ညအိပ်ခါနီးအချိန်ကို တစ်ကယ်သေခါနီး အချိန်လို့ သဘောထားပြီး ကုသိုလ်အာရုံ စွဲမြဲအောင် အလေးအနက်ထား ကြိုးစားကြရပါမယ်။ ကုသိုလ်အာရုံက ဒါနအာရုံ သီလအာရုံ သမထအာရုံ ဝိပဿနာအာရုံ လို့လေးမျိုးရှိပါတယ်။
ဒါနအာရုံအနေနဲ့ ဒီနေ့ဒီအချိန်အထိ ဘဝ တစ်သက်တာမှာပြုခဲ့တဲ့ ကောင်းမှုတွေထဲက ကိုယ်အနှစ်သက်ဆုံး ကိုယ်ပီတိအဖြစ်ဆုံး ဒါန ကောင်းမှုတစ်ခုခုကို အာရုံပြုရပါမယ်။ အဲဒီဒါနဟာ ငွေကြေးအကုန်အကျ အနည်းအများနဲ့ မဆိုင်ပါဘူး။ အကုန်အကျများတိုင်း အကျိုးပေးထက်သန်တာ မဟုတ်ပါဘူး။ ပီတိအားကောင်းမှ အကျိုးပေးထက်သန်တာပါ။
ညအိပ်ရာဝင်ခါနီးတိုင်း ဘုရားသောက်တော်ရေ အသစ်လဲတဲ့အကျင့်ကို စွဲစွဲမြဲမြဲလုပ်ပေးပါ။ အိပ်ခါနီး(အသေလေး)ရဲ့အနီးကပ်ဆုံးဒါနဖြစ်လို့ အာရုံယူရတာ အလွန်လွယ်ကူပါတယ်။ အေးချမ်းမှုနဲ့ တစ်နေ့တာကို အဆုံးသတ်လိုက်ရတဲ့အတွက် ဘဝတစ်လျှောက်လုံး အဆင်ပြေပြီး အေးချမ်းရပါလိမ့်မယ်။
သီလကုသိုလ်အနေနဲ့ အိပ်ခါနီးတိုင်း အနည်းဆုံးငါးပါးသီလ (အောက်ထစ်ဆုံး ပြောတာပါ) ကိုအသစ် ခံယူဆောက်တည်ပါ။ ဆောက်တည်ပြီး အချိန်ကစပြီး မကျိုးပေါက်ပါစေနဲ့။ အိပ်တော့မယ်ဆိုတော့လည်း ကျိုးပေါက်စရာ မရှိတော့ပါဘူး။
သမထကုသိုလ်အနေနဲ့ ကိုယ်အနှစ်သက်ဆုံး ကိုယ်အကြည်ညိုဆုံး ဘုရားဂုဏ်တော် တစ်ခုခုကို ပွားများပါ။
ဥပမာ-
"အရဟံ - လူနတ်ဗြဟ္မာသတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကိုခံယူတော် မူထိုက်ပါပေသော မြတ်စွာဘုရား။
အရဟံ -ကိလေသာ ကင်းစင်တော်မူပါသော မြတ်စွာဘုရား။
အရဟံ - ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား"
လို့ အရဟံဂုဏ်တော်ရဲ့ အဓိပ္ပါယ်ကို အာရုံထင်မြင်အောင် စိတ်ထဲကနေ နှလုံးသွင်းပွား များရပါမယ်။
နောက်တစ်ခု သမထအနေနဲ့ မေတ္တာဘာဝနာပွားများ နေရပါမယ်။ အနည်းဆုံး "သတ္တဝါအားလုံးချမ်းသာကြပါစေ"လို့ သုံးခေါက်လောက်ပွားများရပါမယ်။ ကိုယ်နှစ်သက်ရာ ကိုယ်အားသန်ရာ မေတ္တာပွားနည်းတွေနဲ့လည်း မေတ္တာပွားနိုင်ပါတယ်။
ဒါနကုသိုလ် သီလကုသိုလ် သမထကုသိုလ်တွေကို အစဉ်အတိုင်း အာရုံပြု ဝမ်းမြောက်ပြီးပြီဆိုလျှင် နောက်ဆုံး ဝိပဿနာကုသိုလ်နဲ့ အိပ်လိုက်ပါတော့။ နှာသီးဝ လေထိရာအရပ်မှာ သတိကပ်ထားပြီး လေဝင်ရင် 'ဝင်တယ်' လေထွက်ရင် 'ထွက်တယ်' ကို ရှုမှတ်ပြီးနေပါ။ ဝင်တိုင်း ထွက်တိုင်းသာ တစ်ဆက်တည်း သိနေမယ်ဆိုရင် လေးငါးချက်ထက် ပိုမမှတ်ရပါဘူး။ ချက်ချင်း အိပ်ပျော်သွားပါလိမ့်မယ်။ ဝင်လေထွက်လေ ရှုမှတ်ခြင်းဟာ အကောင်းဆုံးအိပ်ဆေးပါပဲ။ လေဝင် လေထွက်တိုင်း ထိတွေ့တွန်းကန်မှုတွေကို သိနေမယ်ဆိုရင် လောဘ ဒေါသစတဲ့ ကိလေသာတွေလည်း ဖြစ်ခွင့် မရတော့ပါဘူး။ သမာဓိဉာဏ် ရင့်သန်ပြီးသား ပုဂ္ဂိုလ်ဆိုရင် အိပ်ရာဝင်မှာ လေဝင်လေထွက်မှတ်ရင်းနဲ့ မဂ်စိတ်ကျပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုသွားနိုင်ပါတယ်။
အိပ်ခါနီးတိုင်း ဒါနအာရုံ သီလအာရုံ သမထအာရုံ ဝိပဿနာအာရုံနဲ့ အိပ်စက်သွားမယ်ဆိုရင် သေလွန်ခါနီးမှာလည်း အဲဒီအာရုံလေးမျိုးမှာ တစ်မျိုးမျိုးနဲ့ သေလွန်ရမှာ သေချာပါတယ်။ ကုသိုလ်အာရုံနဲ့ သေလွန်သွားသူကို ကောင်းရာသုဂတိဘုံတွေက သူဦး ကိုယ်ဦး လက်ကမ်းကြိုဆိုနေကြမှာပါ။ ဒါကြောင့် ညအိပ်ရာဝင် ခေါင်းအုံးပေါ်ခေါင်းချ ကျောဆန့်ပြီးတာနဲ့တစ်ပြိုင်နက် "ငါခဏသေလိုက်ဦးမယ်" လို့ ကို်ယ့်ကိုယ်ကို စိတ်ထဲကပြောပြီး သေနည်းလေ့ကျင့်ကြဖို့ အထူး တိုက်တွန်းလိုက် ရပါတယ်။ စေတနာ မေတ္တာ အရင်းခံဖြင့်-
အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )