တရား၌ စိတ်မဝင်စားသူ၊
တရားအားမထုတ်လိုသူ ၊
တရားအားထုတ်ရမှာ ပျင်းသူများက
"တရားအားထုတ်ဖို့လိုသလားဟု"
မေးတတ်ကြ ၏။

ဤ မေးခွန်းကို မဖြေမီ .…
(၁)တရားအားထုတ်တယ်ဆိုတာဘာလဲ..။A
(၂) တရားအားထုတ်ရင် ဘယ်လိုကောင်းကျိုးတွေ ရမလဲ..။
(၃) တရားအားမထုတ်ရင် ဘယ်လိုဆိုးကျိုး တွေရမလဲ ဟူသော မေးခွန်း၏ အဖြေများကို ဦးစွာသိထားသင့်ပါသည်..။

(၁)တရားအားထုတ်တယ်ဆိုတာဘာလဲ..။

တရားအားထုတ်တယ်ဆိုသည်မှာ တရားသဘောကို (၀ါ) သဘောတရားကိုသိမြင်အောင်အားထုတ်ခြင်း၊ ကြိုးစားခြင်းဖြစ်၏။သဘောတရားသည် ဖြစ်ပျက် ရုပ်နာမ် သဘောတရား၊ မဖြစ်မပျက် နိဗ္ဗာန်သဘောတရားဟုနှစ်မျိုးရှိရာ ယင်းနှစ်မျိုးလုံး သိမြင်ရေးအတွက် ကြိုးစားအားထုတ်ခြင်းကို " တရားအားထုတ်သည်" ဟုခေါ်ပါသည်။

တနည်းအားဖြင့် တရားအားထုတ်ခြင်း ဆိုသည်မှာ သဘောတရားကိုသိမြင်ရေး အတွက် ကိုယ်အား ဉာဏ်အားထုတ်သုံးခြင်းဖြစ်၏။


ဘုရားရှင်သည် သတ္တဝါများနည်းမှန် လမ်းမှန် အားထုတ်နိုင်ရေးအတွက် ဓမ္မစင်္ကြာ၊ အနတ္တလက္ခဏာ ၊ မဟာသတိပဋ္ဌာနသုတ် စသည့် ကျင့်ထုံးကျင့်နည်း သုတ်ပေါင်းများစွာကို ဖော်ထုတ်ဟောကြားတော်မူခဲ့၏။ ယင်းတရားတော်များ၌ ပါရှိသည့် နည်းလမ်းများနှင့်အညီ ကြိုးစားအားထုတ်မှ သာကောင်းကျိုးတရားများကို ရရှိပါလိမ့်မည်။

(၂) တရားအားထုတ်ရင် ဘယ်လိုကောင်းကျိုးတွေ ရမလဲ..။

ရုပ်သဘောတရား နာမ်သဘောတရားတို့၏ အခြေအနေမှန်(ဖြစ်ခြင်း၊ ပျက်ခြင်း၊ ပေါ်ခြင်း၊ ပျောက်ခြင်း၊ ရှင်ခြင်း၊ သေခြင်း)တို့ကို သိမြင်အောင် (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) မြင် အောင်ကြိုးစားအားထုတ်ပါလျှင် ...
* စိတ်ဓါတ်ဖြူစင် သန့်ရှင်းခြင်း..
* မပူဆွေး မငိုကြွေးရတော့ခြင်း...
* ကိုယ်မဆင်းရဲ စိတ်မဆင်းရဲ ခြင်း..
* အဆင့်မြင့် အသိဉာဏ် (မဂ်ဉာဏ် ) ကိုရရှိခြင်း..
* နိဗ္ဗာန် ကိုသိမြင် (မျက်မှောက်) ပြုရခြင်း.. ဟူသောကောင်းကျိုးတရားများရရှိကြောင်းကို မဟာသတိပဋ္ဌာနသုတ်တွင် ဟောကြားတော်မူခဲ့ပါသည်။

* စိတ်ဓါတ်ဖြူစင် သန့်ရှင်းခြင်း.....

