မြတ်စွာဘုရားလက်ထက်တော်က သားအမိနှစ်ယောက် ရှိပါတယ်။ သမီးရဲ့နာမည်က ကေသကာရီလို့ခေါ် ပါတယ်။

တစ်နေ့ အိမ်တံခါးဝမှာထိုင်ပြီး သမီးက အမေ့ရဲ့ ဦးခေါင်းမှာ
သန်းရှာပေးနေပါတယ်။ အဲဒီအချိန်မှာပဲ ရဟန်းတော်တွေ
အများကြီး အိမ်ရှေ့ကဆွမ်းခံကြွသွားတာကို မြင်လိုက်ရပါတယ်။
ဒီတော့ သမီး ကေသကာရီက အမေလုပ်သူကို မေးပါတယ်။

''အမေ.. ဒီရဟန်းတွေဟာ ပထမအရွယ် ရုပ်ရည်အဆင်း လှလှပပ ရှိပါလျက်နဲ့ ဘာမှလည်း မပျက်စီးသေးဘဲနဲ့ ဘာဖြစ်လို့ ရဟန်းပြုကြတာလဲ''

ဒီတော့ အမေလုပ်သူက ပြန်ပြောပြပါတယ်။

''သမီး.. မြတ်စွာဘုရား ပွင့်နေတယ်။ မြတ်စွာဘုရား တရား နာကြားပြီး ရဟန်းပြုကြတာ''

သားအမိနှစ်ယောက် သန်းရှာရင်း စကားပြောနေတုန်းမှာပဲ
သောတာပန်ဒကာတစ်ယောက် အိမ်တံခါးဝ ရောက်လာပါတယ်။ သားအမိနှစ်ယောက်ပြောတဲ့စကားကိုလည်း ကြားသွားပါတယ်။

အမေလုပ်သူက အိမ်ရှေ့ရောက်လာတဲ့ သောတာပန် ဒကာကို
''ဥပသကာကြီးရယ်၊ တစ်ခုမသိလို့ မေးပါရစေ။
အမျိုးကောင်းသားတွေ စည်းစိမ်တွေစွန့်၊ ဆွေမျိုးမိတ်ဆွေတွေ
စွန့်ပြီး မြတ်စွာဘုရားထံမှာ ရဟန်းပြုကြတယ်။
ဘာအကျိုးကိုမြင်လို့ ရဟန်းပြုကြတာလဲ'' လို့ ထပ်ဆင့် မေးကြည့်ပါတယ်။

သောတာပန်ဒကာကလည်း ''ကာမဂုဏ်ရဲ့အပြစ်ကို မြင်လို့
ရဟန်းပြုကြတာပါ'' လို့ ပြောပြပါတယ်။ သောတာပန်ဒကာကဆက်ပြီး သရဏဂုံနဲ့ ငါးပါးသီလ အကြောင်းကို ပြောပြပေးပြီး ကျင့်သုံးရင်ရမယ့်
အကျိုးရလာဒ်တွေကိုပါ ပြောပြပါတယ်။

သောတာပန်ဒကာရဲ့စကားကြားရတော့ ကေသကာရီက
စိတ်ဝင်စားသွားပြီး ''သရဏဂုံနဲ့ ငါးပါးသီလကို ကျွန်မတို့
မိန်းသားတွေ ကျင့်သုံးရင်ကော သင်ပြောပြတဲ့
မျက်မှောက်တမလွန် အကျိုးတွေ ရနိုင်သလား'' လို့ မေးလိုက်ပါတယ်။ သောတာပန်ဒကာကလည်း ''သမီးရယ်
ဒီတရားတွေဟာ လူသားအားလုံးနဲ့ဆိုင်ပါတယ်။ လူသားအားလုံး ကျင့်ဖို့ ဟောထားတာပါ'' လို့ ပြန်ပြောပြပါတယ်။

နောက်သောတာပန်ဒကာက ကေသကာရီကို သရဏဂုံနဲ့
ငါးပါးသီလကို ကိုယ်တိုင် တိုင်ပေးပါတယ်။

ကေသကာရီက ငါးပါးသီလကို ခံယူပြီးတော့ ''ဥပါသကာကြီးရယ် သရဏဂုံ ငါးပါးသီလထက် မြင့်တဲ့တရားရှိသေးလား'' လို့ ဆက်မေးလာပြန်ပါတယ်။

