■ သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို
■ ကုသိုလ် (၅)မျိုးနဲ့ ပြုပြင်ယူလို့ ရပါတယ်။
■ တိုက်တွန်း စကားအနေနဲ့ ပြောရရင်တော့
သေချင်လောက်အောင် ဆိုးနေတဲ့ကံကို
ကုသိုလ် (၅)မျိုးနဲ့ နေ့စဉ် ပြုပြင်ပစ်လိုက်စမ်းပါ။
ဆိုးနေတဲ့ ကံ " နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။
အဲဒီ ကုသိုလ် (၅)မျိုး ကတော့
၁။ ဒါန
၂။ သီလ
၃။ ဂုဏ်တော်
၄။ မေတ္တာ
၅။ ၀ိပဿနာ တို့ဖြစ်ပါတယ်။
- အဲဒီ ကုသိုလ် (၅)မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့
- အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ် သွားဖို့ပါပဲ။
- ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။
¤¤¤¤¤
၁။ ဒါန
¤¤¤¤¤
- ပထမဆုံး ကုသိုလ်က ဒါန ပါ။
- ဒါန ဆိုတဲ့နေရာမှာ ရှင်တစ်သောင်းပြုပေးနိုင်မှ၊
- ကျောင်းကြီးတွေ ဆောက်လုပ် လှူဒါန်းနိုင်မှ
- ဒါန မဟုတ်ပါဘူး။
- အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။
- ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ် ဆိုရင်လည်း ဒါန ဖြစ်သွားတာပါပဲ။
- ဆန်လက် တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေ ပါဘူး။
- နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျွေးနေမယ် ဆိုရင်လည်း
- ကိုယ့်ဝန် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။
¤¤¤¤¤¤
၂။ သီလ
¤¤¤¤¤¤
- ဒုတိယက သီလ ပါ။
- သီလမှာလည်း လောကီထဲမှာနေတဲ့ လူတစ်ယောက် အတွက်
- ငါးပါးသီလလောက် လုံခြုံအောင် စောင့်ထိန်း လိုက်နိုင်တယ် ဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။
- တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ
- (၈)ပါး သီလ၊ (၉)ပါး သီလကို စောင့်ထိန်း နိုင်ရင်တော့ အကောင်းဆုံးပေါ့။
- သီလကို စောင့်ရှောက်တဲ့ အတွက်
- သီလ ကလည်း ကိုယ့်ကို သူ့သတ္တိ အားလျော်စွာ ပြန်စောင့်ရှောက် ပါလိမ့်မယ်။
¤¤¤¤¤¤¤¤¤
၃။ ဂုဏ်တော်
¤¤¤¤¤¤¤¤¤
- တတိယက ဂုဏ်တော် ပါ။
- ဂုဏ်တော် (၉)ပါး ထဲက
- ကို်ယ် နှစ်သက်ရာ တစ်ပါးပါးကို ပွားလို့ရပါတယ်။
- (၉) ပါးလုံး ပွားလည်း ရပါတယ် ။
- အရဟံ ဂုဏ်တော်ကိုပဲ
- အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား၊
- အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊
- အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရားလို့ ပွားများရပါတယ်။
- အရဟံ ဆိုတဲ့ ပါဠိလေးရယ်။
- အရဟံ ရဲ့ နောက်က အနက် သုံးမျိုးရယ်က
- ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့ အနက်လေးတွေပါ။
- ဂုဏ်တော် ပွားတဲ့အတွက်
- ဂုဏ်တော်က သူ့သတ္တိ အားလျော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။
¤¤¤¤¤¤¤¤
၄။ မေတ္တာ
¤¤¤¤¤¤¤¤
- စတုတ္ထက မေတ္တာပါ။
- မေတ္တာ ပွားတဲ့နေရာမှာ ပွားနည်းတွေ ကတော့
- သီသန့်အကျယ်ကို ရှိပါတယ်။
- စာရေးသူရဲ့ မေတ္တာ အတွေးများ စာအုပ်မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။
- မေတ္တာပွားတဲ့ နေရာမှာ အဓိက အကြံပေးချင် တာတော့
- ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့
- လူပုဂ္ဂိုလ် အားလုံးကို တစ်ယောက်ချင်း ကုန်အောင် ပွားပါ။
- ပြီးရင် နတ်ကောင်း နတ်မြတ်တွေ၊ ကိုယ်စောင့်နတ်၊
- အိမ်စောင့်နတ် ကစပြီး၊ လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်တွေ အားလုံး
- ကိုယ် ဆင်းရဲ၊ စိတ် ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေ ပါစေ… စသည်ဖြင့် ပေါ့လေ။
¤¤¤¤¤¤¤¤¤
၅။ ၀ိပဿနာ
¤¤¤¤¤¤¤¤¤
- နောက်ဆုံးက ၀ိပဿနာ ပါ။
- ၀ိပဿနာ ကတော့ ကိုယ်အားထုတ်ဖူးရာ
- ကိုယ် သန်ရာ သန်ရာ ကိုယ့် အာစရိယဝါဒ အတိုုင်း မှတ်ယူလို့ ရပါတယ်။
- မည်သည့် တရားစခန်း မည်သည့် အာစရိယဝါဒမျှ
သင်ကြားထားခြင်း မရှိသူများအဖို့
- အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်ဝယ်ဖွဲ့ခွေ)ထိုင်၊
- ဘယ်လက်ပေါ် ညာလက်ထပ်တင်၊
- ခါး၊ လည်ပင်း၊ ဦးခေါင်းကို မတ်မတ်ထား၊
- အသက်ကို ပုံမှန်ရှူလျှက်
- ဝင်လေ ဝင်လာလျှင် ဝင်လာသည်ဟု သိပေး၊
- ထွက်လေ ထွက်သွားရင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့်
- မိမိစိတ်ကို ထိုထိုနှာသီးဝသို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမ လေ့ကျင့်ကြလျှက်
- (၇)ရက် စခန်း၊ (၁၀)ရက် စခန်း စသည်တို့ကို
- ဝင်ရောက်နိုင်ရန် တိုး၍ ကြိုးစား ကြသင့်ပေသည်။
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
ကုသိုလ် (၅)မျိုး တစ်နေ့တာ
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
■ ကဲ … စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်(၅)မျိုးကို စမ်းကြည့်ရအောင်ပါ။
¤¤¤¤¤¤¤¤
၁။ အိပ်ရာထ
¤¤¤¤¤¤¤¤
- မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက် သန့်စင်ပြီး
- မိသားစု ကိစ္စတွေကို ဘာမှ မလုပ်နဲ့ဦး။
- ဘုရားခန်းကို အရင်သွားပါ။
- ဘုရား သောက်တော်ရေကို အရင်ကပ်ပါ။ (ဒါန)
- ကပ်ပြီးရင် (၅)ပါးသီလ ခံယူပါ။ (သီလ)
- အဲဒါပြီးရင် ဂုဏ်တော်ကို (၅)မိနစ် ( ဂုဏ်တော် )
- မေတ္တာကို (၅)မိနစ် ပွားပါ။ ( မေတ္တာ )
- ပြီးရင် ၀ိပဿနာ (၅)မိနစ် ပွားများပါ။ ( ၀ိပဿနာ )
- အင်မတန် နည်းပါးတဲ့ (၁၅)မိနစ် အချိန်လောက်တော့
- လူတိုင်း လုပ်နိုင်လောက်မယ် ထင်ပါတယ်။
- (၅)မိနစ်စီ ဆိုသည်မှာ အနည်းဆုံး ပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး
- မိမိတို့၏ ခွန်အားအလိုက်၊ သဒ္ဓါ တရားအလိုက်
- (၁၀)မိနစ်စီ၊ နာရီဝက်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု
- နေ့ တစ်နေ့တာရဲ့ အစကို
- ကုသိုလ် (၅)မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေ ရှိသွားလဲ။
- အိပ်ရာထပြီး နာရီဝက် တစ်နာရီအတွင်းမှာပဲ
- ကုသိုလ်(၅)မျိုး ရနေပါပြီ။
- အဲဒီ ကုသိုလ်(၅)မျိုး ပြုပြီးမှ
- မိသားစုကိစ္စ၊ ကိုယ့်ကိစ္စ ဝေယျာဝစ္စတွေကို ပြုလုပ်ပါ။
¤¤¤¤¤¤¤¤¤
၂။ နေ့လည်
¤¤¤¤¤¤¤¤¤
- အဲဒီလိုနဲ့ မနက်စာ စားပြီးတဲ့ အခါ
- ဆန် လက်တစ်ဆုတ် စာယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေ အတွက် ပက်ကျွေးလိုက်ပါဦး။
- ကျွေးပြီးသွားရင် အဆစ်အနေနဲ့
- ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်(၅)မျိုး ကိုလည်း အမျှ ပေးဝေပါတယ်။
- အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု ဆိုပြီး နတ်ကောင်း နတ်မြတ်များနဲ့တကွ ဝေနေယျ အပေါင်းကို အမျှပေးဝေလိုက် ပါဦး။
¤¤¤¤¤¤
၃။ ညပိုင်း
¤¤¤¤¤¤
- တတ်နိုင်တယ်။ အချိန်ရတယ်။ သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင်
- ညပိုင်း ကိုးရီးယားကားလေး မလာခင်၊
- ဒါမှမဟုတ် ကိုးရီးယားကားလေး ပြီးသွားတဲ့အခါ
- ကုသိုလ် ငါးမျိုးကို မနက်ကအတိုင်း တစ်ကြိမ် ထပ်လုပ်လိုက်ပါဦး။
- နေ့စဉ် ပြုအပ်သည်။
- ဒီအတိုင်းသာ နေ့စဉ် ပြုသွားစမ်းပါ။
- ဆိုးနေတဲ့ ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။
- ဒါပေမယ့် ဒီနေ့လုပ် နက်ဖြန်ဖြစ် ဆိုတဲ့ ပုံစံမျိုးတော့
- ဘယ်ဖြစ်နိုင်မှာလဲ။
- တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။
- ရက် မပျက်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။
- အကုသိုလ် ဆိုတဲ့ အင်းအားက ကြီးလွန်းနေရင်တော့ ချက်ခြင်းကြီး ရနိုင်မှာ မဟုတ်ပါဘူး။
- ဒါပေမယ့် ကုသိုလ် အင်အား ကောင်းလာတာနဲ့ အမျှ
- ကုသိုလ် အင်အားကို ကြည့်ပြီး လန့်ပြေးသွားမှာပါ။
- ဒါက ကံဆိုး နေတဲ့သူတွေကို ပြောတာပါ။
- ကံကောင်း နေတဲ့သူတွေ အတွက်လည်း
- အမြဲတမ်း ကံကောင်းနေအောင်
- ကုသိုလ်(၅)မျိုး နဲ့ အမြဲပြုစု စောင့်ရှောက်နေသင့် ပါတယ်။
- ဒီကုသိုလ်(၅)မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက်
- ဒုတိယဘဝ၊ တတိယဘဝ စသည်တွေမှာလည်း
- ဆက်ပြီး ကံကောင်းနေဦးမှာပါ။
- ဒုက္ခကြံရင် သစ္စာဆို။
- ဒီ ကုသိုလ် (၅)မျိုး ကို
- ကံ ကောင်းခြင်း၊ ကံ ဆိုးခြင်းကြောင့် မဟုတ်ဘဲ
- နေ့စဉ် ဝတ်တစ်ခု အနေနဲ့ ပြုရပါမယ်။
- အဲဒီလို ပြုနေစဉ် အတွင်းမှာပဲ
- ဘဝ အခက်အခဲ တစ်ခု ကြုံလာမယ်၊
- ဒါဆို ကိုယ်ပြုတဲ့ ကုသိုလ်(၅)မျိုးကို
- နေ့စဉ် အမျှ ပေးဝေနေတဲ့
- နတ်ကောင်းန တ်မြတ်တွေကို တိုင်တည်ပြီး သစ္စာ ဆိုလို့လည်း ရပါတယ်။
- " ကျွန်ှုပ်သည် ကုသိုလ်(၅ မျိုးကို နေ့စဉ်ပြုပြီး၊ နတ်ကောင်းနတ်မြတ် များကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။
ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲများ ပြေပျောက် ပါစေသတည်း။
- နတ်ကောင်း နတ်မြတ်တို့က ကူညီမစတော်မူပါ " စသည်ဖြင့်ပေါ့လေ…..
- သံသရာ ကပင် ကျွတ်နိုင်ရဲ့
- ကုသိုလ် (၅)မျိုး ထဲမှာ ၀ိပဿနာလည်း ပါနေတော့
- တရားမှတ်ရင် ပါရမီ ပါခဲ့ရင်
- တစ်မဂ် တစ်ဖိုလ်မှသည် လေးမဂ်၊ လေးဖိုလ် အထိ
- တရားထူး တရားမြတ်တွေ ရသွားပြီး
- သံသရာဝဋ်က ကျွတ်သွားနိုင်ပါသေးတယ်။
- ကုသိုလ် (၅)မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ ဆိုရင်
- ည အိပ်ရာ ဝင်လို့မှ ဒီနေ့ တစ်နေ့တာ အတွက်
- ကုသိုလ် ၅မျိုး မပြုရသေးရင်
- အိပ်လို့ လုံးဝ မပျော်တဲ့ အဆင့်
- ချက်ခြင်း ထလုပ်လိုက်မှ အိပ်ပျော်တယ် အိပ်လို့ရတယ် ဆိုတဲ့ အဆင့်ထိ ပြုလုပ်ကြရပါမယ်။
- ကဲ …. စာဖတ်သူ … ၊
- ကံ နဲ့ ပတ်သက်လို့ သေချင်လောက်အောင် ဆိုးနေပါစေ။
- ကုသိုလ် (၅)မျိုးနဲ့သာ နေ့စဉ် ပြုပြင် လိုက်စမ်းပါ။
- မကြာခင် ကံကောင်းလာပါလိမ့်မယ်။
အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
#ကျမ်းကိုး(မဟာဝင်ဝတ္ထု-ကျီးသဲလေးထပ်ဆရာတော်)