သတိပဋ္ဌာန်တရားတော်နှင့် အညီ ဖြစ်ခြင်း ပျက်ခြင်း မတည်မြဲခြင်း (အနိစ္စ) သဘောကို ပိုင်ပိုင်နိုင်နိုင်သိမြင်အောင်အားထုတ်သူ၏ စိတ်ဓာတ်သည် လိုချင်မှု့လောဘ၊ မကျေနပ်မှု့ဒေါသ၊ မသိတွေဝေမှု့မောဟ ၊ရုပ်နာမ်သဘောကို ငါဟုထင်မြင်ယူဆသည့် ဒိဋ္ဌိ အစရှိသည့် မကောင်းသော စိတ်နေစိတ်ထား= ကိလေသာများ လျော့နည်း ပပျောက် ကင်းစင်သဖြင့် ဖြူစင်မြင့်မြတ် လာ၏။

ရုပ်နာမ်ဖြင့် ဖွဲ့စည်းထားသော ခန္ဓာကို ငါ သူ လူပုဂ္ဂိုလ် သတ္တဝါမရှိ ရုပ်နာမ်သဘောသာရှိ၏ ဟု မိမိခန္ဓာ၌ အမြင်ရှင်းလာ၏။ အမြင်ကြည်လင် ပြတ်သားလာ၏။ တို့အတူ စိတ်ဓါတ်သည်လည်း ဖြူစင် သန့်ရှင်း ခိုင်မာလာ၏။

* မပူဆွေး မငိုကြွေးရတော့ခြင်း...

ဤသို့ခန္ဓာအမြင် ကြည်လင်လာသည်နှင့် အမျှ မိမိခင်မင်တွယ်တာ ခဲ့ ရသည့် သက်ရှိ သက်မဲ့များဆုံးရှုံးပျက်စီးသည့် အခါ စိုးရိမ်ပူဆွေးမှု့များလျော့ချနိုင်လာ၏။ ယင်းတို့၏မတည်မြဲ ကြသည့်သဘောကို နားလည်လာခြင်းကြောင့် ပင်ဖြစ်၏။ ပူဆွေး ငိုကြွေးရခြင်းတို့မှ လည်း သက်သာမှု့ရစေ၏။...စိတ်ဓာတ်တည်ငြိမ် လာသူသည်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှု့လည်းနည်းပါးလာတော့၏။

သောကဖြစ်စရာများနှင့် ကြုံတွေ့ သော်လည်း ခံနိုင်ရည်ရှိလာ၏။ ဤစိတ်ကျန်းမာမှု့ကလည်း ရုပ်ပိုင်း ကျန်းမာရေးကို အထောက်အကူ ပြုသောကြောင့် တရားအားထုတ်ခြင်းက ကိုယ်စိတ်ဆင်းရဲမှု့ကို မဖြစ်စေပဲ ကိုယ်နှင့် စိတ်ကိုရွှင်လန်းစေနိုင်၏။

* အဆင့်မြင့် အသိဉာဏ် (မဂ်ဉာဏ် ) ကိုရရှိခြင်း...

ထိုမှ တစ်ဆင့်တက်ကာ ရုပ်နာမ် သဘောကို ပိုင်ပိုင်နိုင်နိုင် သိမြင်ထားသော ယောဂီသည် မိမိ၏ ၀ိပဿနာဉာဏ် အဆင့်ဆင့် ကိုရင့်ကျက်အောင် အားထုတ်သွားလျှင် ဒုက္ခကို ဒုက္ခမှန်း၊ ဒုက္ခဖြစ်ကြောင်းကို ဒုက္ခဖြစ်ကြောင်းမှန်း၊ သိမြင်လာပြီး အဆင့်ဆင့် တက်ကာ အရိယာ မဂ်ဉာဏ် ကိုရရှိနိုင်ပါသည်။ သစ္စာလေးပါး အမှန်တရားကို သိမြင်နိုင်သည့် ဤမဂ်ဉာဏ် ကိုမရရှိသောကြောင့် ကျွနု်ပ်တို့ သံသရာထဲ တဝဲလည် လည်နေရတာကို လည်းနားလည်လာတော့၏။

* နိဗ္ဗာန် ကိုသိမြင် (မျက်မှောက်) ပြုရခြင်း.. ..

မျက်စိနှစ်ကွင်း အလင်းမရသူသည် ပြင်ပအရာဝတ္တုများကို မသိမြင်နိုင်ပေ။ ထို့အတူ သစ္စာလေးပါး ကို မသိသူသည် နိဗ္ဗာန်ဟူသော သန္တိသုခ အငြိမ်းဓာတ်ကို မသိမြင်နိုင်ပေ။ တရားအားထုတ်ထားသူ ရရှိထားသော မဂ်ဉာဏ်ကသာ ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်းသည့် အငြိမ်းဓာတ်သဘော ကို သိမြင်နိုင်ပေသည်။