ဒီအခါမှာတော့ သောတာပန်ဒကာက ကေသကာရီ တရားကို တော်တော်စိတ်ဝင်စားနေပြီ ဆိုတာသိရသလို တရားပါရမီရှိသူဆိုတာလည်း သိလိုက်ပါတယ်။ ဒါကြောင့်
တရားကို ဆက်ဟောပြပေးပါတယ်။

``ရှိတာပေါ့၊ ချစ်သမီး သေချာ နားထောင်ပါ။ ဆံပင်, မွေးညင်း, ခြေသည်း, လက်သည်း, သွား, အရေ, အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညှို့, နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုတ်, အူမ, အူသိမ်, အစာသစ်, အစာဟောင်း, ဦးနှောက်, သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ, မျက်ရည်, ဆီကြည်, နှပ်,တံတွေး, အစေး, ကျင်ငယ,် အဲဒီ သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို အပြန်ပြန်အလှန်လှန် စီးဖြန်းပါ။ ဒီကနေ တစ်ဆင့်တက်ပြီး အဆင်းဖြစ်ပျက်၊
အသံဖြစ်ပျက်၊ အန့ံဖြစ်ပျက်၊ အရသာဖြစ်ပျက်၊ ကြမ်းချော ဖြစ်ပျက်၊ တွန်းတိုးဖြစ်ပျက်၊ ပူအေး ဖြစ်ပျက်၊ မြင်ဖြစ်ပျက်၊
ကြားဖြစ်ပျက်၊ နံဖြစ်ပျက်၊ လျက် ဖြစ်ပျက်၊ တွေ့ထိ ဖြစ်ပျက်၊
ဖြစ်ပျက်ဖြစ်ပျက် အဲဒီလို နှလုံး သွင်းပါ'' လို့ သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းနဲ့ ဖြစ်ပျက် ကမ္မဋ္ဌာန်းကို သေချာဟောပြောပေးပြီး ပြန်သွားပါတယ်။

ကေသကာရီလည်း သောတာပန်ဒကာ ဟောပြောပေးခဲ့တဲ့
ကမ္မဋ္ဌာန်းကို နေ့စဉ်ပွားများအားထုတ်လိုက်တာ
မကြာမီကာလမှာပဲ သောတာပန် တည်သွားပါတယ်။

လူ့ပြည်မှာ သက်တမ်းစေ့နေပြီး ကွယ်လွန်တော့ တာဝတိံသာ
နတ်ပြည်မှာ နတ်သမီးအခြံအရံ တစ်သိန်းနဲ့ သိကြားမင်းရဲ့ မိဖုရားငယ် ဖြစ်သွားရပါတယ်။
(ဝိမာနဝတ္တုအဋ္ဌကထာ၊ ကေသကာရီဝတ္တု)

တရားဟောတယ်လို့ပြောလိုက်ရင် ရဟန်းက လူကို ဟောတာကိုပဲ ပြေးပြေးမြင်လေ့ ရှိပါတယ်။ ဒီဝတ္တုလေးမှာတော့
လူအချင်းချင်းပဲ ဟောလိုက်လို့ ကေသကာရီ သောတာပန် တည်သွားတာပါ။ လူထောင်သောင်း ပရိသတ်ကို ဟောမှရယ်
မဟုတ်ပါဘူး။ တစ်နာရီ နှစ်နာရီ ဟောမှရယ်လည်း မဟုတ်ပါဘူး။ လူအချင်းချင်း တစ်ယောက်တည်းကို ဟောလည်း တရားက တရားပါပဲ။ အလှူတကာ့ အလှူတွေထဲမှာ တရားအလှူဟာ အမြတ်ဆုံးဆိုတာ အားလုံး သိပါတယ်။

တရားအလှူ ပေးလှူလိုက်တာဟာ အမတဒါန=နိဗ္ဗာန်အလှူကို ပေးလှူလိုက်တာပါ။ ဒီတော့ ကိုယ့်
မိတ်ဆွေကို ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် ကိုယ်သိသလောက်လေး
ပြောပြပေးလိုက်ရင်လည်း အမတဒါန=နိဗ္ဗာန်အလှူကို
ပေးလှူလိုက်တာပါပဲ။

