိုင်ဘူး၊ ဘာဝနာမှာလတဲ့ ---မေတ္တာနဲ့ မဆိုင်ဘူး။

အဒေါသဆိုတဲ့ မေတ္တာမှ

ဘာဝနာမှာလာတဲ့ မေတ္တာကတော့ အင်မတန် သန့်ရှင်းတယ်၊ “အဒေါသ” ခေါ်တဲ့ မေတ္တာမျိုး၊

ဒီလိုမေတ္တာမျိုးသည် သန့်ရှင်းတယ်၊ အေးချမ်းတယ်၊

တဏှာပေမ မကင်းတဲ့ ချစ်ခြင်းမျိုးတွေက ပူပန်မှုတွေရှိတယ် ၊ ပူလောင်မှုတွေရှိလို့

တကယ်အေးချမ်းတဲ့ မေတ္တာမျိုးမဟုတ်ဘူး။

မေတ္တာဘာဝနာအရာမှာလာတဲ့ မေတ္တာကတော့ ပွားများလိုက်တာနဲ့ တစ်ပြိုင်နက်

စိတ်ထဲမှာ အေးချမ်းလာတဲ့ မေတ္တာမျိုး ၊ ဒီလိုမေတ္တာတရားမျိုးကိုသာ ဘာဝနာအရာမှာ လိုလားအပ်တယ်၊

ဒီလိုမေတ္တာမျိုးကိုသာ ပွားများကြရမယ်။

နွားမကြီးရဲ. မေတ္တာတန်ခိုး

ကျမ်းဂန်မှာလာတဲ့ ဝတ္တုတစ်ပုဒ်ရှိတယ်-------

ရှေးုတုန်းက သားသည် အမေနွေးမကြီး နွားကလေးနို့တိုက်နေတယ်---

အမဲလိုက်မုဆိုးက ချွန်ထက်တဲ့ လှံကိုင်ပြီးတော့ရောလာတယ်၊ အမဲတွေ့ပြီဆိုပြီး နွားမကြီးကို လှံနဲ့ အားကုန်ပစ်လိုက်တယ်--လှံဟာ နွားမကြီးကို မထိုးဖောက်နိုင်ပဲ--လိပ်ခွေသွားတယ်---

နွားမကြီးဟာ ထိုအခိုက်မှာ အခါများစွာ သားကဘေးအပေါ်မှာ တဏှာပေမ တဏှာအချစ်ကလေးနဲ့ ချစ်နေခဲ့တာဖြစ်ပေမယ့် အခုခိုက်မှာတော့ သူ့မှာ“ ဗြဟ္မာစိုရ် မေတ္တာ” ပွားများနေတယ်၊

ထိုမေတ္တာတန်ခိုးကြောင့် ဒီမေတ္တာကလဲ အင်မတန် အရှိန်ပြင်းတဲ့ အတွက်ကြောင့် မုဆိုးကြီးလှံက အသားကို မတိုးပဲ ခွေလိပ်သွားရခြင်းဖြစ်တယ်။ နွားမကြီးမှာ ဘာမှမဖြစ်ဘူး။

“ အဝေးရန်သူ နဲ့ အနီးကပ်ရန်သူ ”

ဗြဟ္မဝိဟာရ မေတ္တာမျိုးဟာ လင်မယားအချင်းချင်းလဲ အခါများစွာဖြစ်နိုင်တာပဲ ၊

သားအမိ ညီအစ်ကို မောင်နှမ စသည်လည်း ဖြစ်နိုင်တာပဲ ။

ဒီလိုမေတ္တာတွေ ကျပ်ကျပ်ဖြစ်နေကြပြီဆိုရင် ထိုအသိုင်းအဝိုင်းမှာ မေတ္တာပွားလို့ အင်မတန်လွယ်တယ်၊

ဒေါသဆိုတာ မေတ္တာရဲ. ရန်သူပဲ ၊ ရာဂဆိုတာလဲ မေတ္တာရဲ. ရန်သူပဲ၊

ရာဂက အနီးကပ်ရန်သူတဲ့ ၊ ဒေါသက အဝေးရန်သူတဲ့ ၊

ဘယ်ရန်သူရှိရှိ မေတ္တာဘာဝနာကတော့ မဖြစ်ဘူး ၊ ဒီလိုရန်သူမရှိမှ ။

မာတာယထာ နိယံပုတ္တ ၊ မာယုသာ ဧကပတ္တ မနုရက္ခေ။
ဧဝမ္ပိ သဗ္ဗဘူတေသု ၊ မာနသံ ဘာဝယေ အပရိမာဏံ။

ထိုမေတ္တာမျိုးထိအောင် ပွားကြရမယ့်အကြောင်း ဘုရားရှင်ကိုယ်တော်မြတ်က တိုက်တွန်းတော်မူတယ်။ အနက်က--

“လောကမှာ မိခင်ဆိုတာ တစ်ဦးတည်းသော သားကလေးကို အင်မတန်ချစ်တယ် ၊ သားသမီးများတဲ့ မိခင်တွေဟာ ချစ်တယ်ဆိုပေမယ့် ဒီလောက်မဟုတ်သေးဘူး၊ တစ်ဦးတည်းသောသားကလေးရှိတဲ့ မိခင်သာ ထိုသားကလေးအပေါ်မှာ အလွန်ချစ်ခြင်းမေတ္တာဖြစ်နေသကဲ့သို့ ထို့အတူပဲ အလုံးစုံသော သတ္တဝါတွေအပေါ်မှာ ဤကဲ့သို့သော မေတ္တာမျိုးကို ပွားရမယ့်အကြောင်း ဘုရားရှင်ကိုယ်တော်မြတ်က ဟောတော်မူတယ်။”

ဒါတော သတ္တဝါတွေအပေါ်မှာ မေတ္တာပွားတဲ့အခါတော့ မိမိစိတ်ထဲမှာ အင်မတန်ရှင်းနေရတယ်၊ ရှင်းတယ်ဆိုတာ ဘာတုုံးဆိုရင် ရာဂမဝင်ရဘူး၊ ဒေါသမဝင်ရဘူး ၊ ဒေါသ ရာဂမဝင်ဘဲနဲ့ သန့်သန့်ရှင်းရှင်းနဲ့ ပွားတဲ့မေတ္တာဟာ မိမိလိုလားတဲ့ စျာန် အစရှိသော ချမ်းသာကို ရခြင်းအကြောင်း၊ ကောင်းမြတ်သော မေတ္တာဖြစ်ကြောင်း ဘုရားရှင်ကိုယ်တော်မြတ်က ဟော်တော်မူလို့ ထိုကဲ့သို့ မေတ္တာမျိုးကို ကြိုးကြိုးစားစား ပွားများ အားထုတ်နိုင်ကြရမယ်---

(သပြေကန်ဆရာတော်၊ အရှင်ဝါသေဌာဘိဝံသ၊ “သပြေကန်တရားပေါင်းချုပ် --အမှတ်