ချမ်းသာအိပ်နိုး ၊ အိပ်မက်ဆိုးကင်း
ချစ်ခြင်းလူနတ် ၊ နတ်စောင့်တတ်လျက်၊
လက်နက်ဆိပ်မီး ၊ မရောက်ပြီးခဲ့ ၊
စိတ်လည်းတည်စွာ ၊ မျက်နှာကြည်လင်
သေလျှင်မတွေ ၊ သေသောအခါ ၊
ဗြဟ္မာ့ရွာ ၊ လားရာမေတ္တာအကျိုး
လို့ရေးဖွဲ့ထားခဲ့ပါတယ်။
အရှည်--
၁။ မေတ္တာပွားသူ၌ အေးချမ်းရွှင်ကြည် တည်ငြိမ်သောစိတ်ရှိရာ ထိုစိတ်ကြောင့်ပင် မေတ္တာမပွားသူ လူသာမန်တို့ကဲ့သို့ ဟောက်ခြင်း ၊ လူးလှိမ့်ခြင်းမရှိ ၊ သမာပတ်ဝင်စားသောပုဂ္ဂိုလ်ပမာ တည်ငြိမ်သက်သာ ချမ်းသာစွာ အိပ်ရတတ်၏။
၂။ အိပ်စဉ်က ချမ်းသာစွာ အိပ်ရသောကြောင့် နိုးသောအခါလည်း ညည်းတွားခြင်း တွန့်လိမ်ခြင်း စသော ဖောက်ပြန်မှုမရှိ ပကတိ သက်သာချမ်းသာစွာ နိုးရတတ်၏။
၃။ တည်ငြိမ်အေးမြသော ကိုယ်စိတ်ရှိနေသော ထိုမေတ္တာပွားသူ၌ ဓာတ်ချောက်ချားခြင်း စသော ဖောက်ပြန်မှု မရှိသောကြောင့် မကောင်းသောအိပ်မက်ဆိုးများလည်း မမြင်မက်ရတော့ပေ။
၎။ သတ္တ၀ါတို့အပေါ်မှာ ချစ်မြတ်နိုးလျက်ရှိနေသော မေတ္တာပွားသူ၏ မေတ္တာဓာတ်မှ ဓာတ်ခိုက်လျက်ရှိရာ ထိုသူအား လူတို့ကလည်း ချစ်ကြရ၏။
၅။ နတ်တို့ကလည်း ချစ်မြတ်နိုးကြသည်ပင်။ ချစ်မြတ်နိုးကြသောကြောင့် နတ်တို့က စောင့်ရှောက်ကြ၏။
၆။ မေတ္တာသည် အကာအကွယ် အဆီးအတားကောင်းတစ်ရပ်ဖြစ်ရာ ပွားသူအား အဆိပ် ၊ လက်နက်၊ မီးများ မထိမလောင် မစူးရှနိုင်ပေ။
၇။ မေတ္တာပွားသူ၌ ကိုယ်စိတ်အေးငြိမ်းခြင်း ပဿဒ္ဓိဖြစ်လျက်နေ၏။
၈။ ယင်းပဿဒ္ဓိဖြစ်မှာ သမာဓိဖြစ်ကြောင်းဖြစ်ရာ စိတ်လျင်မြန်စွာ တည်ကြည်ပေတော့သည်။
၉။ မေတ္တာဓာတ် အမြဲကိန်းနေသဖြင့် မျက်နှာအဆင်း အလွန်ကြည်လင်လှပ၏။
၁၀။ ထိုအေးချမ်းတည်ငြိမ်သော ကိုယ်စိတ်ရှိနေသောကြောင့်ပင် သေသောအခါ မတွေမဝေဘဲအိပ်ပျော် သွားသလို သေရတတ်၏။
၁၁။ အရဟတ္တဖိုလ်အထိ မပေါက်နိုင်သေးလျှင် ဈာန်အခြေအနေရောက်နေသော ထိုမေတ္တာပွားသူမှာ ဗြဟ္မာ့ပြည်သို့ ရောက်ရသည်။
ဤကား ဧကာဒသဂုင်္တ္တရမှ မေတ္တာအကျိုး တစ်ဆယ့်တစ်ပါးတည်း။
အခြားအကျိုးကျေးဇူးတွေလည်းများစွာရှိပါသေးသည်---
ဝိသုဒ္ဓိမဂ်လာ မေတ္တာပွားပုံအစီအစဉ်အကျဉ်းချုပ်
မေတ္တာဘာဝနာအရာ၌ မေတ္တာ --- ရှေးဦးစွာ မပွားအပ်သူ - ပွားအပ်သူ - လုံးဝမပွားအပ်သူ များရှိသည်။
(၁) ရှေးဦးစွာမပွားအပ်သူပုဂ္ဂိုလ် လေးမျိုး