တရားဟောပြီးတဲ့အခါ ''ဘုရားတပည့်တော် ဟောပြောပေးရသော ကုသိုလ်ကောင်းမှု အဖို့ဘာဂသည် နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေ။ ဘုရားတပည့်တော် ဟောပြတဲ့ တရားလေးကို နားကြားပြီး တရား အသိလေးတွေ ရသွားကြပါစေ။ ရသည့်အားလျော်စွာ ကျင့်နိုင်ကြပါစေ၊ ကျင့်နိုင်သည့် အားလျော်စွာ မဂ်ဖိုလ် နိဗ္ဗာန်ရဲ့ အထောက်အပံ့ကောင်းတွေ ရသွားကြပါစေ'' လို့ မေတ္တာပို့ပေးလိုက်ရမှာပါ။ အထူးသဖြင့် တရားဟောပြီးတိုင်း
နိဗ္ဗာန်ကို ဆုတောင်းတဲ့ အလေ့လေးကို ထုံထားရမှာပါ။ ဒါဆို ကိုယ်ဟောတဲ့တရားကို ပိုပြီးတန်ဖိုးထားသွားမှာပါ။
'ငါ ပြုတဲ့ကုသိုလ်ဟာ ပေါ့ပေါ့တန်တန် မဟုတ်ဘူး။ နိဗ္ဗာန်အထိ
ဦးတည်နေတယ်' ဆိုပြီး ကိုယ့်ကုသိုလ်အပေါ် အားရကျေနပ်နေတော့မှာပါ။

ဒီလိုပါပဲ။ ကိုယ့်ခင်ပွန်းကိုလည်း ဟောပြောပေးရမှာပါ။
ကိုယ့်ဇနီးကိုလည်း ဟောပြောပေးရမှာပါ။ ကိုယ့်
သားသမီးကိုလည်း ဟောပြောပေးရမှာပါ။ ကိုယ့်မိဘကိုလည်း ဟောပြောပေးရမှာပါ။ ချစ်သူသဘာဝ သံယောဇဉ် အကြောင်း၊
မေတ္တာအကြောင်း၊ သီချင်းလေးတွေအကြောင်း၊
အိပ်မက်အကြောင်း၊ ပန်းလေးတွေအကြောင်း၊
ပစ္စည်းလေးတွေအကြောင်း၊ စသည်ဖြင့် ပြောပြရမှာပါပဲ။ ဒီ
သံယောဇဉ်အကြောင်းတွေအပြင် တစ်ခါတစ်လေ
ကိုယ်သိသလောက်၊ ကိုယ်လေ့လာထားသလောက်
တရားစကားလေးတွေလည်း ပြောပြပေးရမှာပါ။ ဒါနအကြောင်း၊ သီလအကြောင်းတွေအပြင် ဒီကတစ်ဆင့်တက်ပြီး ဝိပဿနာရှုပုံအကြောင်းလေးတွေလည်း ပြောပြပေးရမှာပါ။ အဲဒီလို
ပြောပြပေးနေရင် ကိုယ့်ချစ်သူကို တရားအလှူ ပေးလှူနေတာပါပဲ။

မွေးနေ့နီးလာလို့ ကိုယ့်ချစ်သူက ကိုယ့်ကို ''ဘာ လိုချင်သလဲ'' လို့ မေးလာရင် ''သောကြာ, စနေ, တနင်္ဂနွေ နှစ်ညအိပ် သုံးရက်တရားစခန်းဝင်ပေးပါ'' လို့ တောင်းလိုက်ရုံပါ။ ဒါဆို သူ့အတွက်ရော၊ ကိုယ့်အတွက်ရော အမြတ်ဆုံး ကုသိုလ်တွေ
ဖြစ်သွားတာပါ။

သုံးရက်ဆိုတော့ တရားစခန်းဝင်ပေးရမယ့် ကိုယ့်ချစ်သူအတွက်
မခက်သလို သောကြာ စနေ တနင်္ဂနွေဆိုတော့ သောကြာနေ့ ရုံးကအပြန်တရားစခန်းဝင်၊ တနင်္ဂနွေ နေ့ခင်းပြန်ထွက်၊ ပြီးရင် ဘုရားကို အတူတူသွား ဘယ်လောက် ပျော်ဖို့ကောင်းသလဲ။