(၃) တရားအားမထုတ် လျှင် ……

ရုပ်နာမ်တရားတို့၏ ဖြစ်ပျက်နေပုံ ၊ ပေါ် ပျောက်နေပုံ ၊ ရှင် သေနေပုံ၊ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲ ဖောက်ပြန်နေပုံတို့ကို မသိသဖြင့် ၊ ပရမတ်အားဖြင့် အမှန်တကယ် မရှိသည့် ငါ သူ လူပုဂ္ဂိုလ် သတ္တဝါ ယောကျာ်း မိန်းမ စသည်များကို တကယ်အရှိထင်ကာ တဏှာ မာန ဒိဋ္ဌိ စသည့်တရားများ အမြဲဖြစ်နေသောကြောင့် ....
၁။ ရုပ်နာမ် အမြင်မကြည်လင်ခြင်း၊ စိတ်ဓာတ် အားနည်းနေခြင်း၊ စိတ်ဓာတ် ညစ်ပတ်ခြင်း၊ စိတ်ဓာတ် ညစ်ထေးခြင်း၊ စိတ်ဓာတ် မကြံ့ခိုင်ခြင်း။
၂။ ထိုသို့စိတ်ဓာတ် မကြံ့ခိုင်သဖြင့် ပူစရာရှိပူရ၊ ငိုစရာရှိငိုကြွေးရ နှင့် သောကတွေ များနေတတ်ခြင်း.။
၃။ ထိုသို့ ပူဆွေးငိုကြွေးရသဖြင့် ကိုယ်စိတ်ဆင်းရဲခြင်း၊ ကိုယ်စိတ် မချမ်းသာခြင်း။
၄။ ကိုယ်စိတ်ဆင်းရဲ သဖြင့် မဂ်ဉာဏ်ရရှိ ဖို့ မဆိုထားနှင့် ၀ိပဿနာဉာဏ် ရရှိရေးပင် လမ်းပိတ်သွားခြင်း။
၅။ နိဗ္ဗာန်ကိုသိမြင်နိုင်သည့် မဂ်ဉာဏ်၏ အကြောင်းဖြစ်သော ၀ိပဿနာဉာဏ်ကိုမရ ရှိသည့်အတွက် နိဗ္ဗာန်ကိုသိမြင်ဖို့ရန် မျှော်လင့် ချက်မရှိတော့ခြင်း စသည့် မကောင်းကျိုးများရရှိနိုင်ပါတယ်။

ထို့ကြောင့် တရားအားထုတ်ဖို့ လိုသလား ဟု ဆိုလာလျှင်....

*ရန်သူများဝိုင်းထားခံရသူသည် ထွက်ပြေးလျှင် လွတ်မြောက်နိုင်သည့် အခွင့်အရေးကို မြင်လျှင် ထွက်ပြေးရန် လိုအပ်သည်။

*မိမိခန္ဓာကိုယ်ကြီး၌ ကျင်ကြီး ကျင်ငယ် စသည့်အညစ်အကြေးများ ပေလူးနေလျှင် ယင်းတို့ကို ရေကောင်းရေသန့်ုဖြင့် ဆေးကြောသန့်စင်ရန် လိုအပ်ပေသည်.။

*မိမိမှာ အနာရောဂါစွဲ ကပ်နေလျှင် ထို အနာများကိုပျောက်ကင်းအောင် (၀ါ) ကျန်းမာအောင် ဆေးဝါးသောက်သုံးရန် လိုအပ်ပေသည်.။

ထို့အတူ..
၁။ ကျွနု်ပ်တို့၏ သန္တာန်မှာရှိသော လိုချင်မှု့လောဘ၊ မကျေနပ်မှု့ဒေါသ၊ မသိတွေဝေမှု့မောဟ ၊ ထောင်လွှားမှု မာန၊ အမြင်မှားမှု့ ဒိဋ္ဌိ၊ မနာလိုမှု့ ဣသာ၊ ဝန်တိုမှု့ မစ္ဆရိယ စသော မကောင်းသည့် အောက်တန်းစားစိတ်ဓာတ် များရှိနေသည့် အတွက် ယင်းစိတ်ဓာတ်များလျော့နည်းသွားစေရန် တရားအားထုတ်ဖို့ လိုအပ်ပါသည်။
၂။ ပူဆွေး ငိုကြွေးခြင်းမှ လွန်မြောက်ရန်၊
၃။ ကိုယ်စိတ် မဆင်းရဲစေရန်၊
၄။မဂ်ဉာဏ်ကို မရသေးလျှင် အပါယ်ကျနိုင် သဖြင့် အပါယ်လေးပါးသို့မကျရောက်ရေးအတွက် ။
၅။ ဒုက္ခပေါင်းစုံ စုဝေးရာ လက်ရှိခန္ဓာချုပ်သိမ်းပြီး အငြိမ်းဓာတ်နိဗ္ဗာန် ချမ်းသာကို သိမြင် မျက်မှောက်ပြုနိုင်ရေးအတွက် တရားအားထုတ်ဖို့ လိုအပ်ပါသည်..။

တရားအားထုတ်ရန် လိုအပ်ပုံနှင့်ပတ်သက်၍ လူနာလေးမျိုး၊ ပုဂ္ဂိုလ် လေးမျိုး ကိုတင်ပြလိုပါတယ်။

