¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
ဟင်းတစ်ခွက်နဲ့ မျှတတော်မူ
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး မြောက်ဘက်ဇရပ်ဝန်းလို့ခေါ်တဲ့ ဆွမ်းချက်ဆောင်ရဲ့ ဒေါင့်ခန်းလေးမှာ အမြဲဆွမ်းဘုန်းပေးတော်မူပါတယ်။ ပုံအတိုင်း ကပ္ပိယကြီး ဦးကျော်ဝင်းဆွမ်းကပ်စမြဲ။
စာရေးသူဟာ ဆွမ်းစားကျောင်းမှာ နေရတာဆိုတော့ ကိုရင်ဘဝက မြောက်ဘက်ဇရပ်ကို သံဃာများအတွက်ဟင်းသွားယူရတယ်လေ။
ဆရာတော်ကလည်း ဆွမ်းဘုန်းပေးခိုက်ပေါ့။
အမှတ်မထင် "ကိုရင်လာစမ်း " လို့ ဆရာတော်ခေါ်လိုက်တော့ လန့်ဖြန့်သွားတယ်။
ငါ့မှာ ဘာများ အပြစ်မြင်လို့ပါလိမ့်၊ သင်္ကန်းဝတ်တာမညီလို့လား စသည်ဖြင့် ခေါင်းနပမ်းကြီးသွားတယ်။
ထိုစဉ်က သံဃာများဟာ အပြစ်တွေ့မှာ သိပ်ကြောက်ကြတာဘဲ။ တာဝန်ခံဆရာပါခေါ်ဆူတယ်။ အကြောက်ဆုံးက နံနက်ခင်းသြဝါဒမှာ မတ်တပ်ရပ်ခိုင်းမှာ အကြောက်ဆုံးပေါ့။
ရပ်တဲ့အခါမှာ သတိပေးမိန့်တော်မူတယ်။ တခါတရံ သေခိယ၊ ၀ိနည်း သိက္ခာပုဒ်တွေကို အဆိုခိုင်းတယ်။ ရတာလေးနဲ့ကြုံရင်တော်သေးရဲ ့၊ ၂ ခါလောက်အဆိုခိုင်းတာမှ မရဘူးဆိုရင် ရောက်တာဘယ်နှစ််နှစ်ရှိပြီလဲ၊ ဒီလောက်ကြာတာတောင် မရဘူးလား ဆိုပြီး သုံးလ ပြန်လွှတ်ခံရတတ်တယ်လေ။ အဲဒါကို အကြောက်ဆုံးပါ။
စာရေးသူဟာ ခပ်ကြောက်ကြောက်နဲ့ (ပုံစံကျအတိုင်း) ဘိနပ်ချွတ်၊ သင်္ကန်းလက်ကတော့ထိုး၊ လက်အုပ်ချီကာ ဆရာတော်ဆွမ်းစားတဲ့ အခန်းအစွန်လောက်မှာ ရပ်လိုက်တယ်။
" ကိုရင် ဒီနားတိုးခဲ့ "
စားပွဲနားအထိ တိုးလိုက်ပါတယ်။
"ဘုန်းကြီး ဆွမ်းစားနေတာ ဟင်း ဘယ်နှစ်ခွက်လဲ"
"တစ်ခွက်ထဲပါ အရှင်ဘုရား"
(ဗူးရွက်အရည်သောက်မှာ ပဲအနှစ်များလည်းပါသည်ကို သတိပြ့ုမိတယ်)။
"ဟင်းခွက်တွေများရင် လက်နှိုက်ရတာ မရှုပ်ဘူးလား"
"ရှုပ်ပါတယ် အရှင်ဘုရား"
"တစ်ခွက်တည်းဆိုတော့ လက်နိုက်ရတာ မရှင်းဘူးလား"
"ရှင်းပါတယ် အရှင်ဘုရား"
"အဲဒီလို ရှင်းရှင်းမှ ကောင်းတာ ချမ်းသာတာ၊
ကိုရင် သွားတော့ "
ကိုရင်ဧသကလဲ လက်အုပ်ချီ နောက်ဆုတ်ကာ ခပ်လှမ်းလှမ်းရောက်မှ လှည့် ပြန်ခဲ့ရတယ်။
"အမလေး တော်ပါသေးရဲ့ အပြစ်တွေ့တာ မဟုတ်လို့" ရင်အေးခဲ့ရတယ်လေ။
ပိုပြီး ရင်အေး နှစ်သက်စေတာက
ဆရာတော်ဘုရားကြီးရဲ့ ပညာပေးဆုံးမမှုပါ။
"ချို့ချန်တဲ့ အကျင့်၊ ရောင့်ရဲတဲ့ အကျင့်ဟာ ချမ်းသာကြောင်း၊
ရှေးသူတော်ကောင်းများရဲ့အကျင့်" ဆိုတာ ယနေ့ထိ ခေါင်းထဲစွဲထင်နေလျှက်ပါ။
ကျေးဇူးရှင်ဆရာတော်အား ဦးခိုက်လျှက်
အရှင်ဧသက (မြတ်ပဋ္ဌာန်း)
Feb 3, 2016