ဘုရားမှာ အတူတူပန်းကပ်၊ ပြီးတော့ ဘုရားပေါ်မှာ တရားစခန်းက ပြန်ထွက်လာတဲ့ချစ်သူက ကိုယ်နာခဲ့တဲ့ တရားလေးတွေ၊
အားထုတ်ခဲ့ရတဲ့ တရားသဘောလေးတွေ ပြန်ပြောပြပေးပြီး
ကိုယ်ဆောက်တည်ခဲ့ရတဲ့ သီလကုသိုလ်၊ ကိုယ်ပွားများအားထုတ်ခဲ့ရတဲ့ ဝိပဿနာဘာဝနာ ကုသိုလ်တွေကိုလည်း ကိုယ့်ချစ်သူကို
အမျှပေးဝေလိုက်မယ်ဆိုရင်လည်း ချစ်သူရဲ့သာဓုခေါ်သံဟာ
ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ အသာယာဆုံး အသံတစ်ခု ဖြစ်နေမှာပါ။ ဒါတင်မကပါဘူး။ အမျှဝေသံ၊ သာဓုခေါ်သံတွေဟာ
စည်းချက်ညီ 'ပါရမီသံစဉ်' တစ်ခုအဖြစ် ဘဝအဆက်ဆက် တည်တံ့ ပျံ့လွင့်နေတော့မှာပါ။

ကုသိုလ်ကောင်းမှုတွေ အတူတူပြုခဲ့ရင် ဘဝအဆက်ဆက် ဆုံတွေ့ဦးမှာပါပဲ။ ဘဝအဆက်ဆက် ဆုံတွေ့တဲ့အခါ ကိုယ်လည်း တရားရှိဖို့ လိုသလို ကိုယ့်ချစ်သူလည်း တရားရှိဖို့လိုပါတယ်။
နောက်ဘဝတွေမှာ ပြန်တော့ ဆုံပါရဲ့။ ကိုယ်ကတော့ တရားရှိပြီး ကိုယ့်ချစ်သူက တရားမရှိရင်, မရှိခဲ့ရင် အဆင်မပြေလှပါဘူး။ ဥပမာ-ကိုယ့်ချစ်သူက ''ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်'' ဆိုတဲ့ အတိုင်း ဒေါသကြီးခဲ့လို့ ဒေါသကြီးနေလို့ ရုပ်ဆိုး အကျည်းတန်
နေမယ်။

နောက်-'ညှဉ်းဆဲသူကား၊ အနာများ၊ သနား ကျန်းမာသည်'' ဆိုတဲ့အတိုင်း ကိုယ့်ချစ်သူက သူတစ်ပါး, သူတစ်ပါးတွေကို ညှဉ်းဆဲခဲ့လို့ အနာရောဂါ ထူပြောနေမယ်ဆိုရင် ကိုယ်ပဲ
ဆေးကုပေးနေရမှာပါ။ အကုသိုလ်ရဲ့ အကျိုးကို
ကိုယ်ကမခံရပေမယ့် ကိုယ့်ချစ်သူကိုကြည့်ပြီး ကိုယ်ပါ စိတ်ဆင်းရဲနေရတော့မှာပါ။ ဒီတော့ ကိုယ်လည်း တရားရှိဖို့ လိုသလို သူလည်း တရားရှိဖို့ လိုပြန်ပါတယ်။

ဒါကြောင့် ကိုယ့်ချစ်သူလည်း တရားရှိဖို့ ကိုယ်က ကိုယ့်ချစ်သူကို တရားဟောပေးရမှာပါ။ တော်နေကြာ နောက်ဘဝမှာ
လေဖြတ်တဲ့ချစ်သူနဲ့ပြန်ဆုံနေရင် ဘယ်လိုလုပ်မှာလဲ။
ဒီလိုပြန်ဆုံမယ်ဆိုရင်တော့ ကိုယ့်ဟာကိုယ် တွေးသာကြည့်ပါတော့။ အမျှဝေသံ, သာဓုခေါ်သံလေးတွေဟာ သံယောဇဉ်တွေကြားမှာ အခါအားလျော်စွာ ကြားနေမှ
နောက်ဘဝပါ စိတ်အေးစိတ်ချရမှာပါ။ သတိထားပါ၊ လေဖြတ်တဲ့
ချစ်သူနဲ့ ပြန်ဆုံနေမှာကို။

ဒီနေရာ အမျှဝေတာနဲ့ပတ်သက်ပြီး ပြောပြချင်ပါသေးတယ်။

အမျှဝေတဲ့နေရာမှာ ၁။ ဒါနပြုပြီး အမျှဝေတာရယ်၊ ၂။ သီလ ဆောက်တည်ပြီး အမျှဝေတာရယ်၊ ၃။ သမထ ဝိပဿနာ ပွားများပြီး အမျှဝေတာရယ်ဆိုပြီး သုံးမျိုးရှိပါတယ်။