-မချစ်အပ်သူ ( =မုန်းသူ) ၌ မေတ္တာ စ မပွားရ ၊
ပွားလျှင်ဒေါသဖြစ်လာတတ်၍ မေတ္တာဖြစ်ရန် ခက်ခဲ၏။
-အလွန်ချစ်သူ၌ တဏှာပေမ ရှိနေရာ ထိုသူ၏ သုခ ၊ ဒုက္ခအတွက် သောကစသည်ဖြစ်လာတတ်၍ မေတ္တာပွားရေးမှာ မလွယ်။
-မမုန်းမချစ် အလတ်စား ပုဂ္ဂိုလ်၌ မိမိက ချစ်မြတ်နိုးမှု မရှိသောကြောင့် ချစ်မြတ်နိုးသူ အရာထားရန် အခက်တစ်ရပ်ပင် ၊
-ရန်သူ၌ကား ဒေါသဖြစ်လာမည်ဖြစ်၍ စတင်ပွားရန် သာ၍ မလွယ်သည်သာ။
ထို့ကြောင့် ထိုပုဂ္ဂိုလ်လေးမျိုးတို့ “ရှေးဦးစွာ မေတ္တာမပွားအပ်” ။
(၂) လုံးလုံးမပွားသင့်
-လိင်မတူသူများ၌ ရာဂဖြစ်တပ်ခြင်း ၊
-သေသူ၌ပွားလျှင် အပ္ပနာဈာန် ၊ ဥပစာရဈန်မရနိုင်ခြင်းတို့ကြောင့်
ထိုသူ (၂)မျိုး တို့၌ကား လုံးလုံးမပွားသင့် ။
(၃) မိမိကိုယ်ကိုရှေးဦးစွာပွားအပ်
-ထို့ကြောင့် မေတ္တာပွားလိုသော ပုဂ္ဂိုလ်သည် “အဟံ သုခိတော ဟောမိ နိဒ္ဒုက္ခော = ငါချမ်းသာပါစေ၊ ဆင်းရဲ ကင်းပါစေ” စသည်ဖြင့် မိမိကိုယ်ကို ရှေးဦးစွာပွားအပ်၏။
မိမိကိုယ်ကို ပွားခြင်းမှာ ဈာန်ရဖို့ကား မဖြစ်နိုင်။
သို့သော် ငါချမ်းသာသလို ၊ ငါမဆင်းရဲချင်သလို အခြားသတ္တ၀ါများလည်း ဆင်းရဲကင်းလို ချမ်းသာလိုကြသည် ဟု မိမိကို သက်သေတင်ကာ တစ်ပါး သတ္တ၀ါတွေအပေါ်မှာ အကျိုးလိုလားမှု ချမ်းသာလိုလားမှု ဖြစ်လာတတ်၍ မိမိကိုယ်ကို စတင်ပွားရခြင်းဖြစ်သည်။
(၀ိသုဒ္ဓိ-ပ-၂၈၇)
-ထို့နောက် မိမိချစ်ခင်လေးစားအပ်သောဆရာ ဥပဇ္ဈာယ် စသည်တို့၌ ထိုပုဂ္ဂိုလ်တို့၏ သီလ ၊ သုတဂုဏ် ၊ ချစ်ဖွယ်ပြောဆိုပြုမှုခဲ့ပုံ စသော ချစ်မြတ်နိုးဖွယ် ကြည်ညိုဖွယ်ဂုဏ်များကို အောင်မေ့ပြီးလျှင်
“ဧသ သပ္ပုရိသော သုခိတောဟောတု နိဒ္ဒုကော = ဤ သူတော်ကောင်း ချမ်းသာပါစေ၊ ဆင်းရဲကင်းပါစေ” စသည်ဖြင့် မေတ္တာပွားရသည်။
ထိုသို့ မိမိအကျိုး လိုလား၍ လေးစားမြတ်နိုးသော ဆရာစသည်တို့၌ ပွားအပ်သော မေတ္တာအလေ့အလာများ အားရှိလာသောအခါ အလွန်ချစ်သော မိတ်ဆွေ ၊ မမုန်းမချစ် အလယ်အလတ်ပုဂ္ဂိုလ် နှင့် ရန်သူများ၌ ပြောင်းကာ ပြောင်းကာ အစဉ်အတိုင်းပွားသွားရသည်။
အလေ့အလာပွားများ ထားအပ်ပြီးသော မေတ္တာသည် နောင် ရန်သူ၌ စိတ်ရောက်သောအခါပင် ရန်သူအဖြစ် မမြင်တော့ပဲ ပိယပုဂ္ဂိုလ်အဖြစ် ရောက်လာတော့သည်။
(ကျေးဇူးရှင် သပြေကန် ဆရာတော်ဘုရားကြီးရေးသားသည့် ပရိတ်ကြီးနိဿယသစ်၊ စာ-၃၉၇-၃၉၈)