¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
စွန်းလွန်းဆရာတော် ဖြေကြားသော နိဗ္ဗာန် အကြောင်း
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
( ၁၂၈၇ ပြည့်နှစ်၊ ကဆုန်လဆုပ် ၄ -ရက်နေ့ ပဲခူူးမြို့ အဗျားရွာတွင် ဖက်ပင်အိုင် ဆရာတော်ကြီးက မြင်းခြံ ဆရာတော်အား မေးမြန်းပြောဆိုခြင်း --- -- စကားချပ်။ ။ ဖက်ပင်အိုင် ဆရာတော်သည် စွန်းလွန်းဆရာတော် ထက် အသက် ၊ သိက္ခာဝါတော် ကြီးသောကြောင့် နှုတ်ဆက် စကားပြောကြားပြီး မေမြန်းပြောဆိုလေသည်၊ )
ဖက်ပင်အိုင်။ ။ မျက်စိနဲ့ အဆင်း ( ရူပါရုံ ) တွေ့သောအခါ မျက်စိက အဆင်းထံ သွားသလား၊ အဆင်းက မျက်စိ ထံ လာလေသလား။
ဖြေ။ ။ မျက်စိကလဲ မသွား၊ ရူပါရုံ ကလဲ မလာပါ ဘုရား။
ဖက်ပင်အိုင်။ ။ ဒါဖြင့် ဘယ်နှယ် မြင်နိုင် သတုံးဗျ။
ဖြေ။ ။ သူ့ သတ္တိက ရှေးရူ့သောအခါ မြင်နိုင်ပါ၏ ဘုရား။
ဖက်ပင်အိုင်။ ။ ဒါဖြင့် အဆင်းရူပါရုံက လာတာပေါ့ ဗျား။
ဖြေ။ ။ မလာပါ ဘုရား၊ ( ဥပမာ ) နေကိုကြည့်သော သူသည် နေ၏ သတ္တိ အရောင်အလင်းကြောင့် မျက်စိကျိန်းခြင်းသာ ရှိပါ၏ဘုရား။ နေဝန်းကြီးက မျက်စိထဲ ဝင်လာသည် မဟုတ်ပါ၊ မျက်စိကလဲ နေဝန်းထဲ ဝင်သွားသည် မဟုတ်ပါဘုရား။
ဖက်ပင်အိုင်။ ။ ဒါဖြင့် မြင်းခြံ ဆရာတော်-- နိဗ္ဗာန် အကြောင်းပြောစမ်းပါ၊
ဖြေ။ ။ နိဗ္ဗာန်ဆိုတာ ဘုရား၊ ( ဥပမာ ) ယောဂီပုဂ္ဂိုလ် တစ်ယောက်သည် ၀ိပဿနာ အားထုတ်၍ စိတ် စေတသိက် ရုပ်တရားတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ကြီးစွာသော ဆင်းရဲကြီး ဟုငြီးငွေ့လျက် ဆင်းရဲခြင်း၏ အကြောင်းကို ရှာက တဏှာ ကို သိရသည်နှင့် တပြိုင်နက် မဂ်က တဏှာကို ပယ်လို်က်တော့ အကြောင်း အကျိုး ပြတ်သွားပါရော၊ အဲဒီ မဂ်က မပယ်မီ ဖြစ် ပျက်နေတာက သင်္ခတ၊ နောက်တော့ အကြောင်း- အကျိုး ပြတ်၍ ဘာမှ မရှိတာကတော့ အသင်္ခတ - နိဗ္ဗာန် ပါဘဲ ဘုရား။
ဖက်ပင်အို်င် ။ ။ ၎င်းနိဗ္ဗာန်မှာ နေဝန်း -လဝန်း သဏ္ဍာန်များလို အရောင်တွေများ ရှိသလားဗျ။
ဖြေ။ ။ အရောင်တွေ မရှိပါ ဘုရား။
ဖက်ပင်အိုင်။ ။ ဒါဖြင့် ဘယ်နှယ်နေတုံး ပြောစမ်းပါဗျာ။
ဖြေ။ ။ ပြောစရာ မရှိပါ ဘုရား။
ဖက်ပင်အိုင်။ ။ ဒါဖြင့် နိဗ္ဗာန် မရှိဘူူးလား၊
ဖြေ။ ။ ရှိပါ၏ ဘုရား၊
ဖက်ပင်အိုင်၊ ။ စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထတရား လေးပါး ရှိတယ်မဟုတ်ဘူးလား။
ဖြေ။ ။ ရှ်ိ်ပါတယ် ဘုရား၊