၁။ ဒါနပြုပြီး အမျှဝေရင် အမျှဝေတဲ့သူဟာ ဒါနကုသိုလ်ကို
ထပ်မံရရှိပါတယ်။ လူတစ်ရာ သာဓုခေါ်ရင် ဒါနကုသိုလ်
တစ်ရာထပ်မံ ရရှိပါတယ်။ လူတစ်ထောင် သာဓုခေါ်ရင် ဒါနကုသိုလ် တစ်ထောင် ထပ်မံရရှိပါတယ်။ သာဓုခေါ်ကြတဲ့ လူတစ်ရာ၊ လူတစ်ထောင်တွေလည်း ဒါန ကုသိုလ်ကို ရကြပါတယ်။

၂။ သီလဆောက်တည်ပြီး သီလကုသိုလ်ကို အမျှဝေရင် သီလကုသိုလ်ကို ထပ်မရတော့ပါဘူး။ ဒါနကုသိုလ်ကိုပဲ ရရှိပါတယ်။ သာဓု ခေါ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ သီလကုသိုလ် မရကြပါဘူး။ ဒါန ကုသိုလ်ကိုပဲ ရကြပါတယ်။

၃။ သမထ ဝိပဿနာပွားများပြီး အမျှဝေရင် သမထ ဝိပဿနာ
ကုသိုလ်ကို ထပ်မရတော့ပါဘူး။ ဒါန ကုသိုလ်ကိုပဲ ရပါတယ်။ သာဓုခေါ်တဲ့သူတွေလည်း သမထ ဝိပဿနာ ကုသိုလ်ကိုတော့ မရပါဘူး၊ ဒါန ကုသိုလ်ကိုပဲ ရရှိပါတယ်။

အမျှဝေတာနဲ့ သာဓုခေါ်တာဟာ ဒါနထဲမှာ ပါပါတယ်။ ဒီသုံးမျိုးကို သဒ္ဓရံသီဆရာတော်ကြီးက မှတ်ရလွယ်အောင် ဆောင်ပုဒ်လေး စီပေးထားပါတယ်။

၁။ ဒါနဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။

၂။ သီလဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။

၃။ ဘာဝနာဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။

စိတ်ထဲမှာ ရှင်းကြရဲ့လား မသိပါဘူး။ မရှင်းသေးဘူးဆိုရင်
ပုညကြိယ ဝတ္ထု (၁ဝ)ပါးကို အာရုံပြုကြည့်လိုက်ပါ။

ပုညကြိယဝတ္ထု (၁ဝ)ပါး

၁။ ဒါန=ပေးကမ်းလှူဒါန်းမှု၊ ၂။ သီလ=၅-ပါး၊ ၈-ပါး၊
၁ဝ-ပါးစသောသီလဆောက်တည်မှု၊ ၃။ ဘာဝနာ-ကမ္မဋ္ဌာန်းစီးဖြန်းမှု၊ ၄။ အပစာယန=သက်သိက္ခာကြီးသူအား
အရိုအသေပြုမှု၊ ၅။ ဝေယျာဝစ္စ=သူများကုသိုလ်ကိစ္စ၌
ကူညီဆောင်ရွက်မှု၊ ၆။ ပတ္တိဒါန=မိမိရသော ကုသိုလ်အဖို့ကို
အမျှဝေမှု၊ ၇။ ပတ္တာနုမောဒန=မိမိသို့ ရောက်လာသော ကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာသာဓုခေါ်မှု၊ ၈။ ဓမ္မဿဝန= တရားနာမှု၊ ၉။ ဓမ္မဒေသနာ=လာဘ်လာဘကို မငဲ့ဘဲ တရားဟောမှု၊ ၁ဝ။ ဒိဋ္ဌိဇုကမ္မ=အယူကို ဖြောင့်မတ်စွာပြုမှု။

ဒီ (၁ဝ)ပါးကို ဒါန-သီလ-ဘာဝနာထဲ ပြန်သွင်းပုံ လင်္ကာလေးကို အရင်ကျက်ထားလိုက်ရအောင်ပါ။

ဒါန၊ သီလာ၊ ဘာဝနာ သုံးဖြာစဉ်၍ခင်း။

စနှစ်ကိုလယ်၊ လယ်နှစ်ကိုစ၊ နောက်မှ နောက်ချင်းသွင်း။

ကဲ..ရပြီလား။ လင်္ကာကို ရှင်းပြရအောင်ပါ။ ပုညကြိယဝတ္တု (၁ဝ)ပါးကို သေချာပြန်ကြည့်ထားလိုက်ပါ။ တတ်နိုင်ရင် ခဲတံလေးနဲ့ လိုက်တို့လိုက်ပါ။

