ဓာတု = ဓာတ်ဟူသည် အလိုအကြိုက် အတွင်းဓာတ်ခံစိတ်ထားပင်ဖြစ်၏။ ထိုဓာတ်ကား ကူးစက်တတ်သော သဘောရှိ၍ တစ်ဦးနှင်တစ်ဦး နှီးနှောမိရန် ဖန်တီးတတ်သော အခြေခံသဘာဝ တစ်မျိုးပင်ဖြစ်ရာ ၎င်းကို အဇ္စျာသာဓာတုဟု ဆို၏။
အရှင်သာရိပုတ္တရာသည် ပညာကြီး၍ အရှင်၏တပည့်များမှာ အားလုံးပညာကြီး၏။
တန်ခိုးကြီးသော အရှင်မောဂ္ဂလန်၏ တမည့်များကား အားလုံးတန်ခိုးအရာ နိုင်နင်းကြ၏။
ဓုတင်ရသဆောင် အရှင်မဟာကဿပ၏ တပည့်များကား အားလုံးဓုတင်ဆောင်ချည်းဖြစ်ကြ၏။
ဤသို့ စသည်ဖြင့် အကောင်းဘက်၌ ဓာတူချင်းချင်း ပေါင်းစပ်မိသကဲ့သို့ မကောင်းဖက်၌လည်း ရှင်ဒေဝဒတ်၏ တပည့်တို့သည် အားလုံး အလိုဆိုးရှိသူချည်း ဖြစ်ကြ၏။
မေတ္တိယဘူမဇက နှင့် အဿဇိပုနဗ္ဗသုက ခေါ် ဆဗ္ဗဂ္ဂီဝင်တို့၏ အသင်းအပင်းများကား အားလုံး ဒုဿီလချည်းတည်း။
သူတော်ကောင်းဖြစ်ရန်အရေးကြီး
ဓာတ်တို့သည် ကူးစက်တတ်နှီးနှောတတ်သောကြောင့် သားသမီးတပည့်တပန်းတို့ လူတော်လူကောင်း ဖြစ်ဖို့အရေး၌ မိဘဆရာတို့ သူတော်ကောင်းဖြစ်ရန်လည်းကောင်း၊ ပတ်ဝန်းကျင် အပေါင်းအသင်းတွေမှာ လူလိမ္မာဖြစ်ရန် လည်းကောင်း ရေးကြီးလှ၏။
မတတ်သာ၍ မိဘမိုက်၊ ဆရာမိုက် တို့နှင့် ဆုံနေရသည်ဖြစ်စေ ၊ လူမိုက်တို့နှင့် ပေါင်းသင်းနေရသည် ဖြစ်စေ ဓာတ်မကူးအောင် အထူးသတိထားသင့်၏။
မီးလောင်သောအိမ်၌ မီးကို အိမ်ကိုလည်းလောင် ၊ အိမ်ကိုမှီနေသောလူများကိုလည်း လောင်တတ်သကဲ့သို့ ဗာလသည် မိမိ၏ အယူမှား အပြုမှားတို့ဖြင့် မိမိကိုလည်းဖျက်ဆီး၍ မိမိစကားလိုက်နာသူတို့ကိုလည်း ပျက်စီး ဆုံးရူံးစေတတ်၏။
အကောင်းဓာတ်သည် အကူးအစက်နှေးတတ်သော်လည်း မကောင်းဓာတ်ဟူသည်မှာ အကူးအစက်မြန် တတ်သည်။
ဘုရှားရှင်က ---“ယုတ်ညံ့သူကိုပေါင်းလျှင် မိမိမှာ ယုတ်ညံ့သူဖြစ်ရသည်။ တန်းသူသူကို ပေါင်းလျှင်မဆုတ်ယုတ်၊ အဆင့်အတန်းမြင့်သူကို ပေါင်းလျှင် လျင်မြန်စွာ တိုးတက်မြင့်မားသည်” ဟု ဟောတော်မူ၏။
(အင်္ဂုတ္တရ။ ပ။ သေဝိတဗ္ဗ သုတ်-၁၂၃)
အရှင်အာနန္ဒာက မိတ်ကောင်းဆွေကောင်းသည် မဂ်ဟူသော ဗြဟ္မစရိယ၏ ထက်ဝက်ပင်ဆိုရလောက်အောင် အရေးပါကြောင်း လျှောက်ထားရာ “အာနန္ဒာ ဤသို့မပြောလင့်” ဟု ၂ ကြိမ်တိုင်တားမြစ်ပြီး ၊ မိတ်ဆွေကောင်း မည်သည်မှာ ဗြဟ္မာစရိယ၏ တစ်ခုလုံး ဆိုရလောက်အောင် အရေးပါအရာရောက်ကြောင်း မိန့်ကြား တော်မူခဲ့သည်။
(ကောသလ သံယုတ် ကလျာဏမိတ္တသုတ်-၈၈)
(ကျေးဇူးရှင် သပြေကန်ဆရာတော်ဘုရားကြီး ရေးသားသည့် “ပရိတ်ကြီးနိဿယသစ်”၊ စာ ၁၀၃-၁၀၄)