ဖက်ပင်အိုင်။ ။ အဲဒီ ပရမတ် ပြောဗျာ၊
ဖြေ။ ။ ဆရာတော်ဘုရား --- ဦးကဝိက ပရမတ် ဆိုလျင် ဘာမှ ပြောစရာ မရှိ၊ လက်ပိုက် ထိုင်နေရုံပဲ ဘုရား။
ဖက်ပင်အိုင်။ ။ နေစမ်းပါအုံးဗျာ။ ဟောဒီ ရွှေတုံးကြီးကို ခဲ လို့ ပြောဆိုကာမျှဖြင့် ၎င်းရွှေတုံးကြီး ခဲဖြစ်သွားမှာ လားဗျ၊
ဖြေ။ ။ မဖြစ်ပါ ဘုရား။ သို့သော်လည်း ပညတ် တရားတွေလို ဒြပ် -ဝတ္ထု ပုံသဏ္ဍာန်နှင့် လက်ဆုပ်လက်ကိုင် မပြနိုင်ပါ၊ ရုပ် နာမ် တို့၏ ဖြစ် ချုပ် မရှိဘဲ ငြိမ်းအေးသွားတာကို နိဗ္ဗာန် လို့ ခေါ်တာပဲ ဘုရား။
ဖက်ပင်အိုင်။ ။ ဉာဏ် ဆယ်ပါး ပွားများတာ ပြောစမ်းပါဗျာ။
ဖြေ။ ။ ( ဥပမာ ) ယောဂီ ပုဂ္ဂိုလ် တစ်ယောက်သည် အာနာပါန ရှု့ရင်း သမာဓိ တက်လာသောအခါ မိမိကိုယ်ပေါ်မှာ ဝေဒနာကို သတိထားမိပါရော ဘုရား။ အဲဒါ ပထမတော့ သညာအားဖြင့် ဝေဒနာပေါ်ပြီးနောက် ဖြစ် ပျက်ခြင်း ဓမ္မကို ဟုတ်တိုင်းမှန်စွာ မြင်ပါရော၊ ဒါနဲပဲ ကြောက်ခြင်း ရွံရှာခြင်း ဖြစ်ပါရော ဘုရား။
ဖက်ပင်အို်င်။ ။ ဉာဏ်ဆယ်ပါးဟာ တစ်ခုစီ ပွားရမည် မဟုတ်လားဗျ၊
ဖြေ။ ။ တစ်ခုစီ ပွားတာက ကိုယ့် အပေါ် မူတည်ပါတယ် ဘုရား။
ဖက်ပင်အိုင်။ ။တစ်ခုစီ မပွားလျင် ဘယ့်နှယ် လုပ်မှာ တုန်းဗျ။
ဖြေ။ ။ သမ္မသန ဉာဏ် သုံးသပ်ရုံမျှနှင့် ဖြစ်ပျက်ခြင်း ကြောက်ခြင်း ရွံ့ရှာခြင်းစသည် အစဉ်လိုက် ဖြစ်ပါရော ဘုရား။
ဖက်ပင်အိုင်။ ။ အင်း ဒီဟာက သမ္မသန ဉာဏ်၊ သုံးသပ်လိုက်တော့ ဖြစ်ပျက်တာက ဥဒယဗ္ဗယ ဉာဏ်၊ ပျက်တာက ဘင်္ဂဉာဏ်၊ ကြောက်တာက ဘယဉာဏ်၊ ရွံတာက အာဒီနဝ ဉာဏ်၊ အင်း ဟုတ်ပေတယ်ဗျ ဟုတ်ပေတယ်။
ဖက်ပင်အိုင်။ ။ ဦးကဝိ ရဲ့ ၊ လောကမှာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာလို့ရှိကြ မဟုတ်လား။
ဖြေ။ ။ရှိပါရဲ့ ဘုရား။
ဖက်ပင်အိုင်။ ။ အဲဒီ ပုဂ္ဂိုလ်များဟာ အစဉ်အတိုင်း တောက်လျောက် သောတာပန် မှ ရဟန္တာ ထိ တက်သွားကြသလား။
ဖြေ။ ။ မတက်ပါ ဘုရား။
ဖက်ပင်အိုင်။ ။ ဒါဖြင့် ဘယ်လို တက်ရတုံးဗျ ၊ တက်ပုံ့ပြောစမ်းပါအုံး။
ဖြေ။ ။ ယောဂီသည် သမ္မသနဉာဏ်ကို သုံးသပ်၍ ဉာဏ်ဆယ်ပါး တောက်လျောက် ကုန်သွားသောအခါ ထိုယောဂီကို ပညတ်အားဖြင့် သောတာပန် လို့ ခေါ်ကြပါတယ် ဘုရား။
ပြီးနောက် သမ္မသနဉာဏ် သုံးသပ်အုံး၊ ဉာဏ်ဆယ်ပါး ကုန်ပြန်က သကဒါဂါမ်လို့ ခေါ်ကြပါတယ် ဘုရား၊ ဤကဲ့သို့ လေးကြိမ်တက်က ရဟန္တာလို့ ခေါ်ကြပါတယ် ဘုရား။ ။
credit- ဓမ္မစာပေများ