ဒါန-သီလ-ဘာဝနာကို အစဉ်အတိုင်းထားလိုက်ပါတဲ့၊ အစဖြစ်တဲ့ အပစာယန၊
ဝေယျာဝစ္စ(၂)ပါးကို အလယ် ဖြစ်တဲ့ သီလထဲမှာ သွင်းလိုက်ပါတဲ့။

အလယ်ဖြစ်တဲ့ ပတ္တိဒါန၊ ပတ္တာနုမောဒန(၂)ပါး ကို အစဖြစ်တဲ့ ဒါနထဲမှာ သွင်းလိုက်ပါတဲ့။

နောက်ဖြစ်တဲ့ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ (၃)ပါးကို
ဘာဝနာထဲမှာ သွင်းလိုက်ပါတဲ့။

ဒီခွဲပြပုံလေးကိုအာရုံပြုလိုက်ရင် ဘာတွေဟာ ဘယ်ထဲမှာ
ပါတယ်ဆိုတာ ခွဲခြားသိလို့ ရပါပြီ။

အမျှဝေတာ၊ သာဓုခေါ်တာဟာ ဒါနထဲမှာပါတဲ့အတွက်
ဒါနကုသိုလ်ပဲရတာပါ။

တရားနာတာ၊ တရားဟောတာကတော့ ဘာဝနာထဲမှာ
ပါနေပါတယ်။

ဒါကိုထောက်ပြီး ကိုယ့်ချစ်သူကို တရားဟောတာ၊ ကိုယ့်ချစ်သူဟောတဲ့တရားကို နာတာတွေဟာ ဘာဝနာထဲမှာ ပါနေပါတယ်။

အရိုအသေပေးတာ၊ ဝေယျာဝစ္စလုပ်တာတွေကတော့ သီလထဲမှာပါပါတယ်။

လိုရင်းကတော့ ကိုယ့်ချစ်သူ၊ ကိုယ်ချစ်တဲ့သူကို တရားဟောတာဟာ အမတဒါန=နိဗ္ဗာန်အလှူ၊ အမြတ်ဆုံး အလှူကြီးကို
ပေးလှူလိုက်တာပါပဲ။

အမေကို ချစ်တယ်၊ အဖေကို ချစ်တယ်၊ သား သမီးကို ချစ်တယ်၊ သူငယ်ချင်းကို ချစ်တယ်၊ မိတ်ဆွေကို ချစ်တယ်၊
ချစ်သူကို ချစ်တယ်ဆိုရင် တရားဟောရမှာပါ။ တရားဟောရင်
အမြတ်ဆုံး ကုသိုလ်တွေယူရမှာပါပဲ။

မြတ်စွာဘုရားလက်ထက်တော်က ဝဎ္ဍုမာတာထေရီ ဆိုတာ ရှိပါတယ်။ သူလူ့ဘဝတုန်းက သူ့ရဲ့သားလေးရဲ့ နာမည်က ဝဎ္ဍုပါ။
ဝဎ္ဍုဆိုတာ တိုးပွားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ သားနာမည်ကို
အစွဲပြုပြီး ''ဝဎ္ဍုမာတာ=တိုးပွားအမေ'' လို့ ခေါ်ကြတာပါ။

ယောက်ျားဆုံးပြီးကာလတစ်ခုကြာတော့ ဘိက္ခုနီမ ဝတ်ပါတယ်၊ ဘိက္ခုနီမဝတ်တော့လည်း ဝဎ္ဍုမာတာထေရီရယ်လို့ ခေါ်ဝေါ်ထင်ရှားသွားပြန်ပါတယ်။ ကမ္မဋ္ဌာန်းကို ကြိုးစားအားထုတ်လိုက်တာ
ရဟန္တာဖြစ်သွားပါတယ်။

နောက်လူ့ဘဝမှာ ကျန်ခဲ့တဲ့သား 'မောင်တိုးပွား' ကို ခေါ်ပြီး ကိုရင်ဝတ်ပေးပါတယ်။ သားကိုရင် အသက် နှစ်ဆယ်ပြည့်ပြန်တော့လည်း ရဟန်းဘောင်ကို ပို့ဆောင်ပေးပြန်ပါတယ်။ သားရဟန်း
ဝဎ္ဍုထေရ်ဟာ စာသင်ရင်း ပိဋကတ်သုံးပုံကို ကျွမ်းကျင်တတ်မြောက်သွားပါတယ်။ သားရဟန်းက
တရားဟောပြန်တော့လည်း နာမည်ကျော် ဓမ္မကတိကတစ်ပါး
ဖြစ်သွားပြန်ပါတယ်။ နာမည်ကျော် ဓမ္မကထိကဖြစ်လာတော့ ကြည်ညိုသူတွေပေါပြီး လာဘ်လာဘတွေ ပေါချင်တိုင်း ပေါနေပါတော့တယ်။ တရားဟောတာနဲ့ပဲ
အချိန်ကုန်နေတဲ့အတွက် ဝိပဿနာတရား အားထုတ်မှုကို မလုပ်နိုင်ပါဘူး။ ဒါကို မိခင်ထေရီမက
မနှစ်သက်ပါဘူး။

တစ်နေ့မှာတော့ ဓမ္မကထိကသားရဟန်းဟာ မိခင်
ဘိက္ခုနီမကျောင်းကို သင်္ကန်းမရုံဘဲ ကြွလာပါတယ်။
ကျောင်းထဲရောက်တော့ မိခင် ထေရီမက တုတ်ကိုကိုင်ပြီး 'အို သားရဟန်း ဘာဖြစ်လို့ သင်္ကန်းမရုံဘဲ ဘိက္ခုနီမကျောင်းကို လာရတာလဲ သင့်အမူအရာကို ပြန်ကြည့်ပါဦး၊ တရားဟောတာ၊
ဂန္တဓုရလုပ်တာနဲ့ပဲ အချိန်ပုပ်နေတယ်။ မာန်မာန ကလည်း
တက်ကြွနေသေးတယ်။

ရဟန်းတစ်ပါး တကယ်လုပ်ရမယ့် ဝိပဿနာ ဘာဝနာအလုပ်ကိုသာ လုပ်ပါ။ ကိုယ်ဟန်ကြော့ကြော့မော့မော့နဲ့ အမူအရာကိုပြင်ပါ' လို့ ဆိုပြီး ခပ်တင်းတင်းလေး ပြောလိုက်ပါတော့တယ်။

သားရဟန်းလည်း မိခင်ထေရီမ ပြောစကားကြားရတော့ ချက်ချင်းသတိရပြီး 'မိခင် ..ကျွနု်ပ်မှားပါပြီ၊ နောင် ဒီလိုအမူအရာတွေနဲ့
မနေတော့ပါဘူး' လို့ ဝန်ခံကတိပေးလိုက်ပါတယ်။

သားရဟန်း သတိဝင်သွားတော့ မိခင််ထေရီမကြီးက သားရဟန်းကိုဂါထာလေးတွေနဲ့ ထပ်မံဟောပြောပေး ပြန်ပါတယ်။

သားရဟန်းဟာ မိခင်ကျောင်းက ပြန်ခဲ့ပြီး တရားဟောမှုတွေကို
လုံးဝရပ်လိုက်ပါတယ်။ မိခင် ဖြစ်စေချင်တဲ့ ဝိပဿနာဘာဝနာပွားများမှုကိုပဲ ကြိုးစားအားထုတ်ပါတော့တယ်။ပါရမီပါပြီးသားဆိုတော့ မကြာမီ ကာလမှာပဲ ရဟန္တာဖြစ်သွားပါတော့တယ်။

ဇာတ်သိမ်းတော့ သားရဟန်းရော မိခင်ထေရီမကြီးရော
အရတ္ထဖိုလ်ကိုယ်စီရပြီး ပရိိနိဗ္ဗာန်စံသွားကြပါတယ်။

ဇာတ်သိမ်းပိုင်းလေးက သိပ်လှတာပါ။ ဘယ်အချိန် ပြန်ဖတ်ဖတ် လှနေတာပါပဲ။ နောက်ဆုံးတော့ အားလုံး
အားလုံးဟာ ဒီအတိုင်းပဲ ဇာတ်သိမ်းကြဖို့ လိုရင်းပါ။ သံသရာ ဘယ်လောက်ရှည်ကြရဦးမယ် မသိပါဘူး။

ဒီဝတ္တုလေးမှာလည်း မိခင်က သားကို တရားဟောတာပါ။
တရားဟောတဲ့နေရာမှာလည်း ရိုးရိုးဣန္ဒြေရရ ထိုင်ပြီး
ဟောတာတောင် မဟုတ်ပါဘူး။ တုတ်ကို ကိုင်ပြီး
ခပ်တင်းတင်းလေး ဟောလိုက်တာပါ။