၁။ မိမိမှာ ရောဂါရှိမှန်းလည်းမသိ ၊ ဆေးလည်းမသောက်သောလူနာ.. ထိုပုဂ္ဂိုလ်မျိုးမှာ မိမိမှာ (မကောင်းသည့် စိတ်နေစိတ်ထား) ကိလေသာများရှိနေပါလျက် ရှိမှန်းလည်းမသိ ၊ တရားလည်း အားမထုတ်သော ပုဂ္ဂိုလ်။

၂။ မိမိမှာ ရောဂါရှိမှန်းသိ လျက်၊ ဆေးမသောက်သောလူနာ၊... ထိုပုဂ္ဂိုလ်မျိုးမှာ မိမိမှာ ကိလေသာ ရှိမှန်းသိ နေပါလျက် ၊တရားလည်း အားမထုတ်သော ပုဂ္ဂိုလ်။

၃။မိမိမှာ ရောဂါရှိမှန်းသိ လျက်၊ ဆေးမှန်မှန်မသောက်သောလူနာ၊...ထိုပုဂ္ဂိုလ်မျိုးမှာ မိမိမှာ ကိလေသာ ရှိမှန်းသိ နေပါလျက် ၊တရားမှန်မှန် အားမထုတ်သော ပုဂ္ဂိုလ်။

၄။မိမိမှာ ရောဂါရှိမှန်းလည်းသိ ၊ ဆေးလည်းမှန်မှန်သောက်သောလူနာ၊...ထိုပုဂ္ဂိုလ်မျိုးမှာ မိမိမှာ ကိလေသာ ရှိမှန်းလည်းသိ ၊တရားလည်းမှန်မှန် အားထုတ်သော ပုဂ္ဂိုလ်တို့ပင် ဖြစ်သည်။

ရုပ်ပိုင်းကျန်းမာရန် လိုအပ်သလို စိတ်ပိုင်း =နာမ်ပိုင်းလည်း ကျန်းမာရန်လိုအပ်၏။ဆရာဝန်၊ သမားတော်ကြီးများ ကပေးသောဆေးသည် အများအားဖြင့် ရုပ်ကျန်းမာရေးကိုသာ အထောက်အကူပြု၏။

မြတ်ဗုဒ္ဓ ဖော်ထုတ်ခဲ့သော သီလ သမာဓိ ပညာ=၀ိပဿနာ ဆေးများကား ရုပ်ကျန်းမာရေးကိုသာမက စိတ်ကျန်းမာရေး ၊ စိတ်ချမ်းသာရေးကိုလည်း အထောက်အကူပြု၏။

မြတ်စွာဘုရားက အင်္ဂုတ္တိုရ် ပါဠိတော်၊ စတုက္ကနိပါတ်၊ ဣန္ဒြိယ ဝဂ်၊ရောဂသုတ်( အံ ၊ ၁၊ ၄၆၀) ၌ " ရုပ်ရောဂါ၊ စိတ်ရောဂါ၊ ဟုနှစ်မျိုးရှိကြောင်း ဆယ်နှစ် အနှစ် နှစ်ဆယ် အနှစ်တစ်ရာကျော်အောင် ရုပ်ရောဂါ ကင်းရှင်း၍ မဖျားမနာ ကျန်းမာနေကြသော သတ္တဝါများကို မြင်တွေ့နိုင်ကြောင်း ၊ သို့သော် ရဟန္တာ ပုဂ္ဂိုလ်များမှ လွဲ၍ တစ်အောင့် တစ်ခဏ စိတ်ရောဂါမှ ကင်းလွတ်သော သတ္တဝါများကို မြင်တွေ့ ရခဲကြောင်း" ဟောတော်မူခဲ့ပါသည်။

*** တရားအားထုတ်ကြပါစို့.......... သို့ဖြစ်၍ ကိလေသာတိုးပွားအောင် ပြုလုပ်တတ်သော ၊ စိတ်ဓါတ်စွမ်းရည် လျော့နည်းကျဆင်းအောင်ပြုလုပ်တတ်သော၊ ကိလေသာတည်းဟူသော ရောဂါရှိနေသူ ပုထုဇဉ်မှန်သမျှ သထမ ၀ိပဿနာတည်းဟူသော တရားဘာဝနာဆေးတော်မြတ်ကို တကယ်သုံးဆောင် အား ထုတ််ရန်လိုအပ်ကြောင်း မျှဝေလိုက် ရပါတယ်..။

လေးအိမ်စု အရှင်ဝိစိတ္တသာရ ရဲ့ တရားထဲမှ မျှဝေကုသိုလ်ယူထားပါတယ်.။