ဒီသာဓကလေးတွေ ထောက်ပြီး သားအမိချင်း၊ ဇနီးမောင်နှံချင်း၊ ညီအစ်ကိုမောင်နှမသားချင်း၊ မိတ်ဆွေချင်း၊ ချစ်သူချင်း ကိုယ်သိထားတဲ့ တရားလေးတွေကို ဟောပေးရမှာပါပဲ။
ဟောပေးရင်း ကုသိုလ်တွေရနေတာပါပဲ။

ဒီလိုပါပဲ။ ရဟန်းအချင်းချင်းလည်း ဟောရမှာပါပဲ။ ကိုယ်ချစ်တဲ့
ရဟန်း၊ ကိုယ်သံယောဇဉ်ရှိတဲ့ ရဟန်းကို ဟောရမှာပါပဲ။ စာတွေ အခြေခံ ရှိပြီးသားဆိုတော့ ဟောသူရော နာသူရော ပိုလို့တောင် သဘောပေါက်လွယ်ဦးမှာပါ။ ချစ်တဲ့ ရဟန်းအချင်းချင်း ဟောမှလည်း ပိုပြီး လက်ခံတာပါ။

လိုရင်းကတော့ တရားဟောပြီးတိုင်း 'ဘုရား တပည့်တော်
တရားဟောပြောရသော ကုသိုလ်ကောင်းမှု အဖို့ဘာဂသည်
နိဗ္ဗာန်၏အထောက်အပ့ံ ဖြစ်ပါစေ။ ဘုရား တပည့်တော်
ဟောတဲ့တရားလေးကို နာကြားပြီး ကို..ဘယ်သူ၊ မ..ဘယ်သူ တရားအသိလေးတွေ ရသွားပါစေ။ ရသည့်အားလျော်စွာ
ကျင့်နိုင်ပါစေ။ ကျင့်နိုင်သည့် အားလျော်စွာ မဂ်ဖိုလ်နိဗ္ဗာန်ရဲ့
အထောက်အပံ့ကောင်းတွေ ရသွားပါစေ' လို့ နိဗ္ဗာန်ကို ဆုတောင်းတာရယ်၊ မေတ္တာပို့တာရယ်ကို
အလေ့အကျင့် အထုံလေး လုပ်ထားရမှာပါ။ ကိုယ့်ရဲ့
တရားဟောပြောမှုဟာ နိဗ္ဗာန်ရဲ့အထောက်အပံ့ကောင်းတွေ
ဆိုတာကိုလည်း အထူးအာရုံပြုထားရမှာပါ။

ကိုယ်ချစ်တဲ့ မိဘ၊ ကိုယ်ချစ်တဲ့သားသမီး၊ ကိုယ်ချစ်တဲ့ ဇနီး၊ ကိုယ်ချစ်တဲ့ခင်ပွန်း၊ ကိုယ်ချစ်တဲ့ မိတ်ဆွေ၊ ကိုယ်ချစ်တဲ့ သူငယ်ချင်း၊ ကိုယ်ချစ်တဲ့ ချစ်သူကို ကိုယ်သိတဲ့ တရားလေးတွေကို
သိသလောက်ဟောဖို့ပါပဲ။

ဘဝမှာ ဘယ်သူ့ကိုပဲချစ်ချစ်၊ ချစ်တဲ့သူကို တရား ဟောလိုက်ဖို့ပါပဲ။ တရားဟောလိုက်ရင် အမြတ်ဆုံး
ကုသိုလ်တွေဖြစ်သွားတာပါပဲလေ။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)

 

ကျမ်းကိုး

၁။ ဝိမာန ဝတ္တုတော်ကြီး။ မြို့မိဆရာတော်
၂။ အခြေပြုသင်္ဂြိဟ်။ အရှင်ဇနကာဘိဝံသ
၃။ သိကောင်းစရာ ဓမ္မပဒေသာ (တတိယတွဲ)
သဒ္ဓမ္မရံသီရိပ်သာဆရာတော်
၄။ ထေရီအပဒါန်ဝတ္တုတော်ကြီး။ အရှင်ဓမ္မဿမီဘိဝံသ။

အလင်းတန်းဂျာနယ်။ ၁၄ နိုဝင်ဘာ ၂ဝ၁၁
(ရဝေနွယ် အသစ် စာအုပ်မှ)